မင်ယွဲ့သည် ကိုယ်ခံပညာ ကျွမ်းကျင်သူပီပီ ရဲရင့်ပြတ်သားသော သတ္တိရှိသူဖြစ်ရာ မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ ထိုလူငယ်နှစ်ဦး၏ ရှေ့မှ တည်ငြိမ်စွာ လှမ်းထွက် လိုက်သည်။
"လမ်းပြပါ"
ထို့နောက် သူတို့လေးဦးသည် ပွဲစီစဉ်သူများနှင့် တွေ့ဆုံရန် လိုက်ပါသွားကြတော့သည်။
"မမလေးရဲ့ အမည်ကို သိခွင့်ရမလားခင်ဗျာကျွန်တော့်မျိုးရိုးကတော့ ချန် ပါ"
"ကျွန်မမျိုးရိုးက မင် ပါ"
မင်ယွဲ့သည် မရင်းနှီးသူများအား မိမိ၏ အမည်အပြည့်အစုံ သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အလွယ်တကူ ထုတ်ဖော်ပြောကြားလေ့မရှိပေ။
"မစ္စမင်... သိချင်လို့ မေးပါရစေ ဘာကြောင့် နံပါတ် ၄ ကိုပဲ အပိုင်တွက်ပြီး လောင်းခဲ့တာလဲခင်ဗျာ"
ကျန်ယီနှင့် အခြားသူများသည်လည်း ရှေ့မှ အမျိုးသမီး၏ အဆုံးအဖြတ်အပေါ် မူတည်၍ လောင်းကြေးထပ်ခဲ့ခြင်းဖြစ်ကြောင်း မစ္စတာချန်က ရိပ်မိပြီးသားဖြစ်သည်။
"လောင်းကစားဆိုတာ အနိုင်ရနိုင်ခြေနဲ့ အကျိုးအမြတ် ရလဒ်အချိုးအစားကို ကြည့်ပြီး အန္တရာယ်ကို ရင်ဆိုင်ရတာမျိုးပါ ကျွန်မအမြင်အရတော့ နံပါတ် ၄ မှာ အဲ့ဒီအချက်နှစ်ချက်လုံး ရှိနေတယ် သူ့ရဲ့ ကျွမ်းကျင်မှုအရ အနိုင်ရဖို့ အခွင့်အလမ်းက မြင့်မားသလို၊ ပထမပွဲမှာ ရှုံးနိမ့်ထားတဲ့အတွက် လောင်းကြေးအဆကလည်း အတော်လေး များနေတယ် ဒီတော့ သူ့ကို မလောင်းရမယ့် အကြောင်းပြချက် မရှိပါဘူး"
မင်ယွဲ့၏ ပြတ်သားပြီး ယုတ္တိရှိလှသော စကားများကြောင့် ကျန်ယီနှင့် အခြားသူများမှာ မိမိတို့၏ စိုးရိမ်ပူပန်မှုများမှာ အပိုသာဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ရှေ့မှ အမျိုးသမီးသည် ပွဲစီစဉ်သူများ၏ ရှေ့တွင်ပင် ယုံကြည်မှုအပြည့်ဖြင့် အရာရာကို ရင်ဆိုင်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလား။
ဟယ်ကျင်းမှာမူ မင်ယွဲ့ကို ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချမိသည်။
မိုဟန်ကျီနှင့် မင်ယွဲ့တို့ ချစ်သူဖြစ်ရခြင်းမှာ မထူးဆန်းတော့ချေ။ သူတို့နှစ်ဦးလုံးမှာ သူ လေးစားအားကျရသော ပုဂ္ဂိုလ်ထူးများ ဖြစ်နေကြသောကြောင့်ပင်။
"ဒါဆို တတိယပွဲမှာရော နံပါတ် ၄ ကပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဦးမယ်လို့ ထင်သလား"
နံပါတ် ၄ နောက်တစ်ပွဲ ပြန်ဝင်ဦးမည်ကို ကျန်ယီ အံ့ဩသွားသော်လည်း မင်ယွဲ့ကမူ ထိုအချက်ကို ကြိုတင်သိရှိပြီးသား ဖြစ်ပုံရသည်။
