သူ့ဖခင်ဖြစ်သူသည် မိုဟန်ကျီနှင့် မည်သို့မည်ပုံ ပတ်သက်ဆက်နွှယ်သွားသည်ကို ကျန်ယီ လုံးဝ စဉ်းစားမရနိုင်အောင် ဖြစ်နေရသည်။
မိုဟန်ကျီဆိုသည်မှာ အမြဲတမ်း အေးစက် ခက်ထန်ပြီး သွေးအေးတတ်သူ မဟုတ်ပါလား။
ယခုတစ်ကြိမ်တွင်မူ သူက ဘာကြောင့် ဤမျှလွယ်လွယ်ကူကူ သဘောတူလက်ခံခဲ့ရသနည်း။
အမှန်စင်စစ် ရှင်းယောင်းတွင် အလုပ်ဝင်ရန် အကြံပြုခဲ့သူမှာ မိုဟန်ကျီကိုယ်တိုင်ဖြစ်ကြောင်းသာ ကျန်ယီ သိရှိခဲ့ပါက သူသည် ယခုထက် များစွာ ပိုမို ဒေါသထွက်နေမည်မှာ သေချာလှသည်။
"ငါတို့ကြားမှာ အဲ့ဒီလို သံယောဇဉ်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"
ကျန်ယီ၏အစ်ကို ကျန်ချန်က ပြတ်သားစွာပင် တုံ့ပြန်လိုက်သည်။
"မင်းကို ငါတို့ရဲ့ ညီအစ်ကိုသံယောဇဉ်ကို ပြန်လည်ကုစားဖို့ အခွင့်အရေး ပေးနေတာနော်"
ကျန်ယီသည် နောက်ဆုံးမျှော်လင့်ချက်ဖြင့် လောင်းကြေးထပ်ကြည့်နေဆဲဖြစ်သည်။
"မလိုဘူး"
"ဒါဆိုလည်း သွားတော့... သွား”
ကျန်ယီသည် ကျန်ချန်ကို ချက်ချင်းပင် အဆက်အသွယ်ဖြတ် (Block) လိုက်တော့သည်။
တစ်ဖက်နှင့် ဆက်လက်စကားပြောနေရသည်ထက် မနက်ဖြန် အလုပ်သွားရမည့်အရေးက ပို၍ ခံသာဦးမည်ဟု သူ ယူဆလိုက်သည်။
ထို့အပြင် ထိုအစ်ကိုဖြစ်သူကိုလည်း တစ်သက်လုံး လူပျိုကြီးအဖြစ်သာ အဆုံးသတ်ပါစေကြောင်း ကျိန်စာတိုက်လိုက်မိသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် အဘိုးဖြစ်သူ အကြီးအကဲကျန်သည် ထမင်းစားပွဲ၌ နေရာယူထားနှင့်ပြီဖြစ်သည်။
"အဘိုး... မင်္ဂလာနံနက်ခင်းပါ"
ကျန်ယီသည် စိတ်မပါလက်မပါဖြင့် နှုတ်ဆက်လိုက်သည်။
"လူငယ်ဆိုတာ ဒီလို နုံနဲ့နေလို့ ဘယ်ဖြစ်မလဲ ခဏနေရင် စစ်တပ်သုံး လက်ဝှေ့ပညာကို တစ်စုံလောက် သွားပြီး လေ့ကျင့်ပြဦး"
အဘိုးဖြစ်သူက ပြုတ်ထားသော ကြက်ဥတစ်လုံးကို အခွံနွှာပေးရင်း သူ၏ပန်းကန်ထဲသို့ ထည့် ပေးလိုက်သည်။
"ကျွန်တော် အလုပ်မသွားဘဲ နေလို့မရဘူးလားဟင် ကျောင်းပဲ သွားချင်တယ်... ကျွန်တော် စာသင်ခန်းထဲမှာပဲ နေချင်တာပါ"
"မရဘူး"
အကြီးအကဲကျန်၏ အဖြေမှာ အလွန်ပင် ပြတ်သားလှသည်။
ခုနကပင် ကြက်ဥအခွံနွှာပေးနေသော ကြင်နာတတ်သည့် အဘိုးအိုမှာ သူ မဟုတ်သည့်အလားပင်။
