"မင်းက တပ်ကပန်းလေးဆိုတာကို မကြိုက်ဘူးဆိုရင်လည်း တပ်က သံမဏိလူသားလို့ ခေါ်မလား၊ ဒါမှမဟုတ် သွေးသောက် ရဲဘော်ကြီးလို့ ခေါ်မလား”
ကျန်ကျွင်းသည် ကျန်ယီကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။ သူ၏ ညီငယ်လေးတွင် ဤမျှ ထူးခြားဆန်းပြားသော အတွေးအခေါ်များ ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။
လူတစ်ဖက်သားကို နာမည်ပြောင်ပေးရသည်ကို ဤမျှ ဝါသနာပါလိမ့်မည်ဟုလည်း မမှတ်ထင်ခဲ့မိပါ။ အချိန်တိုအတွင်းမှာပင် သူ၏အစ်ကိုဖြစ်သူကို နာမည်ပြောင် သုံးမျိုးပင် ပေးလိုက်လေပြီ။
"အဲဒါတွေ လုံးဝ မလိုဘူးဗျာ”
"မင်းကတော့ တကယ့်ကို အားမနာတတ်တဲ့ကောင်ပဲ”
ကျန်ယီသည် လက်ကို ခါယမ်းပြကာ ပေါက်စီတစ်လုံးကို ဆွဲယူပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ကျန်အဘိုးကြီးကမူ သူ၏ မြေးနှစ်ယောက် အပြန်အလှန် စောင်းမြောင်းနေကြသည်ကို ကြားဝင်မတားမြစ်ဘဲ အေးအေးလူလူပင် ဆန်ပြုတ်ကို သောက်နေတော့သည်။
"မင်းအဖေက ငါ့ကို ပြောပြတယ်၊ မင်းညီက အခုတလော တော်တော်လေး ရင့်ကျက်လာပြီတဲ့ ဒါကြောင့် အခုကစပြီး မင်းရဲ့ အိမ်ထောင်ရေးကိစ္စကို စတင်စီစဉ်ဖို့ အချိန်တန်ပြီလို့ ငါထင်တယ်"
"အဘိုး... ကျွန်တော် စားလို့ပြီးပါပြီ အဘိုးပဲ ဆက်ပြီး သုံးဆောင်ပါဦးခင်ဗျာ"
ကျန်ကျွင်းသည် ပန်းကန်ထဲမှ အစာများကို အမြန်ဆုံး အကုန်စားလိုက်ပြီးနောက် ချက်ချင်းပင် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
သူ၏ဖခင်က တပ်သို့ သွားခဲ့ပြီဖြစ်သော်လည်း အဘိုးဖြစ်သူက ကြီးကြပ်သူအဖြစ် ကျန်ရစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အားလပ်ရက်ဖြစ်သဖြင့် အိမ်မှာ အေးအေးဆေးဆေး နားရမည်ဟု ထင်ခဲ့သော်လည်း ယခုတော့ အိမ်ထောင်ပြုရန် အတင်းအကျပ် အတိုက်တွန်း ခံနေရချေပြီ။
အရင်က သူတို့မိသားစုသည် ဤမျှ အလျင်စလို မရှိခဲ့ကြပေ။ အခုမှ မိုဟန်ကျီတွင် ချစ်သူရသွားပြီ ဖြစ်သောကြောင့် သူတို့ပါ လိုက်ပြီး အလောတကြီး ဖြစ်နေကြခြင်းလားဟု သူ တွေးမိသည်။
ယနေ့ ကျန်ယီတွင် အလုပ်မရှိသလို ဟယ်ဝမ်မှာလည်း ကျောင်းတက်ရန် မလိုပေ။ ထို့ကြောင့် သူတို့သည် ဟူကျင်းတို့ အုပ်စုနှင့်အတူ ပျော်ပါးရန် ချိန်းဆိုထားကြသည်။
"ငါတို့ရဲ့ ကွင်းအသစ်ကို သွားကြည့်ကြမလား”
ကျန်ယီသည် ပြိုင်ကားပေါ်တွင် လက်တစ်ဖက်ကို မှီတင်ထားရင်း သူတို့ကို ကြည့်ကာ မေးလိုက်သည်။ ဟယ်ဝမ်ကမူ ကားမမောင်းဘဲ ဟူကျင်းနှင့်အတူ လိုက်ပါလာခဲ့သည်။
"ပြီးသွားပြီလား တော်တော်မြန်တာပဲ"
ဟူကျင်းမှာ အံ့အားသင့်သွားရသည်။
