သူမ ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မိုဟန်ကျီ၏ အမည်ကို စတင်မြွက်ဟခဲ့သည့် လူငယ်မှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
"သခင်လေးကျန်... ကျွန်တော် တကယ်ပဲ ရည်ရွယ်ချက်ရှိရှိ ပြောတာမဟုတ်ပါဘူးဗျာကျွန်တော်တို့ကလည်း ဥက္ကဋ္ဌမိုရဲ့ စွမ်းဆောင် ရည်တွေကို လေးစားအားကျနေကြတာပါ"
သူကိုယ်တိုင်က ဘာမှမပြောခဲ့ဘဲ ထိုအမျိုးသမီးကြောင့်သာ ပြဿနာဖြစ်ရသည်ဟု သူက ယူဆနေသည်။ သူမကသာ သူ့ကိုပါ ဆွဲထည့်နေပါက ၎င်းမှာ တကယ့်ကို ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်တော့မည်။
"ဘယ်သူက ဘာပြောလို့လဲ မိုဟန်ကျီကိုပဲဖြစ်ဖြစ် ငါ့ကိုပဲဖြစ်ဖြစ် မင်းတို့ ကြိုက်သလောက် ဆဲလို့ရတယ်”
ကျန်ယီသည် ထိုအချက်ကို ဂရုမစိုက်ဟန်ဖြင့် အကြောင်းအရာကို ရုတ်ချည်း ပြောင်းလဲလိုက်သည်။
"ဒါပေမဲ့... ငါ့အစ်မအကြောင်း မကောင်းပြောတာကိုတော့ ငါ လုံးဝ မကြိုက်ဘူး"
အခန်းတွင်းရှိ လူများမှာ ဂယောက်ဂယက် ဖြစ်ကုန်ကြသည်။ ကျန်ယီတွင် အစ်မတစ်ယောက် ရှိသည်ဟု သူတို့ တစ်ခါမှ မကြားဖူးပေ။
ကျန်မိသားစုတွင်သာ သမီးတစ်ယောက် ရှိခဲ့ပါက ဤအသိုင်းအဝိုင်းက မသိဘဲ နေမည် မဟုတ်ပေ။
ကျန်ယီ၏ ဒေါသမှာ မိုဟန်ကျီကြောင့် မဟုတ်မှန်း ဟူကျင်းကတော့ ကောင်းကောင်း သိထားသည်။
အကြောင်းမှာ ကျန်ယီကိုယ်တိုင်ကပင် အခုတလော သူ့ရှေ့တွင် မိုဟန်ကျီကို အမြဲတမ်း ညည်းညူနေတတ်ပြီး ကွယ်ရာတွင် ပြောဆိုသည့် စကားများမှာလည်း သိပ်ပြီး နားဝင်ချိုလှသည်တော့ မဟုတ်ပေ။
"သခင်လေးကျန်... တစ်ခုလောက် မေးပါရစေ၊ သခင်လေးရဲ့ အစ်မက ဘယ်သူပါလဲ”
မိုဟန်ကျီ၏ ကုမ္ပဏီတွင် အင်တာဗျူးသွားဖြေပြီး အငြင်းခံခဲ့ရသည့် လူငယ်က နားမလည်နိုင်စွာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ဟူကျင်းကတော့ ထိုလူကို ကြည့်ကာ 'သိပ်ပြီး ဉာဏ်မပြေးတဲ့ကောင်' ဟု စိတ်ထဲမှ မှတ်ချက်ချမိသည်။ အဖြေက အထင်အရှား ရှိနေသည် မဟုတ်ပါလား။
"သခင်လေးကျန်... ကျွန်မ တောင်းပန်ပါတယ်ဥက္ကဋ္ဌမိုနဲ့ သခင်လေးရဲ့ အစ်မက တကယ်ကို လိုက်ဖက်ညီလွန်းတဲ့ နတ်ဖက်တဲ့စုံတွဲပါပဲ ကျွန်မက ပါးစပ်သရမ်းပြီး လျှောက်ပြောမိတာပါ"
ထိုအမျိုးသမီးမှာ အခြေအနေကို အမြန်ဆုံး ရိပ်မိသွားသူဖြစ်ပြီး ချက်ချင်းပင် တောင်းပန်စကား ဆိုတော့သည်။
