မိုဟန်ကျီတွင် ချစ်သူရှိနေပြီဖြစ်ကြောင်း သူကိုယ်တိုင် ထုတ်ဖော်ပြောကြားထားဖူးသည်ကို မင်ယွဲ့ ကြားသိထားပြီးဖြစ်သည်။
သို့သော် ထိုစဉ်က ပြသခဲ့သည့် ဓာတ်ပုံထဲတွင် ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကိုသာ မြင်တွေ့ရပြီး အမျိုးသမီး၏ မျက်နှာကိုမူ လုံးဝ ဖုံးကွယ်ထားခဲ့သည်။
လူအများစုကမူ မိုဟန်ကျီသည် သူ့ထံ ချဉ်းကပ်လာမည့် အလိုမရှိသော အမျိုးသမီးများကို တွန်းလှန်ရန်အတွက် ဤနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်းသာ ဖြစ်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း ယခုမူ သူသည် အမှန်တကယ်ပင် အလေးအနက်ထားနေကြောင်း သက်သေပြလိုက်ပြီဖြစ်သည်။
"နေကောင်းလား ကျွန်တော့်နာမည်က ဟယ်ကျင်းပါ၊ ဟယ်ဝမ်ရဲ့ ဝမ်းကွဲညီပါ"
တောက်ပသော လရောင်ကဲ့သို့ အေးမြကြည်လင်သည့် မင်ယွဲ့၏ မျက်နှာကို ကြည့်လိုက်သည်နှင့် ဟယ်ကျင်း၏ စိတ်ထဲတွင် မိုဟန်ကျီ၏ ပုံရိပ်က ဝင်းခနဲ ပေါ်လာသည်။
ထို့ကြောင့်ပင် ပေါ့ပေါ့ပါးပါး နေတတ်သော ဟယ်ကျင်းတစ်ယောက် ချက်ချင်းပင် ရိုသေသမှု ရှိသွားတော့သည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မနာမည်က မင်ယွဲ့ပါ ဟယ်ဝမ်ရဲ့ ညီမငယ်ဖြစ်သလို မိုဟန်ကျီရဲ့ ချစ်သူလည်း ဟုတ်ပါတယ် အဆင်ပြေသလိုပဲ ခေါ်နိုင်ပါတယ်"
မင်ယွဲ့က ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင်တော့ ဟယ်ကျင်းမှာ ချစ်စဖွယ်ကောင်းသော ကလေးငယ်တစ်ဦးကဲ့သို့ပင်။ ယခုနှစ်တွင် ဟယ်ကျင်းသည် အသက် ၁၉ နှစ်သာ ရှိသေးရာ မင်ယွဲ့၏ အမြင်တွင် သူသည် လူလားမမြောက်သေးသည့် ကလေးငယ်တစ်ဦးသာ ဖြစ်နေတော့သည်။
"ကျွန်တော့်အစ်ကိုရဲ့ ညီမငယ် ဟုတ်လား”
ဟယ်ကျင်းက ကျန်ယီကို လှမ်းကြည့်ရာ ကျန်ယီကလည်း သူကိုယ်တိုင်ပင် သေသေချာချာ မသိကြောင်း ပခုံးတွန့်ပြလိုက်သည်။
"ဟိုလေ... ကျန်ယီ ခေါ်သလိုမျိုးပဲ ကျွန်တော်က 'အစ်မ' လို့ ခေါ်ရင် အဆင်ပြေမလားဟင်"
'ဝမ်းကွဲမရီး' ဟု ခေါ်ရန်မှာ သူ၏အတွက် အလွန်ပင် ရှက်ရွံ့စရာ ကောင်းနေသဖြင့် 'အစ်မ' ဟု ခေါ်ဆိုခြင်းကသာ ပို၍ သဘာဝကျမည်ဟု သူယူဆလိုက်သည်။
"ရတာပေါ့"
