သူသည် မိုဟန်ကျီ၏ အမည်နာမကို တိုက်ရိုက်ခေါ်ဆိုကာ မေးမြန်းလိုက်သဖြင့် ဖြတ်သွားဖြတ်လာ ဝန်ထမ်းများမှာ သူ၏ နောက်ခံအကြောင်းအရင်းကို သိလိုစိတ်ဖြင့် တိတ်တဆိတ် အကဲခတ်နေကြတော့သည်။
"ခဏလောက် စောင့်ပေးပါဦးရှင်"
ဧည့်ကြိုဝန်ထမ်းသည် ဖုန်းဆက်၍ အတည်ပြုပြီးနောက် -
"လက်ထောက်လင် ကိုယ်တိုင် ဆင်းလာပြီး ကြိုဆိုပါလိမ့်မယ် ခဏလောက် စောင့်ပေးပါဦး"
ဝန်ထမ်း၏ လေသံမှာ အစောပိုင်းကထက် ပိုမို ရိုသေသမှု ရှိသွားတော့သည်။
ဧည့်ကြိုဝန်ထမ်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်ရုံဖြင့် ကျန်ရှိသော ဝန်ထမ်းများမှာလည်း အခြေအနေကို ရိပ်မိသွားကြသည်။
"ဟဲ့... ခုနကတော့ သူ့လစာနဲ့ ငါတို့ကို မကျွေးနိုင်ပါဘူးဆို အခုတော့ မစ္စတာမိုကိုယ်တိုင် သူ့ကို တွေ့ဖို့ လက်ထောက်လင်ကို လွှတ်လိုက်ပြီ သူက သာမန်လူ ဖြစ်နိုင်ပါ့မလား"
အမှန်စင်စစ် သူတို့သည်လည်း ရှင်းယောင်းလုပ်ငန်းစုကဲ့သို့ နေရာမျိုးတွင် အလုပ်လုပ်နေကြသူများဖြစ်ရာ အမျိုးသားများ၏ ထောက်ပံ့မှုကို လိုအပ်နေသူများ မဟုတ်ကြချေ။
အစောပိုင်းက အမျိုးသားဝန်ထမ်းကို မိန်းကလေးက ပြန်လည် လှောင်ပြောင်လိုက်သည်။
"ဟုတ်တယ်... သူက နင့်ထက် ချောရုံတင်မကဘူး၊ နင့်ထက်လည်း ပိုချမ်းသာမှာ သေချာတယ် လူချောလေးကို ငေးရုံပဲ ငေးစမ်းပါ ရုပ်ချောတဲ့သူတွေက အသုံးမကျတဲ့ ဆင်းရဲသားတွေပါဆိုပြီး လူကြီးမင်းပုံစံနဲ့ လာပြီး ဆရာမလုပ်နဲ့ဦး ကိုယ့် ကိုယ်ကိုယ် ပြန်နှစ်သိမ့်မနေနဲ့"
ထိုအမျိုးသားမှာ မိမိကုမ္ပဏီမှ အမျိုးသမီးများ၏ နှုတ်သီးကောင်းလျှာထွက် ရှိပုံကို ပထမဆုံးအကြိမ် သိရှိသွားပြီး နောက်နောင်တွင် ဘယ်တော့မှ ရွဲ့စောင်းပြောဆိုတော့မည် မဟုတ်ကြောင်း ကျိန်ဆိုလိုက်တော့သည်။
လက်ထောက်လင် အောက်ထပ်သို့ ဆင်းလာသောအခါ ဧည့်ကြိုကောင်တာတွင် မှီရပ်နေသော လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသည်။
သူ၏ အနည်းငယ် ရှည်လျားသော ဆံနွယ်များမှာ နားရွက်ကို ဖုံးကွယ်လျက် ဖားလျားကျနေပြီး၊ မျက်လွှာချကာ တိတ်ဆိတ်စွာ ရပ်နေသော ထိုလူငယ်လေးကို မြင်လိုက်ရသဖြင့် လက်ထောက်လင် စိတ်အေးသွားရသည်။
သတင်းကြီးလှသော သခင်လေးကျန်မှာ ကောလာဟလများကဲ့သို့ ကြောက်စရာ မကောင်းပုံရပေ။