"မနိုင်တော့ဘူး"
မင်ယွဲ့က ပြိုင်ကွင်းအတွင်း အသည်းအသန် ယှဉ်ပြိုင်နေကြသော ကားများကို ပြသထားသည့် ဖန်သားပြင်ကြီးကို ကြည့်လျက် တိုတိုတုတ်တုတ်ပင် ဖြေလိုက်သည်။
ပွဲစီစဉ်သူ မစ္စတာချန်သည် နံပါတ် ၄ ကားကို စိတ်ဝင်တစား စိုက်ကြည့်နေမိသည်။
မင်ယွဲ့သာ ရှိမနေခဲ့ပါက သူသည် ယနေ့တွင် ပိုမိုမြတ်စွန်းနိုင်သော်လည်း၊ မင်ယွဲ့ရှိနေခြင်းကြောင့်လည်း သူ ဆုံးရှုံးမှုမရှိခဲ့ပေ။ ပွဲစီစဉ်သူတစ်ဦးဖြစ်သည့်အလျောက် သူသည် လုံလောက်သော အရင်းအနှီးရှိသူဖြစ်ရာ ငွေကြေးကိစ္စအတွက် ကတိပျက်မည့်သူမျိုး မဟုတ်ချေ။
"မစ္စမင် ခန့်မှန်းတဲ့အတိုင်း ဖြစ်လာခဲ့ရင် ဘယ်လိုအချက်တွေကြောင့် ဒီလို ကောက်ချက်ချနိုင်တာလဲဆိုတာ ရှင်းပြပေးနိုင်မလားခင်ဗျာ"
မစ္စတာချန်မှာ မင်ယွဲ့၏ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းအပေါ် အလွန်ပင် စူးစမ်းလိုစိတ် ပြင်းပြနေမိသည်။
"အာရုံခံစားမှု ကြောင့်ပါ"
မင်ယွဲ့က အများကြီး မရှင်းပြတော့ပေ။
သူမသည် ပွဲစီစဉ်သူနှင့် တွေ့ဆုံပြီးနောက် ရသင့်ရထိုက်သော ငွေများကို ရယူကာ ထွက်ခွာခဲ့သည်။
အမှန်စင်စစ် နံပါတ် ၄ ဒုတိယပွဲတွင် အနိုင်ရမည်ဟု သူမ ယုံကြည်ခဲ့ခြင်းမှာ အာရုံခံစားမှုအပြင် အခြားသော အချက်အလက်များကြောင့်လည်း ပါဝင်သည်။ ပထမပွဲစဉ်တွင် အချက်အလက်မျိုးစုံကို နှိုင်းယှဉ်ကြည့်ပါက နံပါတ် ၄ မှာ အနိုင်ရရန် အရှိဆုံးဖြစ်သည်။
သို့သော် သူသည် ဒုတိယနေရာဖြင့်သာ အဆုံးသတ်ခဲ့သည်။
ထို့ထက် ပို၍ အရေးကြီးသောအချက်မှာ နံပါတ် ၄ ၏ သမီးငယ်မှာ ဖျားနာနေပြီး ဆေးကုသစရိတ် အမြောက်အမြား လိုအပ်နေကြောင်းကို မင်ယွဲ့က ယွမ်ပေါ့ထံမှတစ်ဆင့် သိရှိထားခြင်းဖြစ်သည်။
သူသည် ကားပြိုင်ခြင်းမှလွဲ၍ အခြား ငွေရှာလွယ်သော နည်းလမ်းမရှိသူဖြစ်ရာ ယနေ့တွင် ပွဲစဉ်အမြောက်အမြား ဝင်ရောက်ယှဉ်ပြိုင် လိမ့်မည်ဟု မင်ယွဲ့က ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ဤပြိုင်ပွဲတွင် မရေးထားသော စည်းကမ်းတစ်ခုရှိသည်။ ၎င်းမှာ ပြိုင်ပွဲဝင်တစ်ဦးသည် သုံးကြိမ်ဆက်တိုက် အနိုင်ရရှိပါက နောက်ထပ်ပွဲစဉ်များတွင် ပါဝင်ခွင့်မရှိခြင်းပင်။ ၎င်းမှာ အခြားသူများကို အခွင့်အရေးပေးရန်နှင့် ပွဲကို ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်စေရန် ရည်ရွယ်သည်။