ဤကလေး၏ စရိုက်မှာ သူမ၏ စီနီယာအစ်ကိုနှင့် လုံးဝ ခြားနားလှသည်။ သူမ၏ စီနီယာမှာ ရင့်ကျက်တည်ငြိမ်ပြီး စကားနည်းသူ ဖြစ်သော်လည်း ဟယ်ကျင်းမှာမူ တက်ကြွလန်းဆန်းကာ ပွင့်လင်းရိုးသားလွန်းလှသည်။
"နေဦးလေ... ငါ့ကိုလည်း စောင့်ကြပါဦး”
ဟူထျန်းတစ်ယောက် ကားဖြင့် အသည်းအသန် လိုက်လာခဲ့ရပြီး သူတို့နား ရောက်ခါရှိသေး သူတို့က နောက်လှည့်ကာ ထွက်ခွာသွားကြပြန်ပြီဖြစ်သည်။
"မင်းက တော်တော်လေးကို နှေးတာပဲ"
ကျန်ယီက နှုတ်ခမ်းကို စူလျက် ပြောလိုက်သည်။
"မင်း မောင်းတဲ့ ကားအမျိုးအစားကိုလည်း ပြန်ကြည့်ဦးလေကွာ"
ဟူထျန်းက ချက်ချင်းပင် ပြန်လည် ချေပလိုက်တော့သည်။
ကျန်ယီက ကားသော့ကို မင်ယွဲ့ထံသို့ ပြန်လည် အပ်နှံလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်မှ လူများထံမှ အံ့ဩမှင်သက်သည့် အသံများ ထွက်ပေါ်လာတော့သည်။
"ဟောဒီကားက အဲ့ဒီမိန်းကလေး ပိုင်တာပဲ ငါတော့ ပိုပြီး သိချင်လာပြီ၊ ဘယ်လို သူဌေးသမီးမျိုးက ဒီလောက်အထိ အသုံးအဖြုန်း ကြီးနေရတာလဲ"
"ယန်ကျင်က မဟုတ်ဘဲ တခြားတစ်နေရာရာကများ ဖြစ်မလား"
အကယ်၍သာ သူမသည် ရန်ကျင်ဒေသခံ ဖြစ်ခဲ့ပါက ဤမျှ ထူးခြားသော မိန်းကလေးတစ်ဦးကို မည်သူမျှ မမြင်ဖူးဘဲ နေမည်မဟုတ်ချေ။
"အစ်မ... ဟိုဘက်ကို သွားရအောင်"
ဟယ်ကျင်းက ပြောရင်း ကျန်ယီနှင့်အတူ မင် ယွဲ့၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူကာ လိုက်ပါသွားကြသည်။
ဟူထျန်းတစ်ယောက်သာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။
မိနစ်အနည်းငယ်မျှ နောက်ကျသွားရုံနှင့် ကျန်ယီသာမက ဟယ်ကျင်းပါ သူမကို 'အစ်မ' ဟု ခေါ်နေကြသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူသည်လည်း သူမကို မည်သို့ခေါ်ရမည်
မှန်း မသိဘဲ မှင်သက်နေမိတော့သည်။
ထို့နောက် သူတို့ လေးဦးသား ထွက်ခွာသွားကြသည်။ ကြည့်ရှုနေသူများကမူတိုးတိုးတိတ်တိတ်ဖြင့် အတင်းအဖျင်း ဆိုကြတော့သည်။
"သူက ဘယ်သူမို့လို့လဲကျန်မျိုးနွယ်၊ ဟယ်မျိုးနွယ်နဲ့ ဟူမျိုးနွယ်... ဒီသုံးမျိုးနွယ်လုံးက ဘာလို့ သူ့ကို ဒီလောက်အထိ ဂရုစိုက်နေကြတာလဲ"
"ငါက ဘယ်လိုလုပ် သိမှာလဲ လာ... သွားကြစို့၊ ပြိုင်ပွဲ စတော့မယ်"
မင်ယွဲ့အတွက်မူ ဤမျှ စည်ကားလှပသော ကားပြိုင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
