ကျန်းချန်းသည် ယခုတစ်ကြိမ်တွင်မူ ကျန်းယိ၏ ဆဲဆိုမှုကို ခံလိုက်ရသော်လည်း ဒေါသထွက်မသွားခဲ့ပါ။
"နေမကောင်းဘူးလား မသိဘူး"
ကျန်းယိသည် သူ့အစ်ကို၏ မျက်ဝန်းများထဲတွင် ယခင်ကတစ်ခါဖူးမျှ မမြင်ဖူးသော အလိုလိုက်မှုနှင့် ကြင်နာဂရုဏာရိပ်များကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။
'ငါ မျက်စိမှားတာပဲ ဖြစ်ရမယ်၊ ဒီလူမိုက်က ငါ့ကို နှိပ်စက်မနေရင်ပဲ ကံကောင်းလှပြီ' ဟု သူတွေးနေမိသည်။
"ဟေ့ မိန်းမ... ငါ့အစ်ကိုက တစ်လကို နှစ်သောင်းရတယ် သိလား"
ထိုအမျိုးသမီး၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့သည်။ ဤမျှ ခန့်ညားသော အမျိုးသားတစ်ဦးတွင် ဤကဲ့သို့ ကောင်းမွန်သော လစာငွေရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ကျန်းချန်းသည် တပ်အတွင်း၌ ရာထူးကြီးကြီးမားမား ရရှိထားသူဖြစ်ရာ သူ၏ လစာနှင့် ခံစားခွင့်မှာ သာမန်ထက် များပြားနေသည်မှာ သဘာဝပင် ဖြစ်သည်။
"ပြီးတော့ ငါ့မိသားစုက ငါ့အစ်ကို့ကို ကောင်းကောင်းထောက်ပံ့ထားနိုင်တယ် ငါ့အစ်ကိုက တပ်ထဲဝင်ချင်လို့ ဝင်နေတာ၊ မင်းထင်သလို ဆင်းရဲလို့ မဟုတ်ဘူး 'တစ်ယောက် တပ်ထဲဝင်ရင် တစ်မိသားစုလုံး ဂုဏ်တက်တယ်' တဲ့ ငါ့မိသားစုတစ်ခုလုံးက တပ်ဗိုလ်တပ်သားတွေချည်းပဲ၊ ငါက အားလုံးထက် ဂုဏ်အရှိဆုံးပဲ မင်းသာ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေရင် မင်းပါးစပ်ကို ငါဖြဲပစ်မယ်"
ကျန်းချန်းသည် သူ့ထက်ပင် အရပ်အမောင်း မတိမ်းမယိမ်း ဖြစ်လာကာ သူ့ရှေ့တွင် မားမားမတ်မတ် ရပ်လျက် ရန်တွေ့ပေးနေသော ညီငယ်ကို ကြည့်ပြီး မျက်ဝန်းအစုံတွင် အပြုံးရိပ်များ ထင်ဟပ်လာခဲ့သည်။
ရန်တွေ့ပြီးပြီးချင်းတွင် ကျန်းယိသည် ကျန်းချန်းကို ခိုးကြည့်လိုက်ရာ သူ့ကို ကြည့်ပြီး ပြုံးနေသော အစ်ကိုဖြစ်သူကို တွေ့လိုက်ရသည်။
'ဒီနေ့ ငါ့အစ်ကို တကယ်ပဲ တစ်ခုခုဖြစ်နေပြီ၊ ငါဆဲတာတောင် သူဘာမှမပြောဘူး'
အားကိုးအားထား ရသွားသကဲ့သို့ ခံစားလိုက်ရသည့်အတွက် ကျန်းယိသည် စက်သေနတ်ပစ်သကဲ့သို့ တရစပ် ပြန်လည်ပြောဆိုလိုက်ရာ ထိုအမျိုးသမီးမှာ ထိတ်လန့်တကြား ထွက်ပြေးသွားရတော့သည်။
အပြင်ရောက်သည်နှင့် ထိုအမျိုးသမီးသည် အောင်သွယ်ပေးသူထံ ဖုန်းဆက်ကာ ဒေါသတကြီးဖြင့် စတင်ဆဲဆိုတော့သည်။
"အန်တီဝမ်၊ ဘယ်လိုလူမျိုးနဲ့ မိတ်ဆက်ပေးတာလဲ? ယဉ်ကျေးမှုလည်း မရှိဘူး၊ လေလုံးတွေကလည်း ထွားလိုက်တာ၊ ပြီးတော့ သူ့ညီကိုပါ ခေါ်လာပြီး ကျွန်မကို စော်ကားခိုင်းသေးတယ်..."