ထို့ကြောင့် သူသည် ပထမပွဲတွင် နှစ်သိန်း၊ ဒုတိယပွဲတွင် သုံးသိန်း ရရှိခဲ့သည်။ သို့သော် တတိယပွဲတွင် သူ အနိုင်မရနိုင်ခြင်းမှာ ကားပြိုင်ခြင်းသည် စိတ်အာရုံ အလွန်အမင်း စုစည်းမှုနှင့် ကြွက်သားများ တင်းမာမှု လိုအပ် သောကြောင့်ဖြစ်သည်။
ပွဲစဉ်နှစ်ခုအပြီးတွင် သူ၏ခန္ဓာကိုယ်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း မင်ယွဲ့က ယွမ်ပေါ့ထံမှ သိရှိထားပြီးဖြစ်သည်။ ထို့အပြင် သူသည် အခြားပြိုင်သမားများထက် အသက်အရွယ် ပိုကြီးသူလည်း ဖြစ်နေသည်။
မင်ယွဲ့သည် မိမိရရှိသော အမြတ်ငွေ ယွမ် ၃၆ သန်းအနက်မှ ငါးသန်းကို ပွဲစီစဉ်သူထံတွင် ချန်ထားရစ်ခဲ့ပြီး၊ နံပါတ် ၄ ပြိုင်ပွဲဝင်ထံသို့ ကျေးဇူးတင်ဆုအဖြစ် လျှို့ဝှက်ပေးအပ်ရန် မှာကြားခဲ့သည်။ စေတနာအလွန် ထက်သန်လှသော မင်ယွဲ့၏ လုပ်ရပ်အပေါ် မစ္စတာချန်ပင် အံ့ဩချီးကျူးမိတော့သည်။
မင်ယွဲ့နှင့် နံပါတ် ၄ တို့ ပူးပေါင်းကြံစည်သည်ဟု မစ္စတာချန် အဘယ်ကြောင့် သံသယမဝင်သနည်းဆိုသော် မင်ယွဲ့၏ ဘေးတွင် ရှိနေသူများကို သူ သိထားသောကြောင့်ဖြစ်သည်။
ထိုသူဌေးသားများအဖို့ ဤငွေပမာဏမှာ အရေးတယူလုပ်စရာ မဟုတ်ချေ။ ဤကဲ့သို့ လှည့်ကွက်များဖြင့် အချိန်ဖြုန်းနေမည့်အစား အိမ်ပြန်၍ လူကြီးမိဘများကို ချိုချိုသာသာ စကားပြောလိုက်ပါက ဤထက်မကသော ငွေများကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။
တတိယပွဲစဉ်တွင် နံပါတ် ၄ သည် စတုတ္ထနေရာဖြင့်သာ ပန်းဝင်ခဲ့ပြီး တတိယဆုနှင့် လွဲချော်ခဲ့သည်။ သူသည် စုစုပေါင်း ငွေငါးသိန်း ရရှိခဲ့သော်လည်း သူ၏သမီးငယ် ခွဲစိတ်ကုသရန်အတွက် အနည်းဆုံး ရှစ်သိန်း လိုအပ်နေပြီး နောက်ဆက်တွဲ ကုသစရိတ်များလည်း ရှိနေသေးသည်။
"ဒါက မစ္စမင် ပေးခဲ့တဲ့ ဆုကြေးငွေပါ"
မစ္စတာချန်က ငွေများကို လွှဲပြောင်းပေးအပ်သောအခါ ထိုအမျိုးသားမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲလာတော့သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ... အခုတော့ မျှော်လင့်ချက် ရှိပြီ၊ ကျွန်တော့်သမီးလေး အသက်ချမ်းသာရတော့မယ်"
သူသည် မိမိ၏ ကျေးဇူးရှင်ကို မြင်ပင်မမြင်ဖူးသော်လည်း တတွတ်တွတ် ကျေးဇူးတင်စကား ဆိုနေမိတော့သည်။
ထိုအချိန်တွင် မင်ယွဲ့၊ ကျန်ယီနှင့် အခြားသူများမှာ ပြိုင်ကွင်းမှ ထွက်ခွာလာခဲ့ကြပြီဖြစ်သည်။
"ဘာတွေ လုပ်နေတာလဲ"