ခြေသံကြားသဖြင့် ကျန်ယီ မော့ကြည့်လိုက်သည်။ သူ၏ မျက်ခုံးနှင့် မျက်ဝန်းများတွင် ပျင်းရိငြီးငွေ့မှုများ ပြည့်နှက်နေပြီး အထာကျကျ မှီရပ်နေသော ပုံစံမှာ ဘဝကို ရွဲ့စောင်းကြည့်
တတ်သော အမူအရာမျိုး ပေါက်နေသည်။
လက်ထောက်လင်သည် သူ၏ မျက်လုံးများ
ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် "ငါ့ကို လာမရှုပ်နဲ့" ဟု သတိပေးနေသည့်အလား ပြင်းထန်သော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
"ထားလိုက်ပါတော့... ပိုက်ဆံအတွက်ပဲလေ ပြီးတော့ သူက အခု ငါ့ရဲ့ အထက်လူကြီး ဖြစ်နေပြီပဲ၊ စိတ်အေးအေးထားရမယ်"
ဟု လက်ထောက်လင် မိမိကိုယ်ကို နှစ်သိမ့် လိုက်သည်။
"အတွင်းရေးမှူးကျန်... ဥက္ကဋ္ဌမိုက ရုံးခန်းထဲမှာ ရှိနေပါတယ် ကျွန်တော် အရင်ဆုံး လိုက်ပို့ပေးပါ့မယ်"
လက်ထောက်လင်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဤအသုံးအနှုန်းမှာ အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု ယူဆလိုက် သည်။
အကယ်၍ ကျန်ယီသည် ကျန်မိသားစု၏ သခင်လေးဖြစ်ကြောင်း သိသွားပါက ကုမ္ပဏီမှ အမျိုးသမီးငယ်များ၏ ဝိုင်းဝန်းမှုကို ခံရနိုင်ရာ အလုပ်လုပ်ရန် ခဲယဉ်းသွားပေလိမ့်မည်။
ထို့အပြင် သခင်လေးကျန်သည် ရှင်းယောင်းသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ရန် လာခြင်းဖြစ်သဖြင့် တရားဝင် ရာထူးတစ်ခုဖြင့်သာ ကိုင်တွယ်ရမည်ဖြစ်သည်။
ကျန်ယီသည် ဘာမှပြန်မပြောဘဲ လက်ထောက်လင်နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။ ဓာတ်လှေကားတံခါး ပိတ်သွားသောအခါမှသာ ဧည့်ခန်းမရှိ လူများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးကြတော့သည်။
"ကြားလိုက်လား... အတွင်းရေးမှူးအသစ်က တကယ်ကို ချောတာပဲ"
"ငါတော့ ဒီလို လူဆိုးလေးပုံစံမျိုးကို အရမ်းကြိုက်တာပဲ"
"ချောတော့ ချောပါရဲ့၊ ဒါပေမဲ့ ကစားသမားပုံစံမျိုး ပေါက်နေတယ်နော်"
"ငါ့အထင်တော့ သူက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အတော်လေး ရှုပ်ထွေးမယ့်ပုံပဲ အပြင်ပန်းက ကြည့်ရင်တော့ မောက်မာသလို ရှိပေမယ့် အတွင်းစိတ်ကတော့ ပြတ်သားမယ့်ပုံပဲ"
"နင်ကလည်း ဝတ္ထုတွေ ဖတ်တာ များနေပြီ တစ်ခါတွေ့ရုံနဲ့ ဘာတွေ သိနိုင်မှာလဲ"