ဤပြိုင်ကွင်းမှာ ကျန်ယီ၏ ပြိုင်ကွင်းထက် များစွာ ပိုမို ရှုပ်ထွေးကာ အန္တရာယ်များလှသည်။
ဆက်တိုက်ဆိုသလို ချိုးကွေ့ရသော အကွေ့အကောက်များ၊ S ပုံသဏ္ဌာန် အကွေ့များဖြင့် ပြည့်နှက်နေသည်။
ပွဲကြည့်စင်ပေါ်မှ ငုံ့ကြည့်လိုက်လျှင် ပြိုင်ကွင်းမှာ ဝင်္ကပါတစ်ခုအလားပင် ထင်မှတ်ရသည်။
ကားပြိုင်သမားများ ကွင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ လူများ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။ မင်ယွဲ့နှင့် သူမ၏ သူငယ်ချင်းများလည်း နေရာယူလိုက်ကြသည်။
မင်ယွဲ့၏ မျက်လုံးများမှာ တိကျလွန်းသော တိုင်းတာရေး ကိရိယာများအလားပင်။ သူမ၏ အမြင်အာရုံထဲတွင် ပြိုင်ကွင်းတစ်ခုလုံး၏ အချိုးအစားမှာ အလိုအလျောက် သေးငယ်သွားပြီး ပြိုင်ကွင်း၏ အရှည်၊ အကွေ့အကောက်နှင့် ကုန်းတက်ကုန်းဆင်းများကိုပါ ကွက်ကွက်ကွင်းကွင်း တွက်ချက်နိုင်စွမ်း ရှိနေသည်။
"အစ်မ... စတော့မယ်"
ပြိုင်ကွင်း၏ အစမှတ်တွင် လှပသော အမျိုးသမီးငယ်တစ်ဦးက အချက်ပေးရန် ပြင်ဆင်နေပြီး၊ အကြီးစား ဖန်သားပြင်ပေါ်တွင်မူ ပြိုင်ပွဲဝင် များ၏ အနေအထားကို ပြသနေသည်။
အခြား ဖန်သားပြင်တစ်ခုတွင်မူ ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ အမည်နှင့် လောင်းကြေးပမာဏများကို ဖော်ပြထားသည်။
မင်ယွဲ့သည် ယခုမှပင် ကားပြိုင်ခြင်းမှာ မည်မျှ ငွေကုန်ကြေးကျများသော ဝါသနာတစ်ခု ဖြစ်ကြောင်း နားလည်သွားတော့သည်။
ယနေ့ လာရောက်ကြသူများမှာလည်း ချမ်းသာကြွယ်ဝသော မိသားစုများမှသာ ဖြစ်ကြသည်။ အမြင့်ဆုံး လောင်းကြေးမှာ ၁၈ သန်းအထိပင် ရောက်ရှိနေပြီဖြစ်သည်။
"ဒီလူတွေက ပရော်ဖက်ရှင်နယ် ပြိုင်သမားတွေလား"
မင်ယွဲ့သည် ဤလောကအကြောင်းကို သေသေချာချာ မသိရှိသေးပေ။
သူမသည် စနစ်၏ ဟင်းလင်းပြင်ထဲတွင်သာ တိတ်တဆိတ် လေ့ကျင့်ခဲ့ရသူဖြစ်သဖြင့် ပြင်ပလောကနှင့် ထိတွေ့မှု နည်းပါးလှသည်။
ကျန်ယီမှာမူ မင်ယွဲ့၏ ထူးခြားသော စွမ်းဆောင်ရည်များကို ယခင်ကတည်းက သိရှိထားသော်လည်း သူမသည် ပြိုင်ကားလောက၏ အပေါ်ယံ အသိပညာအချို့တွင်မူ ဗဟုသုတ နည်းပါးနေသည်ကို သတိပြုမိသည်။
