"ဟား... အံဩစရာပဲ၊ တကယ်ကြီး မှန်သွားတာလား"
သူတို့နောက်တွင် ထိုင်နေသော အမျိုးသားများမှာ မှင်သက်မိသွားကြသည်။
"လူကို လာချီးကျူးမနေနဲ့ဦး၊ ရှင်ပဲ နံပါတ် ၄ ကို အပိုင်တွက်ပြီး လောင်းခဲ့တာ မဟုတ်လား"
သူ့ချစ်သူမိန်းကလေး၏ စကားက ထိုအမျိုးသား၏ စိတ်ကူးယဉ်မှုများကို ရိုက်ချိုးလိုက်သလိုပင်။
သူသည် မင်ယွဲ့၏ ခန့်မှန်းချက်ကို အံ့ဩနေမိသော်လည်း မိမိငွေများ ဆုံးရှုံးသွားသဖြင့် ငိုချင်
စိတ်ပင် ပေါက်သွားတော့သည်။
မင်ယွဲ့သည် သူမ၏ ထက်မြက်လှသော အာရုံခံစားမှုဖြင့် နောက်မှ စုံတွဲပြောဆိုနေသည်များကို အတိုင်းသား ကြားနေရသော်လည်း ဘာမှမသိသလိုပင် ပြုံးလျက်သာ နေလိုက်သည်။
အနိုင်ရမည့်သူကို မည်သို့ ခန့်မှန်းနိုင်သနည်းဟု မေးလာပါက ယွမ်ပေါ့ ပေးပို့ထားသော အချက်အလက်များကို အခြေခံ၍ ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို နှိုင်းယှဉ်တွက်ချက်ခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။
သာမန်လူတစ်ဦးအဖို့ ဤမျှ ရှုပ်ထွေးသော အချက်အလက်များကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာရန် ခဲယဉ်းသော်လည်း စနစ်၏ မြှင့်တင်ပေးမှုကြောင့် မင်ယွဲ့၏ ဦးနှောက်မှာ စက်ရုပ်တစ်ရုပ် အလား တိကျမြန်ဆန်နေပြီဖြစ်သည်။
"အသုံးမကျလိုက်တာ ငါ့ပိုက်ဆံတွေ အကုန် ကုန်ပြီ”
"သူတို့ကိုယ်သူတို့ ကြွားနေကြတာ၊ တကယ့်
တကယ်ကျတော့လည်း ဘာမှမဟုတ်ပါလား"
"လာဘ်များ စားထားကြသလားမသိဘူး၊ ဘယ်လိုလုပ် ရှုံးသွားရတာလဲ"
နံပါတ် ၄ ပြိုင်ပွဲဝင်သည် လောင်းကြေး အများဆုံးရထားသူ ဖြစ်ပြီး ပွဲအစပိုင်းတွင် အပြတ်အသတ် ဦးဆောင်နေခဲ့သော်လည်း နောက်ဆုံးတွင် ဒုတိယနေရာဖြင့်သာ ကျေနပ်
လိုက်ရသည်။
၎င်းသည် ဆိုးရွားသော ရလဒ်မဟုတ်သော်လည်း သူ့အပေါ် အလွန်အမင်း မျှော်လင့်ထားကြသူများအတွက်မူ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားခဲ့သည်။
လောင်းကစားဟူသည် အနိုင်နှင့် အရှုံး အမြဲဒွန်တွဲနေစမြဲ။ ရှုံးနိမ့်သွားသူများသည် ဒေါသအဟုန်ဖြင့် နံပါတ် ၄ ပြိုင်ပွဲဝင်ကို ပြစ်တင်ဝေဖန်ကြတော့သည်။
ထိုအမျိုးသားသည် ကားပေါ်မှ ဆင်းလာပြီးနောက် ခေါင်းကို ငိုက်စိုက်ချလျက် ဘာစကားမှ မပြောဘဲ ကွင်းပြင်မှ ထွက်ခွာရန် ပြင်လိုက် သည်။
"သတိထားဦး--"
မင်ယွဲ့က မနေနိုင်ဘဲ သတိပေးလိုက်သော်လည်း မတားဆီးနိုင်ခဲ့ချေ။ လူအုပ်ထဲမှ တစ်ဦးက သောက်လက်စ ရေသန့်ဘူးဖြင့် သူ့ကို ပစ် ပေါက်လိုက်သည်။
ရေသန့်ဘူးသည် ထိုအမျိုးသား၏ နဖူးကို ထိမှန်သွားပြီး ချက်ချင်းပင် နီရဲရောင်ကိုင်းသွားသည်ကို မင်ယွဲ့ သတိပြုမိလိုက်သည်။