"တော်ကြစို့ဟယ်... သူ့စရိုက်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့မှ မဆိုင်တာ ငါသိတာကတော့ သူက ဥက္ကဋ္ဌမိုရဲ့ အတွင်းရေးမှူး ဖြစ်လာမှာဆိုတော့ သူ့ရဲ့ ချောမောတဲ့ မျက်နှာကို ခဏခဏ မြင်ရတော့မယ် ဆိုတာပဲ"
သူတို့သည် မစ္စတာမို၏ မျက်နှာကိုမူ တိုက်ရိုက်ကြည့်ဝံ့ကြသူများ မဟုတ်ချေ။
မိုဟန်ကျီ၏ တည်ကြည်အရှိန်အဝါကြီးလှသော ပုံစံကြောင့် ဝန်ထမ်းများမှာ သူ့အနား ချဉ်းကပ် ရန်ပင် ဝန်လေးတတ်ကြသည်။
ယခု လူသစ်မှာမူ မောက်မာသော်လည်း ဆွဲဆောင်မှုရှိသော လူငယ်လေးတစ်ဦး ဖြစ်နေသဖြင့် သူတို့၏ အကြိုက်နှင့် ကွက်တိပင် ဖြစ်နေတော့သည်။
လက်ထောက်လင်သည် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ"
ကျန်ယီသည် ခပ်ကြွားကြွားပင် ဝင်လာပြီး ဆိုဖာပေါ်တွင် အေးအေးဆေးဆေး နေရာယူလိုက် သည်။
မိုဟန်ကျီက လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြသည်။ ကျန်ယီက မျက်ခုံးတစ်ဖက်ကို ပင့်ပြလိုက်သည်။ အဆိုးဆုံး ဖြစ်လာပါက ဤအလုပ်မှ အထုတ်ခံရအောင် လုပ်လိုက်ရုံသာ ရှိသည်။ မိုဟန်ကျီက သူ့ကို အလုပ်ထုတ်လိုက်ပါက သူ၏ ဖခင်ဖြစ်သူလည်း ဘာမှ အပြစ်ပြောနိုင်တော့မည် မဟုတ်ချေ။
"ကျန်ယီ..."
မိုဟန်ကျီ၏ အမူအရာမှာ အေးစက်တည်ငြိမ်နေပြီး အသံမှာလည်း ကင်းကွာလှသည်။
မနေ့က ကျန်ယီ၏ ဖခင်ရှေ့တွင် 'ရှောင်ယီ' ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုခဲ့သော ပုံစံမျိုး လုံးဝ မရှိတော့ချေ။
"ပြောပါဦး... ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ ကျွန်တော်ကတော့ ဘာမှ မလုပ်တတ်ဘူးနော်"
ကျန်ယီသည် ခြေတစ်ဖက်ကို ချိတ်လျက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ထားကာ မည်သည့်အရာကိုမျှ ဂရုမစိုက်သော သခင်လေးတစ်ဦး၏ ဟန်ပန်ကို အပြည့်အဝ ပြသနေသည်။
"ကိစ္စမရှိပါဘူး၊ လက်ထောက်လင်က မင်းကို သင်ပေးပါလိမ့်မယ်"
မိုဟန်ကျီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"လက်ထောက်လင်... သူ့အတွက် စားပွဲတစ်ခု စီစဉ်ပေးလိုက်ပါ"
မိုဟန်ကျီသည် သူ့ကို အမှန်တကယ်ပင် အလုပ်သင်ပေးရန် ရည်ရွယ်ထားသည်ကို ကျန်ယီ မမျှော်လင့်ထားခဲ့ချေ။
"မင်း...”