"အသစ်ဆောက်တာဆိုရင်တော့ ဒီလောက် မမြန်နိုင်ဘူးလေ ဒါက မိုဟန်ကျီက ကွင်းတစ်ခုကို တိုက်ရိုက် ဝယ်ယူပေးလိုက်ပြီးတော့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အဆင့်မြှင့် တင်ပေးလိုက်တာ”
ကျန်ယီအနေဖြင့်ပင် မိုဟန်ကျီ၏ ရက်ရောမှုကို ဝန်ခံရပေလိမ့်မည်။
ထိုအချိန်တွင် မိုဟန်ကျီသည် မင်ယွဲ့ကို ကြိုရန် ကျောင်းသို့ ရောက်ရှိနေသည်။ ဓာတ်ခွဲခန်းမှ အခြားသူများမှာလည်း နေ့လယ်စာ စားရန် အပြင်သို့ ထွက်လာကြချိန်နှင့် တိုက်ဆိုင်နေ၏။
"ကျွန်မရဲ့ ချစ်သူ ရောက်နေပြီ၊ သွားလိုက်ဦးမယ်နော်”
မင်ယွဲ့သည် ကားဘေးတွင် ရပ်နေသော အမျိုးသားကို ချက်ချင်း မြင်လိုက်ရသည်။ ယနေ့ သူသည် ဝတ်စုံပြည့် ဝတ်ဆင်မထားပေ။
သူတို့ ချစ်သူဖြစ်ပြီးနောက် မင်ယွဲ့က သူ့အတွက် အဝတ်အစားများစွာ ဝယ်ပေးခဲ့ရာ ယနေ့တွင်မူ မိုဟန်ကျီသည် မင်ယွဲ့ ဝယ်ပေးထားသော ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားသည်။
ယန်ကျင်းတက္ကသိုလ်၏ အဝင်ဝတွင် သွားလာနေသော ကျောင်းသားလူငယ်များကြား၌ သူသည် ထင်ရှားနေသော်လည်း လိုက်ဖက်မှု မရှိခြင်းတော့ မဟုတ်ပေ။
မနေ့ကအထိ သူတို့သည် မင်ယွဲ့၏ ချစ်သူမှာ မည်ကဲ့သို့သော လူမျိုးဖြစ်မည်နည်းဟု ခန့်မှန်းနေခဲ့ကြသည်။ မင်ယွဲ့သည် သူတို့မျက်စိထဲတွင် အလွန်ထူးချွန်သူ ဖြစ်သဖြင့် သူမ၏ ချစ်သူမှာလည်း ထူးခြားသူတစ်ဦး ဖြစ်ရမည်ဟု သူတို့ ယူဆထားကြသည်။
စီနီယာကျောက်နှင့် စီနီယာလျူးယွဲ့တို့ကမူ သိထားပြီးဖြစ်သဖြင့် အံ့သြခြင်း မရှိပေ။ ယခင်က မိုဟန်ကျီသည် စီနီယာကျောက်အတွက် အားကျရသည့် စီးပွားရေးလောကမှ စံပြပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့သည်။
သို့သော် မင်ယွဲ့ကြောင့်ပင် ဥက္ကဋ္ဌမိုသည် အရင်ကကဲ့သို့ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားသူမဟုတ်ဘဲ ပို၍ ရင်းနှီးဖော်ရွေသူ တစ်ဦး ဖြစ်လာသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် ယခုအခါ မိုဟန်ကျီကို မြင်ရသည်မှာ အရင်ကကဲ့သို့ စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။
"ဝိုး... ယွဲ့ယွဲ့ရဲ့ ချစ်သူက အရမ်းကို ခန့်တာပဲ”
အမျိုးသမီးငယ်တစ်ဦးက မိုဟန်ကျီ၏ ရုပ်ရည်ကို ကြည့်ကာ အားကျမဆုံး ဖြစ်နေတော့သည်။
"လှပတဲ့ အမျိုးသမီးနဲ့ ခန့်ညားတဲ့ အမျိုးသားက တကယ်ကို လိုက်ဖက်လွန်းပါတယ် သူတို့ရဲ့ အနာဂတ် ကလေးလေးတွေကိုတောင် မြင်ချင်မိပြီ၊ တကယ့်ကို ချစ်စရာကောင်းမှာ သေချာတယ်”
"နေပါဦး... ယွဲ့ယွဲ့ရဲ့ ချစ်သူက တစ်နေရာရာမှာ မြင်ဖူးသလိုလို မရှိဘူးလား”
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မိုဟန်ကျီကို မှတ်မိသွားတော့သည်။
"ဟုတ်လား..."