သူသည် နာကျင်မှုထက် စိတ်ဓာတ်ကျဆင်းမှုကြောင့် ထုံထိုင်းနေသယောင်ရှိပြီး ရှေ့ဆက်မတိုးတော့ဘဲ လူအများ၏ ဆဲဆိုကဲ့ရဲ့မှုများကို ငြိမ်ခံနေတော့သည်။ သူ၏ မျက်ဝန်းအိမ်များမှာ သွေးချင်းနီနေပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားများကို အလွန်အမင်း ခံစားနေရပုံရသည်။
"ခင်ဗျားတို့က ဘယ်သူမို့လို့လဲ မခံနိုင်ရင် မကစားနဲ့လေ"
ဟူထျန်းက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ ရှုံးရင်လည်း ရှုံးတဲ့အလျောက်ပေါ့ချမ်းသာချင်ဇောနဲ့ပဲ လောင်းနေကြတာလား"
မင်ယွဲ့နောက်မှ အမျိုးသားကလည်း ဝင် ပြောသည်။
သူကိုယ်တိုင်ပင် ယွမ်တစ်သိန်း ရှုံးသွားသော်လည်း လောင်းကစားဆိုသည်မှာ ရှုံးနိုင်သည်ကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဘေးလူများ၏ ဟန့်တားမှုကြောင့် ဒေါသထွက်နေသူများ အနည်းငယ် ငြိမ်ကျသွားကြသည်။
ထိုအခါမှ နံပါတ် ၄ ပြိုင်ပွဲဝင်သည် ခေါင်းမော့လာပြီး မင်ယွဲ့ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ အသံလာရာကို သူ သေသေချာချာ မသိသော်လည်း ထိုနေရာတွင် မိန်းကလေး နှစ်ဦးသာ ရှိသဖြင့် မင်ယွဲ့ကို ချက်ချင်းပင် မှတ်မိသွားသည်။
သို့သော် သူကိုယ်တိုင်မှာလည်း အကျပ်အတည်း ဆိုက်နေသဖြင့် သူတစ်ပါးကို ဒုက္ခမပေးလိုတော့ဘဲ သူမကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် အကြည့်လွှဲလိုက် တော့သည်။
ဒုတိယပွဲစဉ် စတင်တော့မည်ဖြစ်သည်။
"နံပါတ် ၄ က ဘာဖြစ်နေတာလဲ အခုလေးတင် ငါတို့ကို ရှုံးအောင်လုပ်ထားပြီးတော့ နောက်တစ်ပွဲ ပြန်ဝင်ဦးမှာလား"
နံပါတ် ၄ ကွင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်ကို မြင်သောအခါ လူများက မကျေမနပ် ရေရွတ်ကြသည်။
ဤပြိုင်ကွင်း၏ စည်းကမ်းမှာ 'စည်းကမ်းမရှိခြင်း' ပင်ဖြစ်သည်။
မည်သူမဆို ယှဉ်ပြိုင်လိုက ယှဉ်ပြိုင်နိုင်ပြီး ပွဲကြည့်ပရိသတ်က လောင်းကြေးထပ်ကြရသည်။ ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများကို ပွဲစီစဉ်သူက ဆုကြေးငွေများ အသီးသီး ချီးမြှင့်သည်။
နံပါတ် ၄ သည် ပထမပွဲတွင် ချန်ပီယံ မဖြစ်ခဲ့သော်လည်း ဒုတိယဆုကြေး ယွမ်နှစ်သိန်းကို ရရှိခဲ့သည်။ ကျန်ရှိသော လောင်းကြေးများမှာမူ ပထမရသူအပေါ်တွင်သာ မူတည်သည်။
ထို့ကြောင့် နံပါတ် ၄ ကို လောင်းသူများ ရှုံးပြီး နံပါတ် ၆ ကို လောင်းသူများ အနိုင်ရသွားခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် ပွဲစီစဉ်သူများမှာ အမြတ်အစွန်း အမြောက်အမြား ရရှိသွားကြသည်။