မင်ယွဲ့သည် စည်းကမ်းကြီးသော မိသားစုမှ ဆင်းသက်လာကာ နာမည်ကျော် ဆရာတစ်ဦးထံတွင် ပညာသင်ကြားခဲ့ရသော်လည်း ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေသူတစ်ဦး ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
"အရင်ကတော့ ဟုတ်ပါတယ်"
ကျန်ယီက ရှင်းပြလိုက်သည်။
မင်ယွဲ့က နားမလည်သလို ကြည့်လိုက်ရာ ကျန်ယီက ဆက်ပြောပြသည်။
ပရော်ဖက်ရှင်နယ် ပြိုင်သမားများသည် တရားဝင် ပြိုင်ပွဲများမှလွဲ၍ ပြင်ပတွင် ကိုယ်ပိုင်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် မရှိကြချေ။
သို့သော် ယခုပြိုင်ပွဲဝင်နေသူများမှာ အနားယူသွားသူများ သို့မဟုတ် ငွေကြေး အလွန်အမင်း လိုအပ်နေသူများ ဖြစ်ကြပြီး ဤကဲ့သို့သော လျှို့ဝှက်ပြိုင်ပွဲများသည် သူတို့အတွက် ငွေရှာရန် အမြန်ဆုံး လမ်းစတစ်ခု ဖြစ်နေတော့သည်။
မင်ယွဲ့ ချက်ချင်းပင် သဘောပေါက်သွားသည်။ တရုတ်နိုင်ငံကဲ့သို့ လူဦးရေ ထူထပ်သော နိုင်ငံတွင် ထူးချွန်သော ပြိုင်သမားများ ပေါများလှသည်။ လက်ရှိတွင်မူ ကွမ်းဟွမ်၏ ယွမ်ရှောင် ပြိုင်ကားအဖွဲ့ မှာ ထိပ်ဆုံးတွင် ရှိနေသည်။
လူတို့သည် အပေါ်ယံ အောင်မြင်မှုများကိုသာ မြင်တွေ့ကြသော်လည်း နောက်ကွယ်မှ ရုန်းကန်ရမှုများကိုမူ သတိမထားမိကြချေ။
သူတို့သည် အစွမ်းကုန် ကြိုးစားကြသော်လည်း ချန်ပီယံဆုကို ဆွတ်ခူးရန်မှာ ခဲယဉ်းလှသည်။ အချို့ကမူ မိမိတို့၏ ရည်မှန်းချက်အတွက် ဆက်လက် တောင့်ခံနေကြဆဲဖြစ်ပြီး၊ အချို့ကမူ တောင်ထိပ်မှ အလှတရားကို မြင်တွေ့နိုင်ရန် အားအင်အသစ်ဖြင့် စတင် တက်လှမ်းနေကြဆဲဖြစ်သည်။
သို့သော် အချို့မှာမူ စားဝတ်နေရေး ဖိအားများကြောင့် လမ်းခုလတ်တွင်ပင် ရည်မှန်းချက်ကို စွန့်လွှတ်ကာ အသက်မွေးဝမ်းကျောင်း လမ်းကြောင်း ပြောင်းလဲခဲ့ကြရသည်။
"လောင်းကြေးနည်းနည်းလောက် ထပ်ပြီး စမ်းကြည့်မလား"
ဟူထျန်းက မေးလိုက်ရာ ဟယ်ကျင်းမှာမူ မိုဟန်ကျီ၏ မျက်နှာကို ပြေးမြင်ယောင်မိပြီး တုန်လှုပ်သွားသည်။
"မလုပ်ပါနဲ့... ကျွန်တော်တို့ ကြည့်ရုံပဲ ကြည့်ကြရအောင် ဟုတ်တယ်မလား အစ်မ"
ဟယ်ကျင်းက ရိုးသားသော အပြုံးဖြင့် မင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။