အလုပ်နားချိန်တွင် မိုဟန်ကျီက မင်ယွဲ့ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။ ယနေ့ သူမ အားလပ်နေကြောင်း သူ မှတ်မိနေသောကြောင့်ဖြစ်သည်။
"ကျန်ယီနဲ့အတူ ရှိနေတာ"
မင်ယွဲ့က ဘာမှမဖုံးကွယ်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
မိုဟန်ကျီ၏ မျက်လုံးများက အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏ စိတ်ကူးထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။
"အင်း... အပြင်သွားလည်နေကြတာလား"
"မမယွဲ့... သွားစားကြရအောင်၊ ကျွန်တော် ဝယ်ကျွေးမယ်"
ဟယ်ကျင်းက သူတို့ဘေးသို့ ကားမောင်းလာပြီး မှန်ချကာ လှမ်းအော်ပြောလိုက်သည်။
"တခြား ဘယ်သူတွေ ရှိသေးလဲ"
မိုဟန်ကျီက ဟိုဘက်မှ အသံကို ကြားသဖြင့် မေးလိုက်သည်။
"ဟုတ်တယ်၊ မောင်လေးလည်း သိမှာပါ စီနီယာအစ်ကိုရဲ့ ဝမ်းကွဲညီ ဟယ်ကျင်းလေ"
မင်ယွဲ့က ပြတင်းပေါက်အပြင်ဘက်သို့ လက်မထောင်ပြလိုက်သည်။
"မောင်လေး ကုမ္ပဏီမှာလား"
မင်ယွဲ့၏ အမူအရာကို ကြည့်ရုံဖြင့် မိုဟန်ကျီ ဖုန်းဆက်နေခြင်းဖြစ်ကြောင်း ကျန်ယီ သိလိုက်သဖြင့် သူက ဘာမှဝင်မပြောဘဲ တိတ်ဆိတ်စွာ ကားမောင်းနေသည်။
"ဟုတ်တယ်၊ အလုပ်ထဲမှာပဲ... ဒါပေမဲ့ မင်းကို တွေ့ချင်နေပြီ"
ဖုန်းထဲမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"တော်စမ်းပါ... အပိုတွေ ပြောမနေနဲ့"
မင်ယွဲ့က ရယ်မောလျက် -
"ကျွန်မက သူတို့နဲ့အတူ ရှိနေတာပဲ၊ ဘာပူစရာ ရှိလို့လဲ သူတို့အားလုံးက ကျွန်မရဲ့ မောင်လေးတွေပဲဟာ"
သူမက နောက်ပြောင်ပြောဆိုနေခြင်း ဖြစ်သော်လည်း အမှန်စင်စစ် မိုဟန်ကျီ၏ စရိုက်ကို သိထားသဖြင့် စိတ်အေးစေရန် ရှင်းပြနေခြင်းဖြစ်သည်။ ချစ်သူများကြားတွင် အပြန်အလှန် ယုံကြည်မှုနှင့် လုံခြုံမှုပေးနိုင်ခြင်းမှာ အရေးကြီးဆုံး မဟုတ်ပါလား။
"ကိုယ် ဘာမှ မတွေးပါဘူး"
မိုဟန်ကျီသည် စင်ပေါ်မှ ဖိုင်တွဲတစ်ခုကို ဆွဲယူလိုက်သည်။ အစောပိုင်းက မင်ယွဲ့၏ ရှေ့တွင် ကလေးငယ်တစ်ဦးကဲ့သို့ မူနေသူမှာ သူ မဟုတ်သည့်အလားပင်။
"ဟုတ်ပါပြီ၊ ကျွန်မကပဲ အပိုတွေ တွေးနေမိတာပါ အလုပ်ကို ဆက်လုပ်တော့နော်၊ အနှောင့်အယှက် မပေးတော့ဘူး"
မိုဟန်ကျီသည် ကျန်ယီနှင့် ဟယ်ကျင်းတို့အပေါ် မနာလိုဖြစ်နေမည် မဟုတ်သော်လည်း၊ သူတို့က မင်ယွဲ့နှင့်အတူ အချိန်ဖြုန်းနိုင်ပြီး မိမိမှာမူ အလုပ်ရှုပ်နေရသဖြင့် အားမလိုအားမရ ဖြစ်နေခြင်းသာဖြစ်သည်။
“ဦးလေးကျန်...”