ထို့ကြောင့်ပင် နံပါတ် ၄ သည် လာဘ်စားထားသည်ဟု အချို့က သံသယဝင်နေကြခြင်းဖြစ်သည်။ တစ်လမ်းလုံး ဦးဆောင်လာပြီးမှ နောက်ဆုံးပတ်တွင် အကျော်ခံရခြင်းမှာ မသင်္ကာစရာပင် ဖြစ်နေတော့သည်။
မင်ယွဲ့သည် စူးစမ်းလိုစိတ်ဖြင့် ယွမ်ပေါ့ကို စုံစမ်းခိုင်းလိုက်သည်။ ပွဲစီစဉ်သူနှင့် နံပါတ် ၄ ကြားတွင် မည်သည့် လျှို့ဝှက်သဘောတူညီချက်မျှ မရှိကြောင်း သိလိုက်ရသည်။
ပွဲစီစဉ်သူသည် စီးပွားရေးသမား ဖြစ်သော်လည်း ဂုဏ်သိက္ခာကို တန်ဖိုးထားသူဖြစ်ရာ မရိုးသားသော နည်းလမ်းများကို အသုံးမပြုခဲ့ချေ။
"နံပါတ် ၄ က ရူးနေတာလား ပြန်လာပြန်ပြီ”
ဟူထျန်းက နားမလည်နိုင်အောင် ဖြစ်နေရသည်။
ဒုတိယပွဲတွင် သူ့ကို လောင်းမည့်သူ အလွန်နည်းပါးလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
မင်ယွဲ့ကမူ ထိုသူ ဘာကြောင့် ပြန်လာသည်ကို သိရှိနေသည်။ သူ၏ မျက်လုံးထဲတွင် အောင်မြင်လိုသော ရည်မှန်းချက်ထက် ငွေကြေးလိုအပ်ချက်က ပိုမို သိသာနေသည်။
"သူ နိုင်လိမ့်မယ်"
မင်ယွဲ့က တိုးညင်းသော်လည်း ပြတ်သားသော အသံဖြင့် ဆိုလိုက်သည်။
ကျန်ယီသည် မင်ယွဲ့၏ စကားကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဘေးမှ ဝန်ထမ်းကို လှမ်းခေါ်လိုက်ပြီး -
"နံပါတ် ၄ ကို တစ်သန်း လောင်းမယ်"
"မင်း ရူးသွားပြီလား"
ဟူထျန်းက အံ့ဩတကြီး မေးလိုက်သည်။
"ငါလည်း နံပါတ် ၄ ကို ငါးသိန်း လောင်းမယ်"
သူ့အစ်ကိုက ရူးမှတော့ သူလည်း လိုက်ရူးရတော့မည်ဟု ဟူထျန်းက ဆုံးဖြတ်လိုက်သည်။
ဟယ်ကျင်းသည်လည်း ဟိုကြည့်ဒီကြည့်ဖြင့် နောက်ဆုံးတွင် ငါးသိန်း ထပ်မံ ထည့်လိုက်သည်။
ဝန်ထမ်းများကမူ သူတို့ကို လူအများကဲ့သို့ပင် အရူးများသဖွယ် ကြည့်နေကြသည်။ ရှုံးနိမ့်ထားသော နံပါတ် ၄ ကို မည်သူမျှ လောင်းကြေးမထပ်ဝံ့ချိန်တွင် သူတို့က အလွန်အကျွံ လောင်းနေကြသောကြောင့်ဖြစ်သည်။
"ဟိုလေ... ကျွန်တော်လည်း နံပါတ် ၄ ကို တစ် သိန်း လောင်းမယ်ဗျာ"
မင်ယွဲ့နောက်မှ စုံတွဲသည်လည်း ဝန်ထမ်း ထွက်မသွားမီ အမီလောင်းလိုက်ကြသည်။ ဝန်ထမ်းက ဘဏ်ကတ်ကို ယူ၍ အချက်အလက်များ မှတ်ပုံတင်နေစဉ် -
"ရယ်စရာကြီးဗျာ ဟောဒီမှာ ကြည့်စမ်း၊ နံပါတ် ၄ ကို လောင်းတဲ့သူ ရှိသေးတယ်”
"ငါ နံပါတ် ၄ ကို ငါးသန်း လောင်းကြေးထပ်မယ်"
မင်ယွဲ့၏ အသံမှာ မကျယ်သော်လည်း ပတ်ဝန်းကျင်ရှိ လူအားလုံးကို တုန်လှုပ်သွားစေသည်။
ငါးသန်းဟူသော ပမာဏမှာ မနည်းလှချေ။ အထူးသဖြင့် ရှုံးနိမ့်ထားသော ပြိုင်သမားအပေါ် ထပ်ခြင်းဖြစ်၍ ပို၍ပင် အံ့ဩစရာ ကောင်းနေသည်။
အဝေးမှ ကြည့်ရှုသူများကမူ မင်ယွဲ့တို့ ပြောသည်ကို မကြားရသော်လည်း ဖန်သားပြင်ပေါ်ရှိ နံပါတ် ၄ ဇယားတွင် လောင်းကြေးပမာဏ ရုတ်တရက် မြင့်တက်သွားသည်ကို မြင်လိုက်ရသည်။