"ဟေ့... မင်းကလည်း ဒီလောက်အထိ ဖြစ်ဖို့ လိုလို့လား ငါတို့ အရင်ကလည်း လောင်းကြေးထပ်ဖူးတာပဲဥစ္စာ"
ဟူထျန်းက ဟယ်ကျင်း၏ ထူးဆန်းသော အမူအရာကို သဘောမကျသလို ပြောလိုက် သည်။
ကျန်ယီက သူ့ကို အဖော်ခေါ်လာခြင်းမှာ အပန်းဖြေ ပျော်ပါးရန်အတွက်သာ ဖြစ်သည် မဟုတ်ပါလား။
ဟယ်ကျင်းမှာမူ မင်ယွဲ့၏ ရှေ့တွင် လေတိုက်ခံပြီး မဆော့ရဲချေ။ ကျန်ယီက သူ၏ပေါင်ပေါ်သို့ လက်တင်ကာ မင်ယွဲ့ကို မေးလိုက်သည်။
"စမ်းကြည့်ချင်လား"
သူသည် မိုဟန်ကျီကို ကြောက်ရွံ့သူ မဟုတ်သည့်အပြင်၊ မိုဟန်ကျီက သူမကို ယုံကြည်စိတ်ချစွာ အပ်နှံထားသဖြင့် သူမကို ကောင်းမွန်စွာ ဧည့်ခံရန် တာဝန်ရှိသည်ဟု ခံစားနေရသည်။
"အရင်ဆုံး ကြည့်လိုက်ပါဦးမယ်"
မင်ယွဲ့၏ မျက်လုံးများက ကွင်းထဲသို့ ရောက်နေသော်လည်း အမှန်စင်စစ် သူမသည် မျက်စိရှေ့တွင် ပေါ်လာသော စနစ်၏ အချက်အလက်များကို ကြည့်ရှုနေခြင်းဖြစ်သည်။
ထိုအချက်အလက်များထဲတွင် ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ အသေးစိတ် မှတ်တမ်းများ ပါဝင် နေသည်။
ရုတ်တရက် လူအုပ်ကြီးထံမှ ဟစ်ကြော်သံများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ပြိုင်ပွဲ စတင်ပြီဖြစ်ကြောင်း မင်ယွဲ့ သိလိုက်ရသည်။ အင်ဂျင်သံများ ဟိန်းခနဲ ထွက်ပေါ်လာပြီး ကားများက အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြသည်။
ကားနောက်မြီးမှ မီးခိုးဖြူများ ထွက်ပေါ်လာကာ ဘီးများနှင့် မြေပြင် ပွတ်တိုက်သံများမှာ နားကွဲမတတ်ပင်။
ကြည့်ရှုသူများ၏ စိတ်ခံစားချက်မှာလည်း ပြိုင်ပွဲ၏ အခြေအနေပေါ် မူတည်၍ တက်လိုက်ကျလိုက် ဖြစ်နေသည်။ မင်ယွဲ့ကမူ ပြုံးလျက်သာ ကြည့်နေမိသည်။
ဤပွဲမျိုးသည် သွေးတိုးရောဂါရှိသူများအတွက် အလွန်ပင် အန္တရာယ်များလှသည်။ စိတ်လှုပ်ရှားမှုကြောင့် အက်ဒရီနလင်ဆဲလ်နှင့် သွေးပေါင်ချိန်များ ရုတ်တရက် မြင့်တက်လာပါက ဒုက္ခရောက်နိုင်သည်မဟုတ်ပါလား။
အစပိုင်းတွင် ပြိုင်ပွဲ၏ အရှိန်အဟုန်က လူတို့ကို ဆွဲဆောင်ထားသော်လည်း နောက်ဆုံးပတ်သို့ ရောက်သောအခါတွင်မူ လောင်းကြေးများ၏ ရလဒ်က လူတို့ကို ပိုမို ရူးသွပ်စေတော့သည်။
နောက်ဆုံးပတ်သည် အနိုင်နှင့် အရှုံးကို ဆုံးဖြတ်ပေးမည့် အခိုက်အတန့်ပင်ဖြစ်သည်။