လူချင်းခွဲပြီးနောက် ကျန်းယိသည် မိမိကိုယ်မိမိ ကြမ်းတမ်းသော စကားလုံးများ သုံးနှုန်းမိသွားသည်ကို နောက်ကျမှ သတိထားမိလိုက်သည်။
"အိမ်ပြန်ကြစို့"
ကျန်းချန်းက သူ့ကို မဆူသည့်အပြင် နူးနူးညံ့ညံ့ ဆက်ဆံနေသဖြင့် ကျန်းယိ အံ့ဩနေမိသည်။
"ဟို... အစ်ကို ကျွန်တော့်ကို မဆူဘူးလား”
“ငါက ဘာလို့ မင်းကို ဆူရမှာလဲ”
ကျန်းချန်းက နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ရှေ့ကနေ လျှောက်သွားသည်။
"အစ်ကိုပဲ ကျွန်တော့်ကို ဆဲဆိုတာတွေ မလုပ်ရဘူးလို့ တားထားတာ မဟုတ်လား”
ကျန်းယိသည် ခေါင်းငိုက်စိုက်ချကာ အနောက်ကနေ လိုက်ပါလာသည်။
"မင်း ပြောတာ တကယ်ကောင်းတယ်”
"တကယ်လား”
ကျန်းချန်း၏ ချီးကျူးမှုကို ကြားလိုက်ရသည်နှင့် ကျန်းယိ၏ မျက်ဝန်းများ ဝင်းလက်သွားကာ အစ်ကိုဖြစ်သူနှင့် ဘေးချင်းယှဉ်လျှောက်နိုင်ရန် အပြေးလိုက်လာသည်။
"အစ်ကို... ကျွန်တော် ပြောမယ်၊ အဲ့လိုလူမျိုးတွေကို အားနာမနေနဲ့၊ ကျွန်တော့်ဆီကနေ နည်းနည်းလောက် သင်ယူဦး..."
တတွတ်တွတ် ပြောဆိုနေသော ကျန်းယိကို ကြည့်ရင်း ကျန်းချန်းသည် ငယ်စဉ်က သူ့နောက်သို့ တကောက်ကောက် လိုက်ခဲ့သော ကလေးငယ်လေးကို ပြန်လည် မြင်ယောင်လာမိသည်။
သူသည် စည်းကမ်း အလွန်တင်းကျပ်သူ ဖြစ်ခဲ့သည့်အတွက် ညီအစ်ကိုနှစ်ဦးမှာ နီးနီးကပ်ကပ် မရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ကျန်းယိသည် သူ့ကို မြင်တိုင်း ဘေးဆိုးကြီးတစ်ခုကို မြင်လိုက်ရသကဲ့သို့ ရှောင်ဖယ်နေတတ်သူ မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ သူတို့အားလုံး မှားနေခဲ့သည်ဟု ကျန်းချန်း ခံစားလိုက်ရသည်။ သူ့ညီသည် အလိုလိုက်ခံထားရ၍ ပျက်စီးနေသူ မဟုတ်ဘဲ မာနခဲလေး ဖြစ်နေရုံသာ ဖြစ်သည်။ လူငယ်တစ်ယောက်အနေဖြင့် ယုံကြည်ချက်ရှိရှိနှင့် စိတ်အားထက်သန်နေခြင်းမှာ ကောင်းမွန်
သည့် အချက်ပင် ဖြစ်သည်။
လေထဲတွင် လွင့်နေသော ကျန်းယိ၏ အပြာရောင် ဆံပင်စုတ်ဖွားလေးမှာပင် ယခုအချိန်တွင် ကြည့်ကောင်းနေသယောင် ရှိနေသည်။
အလိုလိုက်ခံထားရသော ကလေးတစ်ယောက်သည် "တစ်ယောက် တပ်ထဲဝင်ရင် တစ်မိသားစုလုံး ဂုဏ်တက်တယ်" ဟူသော စကားမျိုးကို ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် သူ့ညီသည်လည်း သူ့အတွက် ဂုဏ်ယူနေခဲ့သည် မဟုတ်ပါလား။
ကျန်းချန်းသည် ခြေလှမ်းများကို ရပ်လိုက်ကာ ကျန်းယိ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။ ကျန်းယိသည် အံ့အားသင့်ကာ တောင့်ခဲသွားပြီးနောက် သူ့အစ်ကိုကို မော့ကြည့်လိုက်သည်။
"အစ်ကို..."