"တို့ကျောင်းကို ဓာတ်ခွဲခန်းသစ် လှူဒါန်းခဲ့တဲ့ မစ္စတာမိုနဲ့ တော်တော်တူတာပဲ စီနီယာလျူးယွဲ့... ယွဲ့ယွဲ့ရဲ့ ချစ်သူ နာမည်က ဘယ်သူလဲဟင်”
လျူးယွဲ့က တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။
"သူတို့က တစ်ယောက်တည်း ဖြစ်နေဖို့ မဖြစ် နိုင်ဘူးလား”
သူတို့၏ ရုတ်ချည်း နားလည်သွားသော မျက်နှာပေးများ၊ မယုံကြည်နိုင်မှုများနှင့် ပြောင်းလဲသွားသော အမူအရာများကို ကြည့်ကာ စီနီယာကျောက်မှာ ကျေနပ်မှုကို ခံစားလိုက်ရသည်။
"ဟာ..."
"တကယ်ကြီးလား”
"မယုံနိုင်စရာပဲ”
ပညာအရည်အချင်း မည်မျှပင် မြင့်မားပါစေ၊ အလွန်အမင်း အံ့အားသင့်သွားသည့်အခါတွင်မူ လူတိုင်းမှာ စကားပင် မထွက်နိုင်တော့ပေ။
ထိုအချိန်တွင် မင်ယွဲ့သည် တစ်ဖက်မှနေ၍ သူတို့ကို လက်ပြနှုတ်ဆက်ကာ ကားပေါ်သို့ တက်၍ ထွက်ခွာသွားတော့သည်။
"တုန်လှုပ်စရာပဲ ငါ့သူငယ်ချင်းက စီအီးအိုကြီးရဲ့ ချစ်သူ ဖြစ်နေတယ်”
သူတို့သည် ယနေ့မှသာ ဤအမှန်တရားကို သိရှိခဲ့ကြခြင်း ဖြစ်သည်။
အပြင်ပန်းတွင် သူတို့သည် ငိုင်ကျနေသော်လည်း အတွင်းစိတ်ထဲတွင်မူ ရူးသွပ်စွာ အော်ဟစ်နေကြသည်။ ဤအဖြစ်အပျက်မှာ သူတို့ဘဝ၏ မှတ်တိုင်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
သူတို့သည် စီးပွားရေးလောက၏ ဖတ်စာအုပ်များတွင် ပါဝင်လေ့ရှိသည့် မိုဟန်ကျီ၏ အကြောင်းကို ကောင်းကောင်း သိထားကြသူများ မဟုတ်ပါလား။
"စိတ်အေးအေးထားကြစမ်းပါ၊ နောင်မှာ တွေ့ရမယ့် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”
စီနီယာကျောက်သည် သူကိုယ်တိုင် မိုဟန်ကျီနှင့် ပထမဆုံး တွေ့စဉ်က စိတ်လှုပ်ရှားလွန်း၍ စကားပင် မပြောနိုင်ခဲ့သည်ကို မေ့လျော့နေပုံရသည်။
မင်ယွဲ့မှာမူ သူတို့၏ ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို မသိဘဲ မိုဟန်ကျီနှင့်အတူ ညစာ စားနေတော့သည်။
"ဟေး အစ်မ... အားလား ကားလာမောင်းဦးမလား”
ကျန်ယီတို့ အုပ်စုသည် ကွင်းအသစ်သို့ ရောက်ရှိနေကြပြီး အလွန်ပင် ကျေနပ်အားရနေကြသည်။
ယခင်ကွင်းမှာ အပျော်တမ်းအဆင့်သာ ရှိသော်လည်း ယခုကွင်းမှာမူ ကြေးစားအဆင့် ဟုပင် တင်စားနိုင်သည်။
"ငါ မင်းရဲ့ အစ်ကိုမိုနဲ့ ညစာ စားနေတာ”
မင်ယွဲ့က မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မိုဟန်ကျီကို ကြည့်ကာ ပြောလိုက်သည်။ မိုဟန်ကျီသည် မည်သူ့ထံမှ ဖုန်းလာသနည်းဆိုသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။
