မင်ယွဲ့နှင့် သူမ၏ စီနီယာဖြစ်သူ လျူးယွဲ့တို့သည် ယန်ကျင်းတက္ကသိုလ်၏ ထမင်းစားဆောင်တွင် အတူတူ အစာစားနေကြစဉ် ကျန်ယီ ပေးပို့လာသော ဓာတ်ပုံများကို မြင်လိုက်ရသည်။
ဓာတ်ပုံထဲမှ အတွင်းပိုင်း အပြင်အဆင်နှင့် ခင်းကျင်းပုံများမှာ မင်ယွဲ့ စားသောက်ဆိုင် ဖြစ်ကြောင်း အထင်အရှားပင်။
"ဟုတ်တယ်"
မင်ယွဲ့က တိုတိုတုတ်တုတ်ပင် ပြန်စာပို့လိုက် သည်။
"ဟာ... မင်းတို့ ငါ့ကို နောက်နေတာလား ဒီလောက် တိုက်ဆိုင်စရာ အကြောင်းမရှိဘူး"
ဟူကျင်းသည် မင်ယွဲ့၏ ပြန်စာကို မြင်သောအခါ မယုံနိုင်အောင် ဖြစ်သွားရသည်။
သူတို့က နောက်ပြောင်နေကြခြင်းဟုသာ ထင်မှတ်နေမိသည်။ သို့သော် ထိုစဉ်မှာပင် စားသောက်ဆိုင် မန်နေဂျာက တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
"ခွင့်ပြုပါဦးခင်ဗျာ၊ လူကြီးမင်းက သခင်လေးကျန်ယီလား"
မင်ယွဲ့ထံမှ ရရှိထားသော အချက်အလက်များအရ မန်နေဂျာသည် ကျန်ယီကို ကြည့်ကာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ်၊ ဘာကိစ္စရှိလို့လဲ"
ကျန်ယီက မော့ကြည့်လိုက်သော်လည်း ထိုသူကို သိကျွမ်းခဲ့ဖူးခြင်း မရှိပေ။
"ကျွန်တော်တို့ ဆိုင်ရှင်က ညွှန်ကြားလိုက်လို့ပါ၊ ဒီနေ့ သခင်လေးတို့ သုံးဆောင်တဲ့ ဟင်းလျာတွေအတွက် ငွေပေးချင် မလိုပါဘူးခင်ဗျာ နောက် တစ်ခေါက်လည်း ကြွလှမ်းခဲ့ပါဦး ဒါကတော့ ဆိုင်ကနေ လက်ဆောင်အဖြစ် ပေးအပ်တဲ့ အချိုပွဲပါ"
သူသည် ရိုးရှင်းသော်လည်း လက်ရာမြောက်လှသော သစ်သားမုန့်သေတ္တာလေးကို ကျန်ယီတို့ရှေ့သို့ ကမ်းပေးလိုက်သည်။
"မင်းတို့ ဆိုင်ရှင်က ဘယ်သူလဲ..."