"ဟေ့လူတို့... ဒီအရူးက ဘယ်သူလဲ"
"ပိုက်ဆံတွေ ပိုနေရင် ငါ့ကိုပေးပါလား ရေထဲပစ်ချရင်တောင် အသံမြည်ဦးမယ်"
မင်ယွဲ့နှင့် သူမ၏အပေါင်းအသင်းများကမူ ထိုကဲ့သို့သော ဝေဖန်သံများကို ဂရုမစိုက်ကြချေ။
"ဘာ နံပါတ် ၄ ကို တစ်ယောက်တည်းက ငါးသန်းတောင် လောင်းတယ် ဟုတ်လား”
ပွဲစီစဉ်သူများသည် အပေါ်ထပ်ရှိ စောင့်ကြည့်ခန်းမှနေ၍ ဖန်သားပြင်ပေါ်ရှိ အခြေအနေများကို ကြည့်ရှုရင်း အံ့ဩနေကြသည်။
ဒုတိယပွဲစဉ် စတင်လိုက်သည်။
နံပါတ် ၄ သည် စတင်ထွက်ခွာကတည်းက အရှိန်အဟုန်ပြင်းစွာဖြင့် ဦးဆောင်လာပြီး မည်သူ့ကိုမျှ အကျော်မခံတော့ချေ။ ပထမပွဲတွင် သူ့ကို မျှော်လင့်ချက် ထားခဲ့ကြသူများသည် ယခုအခါတွင်မူ ပထမပွဲကဲ့သို့ လမ်းခုလတ်တွင် ရှုံးနိမ့်သွားမည်ကို စိုးရိမ်သဖြင့် မည်သူမျှ မလောင်းရဲကြတော့ချေ။
သို့သော် ယခုတစ်ကြိမ်တွင် နံပါတ် ၄ သည် ပထမနေရာကို ခိုင်မြဲစွာ ထိန်းထားနိုင်သည်။ ဒုတိယနှင့် တတိယနေရာများမှာ အပြောင်းအလဲ ရှိနေသော်လည်း သူကမူ လုံးဝ တည်ငြိမ်နေသည်။
"အစ်မ... သူ နိုင်မယ်လို့ ဘာလို့ ထင်တာလဲ"
ကျန်ယီက သိလိုစိတ်ဖြင့် မေးလိုက်သည်။
မင်ယွဲ့ ခန့်မှန်းသည့်အတိုင်းပင် နံပါတ် ၄ က အနိုင်ရရှိသွားသည်။ ပွဲကြည့်စင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် -
"ဟားဟား နိုင်ပြီဟေ့ ငါ တစ်သိန်း လောင်းထားတာ”
မင်ယွဲ့နောက်မှ စုံတွဲမှာ ဝမ်းသာအားရ ဖက်ယမ်းနေကြသည်။
သူတို့သည် ရှုံးသွားသော ငွေများကို ပြန်ရရုံသာမက အမြတ်ပင် ထွက်သွားကြသည်။
ရှေ့မှ မိန်းကလေးပြောသည်ကို နားထောင်မိခြင်းမှာ သူတို့အတွက် ကံကောင်းခြင်းပင်ဖြစ်သည်။ ဤတစ်ပွဲတည်းဖြင့် မင်ယွဲ့သည် ယွမ် ၃၆ သန်းအထိ အမြတ်ရရှိသွားသည်။
အစောပိုင်းက မင်ယွဲ့ကို အရူးဟု ကဲ့ရဲ့ခဲ့သူများမှာ ယခုအခါ စကားပင် မဟနိုင်တော့ချေ။ မိမိတို့ကိုယ်မိမိ ကမ္ဘာပေါ်တွင် အတုံးအအဆုံး လူများအဖြစ် ခံစားနေရတော့သည်။
"ကျွန်မ ပြန်တော့မယ်"
မင်ယွဲ့သည် တတိယပွဲကို ဆက်မကြည့်တော့ဘဲ ထပြန်ရန် ပြင်လိုက်သည်။
"မမလေး ခဏလောက် စောင့်ပါဦး ကျွန်တော်တို့ သူဌေးက မမလေးနဲ့ တွေ့ချင်လို့ပါ"
ကျန်ယီနှင့် ဟယ်ကျင်းတို့က ချက်ချင်းပင် မင် ယွဲ့၏ ရှေ့မှ ကာကွယ်ရပ်လိုက်ကြသည်။
ဟူထျန်းမှာမူ သူ တစ်လှမ်း နောက်ကျသွားပြန် သဖြင့် မိမိကိုယ်ကို စိတ်ပျက်နေမိသည်။
"သခင်လေးကျန်... စိတ်မချဘူးဆိုရင်လည်း အတူတူ လိုက်ခဲ့လို့ ရပါတယ်ခင်ဗျာ"
ဝန်ထမ်းက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
***