"ကောင်းပြီလေ၊ သူ လာချင်သလားဆိုတာကိုပါ မေးပေးဦး”
ကျန်ယီက မဝံ့မရဲဖြင့် ဆိုလိုက်သည်။
"အိုကေ... ငါ မေးကြည့်လိုက်မယ်”
မင်ယွဲ့သည် ကျန်ယီနှင့် မိုဟန်ကျီတို့ အတူရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ဘာကြောင့် ယခုတိုင် အနေခက်နေကြဆဲလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
"ဘာဖြစ်လို့လဲ မြန်မြန်စားပါ”
မင်ယွဲ့၏ ပန်းကန်ထဲတွင် သူမ အကြိုက်ဆုံး ဟင်းလျာများမှာ အပြည့်ရှိနေသည်။
"ကျန်ယီက ကျွန်မတို့ကို ပြိုင်ကားကွင်းကို ဖိတ်နေတယ်၊ သွားကြမလား”
"သူက ကိုယ့်ကိုပါ တကယ် ဖိတ်တာ သေချာလို့လား”
မိုဟန်ကျီသည် အားလပ်ရက်တွင် တစ်စုံတစ်ယောက်က သူ့ကို တွေ့ချင်နေလိမ့်မည်ဟု မယုံကြည်နိုင်အောင် ဖြစ်နေသည်။
"သေချာတာပေါ့”
မင်ယွဲ့က ပြုံးလျက် ဆိုလိုက်သည်။
"ကောင်းပြီလေ၊ မင်း အရင်စားဦး”
မင်ယွဲ့နှင့် အတူရှိနေသရွေ့ သူ ဘာလုပ်လုပ် ဂရုမစိုက်ပေ။
ညစာ စားပြီးနောက် သူတို့နှစ်ဦးမှာ ကျန်ယီတို့ရှိရာသို့ ထွက်လာခဲ့ကြသည်။ ၎င်းမှာ ကျန်ယီ၏ ကိုယ်ပိုင် ပြိုင်ကားကွင်း ဖြစ်သဖြင့် လူအနည်းငယ်သာ ရှိသည်။ ယနေ့ လာရောက်သူများမှာ ကျန်ယီ၏ သူငယ်ချင်းများသာ ဖြစ်ပေလိမ့်မည်။
"အစ်မ မင်ယွဲ့၊ ဒီမှာ”
ဟယ်ဝမ်သည် မင်ယွဲ့ကို မြင်သည်နှင့် မျက်ဝန်းများ တောက်ပသွားကာ လက်လှမ်းပြလိုက် သည်။
မင်ယွဲ့နှင့်အတူ လျှောက်လာသော မိုဟန်ကျီကို မြင်သောအခါတွင်မူ သူသည် အနည်းငယ် ကြောက်ရွံ့စွာဖြင့် တိုးတိုးလေး နှုတ်ဆက် လိုက်သည်။
"အစ်ကိုမို"
မိုဟန်ကျီနှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် အနည်းငယ် ဖိအားရှိနေဆဲ ဖြစ်သည်။
မိုဟန်ကျီက ခေါင်းညိတ်ပြလိုက်မှသာ ဟယ် ဝမ်မှာ သက်ပြင်းချနိုင်တော့သည်။
"ကျန်ယီ ဘယ်မှာလဲ”
မင်ယွဲ့သည် ကျန်ယီကို မတွေ့သဖြင့် မေးမြန်းလိုက်သည်။ သူမကို ခေါ်ထားပြီး သူကိုယ်တိုင် မရှိဘဲ နေမည်မဟုတ်ပေ။
"ကျန်ယီနဲ့ ဟူကျင်းတို့က ကွင်းထဲမှာ၊ အခု စတော့မှာ”
မင်ယွဲ့ စိတ်ဝင်စားသွားကာ အုပ်စုလိုက် စင်မြင့်ပေါ်သို့ တက်သွားကြသည်။
ပြိုင်ကား အများအပြားမှာ စမှတ်မှ တစ်ပြိုင်နက် ထွက်ခွာသွားကြပြီး စက်အင်ဂျင်သံများမှာ ကွင်းတစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။ ကွင်းထဲရှိ ကားများမှာ ပထမနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။
"ဟို အပြာရောင်ကားက ကျန်ယီရဲ့ကား၊ အဝါရောင်ကတော့ ဟူကျင်းရဲ့ကား”
ဟယ်ဝမ်က ရှင်းပြသည်။
