မင်ယွဲ့၏ ကားသည် အခြားပြိုင်ကားများကို လျှပ်ခနဲ ကျော်တက်သွားသည့်အခါ ကြည့်ရှုနေသူအားလုံးမှာ အလိုလို အသက်ရှူပင် အောင့်ထားမိကြသည်။
ထို့နောက် အရှိန်အဟုန်ပြင်းပြင်းဖြင့် ကွေ့ကောက်နေသော လမ်းကြောင်းပေါ်တွင် ကားချင်း ထပ်တူကျော်တက်ရန် ကြိုးစားလိုက်သည်။
ကြီးမားသော ဗဟိုခွာအားကြောင့် ကားတစ်စီးလုံး တစ်ဖက်သို့ စောင်းသွားပြီး ဘယ်ဘက်တာယာမှာ မြေပြင်နှင့် ပွတ်တိုက်ကာ စူးရှသော အသံကို မြည်ဟီးစေခဲ့သည်။
အင်ဂျင်သံမှာ ကွင်းပြင်တစ်ခုလုံး ဟိန်းထွက်သွားပြီး မယုံနိုင်စရာကောင်းသော ကားနောက်ပိုင်း ဝေ့ယမ်းမှု နှင့်အတူ လှပသော အိတ်ဇောငွေ့တန်းများကို ချန်ရစ်ခဲ့တော့သည်။
မင်ယွဲ့၏ ကားမောင်းလက်ရာမှာ စီးနင်းလိုက်ပါလာသူအားလုံးကို တင်းကြပ်မှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုနှင့် ကြည်နူးမှုတို့အား တစ်ပြိုင်နက် ခံစားရစေသည်။ ပြိုင်ပွဲတစ်ခုအတွင်းမှာပင် စိတ်ခံစားမှုပေါင်းစုံကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုရပေလိမ့်မည်။ ရလဒ်ကတော့ သံသယဖြစ်ဖွယ်မရှိဘဲ သူမ၏ အောင်ပွဲပင် ဖြစ်သည်။
မိုဟန်ကျီနှင့် ကျန်ယီတို့သည် သူမအား ဂုဏ်ပြုရန် အနားသို့ သွားလိုက်ကြသည်။ မင်ယွဲ့သည် ကားတံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။
အနီရောင် ကိုယ်ကျပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော သူမသည် နောက်ကွယ်ရှိ အနီရောင်ပြိုင်ကားနှင့် တစ်သားတည်း ကျနေသယောင် ရှိ၏။
သူမသည် လူအများ၏ အကြည့်အောက်တွင်ပင် တည်ငြိမ်စွာဖြင့် ဦးထုပ်ကို ချွတ်လိုက်ပြီး ခေါင်းကို တစ်ချက် ခါယမ်းလိုက်ရာ စုစည်းထားသော ဆံနွယ်များမှာ လေထဲတွင် ဝဲဖြန့်ကျဆင်းလာသည်။
မူလကပင် လှပပြီးသား သူမ၏ ရုပ်ရည်မှာ ယခုအခါ ပို၍ တက်ကြွလန်းဆန်းလာသည်။ နီရဲသော နှင်းဆီတစ်ပွင့်ကဲ့သို့သော်လည်းကောင်း၊ ဘိန်းပန်းတစ်ပွင့်ကဲ့သို့သော်လည်းကောင်း ထိုတောက်ပသော အနီရောင်အသွေးသည် လူတို့၏ နှလုံးသားထဲသို့ စွဲထင်သွားစေကာ အချိန်ကာလများကိုပင် အံ့သြမှင်တက်သွားစေတော့သည်။
မိုဟန်ကျီသည် လူတိုင်း၏ အကြည့်များ စုပြုံနေသော နေရာသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ မင်ယွဲ့၏ အကြည့်မှာ သူ့ထံတွင်သာ တည့်တည့်ကျရောက်နေပြီး လက်မောင်းနှစ် ဖက်ကို ကျယ်ကျယ်ဝင့်ဝင့် ဆန့်တန်းထားသည်။