ကျန်ယီသည် ဆန်ပြုတ်ကို မြန်မြန်သောက်၊ ကြက်ဥကို စားပြီးနောက် သူ၏ အပေါ်အင်္ကျီကို ဆွဲယူကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
"ဒါနဲ့... မင်းရဲ့ ပြိုင်ကားကိုတော့ ငါ ဂိုဒေါင်ထဲမှာ သော့ခတ်ထားလိုက်ပြီ အပြင်မှာ ရပ်ထားတဲ့ ကားက မင်းရဲ့ ယာယီသွားလာရေးယာဉ်ပဲ မင်း အကျင့်စာရိတ္တ ကောင်းမွန်တာကို ပြနိုင်ရင် ပြိုင်ကားကို ပြန်ပေးမယ်"
အဘိုးဖြစ်သူ၏ နူးညံ့လှသော စကားသံမှာ ကျန်ယီအတွက်မူ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင် ဖြစ်နေတော့သည်။
"ဘာ ဒါဆို ကျွန်တော့်ရဲ့ တခြားကားတွေရော"
"လောလောဆယ်တော့ မင်းအတွက် သွားလာဖို့ ကားတစ်စီးပဲ ရှိလိမ့်မယ်"
အကြီးအကဲကျန်ကမူ ခေါင်းပင်မော့မကြည့်ဘဲ အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
ကျန်ယီသည် ဒေါသတကြီးဖြင့် အိမ်ပြင်သို့ ထွက်လာခဲ့ရာ အပြင်ဘက်တွင် ရပ်ထားသော အနက်ရောင် ကားအိုကြီးတစ်စီးကို တွေ့လိုက်ရသည်။
ဤကားကို အဘိုးဖြစ်သူ မည်သည့်နေရာမှ ရှာတွေ့ခဲ့သည်ကို သူ မသိချေ၊ တစ်ခါမျှပင် မမြင်ဖူးခဲ့သော အမျိုးအစားဖြစ်သည်။ သူတို့သည် စစ်ဘက်ဆိုင်ရာဝင်းအတွင်း နေထိုင်ကြသော်လည်း အမှန်စင်စစ် သီးခြားဗီလာကြီးကဲ့သို့ပင် ကျယ်ဝန်းလှသည်။
ကျန်မိသားစုသည် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသဖြင့် ငွေကြေးချို့တဲ့သူများ မဟုတ်ကြချေ။
ထိုအချိန်တွင် မိုဟန်ကျီသည် သူ၏လက်ထောက် လင် ကို အမှာစကားများ ပြောကြားနေသည်။
"အထွေထွေမန်နေဂျာမို..."
"အင်း... ခဏနေရင် အတွင်းရေးမှူးအသစ် တစ်ယောက် ရောက်လာလိမ့်မယ် သူ့ရဲ့ လစာကို ကိုယ့်ရဲ့ ကိုယ်ပိုင်အကောင့်ထဲကနေပဲ ပေးလိုက်ပါ နောက်ပြီး သူ့ကို မင်းရဲ့ လက်အောက်မှာပဲ ထားပြီး လေ့ကျင့်ပေးလိုက် ပါ"
လက်ထောက်လင်မှာ ရင်ထဲတွင် အေးခနဲ ဖြစ်သွားတော့သည်။
သူသည် မျိုးဆက်သစ်တစ်ခု၏ အစားထိုးခြင်းကို ခံရတော့မည်လောဟု စိုးရိမ်ပူပန်သွားမိသည်။
"ဒါနဲ့ သူက ကျန်မိသားစုက သခင်လေးပဲ ကျန်တဲ့ကိစ္စတွေကိုတော့ မင်း စိတ်ပူစရာမလိုပါဘူး"
မိုဟန်ကျီသည် ကျန်ယီကဲ့သို့သော သူဌေးသားလေးတစ်ဦးနှင့် လက်ထောက်လင်တို့ကြား အဆင်မပြေဖြစ်မည်ကို စိုးရိမ်သဖြင့် ကြိုတင် သတိပေးလိုက်ခြင်းဖြစ်သည်။
"နားလည်ပါပြီခင်ဗျာ"