သူသည် ရုတ်တရက် ထရပ်ကာ မိုဟန်ကျီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဘာလဲ... အလုပ်လုပ်ချင်လွန်းလို့ အလျင်လိုနေတာလား ဒါဆိုလည်း လက်ထောက်လင်ကို ပြောပြီး မင်းရဲ့ စားပွဲကို ငါ့ရုံးခန်းထဲမှာပဲ ထည့် ခိုင်းလိုက်မယ်"
မိုဟန်ကျီက အမူအရာမပျက်ဘဲ ကျန်ယီ၏ ဆိုလိုရင်းကို ရည်ရွယ်ချက်ရှိရှိ လွဲချော်စွာ ဘာသာပြန်လိုက်သည်။
"ကျွန်တော့်အဖေက ခင်ဗျားကို ဘာတွေ ပေးထားလို့လဲ ဘာလို့ ဒီလောက်အထိ ဒုက္ခခံနေရတာလဲ"
ကျန်ယီသည် သူ၏ ဖခင်က သူ အားယားနေသည်ကို မကြည့်ရက်သဖြင့် မိုဟန်ကျီထံ အပ်နှံထားခြင်း ဖြစ်သည်ဟု ယခုထိ ယုံကြည်နေဆဲဖြစ်သည်။ လက်ထောက်လင်ကမူ ဘာမှ မကြားသလိုပင် ငြိမ်သက်စွာ နေနေတော့သည်။
"ငါ့မှာ ဘာမှ မလိုပါဘူး"
မိုမိသားစု၏ အရှိန်အဝါမှာ ကျန်မိသားစုထက် မနိမ့်ပါးလှသဖြင့် ကျန်ယီမှာ စကားအအ သွားရပြန်သည်။
"ကျွန်တော်က ဘာမှ မလုပ်တတ်ဘူးလို့ အဖေ့ကို ပြောပေးပါ ပြီးတော့ ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပါ"
ကျန်ယီသည် သူ၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည် သို့မဟုတ် အလုပ်မဝင်ရသေးဘဲ အထုတ်ခံရမည်ကို လုံးဝ ဂရုမစိုက်ချေ။
"ဒါကတော့ မဖြစ်နိုင်ဘူး စိတ်ကူးမယဉ်ပါနဲ့တော့ မင်းအဖေကို ငါ ကတိပေးထားပြီးသားဆိုတော့ မင်းကို သေသေချာချာ သင်ပေးရမှာပဲ ပြီးတော့ မင်းက ယွဲ့ယွဲ့ကို 'အစ်မ' လို့ ခေါ်တာဆိုတော့ မင်းရဲ့ ခဲအိုတစ်ယောက်အနေနဲ့ ငါ့မှာ တာဝန်ရှိတယ်လေ"
မိုဟန်ကျီသည် မင်ယွဲ့နှင့် ကျန်ယီတို့ အဆက်အသွယ် အလွန်အကျွံ ရှိနေမည်ကို မလိုလားသဖြင့် ကျန်ယီကို မိမိ၏ ဘေးတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ သူသည် ကျန်ယီ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးနေသည့် သူတော်စင်ကြီးအလား ပြောဆိုနေတော့သည်။
ကျန်ယီသည် မိုဟန်ကျီ၏ စကားများမှာ မရိုးသားကြောင်း ခံစားမိသော်လည်း၊ ဤလူက ဘာကြောင့် မိမိကို စီးပွားရေးလုပ်ငန်းများ သင်ကြားပေးရန် ဤမျှ ကြိုးစားနေရသည်ကိုမူ အဖြေရှာမရ ဖြစ်နေရသည်။
လက်ထောက်လင်မှာမူ မင်ယွဲ့၏ အမည်ကို ထပ်မံ ကြားလိုက်ရသဖြင့် ဤကိစ္စမှာ မင်ယွဲ့နှင့် ပတ်သက်နေကြောင်း ရိပ်မိသွားသည်။
"လက်ထောက်လင်... သွားပြီး စီစဉ်လိုက်တော့”