ဝဲဖြန့်နေသော ဆံနွယ်များနှင့် တွန့်ချိုးသွားသော နှုတ်ခမ်းအစုံမှာ သူမ၏ ပေါ့ပါးလွတ်လပ်သော အသွင်ကို ပိုမို ပေါ်လွင်စေသည်။ သို့သော် ထိုစူးစိုက်ကြည့်နေသော အကြည့်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
ကျန်ယီသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့သို့ ဆက်မတိုးတော့ပေ။ အမြဲတမ်း တည်ငြိမ်အေးစက်နေတတ်သော မိုဟန်ကျီသည် လူပုံအလယ်မှာပင် ပြုံးနေသော မိန်းကလေးကို ရှေ့တိုးကာ ဖက်ထားလိုက်သည်။
သူ၏ ခက်ထန်သော မျက်နှာပေးမှာလည်း နွေးထွေးမှုတို့ဖြင့် ပျော့ပြောင်းသွားတော့သည်။ မိုဟန်ကျီက မင်ယွဲ့ကို မချစ်ပါဘူးဟု မည်သူမျှ တွေးဝံ့မည်မဟုတ်ပေ။ သူတို့ကို အတူတူ မြင်ဖူးသူတိုင်းက ထိုနှစ်ဦးမှာ နတ်ဖက်တဲ့စုံတွဲဟု ခံစားကြရသည်။
ကျန်ယီသည် မိုဟန်ကျီနှင့် ငြင်းခုံရသည်ကို ဝါသနာပါသော်လည်း မိုဟန်ကျီမှာ အလွန်ထူးချွန်ပြီး အစ်မမင်ယွဲ့နှင့် လိုက်ဖက်ညီသူဖြစ်ကြောင်း သူ၏ စိတ်ထဲမှ သိထားသည်။
ထိုစကားကို စိတ်ထဲ၌သာ ထားရှိပြီး မိုဟန်ကျီကိုတော့ လုံးဝ အသိပေးမည်မဟုတ်ပေ။ မိုဟန်ကျီက ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး မင်ယွဲ့ကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားရာ တကယ့်ကို ပြည့်စုံလွန်းသော စုံတွဲတစ်တွဲအဖြစ် မြင်တွေ့ရသည်။
ယခုအချိန်တွင် မင်ယွဲ့မှာ ကွင်းထဲတွင် ပြိုင်ကားမောင်းခဲ့စဉ်က ကြမ်းတမ်းသော ပုံစံနှင့် လုံးဝ ကွဲပြားနေပြီး ထိုကွဲပြားမှုကပင် လူတို့ကို ဆွဲဆောင်နေခြင်း ဖြစ်သည်။
"အစ်မ... ဒီပြိုင်ကားကွင်းကို ကျွန်တော် အစ်မနဲ့ ခွဲဝေပိုင်ဆိုင်ချင်တယ်"
ကျန်ယီက ရှေ့တိုးကာ ပြောလိုက်သည်။
ဒုံးဟူရှိ ပြိုင်ကားကွင်းမှာ ရှေးဟောင်းအဆင့်သာ ရှိပြီး ယခုကဲ့သို့ ကောင်းမွန်သော အဆောက်အအုံများ မရှိနိုင်ကြောင်း သူ သိထားသည်။
မိုဟန်ကျီက ကွင်းအသစ် ဆောက်ပေးမည်ဟု ကတိပေးထားသဖြင့် သူ လက်ခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤသဘောတူညီချက်မှာ မူလကပင် အစ်မမင်ယွဲ့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် မင်ယွဲ့ကို ထက်ဝက် ပေးအပ်ရန်မှာ ကျိုးကြောင်းဆီလျော်လှသည်။
"ငါ မယူပါဘူး၊ မင်းပဲ ထားလိုက်ပါ"
"မလိုပါဘူး၊ ယွဲ့ယွဲ့ လိုအပ်မယ်ဆိုရင် ကိုယ် နောက်ထပ် တစ်ကွင်း ဆောက်ပေးပါ့မယ်"
ထိုနှစ်ဦးမှာ တစ်ပြိုင်နက်တည်း ငြင်းဆိုလိုက်ကြသည်။
"အစ်ကိုက အစ်ကို၊ ကျွန်တော်က ကျွန်တော်လေ အစ်မ... ကျေးဇူးပြုပြီး မငြင်းပါနဲ့"
ပထမစကားကို မိုဟန်ကျီအား ပြောခြင်းဖြစ်ပြီး ဒုတိယစကားကို မင်ယွဲ့အား ပြောခြင်း ဖြစ်သည်။