မင်ယွဲ့နှင့် သူမ၏ သူငယ်ချင်းများမှာမူ လောင်းကြေး ထပ်မထားသဖြင့် တည်ငြိမ်စွာပင် ကြည့်နေနိုင်ကြသည်။
"အစ်မ... ဘယ်သူ နိုင်မယ်လို့ ထင်လဲ"
ကျန်ယီက မေးလိုက်သည်။
ယခင်က မင်ယွဲ့သည် နောက်ဆုံးပတ်တွင် ပြိုင်ဘက် နှစ်ဦးကို အသာလေး ကျော်တက်ကာ သူ၏ရှေ့မှ ပန်းဝင်သွားခဲ့သည်ကို သူ မှတ်မိနေဆဲဖြစ်သည်။
ဟူထျန်းနှင့် ဟယ်ကျင်းမှာမူ အရှေ့အိုင် ပြိုင်ကွင်းသို့ မလိုက်ပါခဲ့သဖြင့် မင်ယွဲ့၏ ကျွမ်းကျင်မှုကို မသိရှိကြချေ။ သူတို့ကမူ ကျန်ယီသည် မင်ယွဲ့နှင့် စကားစမြည် ပြောနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်နေကြသည်။
"နံပါတ် ၆"
ဝေဖန်သုံးသပ်သူ၏ အသံက ဟိန်းထွက်နေဆဲဖြစ်ပြီး ကားတစ်စီးချင်းစီ၏ အနေအထားကို ပြောပြနေသည်။
မင်ယွဲ့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် နံပါတ် ၆ ကားသည် စတုတ္ထနေရာမှ ကားကို ကျော်တက်ကာ ပထမနေရာမှ ကား၏ နောက်သို့ ကပ်လျက် ရောက်ရှိသွားတော့သည်။
ဟူထျန်းနှင့် ဟယ်ကျင်းတို့မှာ ပါးစပ် အဟောင်းသားဖြင့် မှင်သက်သွားကြသည်။
"အစ်မ... တကယ်ပဲ သေချာလို့လား"
ဟူထျန်းက မင်ယွဲ့ကို အလွန်ပင် ရိုသေသမှုရှိစွာဖြင့် 'အစ်မ' ဟု ခေါ်လိုက်သည်။
မင်ယွဲ့ ပြောသမျှမှာ အမှန်တကယ် ဖြစ်လာနေသဖြင့် သူမကို သူ အထင်မသေးရဲတော့ချေ။ မင်ယွဲ့၏ နောက်တွင် ထိုင်နေသော စုံတွဲတစ်တွဲမှာလည်း သူတို့၏ စကားဝိုင်းကို စိတ်ဝင်တစား နားထောင်နေကြသည်။
နံပါတ် ၆ ကား အမှန်တကယ် ပထမရမည်လားဆိုသည်ကို သူတို့လည်း သိချင်နေကြသည်။
မင်ယွဲ့ကမူ ထပ်မံ စကားမဆိုတော့ဘဲ ပြိုင်ပွဲကိုသာ ဆက်ကြည့်ရန် မေးစေ့ဖြင့် အချက်ပြလိုက်သည်။
"ငါတို့... တကယ်ပဲ... နိုင်သွားပြီ..."
နံပါတ် ၆ ကားက ပထမဖြင့် ပန်းဝင်သွားသည်။
အချို့က ပျော်ရွှင်နေကြသော်လည်း အချို့မှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ဟယ်ကျင်းနှင့် ဟူထျန်းမှာမူ ယခုထိ မယုံနိုင်သေးသလို ဖြစ်နေဆဲဖြစ်သည်။
ကျန်ယီကမူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသဖြင့် မအံ့ဩသော်လည်း မင်ယွဲ့အပေါ် ထားရှိသော သူ၏ လေးစားအားကျမှုမှာမူ ပိုမို နက်ရှိုင်းသွားတော့သည်။
***