"ငါ့အစ်မက ဘယ်လောက်တောင် ထူးချွန်သလဲဆိုတာ မင်းကို ငါပြောပြနေဖို့တောင် မလိုဘူး မင်းက မိုဟန်ကျီကို သဘောကျနေတာလား"
ကျန်ယီသည် ရှေ့ရှိ အမျိုးသမီးကို မောက်မာသော အကြည့်၊ နှိမ်ချသော အမူအရာတို့ဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူ၏ စရိုက်မှာ သူနှင့် ရင်ဆိုင်ရသည့် လူအပေါ်မူတည်၍ ပြောင်းလဲတတ်သည်။ ပြိုင်ဘက်က သန်မာလျှင် သူက ပို၍ သန်မာပြတတ်သည်။
တစ်ပါးသူ၏ ဂုဏ်သိက္ခာကို မိသားစုနောက်ခံဖြင့် အကဲဖြတ်တတ်သော လူမျိုးနှင့် တွေ့ဆုံရသည့်အခါ သူသည်လည်း ထိုနောက်ခံ အရှိန်အဝါကို အသုံးပြု၍ပင် ပြန်လည် နင်းခြေဖျက်ဆီးပစ်ရသည်ကို ပို၍ နှစ်သက်သည်။
ရှေ့ရှိ အမျိုးသမီးမှာ ကျန်ယီကို ပြန်လည် ချေပရန် စကားပင် မရှိတော့ပေ။ သူမ၏ အစောပိုင်းက မောက်မာမှုများမှာ အဘယ်ဆီသို့ ရောက်ရှိသွားပြီနည်း။
"မဟုတ်... မဟုတ်ပါဘူး၊ ကျွန်မ မဝံ့ရဲပါဘူး"
အမျိုးသမီးက လက်ကာပြလျက် ငြင်းဆိုနေစဉ် ကျန်ယီ၏ ဆက်တိုက် ဖိအားပေးမှုများကြောင့် သူမ၏ သူငယ်ချင်းများပင် ဘေးသို့ ခပ်ကွာကွာ ရှောင်ဖယ်သွားကြပြီ ဖြစ်သည်။
"မင်းက အရမ်းကြောက်နေတယ်ဆိုတော့... တကယ်ပဲ သဘောကျနေတာပေါ့"
ကျန်ယီသည် အရပ်မြင့်မြင့်ဖြင့် သူမ၏အထက်မှ မိုးကြည့်နေသဖြင့် ထိုအရှိန်အဝါအောက်တွင် သူမမှာ ခေါင်းပင် မဖော်ရဲတော့ပေ။
"သခင်လေးကျန်... ကျွန်မ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး၊ တကယ်ကို မလုပ်ရဲတော့ပါဘူးရှင်"
ထိုအမျိုးသမီးမှာ အကြောက်လွန်ကာ ခြေထောက်များပင် မခိုင်တော့ဘဲ ဘေးရှိ စားပွဲကို အားကိုးတကြီး ဆုပ်ကိုင်ထားမိရာ လက်ဆစ်များပင် ဖြူဆော့ကုန်သည်။
သူမသည် ဒူးထောက်မတတ် ဖြစ်နေသော်လည်း မိသားစု သိက္ခာကို ငဲ့ကာ အတင်းအကျပ် အားတင်းထားရသည်။ မဟုတ်ပါက ယန်ကျင်းတစ်မြို့လုံးတွင် သူမ၏ နာမည်မှာ ပျက်စီးသွားပေလိမ့်မည်။
"မိုကတော်ကြီးက ငါ့အစ်မကို အထင်သေးတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား အခုပဲ မိုကတော်ကြီးဆီ ဖုန်းဆက်ပြီး လူကိုယ်တိုင် မေးပေးရမလား"
ကျန်ယီတွင် မိုကတော်ကြီး၏ ဖုန်းနံပါတ် အမှန်တကယ် မရှိသော်လည်း မိုဟန်ကျီ၏ ဖုန်းနံပါတ်တော့ ရှိသည်။
"သခင်လေးကျန်... ကျွန်မ..."