နောင်တွင် ဤကွင်းမှာ ကျန်ယီ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်ပြီး စီးပွားရေးအရ အမြတ်ထုတ်နိုင်မည့် နေရာလည်း ဖြစ်သည်။
သူ၏ သုံးစွဲငွေများကို မိဘများက ထိန်းချုပ်ထားသဖြင့် အခက်တွေ့နေသော်လည်း သူ၏ မိသားစုနောက်ခံကြောင့် ငွေကြေးအတွက်တော့ ပူပန်စရာမလိုပေ။ မင်ယွဲ့မှာမူ ဘာမှ မလိုလားသဖြင့် ငြင်းပယ်နေဆဲပင်။
ဘေးမှ ကြည့်နေသူများမှာမူ စိတ်ထဲမှ တွေးမိသည်မှာ
“ငါတို့ကိုသာ ပေးလိုက်ပါတော့၊ ငွေတွေ အများကြီး ရှိနေတာကို ငါတို့ မကန့်ကွက်ပါဘူး"
ဟူ၍ ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူတို့၏ အသံကို မည်သူမျှ မကြားနိုင်ပေ။ နောက်ဆုံးတွင် ကျန်ယီသည် အစုရှယ်ယာများကို လေးပုံပုံလိုက်သည်။
ဟူကျင်းက ၁၀ ရာခိုင်နှုန်း၊ ဟယ်ဝမ်က ၁၀ ရာခိုင်နှုန်း ရရှိပြီး ကျန်ယီနှင့် မင်ယွဲ့တို့က ၄၀ ရာခိုင်နှုန်းစီ ခွဲယူကြသည်။
"ရှင်နဲ့အတူ နည်းနည်းလောက် ပတ်မောင်းကြမလား"
မင်ယွဲ့က မိုဟန်ကျီကို မေးလိုက်ရာ မိုဟန်ကျီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကားပေါ်သို့ တက် လိုက်သည်။
"ဒါဆို ကျွန်တော်တို့လည်း လိုက်ခဲ့မယ်"
ကျန်ယီနှင့် ဟူကျင်းတို့လည်း နောက်မှ ကားဖြင့် လိုက်လာကြသည်။
ရင်တုန်လှိုက်မောဖွယ် ကောင်းသော အရှိန်နှုန်းပြိုင်ပွဲကြီးမှာ တစ်ကျော့ပြန် စတင်လာပြန်သည်။ မိုဟန်ကျီသည် မင်ယွဲ့ကို စူးစိုက်ကြည့်နေမိသည်။
သူမ၏ နားထင်မှ စိုစွတ်နေသော ဆံနွယ်လေးများကို သပ်တင်ပေးချင်သော်လည်း ကားမောင်းရာတွင် အာရုံပျက်သွားမည်ကို စိုးရိမ်သဖြင့် ထိန်းထားရသည်။
"အရှိန်တင်တော့မယ်နော်"
မင်ယွဲ့က သတိပေးလိုက်ပြီးနောက် အင်ဂျင်သံမှာ အဆက်မပြတ် မြည်ဟီးလာသည်။
အရှိန်မြှင့်တင်လိုက်သည့် ခံစားချက်ကြောင့် မိုဟန်ကျီမှာ ကားကြီးမှာ လေထဲတွင် ပျံဝဲနေသကဲ့သို့ ခံစားလိုက်ရသည်။
ကားသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည်သက်ဆင်းလာသည့်အခါမှသာ လှုပ်ရှားနေသော သူ၏ နှလုံးသားမှာ ပြန်လည် တည်ငြိမ်သွားတော့သည်။
ပြိုင်ကားမောင်းရသည်ကို ဝါသနာပါသော ချစ်သူတစ်ဦး ရှိခြင်းမှာ တကယ့်ကို ထူးခြားဆန်းပြားသော အတွေ့အကြုံပင် ဖြစ်သည်။
"လာကြ... ဒီနေ့ ညစာကို ငါ ဝယ်ကျွေးပါ့မယ်"
ခဏတာ ကစားပြီးနောက် ကျန်ယီက အိမ်ရှင် အဖြစ် ညစာ ဝယ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။
"မင်းမှာ ပိုက်ဆံ ရှိလို့လား အဘိုးကျန်က မင်းရဲ့ မုန့်ဖိုးကို တိုးပေးလိုက်လို့လား"