မိုမိသားစုနှင့် ကျန်မိသားစုမှာ ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး ပြိုင်ဘက်များ မဟုတ်ကြချေ။
"ဟန်ကျီ... ဒီနေ့ ဒီအဘိုးကြီးဆီကို ဘာကိစ္စနဲ့ ဖုန်းဆက်တာလဲ"
ကျန်ယီ၏ ဖခင်သည် ဖုန်းနံပါတ်ကို ကြည့်ကာ အံ့ဩတကြီးဖြင့် နှုတ်ဆက်လိုက်သည်။
မိုဟန်ကျီက ဦးလေးကျန်၏ ကျန်းမာရေးကို အရင်ဆုံး မေးမြန်းပြီးနောက် မသိမသာပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါနဲ့... ပြီးခဲ့တဲ့ အခေါက်က ရှောင်ယီကို အပြင်မှာ တွေ့လိုက်သေးတယ် သူ အလုပ်သင် ဆင်းဖို့ ရှာနေတာလား"
"အဲ့ဒီကောင်လေးက ငါ့ကို ဒုက္ခမပေးရင်ပဲ ကျေးဇူးတင်ရမှာပါ"
ဦးလေးကျန်က ထိုသို့ ပြောသော်လည်း သူ၏ အသံထဲတွင် သားဖြစ်သူအပေါ် ချစ်ခင်မှုများ ပါဝင်နေသည်။
ကျန်မိသားစုသည် ကျန်ယီကို မိသားစုအတွက် ဂုဏ်ဆောင်နိုင်သူ ဖြစ်လာရန်သာ မျှော်လင့်နေကြခြင်းဖြစ်သည်။
"အဲ့ဒီကောင်လေးသာ မင်းလို အရည်အချင်းမျိုး ရှိရင် ဘယ်လောက်ကောင်းမလဲ"
"ကျွန်တော့် ကုမ္ပဏီကို လွှတ်လိုက်ပါလားဦးလေး၊ သူ့ကို စမ်းကြည့်ရအောင် သူက ဒီနယ်ပယ်မှာ ပါရမီ ပါချင်ပါနေမှာပေါ့"
မိုဟန်ကျီက မည်သည့် အမူအရာမျှ မပြဘဲ အကြံပြုလိုက်သည်။
"ဒါပေါ့ ရှင်းယောင် လုပ်ငန်းစုမှာ အလုပ်ဝင်ရတာ သူ့အတွက် ကံကောင်းခြင်းပဲ မနက်ဖြန်ကစပြီး သူ့ကို လွှတ်လိုက်မယ်"
ဦးလေးကျန်က ဝမ်းသာအားရ သဘောတူလိုက်သည်။ ကျန်ယီမှာမူ မင်ယွဲ့တို့နှင့်အတူ ညစာ စားနေဆဲဖြစ်ပြီး ဖခင်ဖြစ်သူက ဖုန်းတစ်ချက်ဖြင့် သူ့ကို ရောင်းစားလိုက်ပြီဖြစ်ကြောင်း လုံးဝ မသိရှိသေးပေ။
"ဘာ ကျွန်တော့်ကို အလုပ်သွားခိုင်းမယ် ဟုတ်လား မသွားချင်ပါဘူး"
မင်ယွဲ့ ပြန်သွားသည်ကို စောင့်ကြည့်ပြီး စားသောက်ဆိုင်ရှေ့တွင် ရပ်နေစဉ် ဖခင်ဖြစ်သူထံမှ ဖုန်းလာသဖြင့် ကျန်ယီမှာ အော်ဟစ် တော့သည်။ ဟူထျန်းနှင့် ဟယ်ကျင်းတို့မှာလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ချမ်းသာသော မိသားစုမှ ကလေးများသည် အစောပိုင်းတွင် အလုပ်ခွင်သို့ ဝင်လေ့မရှိကြချေ။ သူတို့အပေါ်တွင် ထောက်ပံ့ပေးမည့်သူများ ရှိနေသဖြင့် ဖိအားမရှိဘဲ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်လေ့ရှိကြသည်။
"မင်း သွားကို သွားရမယ်၊ မသွားချင်လည်း မရဘူး မင်းရဲ့ အစ်ကိုမိုနဲ့ ငါ ပြောပြီးသွားပြီမနက်ဖြန်ကစပြီး ရှင်းယောင် လုပ်ငန်းစုမှာ သူ့ရဲ့ အတွင်းရေးမှူးအဖြစ် အလုပ်စဝင်ရမယ် မင်းရဲ့ လစဉ်သုံးငွေကိုလည်း ယွမ်သုံးထောင်ပဲ ပေးတော့မယ် မင်းဘာသာမင်း ငွေရှာစားတော့”
ဦးလေးကျန်သည် ကျန်ယီကို ငြင်းဆန်ခွင့်ပင်မပေးဘဲ ဖုန်းကို ချက်ချင်း ချပစ်လိုက်တော့သည်။
***