သူမသည် စကားများစွာ ပြောချင်သော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေတော့သည်။
သူမ၏ စိတ်ထဲတွင် မကောင်းသော အကြံအစည်များ ရှိခဲ့ပြီးဖြစ်သဖြင့် ယခုတွင် မည်သို့မျှ ဆင်ခြေပေး၍ မရတော့ပေ။
သူမသည် အမှားကို ပြင်ဆင်ချင်သော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိတော့ပေ။ အကယ်၍ ကျန်ယီက မိုမိသားစုကို အမှန်တကယ် အသိပေးလိုက်ပါက သူမသည် ကျန်မိသားစုသာမက မိုမိသားစုကိုပါ ရန်သူပြုမိသလို ဖြစ်သွားပေလိမ့်မည်။
ယန်ကျင်းတွင် ကျန်မိသားစုနှင့် မိုမိသားစု နှစ်ခုလုံးကို ရန်မိခြင်းမှာ သူမ၏ မိသားစု ဘဝနိဂုံးချုပ်ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော အလိုလိုက်ခံထားရသည့် သူဌေးသားလေး ကျန်ယီသည် မိုဟန်ကျီ၏ ချစ်သူနှင့် ပတ်သက်နေလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
"ဒါကို မှတ်ထားပါ၊ ငါ့အစ်မဆိုတာ မင်းတို့လို လူမျိုးတွေ စိတ်ကူးပေါက်သလို လျှောက်ပြောလို့ရတဲ့သူ မဟုတ်ဘူး သူက မိုဟန်ကျီနဲ့ ယှဉ် ရင်တောင် ပိုပြီးတော့ ထူးချွန်တဲ့သူပဲ"
ကျန်ယီသည် အခန်းတွင်းရှိ လူတိုင်းကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ရာ သူသည် နောက်ပြောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် အတည်ပြောနေခြင်း ဖြစ်ကြောင်း အားလုံးက နားလည်လိုက်ကြသည်။
"ငါ သွားတော့မယ်၊ ပျင်းစရာကြီး"
ကျန်ယီသည် ဆိုဖာပေါ်မှ အပေါ်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး ဟူကျင်းကို ပြောလိုက် သည်။
"သခင်လေးကျန်၊ သခင်လေးဟူ...ကောင်းကောင်းသွားပါဗျာ"
အစောပိုင်းက ဆေးလိပ် မီးညှိပေးခဲ့သော လူငယ်က ကျိုးနွံလွန်းခြင်း မရှိ၊ မောက်မာခြင်းလည်း မရှိသော အမူအရာဖြင့် နှုတ်ဆက် လိုက်သည်။
"မင်းကတော့ မဆိုးဘူးပဲ”
ကျန်ယီက ထိုလူကို အသိအမှတ်ပြုသည့် အနေဖြင့် တစ်ချက် ပြောလိုက်သည်။
"လာပါ သူငယ်ချင်းရာ... ငါ မင်းကို ညဘက် ကလပ်တစ်ခုမှာ အမုန်းကဲဖို့ လိုက်ကျွေးပါ့မယ် ဒီလိုလူတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့"
ဟူကျင်းက ကျန်ယီ၏ ပခုံးကို ဖက်ကာ ဆိုသည်။
"မသွားတော့ဘူး၊ ဗိုက်ဆာလာပြီ၊ စားစရာ တစ်ခုခု သွားစားရအောင်"
