"ကျွန်တော် ခွင့်ယူချင်တယ်"
ကျန်ယီသည် သူ၏အစ်ကိုဖြစ်သူ ကျန်ချန်ကို စားသောက်ဆိုင်တစ်ခုအတွင်းသို့ ကွယ်ပျောက်သွားသည်ကို မြင်လိုက်ရသဖြင့် စပ်စုချင်စိတ် ပြင်းပြလာကာ မိုဟန်ကျီကို ခွင့်တောင်းလိုက်ခြင်း ဖြစ်သည်။
"ရတယ်"
မိုဟန်ကျီသည် တကယ်တမ်းတွင် ရက်စက်တတ်သော အလုပ်ရှင်တစ်ဦး မဟုတ်ပေ။ ကျန်ယီသည် မကြာသေးမီက အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နေသဖြင့် သူက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုမို"
ကျန်ယီသည် အံ့အားသင့်သွားရသည်။ မိုဟန်ကျီက အကြောင်းပြချက်ပင် မမေးဘဲ ခွင့်ပြုလိုက်
လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ငါက အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့သူ မဟုတ်ဘူး၊ မင်း အဲဒီလို ကြည့်နေဖို့ မလိုပါဘူး"
မိုဟန်ကျီသည် ကျန်ယီ၏ အတွေးကို ရိပ်မိနေသော်လည်း ဂရုမစိုက်ဟန်ဖြင့်သာ ဆိုလိုက်သည်။ လက်ထောက်လင်းက ကားကို လမ်းဘေးတွင် ရပ်ပေးလိုက်ရာ ကျန်ယီသည် အလျင်အမြန် ဆင်း၍ သူ၏အစ်ကို သွားရာလမ်းသို့ လျှောက် လှမ်းသွားတော့သည်။
ကျန်ချန်သည် တပ်သားတစ်ဦးဖြစ်သည့်အလျား အလွန်ပင် နိုးကြားဖျတ်လတ်သူ ဖြစ်သည်။ သူသည် တစ်စုံတစ်ယောက် နောက်ကလိုက်လာသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်သော်လည်း ကျန်ယီက သပ်ရပ်စွာ ပုန်းကွယ်လိုက်နိုင်သဖြင့် မရိပ်မိသွားပေ။
ကျန်ယီသည် ရင်ဘတ်ကို ဖိကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ သူသည် သူ၏အစ်ကိုအတွက် စိုးရိမ်နေခြင်း မဟုတ်ပေ၊ သူ၏အစ်ကိုမှာ နွားတစ်ကောင်ကိုပင် လက်သီးတစ်ချက်ဖြင့် သတ်နိုင်သူ ဖြစ်သည်။
သူ သိချင်သည်မှာ အမြဲတမ်း အလုပ်နှင့် စစ်တန်းလျားမှာပဲ အချိန်ကုန်ဆုံးတတ်သော အစ်ကိုဖြစ်သူသည် ယခုကဲ့သို့ ရိုမန့်တစ်ဆန်သော စားသောက်ဆိုင်သို့ ဘာကြောင့် ရောက်နေသနည်း ဟူသောအချက်ပင် ဖြစ်သည်။
ကျန်ယီသည် စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး အစ်ကိုဖြစ်သူ၏ နောက်ဘက်ရှိ ဆိုဖာခုံတစ်ခုတွင် နေရာယူလိုက်သည်။ ဤဆိုင်ရှိ ဆိုဖာများမှာ နောက်မှီမြင့်မားသဖြင့် ကျန်ချန် သူ့ကို သတိပြုမိမည် မဟုတ်ပေ။
ကျန်ချန်သည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် နေကာမျက်မှန် တပ်ထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်။
သူမသည် မောက်မာသောအသွင်ဖြင့် နေကာမျက်မှန်ကို ချွတ်ကာ စားပွဲနံပါတ် (၈) သို့ ဦးတည်သွားသည်။ ကျန်ယီ၏ စားပွဲမှာ နံပါတ် (၇) ဖြစ်ရာ သူတို့သည် ကျောချင်းကပ် အနေအထားတွင် ရှိနေကြသည်။