ကျန်ယီသည် ဖုန်းထဲမှ မင်ယွဲ့၏ အဖြေကို ကြည့်ကာ ဘာမှမသိသလို ဟန်ဆောင်၍ မေးလိုက်သည်။
"ကျွန်တော်တို့ ဆိုင်ရှင်ကတော့ မမလေး မင်ယွဲ့ ပါခင်ဗျာ"
မန်နေဂျာနှင့် ဝန်ထမ်းတို့မှာ အံ့အားသင့်နေဆဲ အမူအရာများဖြင့် အခန်းထဲမှ ထွက်ခွာသွားကြသည်။
ကျန်ယီမှာမူ အစောပိုင်း ဆိုင်ထဲသို့ ဝင်လာစဉ်ကတည်းက ယွမ်ပေါ့နှင့် တူသော အရုပ်လေးကို မြင်ရကတည်းက ရင်ထဲ၌ သံသယ ရှိနေခဲ့သော်လည်း အမှန်တကယ် အတည်ပြုခံလိုက်ရသောအခါ အံ့သြမှုကို မဖုံးဖိနိုင်တော့ပေ။
"ကျိန်စာတိုက်ရမှာပဲကွာ... မင်းတို့က တကယ်ကြီးကို အတည်တွေ ဖြစ်နေကြတာလား၊ ငါပဲ လူပြက်ဖြစ်နေရတာပေါ့"
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟူကျင်းက မင်ယွဲ့အပေါ် ပိုမို စိတ်ဝင်စားလာသည့် အမူအရာဖြင့် ညည်းညူလိုက်သည်။
"ကျေးဇူးပဲ အစ်မ၊ ဟင်းတွေက တကယ် အရသာရှိတယ်”
မင်ယွဲ့သည် ကျန်ယီ ပို့ထားသော စာကို ကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ပေ။
တကယ့်ကို တိုက်ဆိုင်လွန်းလှသည်၊ သူတို့က သူမ၏ဆိုင်သို့ ရောက်သွားကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ယွဲ့ယွဲ့... နင် အချစ်ကို တွေ့နေတာလား၊ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"
"ညီမလေး မင်ယွဲ့မှာ ချစ်သူရှိနေတာ နင်တို့ မသိကြဘူးလား"
စီနီယာ ကျောက်လင်းကျန့်က အံ့သြဟန်ဖြင့် ဆိုသည်။ သူသည် မိုဟန်ကျီက မင်ယွဲ့ကို ကျောင်းသို့ လာကြိုလေ့ရှိသဖြင့် မကြာခဏ တွေ့ဖူးထားသူ ဖြစ်သည်။
ဓာတ်ခွဲခန်းသို့ နောက်မှ ရောက်လာကြသော လူသုံးယောက်မှာတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းခါပြနေကြသဖြင့် သူတို့ တကယ်မသိကြောင်း ထင်ရှားလှသည်။
မင်ယွဲ့၏ ချစ်သူမှာ အနည်းငယ် ထူးခြားသော အဆင့်အတန်းရှိသူ ဖြစ်သဖြင့် စီနီယာကျောက်က သိထားသော်လည်း အများကြီး ထုတ်မပြောပေ။
"ကျွန်မမှာ ချစ်သူရှိတာ မသိသာလို့လား"
မင်ယွဲ့က ပြုံးလျက် ဆိုလိုက်သည်။
"ဒါ တို့တက္ကသိုလ်ရဲ့ ပါရမီရှင် မင်ယွဲ့ မဟုတ် လား ဘာလို့ ထမင်းစားဆောင်မှာ လာစားနေရတာလဲ"
နောက်ပြောင်နေကြသော လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ရိုင်းစိုင်းစွာ ကြားဖြတ်ဝင်လာသူကို ကြည့်လိုက်ကြသည်။
"ဘာကို ဆိုလိုတာလဲ"
မင်ယွဲ့သည် ဒေါသမထွက်ဘဲ တည်ငြိမ်သော အမူအရာဖြင့်သာ မေးလိုက်သည်။
"မသိသာဘူးလား၊ နင့်ကို လှောင်ပြောင်နေတာလေ"
လူတစ်ယောက်၏ စိတ်ထားသည် ရုပ်ရည်တွင် ပေါ်လွင်တတ်သည်ဟူသော စကားမှာ မှန်လှသည်။
ထိုမိန်းကလေးမှာ စကားမပြောခင်က သိက္ခာရှိသော အလှပဂေးတစ်ဦးကဲ့သို့ ထင်ရသော်လည်း စကားပြောလိုက်သည့်အခါတွင်မူ ရုန့်ရင်းကြမ်းတမ်းသော အသွင်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"တက္ကသိုလ် ထမင်းစားဆောင်မှာ စားတာကို လှောင်ပြောင်စရာလို့ ထင်နေတာလား ဒါက တကယ့်ကို ထူးဆန်းတာပဲ နင့်ရဲ့ တန်ဖိုးက တက္ကသိုလ် ထမင်းစားဆောင်ထက် ပိုများနေလို့လား ထမင်းစားဆောင်ကို အဲဒီလို နှိမ်မပြောခင် ကျောင်းအုပ်ကြီးရဲ့ သဘောထားကိုရော မေးခဲ့ပြီးပြီလား"
မင်ယွဲ့သည် ကျောင်း၌ အချိန်ကုန်ဆုံးလေ့ ရှိသော်လည်း စာသင်ခန်းနှင့် ဓာတ်ခွဲခန်းကြားတွင်သာ ကူးလူးနေသူ ဖြစ်သည်။
ကျောင်းတွင်း၌ နေထိုင်သူ မဟုတ်သလို အခြားသော လှုပ်ရှားမှုများတွင်လည်း ပါဝင်လေ့မရှိသဖြင့် ရှေ့ရှိ အမျိုးသမီးကို မည်သည့်အချိန်တွင် ရန်စမိမှန်း သူမ မသိပေ။
"နင်..."