ကျန်ယီသည် ယခုအခါ ဤကဲ့သို့သော ပျော်ပါးရာ နေရာများကို စိတ်မဝင်စားတော့သလို ခံစားနေရသည်။
"ကောင်းပြီလေ၊ ဘာစားချင်လဲ ငါ ဝယ်ကျွေးပါ့မယ် မင်း အခုတလော အစားကောင်းကောင်း မစားရဘူး မဟုတ်လား"
ဟူကျင်းက သူ့ကို သနားစဖွယ် သတ္တဝါလေး တစ်ကောင်ကဲ့သို့ ကြည့်ကာ မေးလိုက်သည်။
"မင်း အများကြီး တွေးမနေနဲ့ဦး အားတဲ့အခါ ငါ မင်းကို ဟင်းချက်ကျွေးမယ် ငါ့လက်ရာက ဘယ်လောက်ကောင်းသလဲဆိုတာ မင်းမသိသေးဘူး၊ ပရော်ဖက်ရှင်နယ် စားဖိုမှူးတွေထက်တောင် ပိုကောင်းသေးတယ်"
ကျန်ယီက လွမ်းဆွတ်သလို အမူအရာဖြင့် ဆိုလိုက်ပြီး
"သွားကြစို့၊ ဒီနေ့တော့ တရုတ်ဟင်းလျာပဲ စားရအောင်"
"အိုကေ... အဲဒီ မင်ယွဲ့ စားသောက်ဆိုင်က တော်တော်ကောင်းတယ်လို့ ကြားတယ်အနောက်တိုင်းရော တရုတ်ဟင်းရော ရတယ်၊ ပြီးတော့ အိမ်မွေးတိရစ္ဆာန်တွေလည်း ခေါ်သွားလို့ရတယ်တဲ့"
ဟူကျင်းသည် သူ၏ ဝမ်းကွဲအစ်ကို ပြောပြဖူးသည်ကို သတိရလိုက်သည်။
၎င်းမှာ ယန်ကျင်းတွင် မကြာသေးမီက နာမည်ကြီးနေသော စားသောက်ဆိုင်ဖြစ် သော်လည်း ကံမကောင်းစွာဖြင့် ဆိုင်ခွဲ တစ် ဆိုင်တည်းသာ ရှိသေးသည်။
"ဒါဆို သွားမြည်းစမ်းကြည့်တာပေါ့"
သူတို့နှစ်ဦးလုံးမှာ ကားကိုယ်စီဖြင့် ရောက်လာကြခြင်း ဖြစ်သဖြင့် မိမိတို့၏ ကားများကို မောင်းနှင်ကာ မင်ယွဲ့ စားသောက်ဆိုင်သို့ ဦးတည် လိုက်ကြသည်။
"တကယ့်ကို ခံစားချက် တစ်မျိုးပဲဗျာ"
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အတွင်းပိုင်း အပြင်အဆင်များကို ကြည့်ကာ ဟူကျင်းမှာ အံ့အားသင့်သွားရသည်။
ရှေးဟောင်းစတိုင် ပန်းချီကားများ၊ လိုက်ကာများဖြင့် ပြင်ဆင်ထားပြီး စားပွဲတင် ခုံများပေါ်တွင်ပင် ကဗျာစာသားများ ရေးထိုးထားသည်။
"ဧည့်သည်တော်တို့... အပေါ်ထပ်မှာ သီးသန့်ခန်းတွေ ရှိပါတယ်ခင်ဗျာ"
ကျန်ယီသည် အရှေ့ကောင်တာရှိ ပန်ဒါရုပ်လေးကို မြင်လိုက်ရသောအခါ တစ်နေရာရာတွင် တွေ့ဖူးသလို ခံစားလိုက်ရသည်။
"အဲဒါကတော့ ကျွန်တော်တို့ဆိုင်ရဲ့ အဆောင်အယောင်အရုပ် လေးပါ၊ နာမည်က ယွမ်ပေါ့ လို့ ခေါ်ပါတယ်"
ကျန်ယီ၏ အကြည့်မှာ အရုပ်လေးထံတွင် ကြာရှည်နေသည်ကို သတိထားမိသဖြင့် ဝန်ထမ်းလေးက ပြုံးကာ ရှင်းပြလိုက်သည်။
"ပန်ဒါရုပ်လေးလား"
ကြည့်လေလေ၊ မင်ယွဲ့၏ အိမ်မွေးတိရစ္ဆာန်နှင့် တူလေလေဟု သူ ခံစားရသည်။