လက်ထောက်လင်သည် ချက်ချင်းပင် သက်ပြင်းချနိုင်သွားတော့သည်။
မိုဟန်ကျီ၏ အယုံကြည်ရဆုံးလူအဖြစ် သူ၏နေရာမှာ မလှုပ်မယှက် ရှိနေဆဲဖြစ်ကြောင်း သူ သိလိုက်ရသည်။
"အပိုဆုကြေး ယွမ်တစ်သောင်း ပေးမယ်"
လက်ထောက်လင် ထွက်ခွာရန် ပြင်စဉ်တွင် မိုဟန်ကျီက ရုတ်တရက် သတိရသွားသကဲ့သို့ ခေါင်းမော့ကာ ဖြည့်စွက်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာမို”
လက်ထောက်လင်၏ ခြေလှမ်းများမှာ ပေါ့ပါးသွားတော့သည်။
သခင်လေးကျန်ကို စောင့်ရှောက်ပေးရုံမျှနှင့် ဤမျှ ဆုကြေးရမည်ဆိုပါက သူ့အတွက် အပန်းမကြီးလှချေ။
ကျန်ယီသည် ရှင်းယောင်း လုပ်ငန်းစု၏ အဝင်ဝသို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည်။ ခန့်ညားထည်ဝါလှသော ရုံးအဆောက်အအုံကြီးကို မော့ကြည့်ရင်း
“မိုဟန်ကျီရဲ့ လုပ်ငန်းက တကယ်ကို မသေးဘူးပဲ"
ဟု သူ မချီးကျူးဘဲ မနေနိုင်တော့ပေ။
သူ ကုမ္ပဏီအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"အို... အရမ်းချောတာပဲ၊ ဆွဲဆောင်မှုရှိတဲ့ လူဆိုးလေးအတိုင်းပဲ၊ တကယ်ကို ကြွေသွားပြီ”
"နင်တို့ မိန်းကလေးတွေကတော့ အပေါ်ယံပဲ ကြည့်တတ်ကြတာပဲ ရုပ်ချောတာနဲ့ ထမင်းစားလို့ရလား သူ့ရဲ့ ပုံစံကို ကြည့်ဦး၊ ပျင်းရိပြီး တာဝန်မဲ့မယ့် ပုံစံမျိုး၊ ကိုယ့်ကိုယ်ကိုယ်တောင် ကျွေးနိုင်ပါ့မလားမသိဘူး"
"ငါက နင့်ကို ပြောနေတာ မဟုတ်ဘူး"
"အစ်မရေ... သူ့ရဲ့ ဆံပင်တွေကို ကြည့်ပါဦး၊ အရမ်းလှတာပဲ အဲ့ဒါကိုသာ စည်းလိုက်ရင် ပိုပြီးတောင် ကြည့်ကောင်းဦးမှာ"
ယနေ့တွင် ကျန်ယီသည် သူ၏ ဆံနွယ်အရှည်များကို စည်းမထားဘဲ ဖားလျားချထားသည်။
သူသည် ဧည့်ကြိုကောင်တာသို့ တိုက်ရိုက် လျှောက်လှမ်းသွားရာ ဧည့်ကြိုဝန်ထမ်းက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
"လူကြီးမင်း... ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ ချိန်းဆိုထားတာ ရှိပါသလားရှင့်"
ကျန်ယီသည် တစ်လမ်းလုံး စိတ်မကြည်မလင် ဖြစ်လာခဲ့သော်လည်း ဧည့်ကြိုဝန်ထမ်း၏ ရှေ့တွင်မူ အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး အေးဆေးစွာပင် ပြန်လည်ဖြေကြားလိုက်သည်။
"မင်းတို့ရဲ့ အထက်လူကြီး မိုဟန်ကျီနဲ့ တွေ့ချင်လို့ပါ ချိန်းထားတာတော့ မရှိပါဘူး"
***