ဟူကျင်းက တိုးတိုးလေး သတိပေးလိုက်ရာ ကျန်ယီသည် သူသည် အရင်ကကဲ့သို့ ငွေကို ရေလိုသုံးနိုင်သော သခင်လေးကျန် မဟုတ်တော့ကြောင်း ချက်ချင်း သတိရသွားသည်။
ယခုအခါ သူသည် တစ်လလျှင် မုန့်ဖိုး သုံးထောင်သာ ရရှိသော ကုမ္ပဏီဝန်ထမ်းဘဝ ရောက်နေခြင်း ဖြစ်သည်။
ကျန်ယီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ မိဘများက ပေးထားသော လုပ်ငန်းများ မရှိခြင်းကြောင့် မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်၏ လက်တွေ့ဘဝကို ခံစားစေရန် မိဘများက ငွေကြေးကို ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။
"စိတ်မပူပါနဲ့၊ မင်းအတွက် ငါ စိုက်ပေးပါ့မယ်"
ကျန်ယီ၏ တောင့်တင်းသွားသော မျက်နှာပေးကို ကြည့်ကာ ဟူကျင်းက ရိပ်မိသွားပြီး ချက်ချင်းပင် အခြေအနေကို ကူညီပေးလိုက်သည်။ ကျန်ယီက သူ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့် လိုက်သည်။
"သွားကြစို့... ငါပဲ ဝယ်ကျွေးပါ့မယ် မင်းတို့အားလုံးက ငါ့ကို 'အစ်မ' လို့ ခေါ်ထားကြတာပဲ၊ မင်းတို့ကို ဗိုက်ဆာအောင် ဘယ်ထားပါ့မလဲ"
မင်ယွဲ့က သူတို့၏ အနေခက်မှုကို မသိချင် ယောင်ဆောင်ကာ ပြောလိုက်သည်။
ကျန်ယီကမူ အားနာသဖြင့် ငြင်းရန် ပြင် လိုက်သော်လည်း...
"ကိုယ်ပဲ ဝယ်ကျွေးပါ့မယ်၊ သွားကြစို့"
မိုဟန်ကျီက တည်ကြည်ပြတ်သားစွာဖြင့် ဆုံးဖြတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုမို"
ကျန်ယီသည် ပြောမည့်စကားများကို ပြန်မျိုချကာ နှုတ်ဆက်လိုက်သည်။
မိုဟန်ကျီက ပြုံးနေသော ကျန်ယီကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ မင်ယွဲ့၏ လက်ကို ဆွဲ၍ ကားပေါ်သို့ တက်သွားတော့သည်။
"လာ... နောက်က လိုက်ခဲ့ကြ"
ကျန်ယီက ဟူကျင်း၏ ပုခုံးကို ပုတ်ကာ ဆိုသည်။
မိုဟန်ကျီက ဝယ်ကျွေးမည်ဆိုလျှင်တော့ သူ အားနာနေမည်မဟုတ်ပေ။
စားသောက်ဆိုင် ရှေ့တွင် ရပ်လိုက်သောအခါ မမျှော်လင့်ဘဲ မနေ့က သီးသန့်ခန်းတွင် တွေ့ခဲ့သော အမျိုးသမီးနှင့် ဆုံမိပြန်သည်။ ထိုအမျိုးသမီးမှာလည်း မိမိ၏ ကံဆိုးမှုကို မယုံနိုင်အောင် ဖြစ်ရသည်။
သူမသည် အိပ်မက်ထဲမှာပင် မတွေ့ချင်သော လူများနှင့် ထိပ်တိုက် တိုးနေရခြင်း ဖြစ်သည်။ မနေ့ကမှ လူတစ်ယောက်ကို ရန်စမိထားသဖြင့် ယခုအခါ မည်သူ့ကိုမျှ မမြင်ချင်တော့ပေ။ အမှန်တကယ်ပင် 'မလိုချင်မှ အပိုရ' ဆိုသကဲ့သို့ပင် ဖြစ်နေတော့သည်။
"မစ္စတာမို... ကျွန်မ တကယ် တောင်းပန်ပါတယ်”