သူသည် ပြိုင်ကားကြည့်ရသည်ကို ဝါသနာပါသော်လည်း ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ရသည်ကိုမူ သိပ်ပြီး မနှစ်သက်ပေ။
မင်ယွဲ့သည် အပြာရောင် ပြိုင်ကားမှာ ပထမနေရာကို အခိုင်အမာ ယူထားသည်ကို မြင်လိုက်ရသည်။
နောက်ဆုံးပတ်သို့ ရောက်ရှိလာချိန်တွင် ကျန်ယီသည် အရှိန်အဟုန်ဖြင့် စပရင့်ဆွဲနေပြီ ဖြစ်သည်။
အင်ဂျင်သံမှာ ပိုမို ကျယ်လောင်လာပြီး အရှိန်မြှင့်တင်လိုက်ကြောင်း သိသာလှသည်။ အပြာရောင် ပြိုင်ကားမှာ မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး ပန်းဝင်ခါနီးတွင် ရိပ်ခနဲသာ မြင် လိုက်ရတော့သည်။
ကျန်ယီသည် ကားပေါ်မှ ဆင်းလာပြီး ဦးထုပ်ကို ချွတ်ကာ ချွေးစိုနေသော ဆံပင်များကို သပ် တင်လိုက်သည်။ ဤကဲ့သို့သော ခန့်ညားသည့် အချိန်မျိုးတွင် အထာကျကျ ပိုစ့်ပေးရန် လိုအပ်သည် မဟုတ်ပါလား။
ယနေ့ လာရောက်သူအားလုံးမှာ သူငယ်ချင်းများ ဖြစ်ကြသဖြင့် သူ့ကို ဂုဏ်ပြုလက်ဆောင်များ ပေးကြသည်။ နောက်မှ ပန်းဝင်လာသူများပင် ကားပေါ်မှ ဆင်းကာ သူ့ကို ဂုဏ်ပြုနှုတ်ဆက်ကြသည်။
ကျန်ယီသည် မနီးမဝေးတွင်ရှိသော မင်ယွဲ့ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ပြေးလာတော့သည်။
"အစ်မ”
သူက 'အစ်မ' ဟု ခေါ်လိုက်သဖြင့် လူတိုင်း၏ အာရုံမှာ သူတို့ဆီသို့ ရောက်ရှိသွားကြသည်။ ကျန်ယီတွင် အစ်မတစ်ယောက် ရှိနေပြီဟူသော ကောလာဟလကို အားလုံး ကြားဖူးထားကြသော်လည်း ကျန်မိသားစုဘက်မှ ငြင်းဆိုခြင်း မရှိသဖြင့် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
ယနေ့တွင်မူ သူတို့သည် လူကိုယ်တိုင် မြင်တွေ့လိုက်ရချေပြီ။ မင်ယွဲ့ကို ကြည့်နေသော ကျန်ယီ၏ ပုံစံမှာ ချီးကျူးစကားကို စောင့်မျှော်နေသော ကလေးငယ်တစ်ဦးကဲ့သို့ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
"တော်လိုက်တာ”
မင်ယွဲ့က ချီးကျူးလိုက်ပြီး
"ဒီလို လိမ်မာပြီး ခန့်ညားတဲ့ မောင်လေးတစ်ယောက် ရှိတာ တကယ်ကို ကောင်းတာပဲ"
ဟု ဆိုသည်။
"အတူတူ တစ်ပွဲလောက် ဆော့ကြမလား"
ဟူကျင်းက အနားသို့ လျှောက်လာကာ မေးလိုက်သည်။
အစ်မယွဲ့၏ ကားမောင်းလက်ရာမှာ အလွန်ကောင်းမွန်ကြောင်း ကျန်ယီ၏ ပြောစကားအရ ကြားဖူးထားသော်လည်း လူကိုယ်တိုင် မမြင်ဖူးသဖြင့် သူသည် အလွန်ပင် သိချင်နေမိသည်။
"အိုကေလေ"
မင်ယွဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ ထို့နောက်တွင်မူ အံ့အားသင့်ဖွယ်ကောင်းသော ကျွမ်းကျင်မှု ပြသခြင်းများ စတင်လာတော့သည်။
***