ကျန်ချန်သည် အချိန်တိကျသူ ဖြစ်သော်လည်း တစ်ဖက်လူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် စိတ်တိုခြင်းမရှိဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ဘာလို့ အော်ဒါ မမှာရသေးတာလဲ ရှင့်မှာ စနစ်တကျ လုပ်တတ်တဲ့ အသိဉာဏ် မရှိဘူးလား"
ထိုအမျိုးသမီးမှာ ထိုင်ပင်မထိုင်ရသေးဘဲ အပြစ်တင် စကားများ စတင်ပြောဆိုတော့သည်။
ကျန်ယီသည် ထိုအမျိုးသမီးအတွက် စိုးရိမ်မိသွားသည်။ သူ၏အစ်ကိုမှာ ဒေါသကြီးသူ ဖြစ်သည် မဟုတ်ပါလား။ သို့သော် အံ့သြစရာကောင်းသည်မှာ ကျန်ချန်သည် ထိုစကားများကို သည်းခံနေခြင်းပင်။
ကျန်ယီသည် သူ၏ဖုန်းကို ထုတ်ကာ အသံဖမ်းစနစ်ကို ဖွင့်လိုက်သည်။ အစ်ကိုဖြစ်သူ လျှို့ဝှက်ရည်းစား ထားနေသည်လားဟု သူ သံသယဝင်နေမိသည်။ ထိုအမျိုးသမီးသည် ဟင်းလျာစာရင်းကို ယူကာ အဈေးအကြီးဆုံး အစားအစာများကိုသာ ရွေးချယ်မှာယူနေတော့သည်။
"ကျွန်မက တစ်ဦးတည်းသော သမီးမို့ နည်းနည်းတော့ အလိုလိုက်ခံထားရတာ ရှင်က တပ်ထဲမှာဆိုတော့ တစ်လကို လစာ ဘယ်လောက်ရလဲ"
အမျိုးသမီး၏ လေသံမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
"တောက်... ဒါကို ခင်ဗျား ဘယ်လိုများ သည်းခံနိုင်ရတာလဲ"
ကျန်ယီသည် ဒေါသထွက်လွန်းသဖြင့် ထွက်၍ ရန်တွေ့ချင်စိတ်များ ပေါက်နေသော်လည်း ကျန်ချန်မှာမူ ရေတစ်ငုံကို အေးအေးဆေးဆေး သောက်နေဆဲပင်။
"မင်း နာမည် ဘယ်သူလဲ"
ကျန်ချန်က မေးလိုက်သည်။
"ချန်ကျောက်”
"ဒါဆို မင်း လူမှားနေပြီ ငါစောင့်နေတဲ့သူက မင်းမဟုတ်ဘူး"
ကျန်ချန်၏ အသံမှာ တည်ငြိမ်လွန်းသဖြင့် လိမ်ညာနေသည်ဟု မထင်ရပေ။
"ရှင် နောက်နေတာလား ဒါ စားပွဲနံပါတ် ရှစ်လေ"
အမျိုးသမီးက စူးစူးဝါးဝါး အော်လိုက်သည်။
"မင်းနဲ့ ချိန်းထားတဲ့ အချိန်က ဘယ်နှနာရီလဲ"
"ဒီနေ့ နေ့လည် သုံးနာရီလေ၊ ဘာဖြစ်လို့လဲ"
"အခု သုံးနာရီ မိနစ်ငါးဆယ် ရှိနေပြီ မင်း ဘာပြောချင်သေးလဲ"
ကျန်ချန်သည် သူမကို တမင်သက်သက် ပညာပေးနေခြင်း ဖြစ်ကြောင်း ထိုအမျိုးသမီး ရိပ်မိသွားသည်။ သူမသည် ရှက်ရွံ့သွားသဖြင့် ပိုမို၍ ရိုင်းစိုင်းသော စကားများကို ရေပက်မဝင်အောင် ပြောဆိုတော့သည်။
"ရှင် တမင်လုပ်တာပဲ ချစ်သူရှာတဲ့ ပွဲကို မလာချင်ရင် ဘာလို့ လာရတာလဲ ယောက်ျားတစ်ယောက်က မိန်းကလေးကို စောင့်ရတာ ဘာဖြစ်လို့လဲ ကျွန်မ မိတ်ကပ်လိမ်းရတာ အချိန်မကုန်ဘူးလား ဒီလောက် ကပ်စေးနှဲနေလို့လည်း ရှင်က လူပျိုကြီး ဖြစ်နေတာပေါ့ လစာကိုတောင် မပြောရဲဘူးဆိုတော့ ဆင်းရဲတဲ့ တပ်သားတစ် ယောက် ဖြစ်မှာပါ ဝမ်အဒေါ်ကလည်း ဘာဖြစ်လို့ ဒီလိုလူနဲ့ လာမိတ်ဆက်ပေးတာလဲ မသိဘူး"