သူမသည် ဒေါသကြောင့် စကားပင် မထွက်နိုင်တော့ဘဲ မင်ယွဲ့ကို လက်ညှိုးငေါ့ငေါ့ ထိုးလိုက်သည်။
"ယဉ်ကျေးမှု ရှိရှိ ဆက်ဆံပေးပါ”
မင်ယွဲ့သည် မောက်မာခြင်း မရှိသလို နှိမ့်ချခြင်းလည်း မရှိဘဲ ပြောဆိုလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ ကျောင်းသားများကပါ ထိုမိန်းကလေးမှာ အကျိုးအကြောင်းမရှိ ပြဿနာရှာနေသည်ဟု ယူဆသွားကြသည်။
ထိုမိန်းကလေးမှာ မိမိ၏ မြှောက်ထားသော လက်ဖျားများမှာ ပူထူလာသလို ခံစားရပြီး မင်ယွဲ့၏ အကြည့်များမှာ သူမကို ဖောက်ထွင်းမြင်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဟင်း..."
သူမသည် ဒေါသတကြီးဖြင့် လက်ကို ပြန်ချလိုက်သည်။
"ထားလိုက်ပါတော့၊ သွားကြရအောင်"
ဘေးရှိ သူမ၏ သူငယ်ချင်းမှာ အားနာစရာ ဖြစ်လာသဖြင့် တိုက်တွန်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူအားလုံးက သူတို့ကို ဝိုင်းကြည့်နေကြသဖြင့် ထိုအကြည့်များအောက်တွင် နေရသည်မှာ အလွန်ပင် နေရခက်လှသည်။
"ဘာလို့ သွားရမှာလဲ နင်က ငါ့သူငယ်ချင်း မဟုတ်ဘူးလား ငါ့ဘက်ကတောင် မကူညီဘူး"
မင်ယွဲ့ထံမှ အရှက်ရခဲ့သော ထိုမိန်းကလေးသည် သူမ၏ သူငယ်ချင်းအပေါ် ဒေါသပုံချတော့သည်။
သူမ၏ သူငယ်ချင်းမှာ အော်ဟစ်ခံရသဖြင့် မျက်နှာလေး ဖြူလျော့သွားပြီး ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့နေရှာသည်။ သူတို့ ဆက်ဆံပုံကို ကြည့်ရုံဖြင့် ထိုမိန်းကလေးမှာ ပုံမှန်အားဖြင့် လည်း ဗိုလ်ကျတတ်သူဖြစ်ကြောင်း သိနိုင်သည်။
မင်ယွဲ့သည် သူငယ်ချင်းအပေါ် ထိုသို့ ဆက်ဆံသူကို မနှစ်သက်သော်လည်း ကြားဝင်စွက်ဖက်ခြင်း မပြုပေ။ သူမကိုယ်တိုင်ကပင် ပြန်လည် မတုံ့ပြန်ဘဲ ငြိမ်ခံနေလျှင် သူတစ်ပါးက မည်သို့ ကူညီနိုင်မည်နည်း။
"ဘာကြည့်နေတာလဲ ယဉ်ကျေးမှု မရှိဘူးလား"
မင်ယွဲ့က သူတို့ဘက်သို့ တစ်ချက် ကြည့်လိုက်သည်ကို မြင်သောအခါ ထိုမိန်းကလေးက အခွင့်အရေးရသလိုဖြင့် မင်ယွဲ့ကို ရိုင်းစိုင်းသူဟု ပြန်လည် တိုက်ခိုက်တော့သည်။
"အော်..."