သူမသည် နောက်တွင် ရှိနေသော ကျန်ယီနှင့် ရှေ့မှ မိုဟန်ကျီ၊ ပြီးတော့ မိုဟန်ကျီ ဘေးမှ မင်ယွဲ့ကို မြင်လိုက်ရသည်။ ထိုမိန်းကလေးမှာ ကျန်ယီ ပြောနေသော အစ်မ၊ မိုဟန်ကျီ၏ ချစ်သူ ဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။
ကျန်ယီက သူမကို အစအန ဖျောက်ရန် လူအင်အားဖြင့် လာဖမ်းသည်ဟုပင် သူမ ထင်မှတ်နေမိသည်။ ထိုအမျိုးသမီးမှာ အလွန်အကျွံ တွေးတောနေခြင်း ဖြစ်၏။ မည်သူက သူမအတွက် အချိန်ဖြုန်းပါ့မည်နည်း။
မိုဟန်ကျီနှင့် မင်ယွဲ့တို့မှာ နားမလည်နိုင်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က အဲဒီလောက် ကြောက်စရာ ကောင်းနေလို့လား။ ရှေ့က အမျိုးသမီးက ဘာလို့ ရုတ်တရက် တောင်းပန်နေရတာလဲ။
"ဟား..."
ကျန်ယီကတော့ အားရပါးရ ရယ်မောလိုက်သည်။
သူသည် ထိုအမျိုးသမီး ရှိနေသည်ကို သတိပင် မထားမိသော်လည်း သူမကမူ အလိုလို ဝန်ခံနေချေပြီ။
"ယောက်ဖ... ဒီလူက အပြင်မှာ အစ်ကိုနဲ့ အစ်မအကြောင်း မကောင်းတွေ လျှောက်ပြောနေတာ"
ကျန်ယီက မိုဟန်ကျီကို တိုင်တောလိုက်သည်။
'ယောက်ဖ' ဟု ခေါ်ဆိုလိုက်ခြင်းက မိုဟန်ကျီနှင့် မင်ယွဲ့ နှစ်ဦးလုံးကို အံ့အားသင့်သွားစေသည်။ အကြောင်းမှာ ကျန်ယီသည် မိုဟန်ကျီအပေါ် တစ်ခါမှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။ သူတို့နှစ်ဦးမှာ ကျန်ယီကို ကလေးဆန်သည်ဟုသာ သဘောထားကြသည်။
မိုဟန်ကျီ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်ဝန်းများမှာလည်း ကြည်နူးမှုတို့ဖြင့် ပြည့်နှက်သွားသည်။ '
ယောက်ဖ' ဟူသော ခေါ်ဝေါ်မှုကို သူ အလွန်ပင် သဘောကျသွားပုံရသည်။ ကျန်ယီ သူ့ကို မည်သို့ ခေါ်သည်ဖြစ်စေ ဂုဏ်ယူစရာ မဟုတ်သော်လည်း ယွဲ့ယွဲ့ကို 'အစ်မ' ဟု ခေါ်ပြီး သူ့ကို 'ယောက်ဖ' ဟု ခေါ်ဆိုခြင်းမှာ သူသည် ယွဲ့ယွဲ့၏ ချစ်သူအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း ခံရသည်ဟု သူ ယူဆသည်။
သူသည် ထိတ်လန့်နေသော အမျိုးသမီးကို လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ အေးစက်သွားတော့သည်။
"မင်းက ဘယ်မိသားစုကလဲ"
မိုဟန်ကျီသည် စကားအများကြီး ပြောရန် မလိုပေ။ မိသားစုအရှိန်အဝါကို အားကိုးသော ကျန်ယီနှင့် မတူဘဲ မိုဟန်ကျီသည် သူကိုယ်တိုင်၏ စွမ်းအားဖြင့်ပင် တစ်ဖက်မိသားစုကို ပြိုလဲသွားအောင် လုပ်ဆောင်နိုင်သည်။
မနေ့က ဒူးထောက်ရန် ငြင်းဆိုခဲ့သော ထိုအမျိုးသမီးသည် ယနေ့တွင်မူ ဘုန်း ခနဲ မြည်အောင် မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။
***