“တိုက်ဆိုင် လိုက်တာ၊ နာမည်ကလည်း ယွမ်ပေါ့ တဲ့”
"ဘာတွေ ကြည့်နေတာလဲ၊ အပေါ်တက်ရအောင်"
ဟူကျင်းက သီးသန့်ခန်းတစ်ခုကို ရွေးချယ်ကာ သူ့ကို ဆွဲခေါ်သွားသည်။
"ကျွန်တော်တို့ရဲ့ သီးသန့်ခန်း တစ်ခန်းချင်းစီမှာ မတူညီတဲ့ အထူးဟင်းလျာတွေ ရှိပါတယ်ဧည့်သည်တော်တို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်"
ဝန်ထမ်းက မီနူးကတ်ကို ကမ်းပေးရင်း ဆိုသည်။
"နာမည်ကြီးတဲ့ ဟင်းလျာတွေ အကုန်ပေးစမ်းပါ"
ဟူကျင်းမှာ ငွေကြေး မရှားပါးသူဖြစ်သဖြင့် လက်ကို ရမ်းကာ ရက်ရက်ရောရော မှာယူလိုက်သည်။
"တောင်းပန်ပါတယ်ခင်ဗျာ၊ လူကြီးမင်းတို့က နှစ်ယောက်တည်း ဖြစ်တဲ့အတွက် ဟင်းလျာကို ငါးမျိုးအထိပဲ ကန့်သတ်ထားပါတယ်"
ဝန်ထမ်းက ဦးညွှတ်ကာ ဆိုသည်။
ဒါကတော့ မင်ယွဲ့ သတ်မှတ်ထားသော စည်းကမ်းဖြစ်သည်။ ငွေရှိတိုင်း အစားအစာများကို အလဟဿ မှာယူပြီး မစားဘဲ ပစ်ထားခြင်းမျိုး မရှိစေရန်အတွက် ဖြစ်သည်။
"ဒါဆိုရင် ဒါရယ်၊ ဒါရယ်၊ ပြီးတော့ ဒီစွပ်ပြုတ်ကို ပေးပါ"
ဟူကျင်းသည် ကျန်ယီ၏ အကြိုက်ကို ကောင်းကောင်း သိထားသဖြင့် ကျန်ယီ ဘာမှပြောစရာ မလိုဘဲ ဟင်းလေးမျိုးနှင့် စွပ်ပြုတ် တစ်မျိုးကို မှာယူလိုက်သည်။
"ဆရာကြီးရွှီ... သီးသန့်ခန်းက ဧည့်သည်တစ်ယောက် ဆရာကြီးရဲ့ အထူးလက်ရာကို မှာထားပါတယ်"
မီးဖိုချောင်အတွင်းမှာ အလွန်ပင် အလုပ်များနေသည်။
"ဒီစားသောက်ဆိုင် ပိုင်ရှင်က ဘယ်သူလဲမသိဘူး၊ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ"
ဟူကျင်းသည် သီးသန့်ခန်းအတွင်းရှိ အလှမွေးကန်ကို ကြည့်ကာ ဆိုသည်။
ကန်အတွင်း၌ ရွှေငါးလေးများမှာ အနီနှင့် အနက်ရောင်များ ရောယှက်ကာ ကြည်လင်သော ရေပြင်ထက်တွင် လွင့်မျောနေကြသည်။
ကျန်ယီမှာမူ ဘာမှမပြောဘဲ နံရံပေါ်ရှိ နံရံကပ်ပန်းချီကားကိုသာ စိုက်ကြည့်နေမိသည်။ ဤပုံကို မြင်ရသည်မှာ မူလတန်းတွင် သင်ခဲ့ရသော ကဗျာတစ်ပုဒ်ကို သတိရစေသည်။
"ကြာငုံလေးက ထိပ်ဖျားလေးပဲ ဖော်ပြသေးတယ်၊ ပုစဉ်းရင်ကွဲကတော့ အပေါ်မှာ နားနေပြီ" ဟူသော ကဗျာလေးပင် ဖြစ်၏။
"ဘယ်သူပဲဖြစ်ဖြစ်... ငါတို့လို အပျော်အပါးမက်တဲ့ သူဌေးသားတွေအတွက်တော့ မဟုတ်တာ အမှန်ပဲ"
ကျန်ယီက ဆက်၍ ဆိုသည်။