မိုဟန်ကျီက ညွှန်ကြားလိုက်သောအခါ လက်ထောက်လင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ရုံးခန်းအတွင်းမှ အမြန် ထွက်ခွာခဲ့သည်။
"ဟိုက အားနေတဲ့ စားပွဲကို သန့်ရှင်းရေးလုပ်ပြီး ဥက္ကဋ္ဌမိုရဲ့ ရုံးခန်းထဲကို ရွှေ့ပေးလိုက်ပါ"
လက်ထောက်လင်သည် အတွင်းရေးမှူးအဖွဲ့မှ ဝန်ထမ်းများကိုသာ အမိန့်ပေးစေခိုင်းလိုက်သည်။
"လက်ထောက်လင်... ခုနက ဝင်သွားတဲ့ လူငယ်လေးက လုပ်ဖော်ကိုင်ဖက်အသစ်လားဟင်"
အတွင်းရေးမှူးတစ်ဦးက စူးစမ်းစွာ မေးမြန်းလိုက်သည်။
"ဟုတ်တယ်၊ သူက အတွင်းရေးမှူးအသစ်ပဲနောင်ကျရင် ငါတို့နဲ့အတူ အလုပ်လုပ်ရလိမ့်မယ်"
လက်ထောက်လင်သည် အမျိုးသားအတွင်းရေးမှူး နှစ်ဦးကို စားပွဲရွှေ့ရန် ခိုင်းစေလိုက်သည်။
"အို... လက်ထောက်လင်ရယ်၊ ကျွန်မအတွက်ရော အခွင့်အရေး ရှိနိုင်မလား"
အမျိုးသမီးအတွင်းရေးမှူးတစ်ဦးက မျက်စိမှိတ်ပြကာ နောက်ပြောင်လိုက်သည်။
"ငါ့မှာ ရည်းစားရှိတယ်"
လက်ထောက်လင်က ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်သည်။
"အမလေး... ရှင်ကို ပြောတာ မဟုတ်ပါဘူး၊ အတွင်းရေးမှူးအသစ်ကို ပြောတာပါ"
"အိပ်မက်တောင် မမက်နဲ့၊ မဖြစ်နိုင်ဘူး... အနာဂတ် မရှိဘူး"
လက်ထောက်လင်က ပြတ်သားစွာပင် တုံ့ပြန် လိုက်သည်။
"ဒီစားပွဲတွေကို ဥက္ကဋ္ဌမိုရဲ့ ရုံးခန်းထဲကို ရွှေ့လိုက်ကြ ဒါက အတွင်းရေးမှူးအသစ်ရဲ့ နေရာဖြစ်လိမ့်မယ် ဒါနဲ့ သူ့မျိုးရိုးက ကျန် ပါ၊ သူ့ကို အတွင်းရေးမှူးကျန် လို့ပဲ ခေါ်လိုက်ကြ"
လက်ထောက်လင် ထွက်သွားပြီးနောက် ဝန်ထမ်းများမှာ တီးတိုးပြောဆိုကြပြန်သည်။
"သူက ဘယ်လို နောက်ခံမျိုး ရှိလို့လဲအတွင်းရေးမှူးအဖွဲ့ထဲကို ဒီလောက်လွယ်လွယ်ကူကူ ရောက်လာတာလား"
"သူက သာမန် အတွင်းရေးမှူး မဟုတ်လောက် ဘူး နောင်ကျရင် ငါတို့အပေါ်မှာ လက်ထောက်လင်တင်မကဘူး၊ အတွင်းရေးမှူးကျန်ပါ ရှိလာတော့မှာ"
"သူက ဥက္ကဋ္ဌမိုရဲ့ ရုံးခန်းထဲကို တိုက်ရိုက် ဝင်သွားတာဆိုတော့ အမျိုးတော်စပ်သူများလား မသိဘူး"
"နင် ကြိုးစားကြည့်ပါလား နင် အဆင်ပြေသွားရင် ငါလည်း နင့်အရှိန်အဝါနဲ့ နေရတာပေါ့"
အမျိုးသမီးဝန်ထမ်းများမှာ တစ်ဦးကိုတစ်ဦး စနောက်နေကြတော့သည်။
"မဖြစ်နိုင်တာ... ငါနဲ့ သူက မထိုက်တန်ပါဘူး"
***