ကျန်မိသားစုသည် ကျန်ချန်၏ အဆင့်အတန်းနှင့် နောက်ခံကို အများသိအောင် ထုတ်မပြောဘဲ ရိုးရိုးရှင်းရှင်းပင် ချိန်းဆိုပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအမျိုးသမီးမှာ သူမ၏ရှေ့တွင် ရှိနေသူမှာ မည်သူမှန်း မသိဘဲ ရိုင်းစိုင်းနေခြင်း ဖြစ်သည်။
"ဟေ့... ခင်ဗျား ပြောလို့ ဝပြီလား"
ကျန်ယီသည် သည်းမခံနိုင်တော့ဘဲ ဝုန်းခနဲ ထရပ်လိုက်သည်။
ကျန်ယီကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ ကျန်ချန်ကဲ့သို့ အေးစက်မာကြောသော လူထက် ကျန်ယီကဲ့သို့ နုပျိုခန့်ညားသော အမျိုးသားကို သူမက ပို၍ သဘောကျပုံရသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ကျန်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက် သည်။
သူ၏ ညီဖြစ်သူရှေ့တွင် သူ၏ သိက္ခာများ ကျဆင်းသွားရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူသည် အမျိုးသမီးအပေါ် ထားရှိသော သည်းခံမှုကို လုံးဝ ရုပ်သိမ်းလိုက်တော့သည်။
"မင်း အခု ထွက်သွားလို့ရပြီ မင်းက ငါစောင့်နေတဲ့သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါတို့ကြားမှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး"
"ဟွန့်... နံစော်နေတဲ့ တပ်သားတစ်ယောက်ရဲ့ အချိုးကိုက မပြောချင်ဘူး ဒီကောင်လေးလောက်တောင် မချောဘူး"
ချန်ကျောက်က ကျန်ယီကို ကြည့်ကာ ပြောလိုက်သည်။
"တောက် .. အစ်ကို၊ ဒါကို သည်းခံနေဦးမှာလား"
ကျန်ယီသည် အလွန်အမင်း ဒေါသထွက်သွားသည်။ တပ်သားများကို စော်ကားခြင်းမှာ သူ၏ မိသားစုကို စော်ကားခြင်းနှင့် အတူတူပင်။
ကျန်ချန်သည်လည်း ဆက်၍ ငြိမ်မနေတော့ပေ။ သူ့ကို စော်ကားသည်ကို သည်းခံနိုင်သော်လည်း တပ်သားများကို စော်ကားသည်ကိုမူ သူ လုံးဝ ခွင့်မလွှတ်နိုင်ပေ။
"ချန် ဘာလဲ... မင်း စာရော ဖတ်ဖူးရဲ့လား သမိုင်းကိုရော လေ့လာဖူးရဲ့လား တိုင်းပြည်ကို ကာကွယ်နေတဲ့ တပ်သားတွေက မင်းပါးစပ်ထဲမှာ နံစော်နေတဲ့ တပ်သားတွေ ဖြစ်ကုန်ပြီလား မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား တိုင်းပြည်သာ မရှိရင် မင်း ဘယ်မှာ သွားနေမလဲ"
ကျန်ချန်၏ စကားလုံးများမှာ ပြတ်သားပြီး အရှိန်အဝါ ပါလှသည်။
ကျန်ယီသည် အမြဲတမ်း တပ်နှင့် ပတ်သက်လျှင် ရှောင်ဖယ်နေတတ်သော်လည်း ယခုကဲ့သို့ မိမိအတွက် ကာကွယ်ပြောဆိုပေးသည်ကို မြင်ရသဖြင့် ကျန်ချန်၏ ရင်ထဲ၌ ထူးခြားသော ခံစားချက်တစ်ခု ပေါ်ပေါက်လာရသည်။
ထိုအမျိုးသမီးမှာ ဆွံ့အသွားသော်လည်း အားမနာတမ်း ပြန်လည် ချေပနေဆဲပင်။ ကျန်ယီကမူ ငြိမ်သက်နေသော ကျန်ချန်ကို ကြည့်ကာ ပို၍ ဒေါသထွက်လာသည်။
"အစ်ကိုကတော့ တကယ့်ကို အသုံးမကျဘူးကျန်မိသားစုရဲ့ သိက္ခာကို ချနေတာပဲ၊ ရူးနေတဲ့ မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား"
***