မင်ယွဲ့၏ သာသာယာယာ ရယ်မောသံမှာ ထိုမိန်းကလေးကို ပို၍ ဒေါသထွက်စေသည်။
"ဒီမိန်းမ..."
သူမသည် မင်ယွဲ့၏ ပါးကို ရိုက်ရန် အရှိန်ဖြင့် ပြေးဝင်လာတော့သည်။
"အာ..."
ထမင်းစားဆောင်ရှိ ကျောင်းသားများမှာ ယခုကဲ့သို့ လက်ပါသည့် အဖြစ်မျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် လန့်ဖျပ်ကုန်ကြသည်။
မင်ယွဲ့၏ လှပသော မျက်နှာလေးပေါ်တွင် ဒဏ်ရာရာသွားမည်ကို မည်သူမှ မမြင်ရက်ကြပေ။ ထိုမိန်းကလေးမှာ မင်ယွဲ့နှင့် နီးကပ်လာလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး အားကုန်သုံးကာ လွှဲရိုက်လိုက်သည်။
“ဘုန်း”
မင်ယွဲ့က သူမကို အခွင့်အရေး မပေးခဲ့ပေ။ သူမသည် လျင်မြန်စွာပင် လက်လှမ်း၍ ဆွဲလိုက်၊ လိမ်လိုက်ပြီး ထိုမိန်းကလေး၏ လက်မောင်းကို ထမင်းစားပွဲပေါ်သို့ ဖိချလိုက်ရာ တုံးတိတိ အသံတစ်ချက် ထွက်ပေါ်လာသည်။
"လွှတ်... လွှတ်စမ်း..."
မင်ယွဲ့မှာ အားစိုက်နေပုံပင် မရဘဲ ထိုင်ခုံတွင် အေးအေးလူလူ ထိုင်နေဆဲဖြစ်သော်လည်း ထိုမိန်းကလေး၏ လက်မှာမူ ရုန်းမထွက်နိုင်အောင် ချုပ်နှောင်ခံထားရသည်။
"မင်ယွဲ့... သူ့ကို လွှတ်ပေးလို့ ရမလား"
သူမ၏ သူငယ်ချင်းမှာ ကြောက်လန့်နေသော်လည်း ရှေ့ထွက်ကာ တောင်းပန်ရှာသည်။
အခြားသော ကျောင်းသားများမှာမူ ဤအဖြစ်အပျက်ကို စိတ်ဝင်တစား ကြည့်နေကြပြီး အချို့မှာ ဖုန်းဖြင့် ဗီဒီယိုပင် ရိုက်နေကြသည်။
ဂုဏ်သတင်းကြီးသော တက္ကသိုလ်မှ ကျောင်းသားများပင်လျှင် အတင်းအဖျင်းနှင့် စိတ်လှုပ်ရှားစရာများကို နှစ်သက်ကြသည်မှာ အမှန်ပင်။
မင်ယွဲ့သည် စကားပြောလာသော မိန်းကလေးကို တည်ငြိမ်အေးစက်သော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။ အစောပိုင်းက သနားစိတ် အနည်းငယ် ရှိခဲ့သော်လည်း ယခုအခါတွင်မူ ရွံရှာစိတ် အနည်းငယ် ဝင်လာမိသည်။
"ဘာလို့ လွှတ်ပေးရမှာလဲ"
မင်ယွဲ့သည် လွှတ်ပေးရန် ဆန္ဒမရှိကြောင်း ထင်ရှားနေပြီး ချုပ်နှောင်ခံထားရသော မိန်းကလေးမှာမူ ရုန်းကန်လျက် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
“ဇွပ်”
မင်ယွဲ့ လက်ထဲမှ တူတစ်စုံမှာ သူမ၏ လက်ကို ပွတ်ကာ စားပွဲခုံအတွင်းသို့ နက်ရှိုင်းစွာ စိုက်
ဝင်သွားသည်။
"ငြိမ်ငြိမ်မနေဘူးဆိုရင် နောက်တစ်ခါမှာ ငါ မှားသွားနိုင်တယ်နော်"