"သူတို့မှာ ငွေရော အချိန်ရော ရှိကြပေမဲ့ ဒီလို နူးညံ့တဲ့ စိတ်နှလုံးမျိုးတော့ ရှိကြမှာ မဟုတ်ဘူး"
ဝန်ထမ်းက တံခါးကို ခေါက်ကာ ဝင်လာပြီး ဟင်းလျာများကို တစ်ခုပြီးတစ်ခု ချပေးသည်။
အမြင်ရော အနံ့ပါ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သူတို့နှစ်ဦးမှာ တူကို ကောက်ကိုင်ကာ မြည်းစမ်းကြည့်လိုက်ကြသည်။
"အရသာရှိလိုက်တာ"
ဟူကျင်း၏ လက်မှာ မြန်ဆန်လာသည်။
သူတို့အိမ်ရှိ အိမ်ဖော်များမှာလည်း ဟင်းချက် အလွန်တော်ကြသော်လည်း ယနေ့ စားရသော တရုတ်ဟင်းလျာမှာမူ တကယ့်ကို ထူးခြားသော အရသာ ရှိလှသည်။
ကျန်ယီသည် နံရိုးချိုချဉ်ကြော်ကို စားကြည့်လိုက်သောအခါ မင်ယွဲ့ ချက်ပေးသော လက်ရာနှင့် ဆင်တူနေသလို ခံစားရသည်။ ထို့ကြောင့် သူသည် နောက်ထပ် အပိုင်းအတော်များများကို စားမိသွားတော့သည်။
"မင်းတို့ရဲ့ ဆိုင်ရှင်ကို တွေ့လို့ရမလား"
ဗိုက်ဝသွားသောအခါ ကျန်ယီက ဝန်ထမ်းကို မေးလိုက်သည်။
"ဆိုင်ရှင်က များသောအားဖြင့် ဆိုင်မှာ မရှိပါဘူးခင်ဗျာ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောခဲ့လို့ ရပါတယ်၊ ကျွန်တော် ပြန်ပြောပေးပါ့မယ်"
ကျန်ယီနှင့် ဟူကျင်းတို့မှာ ထင်ရှားသော မိသားစုမှ ဖြစ်ကြောင်း ဝန်ထမ်းက သိသာစွာ ရိပ်မိသည်။
ဟူကျင်း၏ ဖိနပ်နှင့် ကျန်ယီ၏ နာရီတို့မှာ သူတို့ကဲ့သို့ လူသားများ အိပ်မက်ပင် မမက်ရဲသော ပစ္စည်းများ မဟုတ်ပါလား။
"ရပါပြီ... မလိုတော့ပါဘူး"
ကျန်ယီက လက်ကာပြလိုက်သည်။
သူသည် ဖုန်းကို ထုတ်ကာ ဓာတ်ပုံတစ်ပုံ ရိုက်ပြီး မင်ယွဲ့ထံသို့ ပို့လိုက်သည်။
"အစ်မ... ဒါ အစ်မရဲ့ ဆိုင်လားအဆောင်အယောင်အရုပ် နာမည်ကလည်း ယွမ်ပေါ့ တဲ့၊ ပြီးတော့ နံရိုးချိုချဉ်ကြော်ကလည်း အစ်မ လက်ရာနဲ့ အရမ်းတူတာပဲ ဒါပေမဲ့ အစ်မရဲ့ လက်ရာက ပိုပြီး အရသာရှိပါတယ်"
ဟူကျင်းက ထိုစာသားများကို မြင်လိုက်ရသောအခါ အထူးသဖြင့် နောက်ဆုံးက မြှောက်ပင့်ထားသော စကားလုံးကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။
ဤကျန်ယီမှာ သူသိခဲ့သော ကျန်ယီ မဟုတ်တော့ပေ။
အရင်က မောက်မာရိုင်းစိုင်းခဲ့သော လူငယ်လေးမှာ ယခုအခါ အရာရာကို သူ၏ အစ်မထံ အစီရင်ခံနေသော လူတစ်ယောက် ဖြစ်သွားခဲ့ပြီ။
သူ... တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
***