မင်ယွဲ့၏ အေးစက်သော အကြည့်တစ်ချက်မှာ ရုန်းကန်နေသော မိန်းကလေးကို တုန်ရင်သွားစေပြီး နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။
အခြားသော ကျောင်းသားများလည်း မင်ယွဲ့၏ လက်ရည်ကြောင့် အံ့အားသင့်ကုန်ကြသည်။ တူတစ်စုံကို စားပွဲခုံထဲသို့ စိုက်ဝင်အောင် လုပ်နိုင် ခြင်းမှာ အလွန်ကြီးမားသော ခွန်အား လိုအပ် သည်မဟုတ်ပါလား။
"နင်က... နင်က စိတ်သဘောထား ကြီးတဲ့သူပဲ သူ့ကိုယ်စား ငါ တောင်းပန်ပါတယ်"
မင်ယွဲ့၏ ဓာတ်ခွဲခန်းမှ စီနီယာများမှာလည်း အစောပိုင်းကတည်းက ကူညီရန် အသင့်ဖြစ်နေကြသည်။
တစ်ဖက်မှ အရင်စ၍ ပြဿနာရှာခြင်း ဖြစ်သဖြင့် သူတို့ လုံးဝ မကြောက်ပေ။ သို့သော် မင်ယွဲ့က ကြားဝင်စရာ မလိုကြောင်း အချက်ပြထားသဖြင့် သူတို့၏ ဒေါသကို ထိန်းထားကာ မင်ယွဲ့ အခက်တွေ့ချိန်မှသာ ရှေ့ထွက် ကယ်တင်ရန် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
ယခုတွင်မူ မင်ယွဲ့သည် အခြေအနေကို လျင်မြန်စွာ ကိုင်တွယ်နိုင်သည်ကို မြင်သောအခါ သူတို့၏ စိတ်ကူးထားမှုများမှာ အချည်းနှီး ဖြစ်သွားရသည်။
ချောမောလှပသော ညီမလေးမှာ သူတို့၏ အကူအညီ မလိုဘဲ ပြဿနာကို လှပစွာ ဖြေရှင်းနိုင်ခဲ့သည်။
"ငါက သူ့ကို ဘာမှလည်း မလုပ်ရသေးဘူး၊ ပြီးတော့..."
မင်ယွဲ့သည် ရှေ့မှ မိန်းကလေးကို အထက်အောက် ကြည့်လိုက်ပြီးနောက် ဆက်၍ ဆိုသည်။
"နင်က ငါ့အတွက် ဘယ်သူမို့လို့လဲ ဘာလို့ နင် တောင်းပန်တာကို ငါက လက်ခံရမှာလဲ"
ထိုမိန်းကလေးကို ကြောက်တတ်သူ၊ အူအသူဟု ခေါ်နိုင်သော်လည်း သူမသည် အားနည်းချက်ကို အသုံးချ၍ တစ်ပါးသူကို ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်တတ်သူ ဖြစ်သည်။
မိမိသူငယ်ချင်းမှာ အကျိုးအကြောင်းမဲ့ ပြဿနာရှာနေသည်ကို သိလျက်နှင့် သူငယ်ချင်းဘက်မှ ရပ်တည်နေခြင်း ဖြစ်သည်။
သူမ၏ သူငယ်ချင်း အနေဖြင့် ကြည့်လျှင် ဤကဲ့သို့သော လူမျိုးမှာ ကောင်းသည်ဟု ထင်ရသော်လည်း အနှောင့်အယှက် ခံရသူ မင်ယွဲ့တို့အဖို့မူ သူမသည်လည်း သူမ၏ သူငယ်ချင်းကဲ့သို့ပင် စိတ်ပျက်စရာ ကောင်းလှသည်။
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသကဲ့သို့ တစ်ယောက်က ကြမ်းတမ်းပြီး နောက်တစ်ယောက်က ပျော့ညံ့နေခြင်းမှာ သူတို့ သူငယ်ချင်း ဖြစ်နေကြသည်မှာ မဆန်းတော့ပေ။
***