အစ်ကိုဖြစ်သူ၏ ရုတ်တရက် ရင်းနှီးမှုကို သူ မကျွမ်းကျင်သော်လည်း ငြင်းပယ်ခြင်း မရှိခဲ့ပါ။
"အင်း..."
ယနေ့ တစ်ရက်တည်းမှာပင် သူ့ညီက သူ့ကို "အစ်ကို" ဟု ခေါ်သည်မှာ တစ်နှစ်လုံးပေါင်း ခေါ်သည်ထက်ပင် များနေပြီ ဖြစ်သည်။
ညီငယ်ဖြစ်သူ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို သတိပြုမိလိုက်သဖြင့် ကျန်းချန်းသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ပုံမှန်အတိုင်း ပြန်နေလိုက်သည်။
"မင်း ဘာလို့ အလုပ်မသွားတာလဲ"
ခဲခဲယဉ်ယဉ် အတူတူရှိနေရသော ညီအစ်ကိုနှစ်ဦးကြားရှိ သံယောဇဉ်မှာ ပိုမို ခိုင်မြဲလာခဲ့သည်။ သူတို့နှစ်ဦးသည် ခံစားချက်များကို ဘေးဖယ်ထားကာ ပထမဆုံးအကြိမ်အဖြစ် ကောင်းမွန်စွာ စကားပြောဆိုနိုင်ခဲ့ကြသည်။
"ကျွန်တော် မိုဟန်ကျီ နဲ့ အလုပ်ကိစ္စ လိုက်သွားရင်း ပြန်လာတာ၊ နေ့လယ်ပိုင်း ခွင့်ယူထားတယ်"
"စားပြီးပြီလား ငါ ကျွေးရမလား"
ကျန်းယိ ထိုစားသောက်ဆိုင်သို့ ဘယ်အချိန်က ရောက်နေသည်ကို ကျန်းချန်း မသိသလို၊ အဘယ်ကြောင့် ထိုနေရာသို့ ရောက်နေသလဲဆိုသည်ကိုလည်း မမေးမြန်းခဲ့ပေ။
"စားပြီးပြီ"
ကျန်းယိသည် ဖုန်းကို ခိုးထုတ်ကာ သူ အမှတ်တမဲ့ အသံဖမ်းထားခဲ့မိသည်များကို ဖျက်ပစ်လိုက်သည်။
"မိုဟန်ကျီ က လူကောင်းတစ်ယောက်ပါ၊ သူ့ဆီကနေ သင်ယူပါဦး"
"ဟုတ်ကဲ့"
ကျန်းယိ ခေါင်းငုံ့ကာ ပြန်ထူးလိုက်သည်။
သူ့ညီသည် ဆက်ဆံရခက်သူ မဟုတ်ဘဲ အလွန် လိမ္မာရေးခြားရှိသူ ဖြစ်ကြောင်း ကျန်းချန်း သဘောပေါက်သွားခဲ့သည်။
ကျန်းချန်းသည် ကျန်းယိကို အိမ်သို့ လိုက်ပို့ပေးခဲ့သည်။
"မင်းတို့ ညီအစ်ကိုနှစ်ယောက် ဘယ်လိုဖြစ်လို့ အတူတူ ပြန်လာကြတာလဲ ဟို မြို့ငယ်လေးက အောင်သွယ်မှုကကော ဘယ်လိုလဲ”
ရှားရှားပါးပါး ချစ်ချစ်ခင်ခင်နှင့် အတူဝင်လာသည်ကို မြင်ရသဖြင့် အဘိုးကျန်းက ပြုံးလျက် မေးလိုက်သည်။
"အဘိုး... ကျွန်တော် အပေါ်တက်တော့မယ်"
ကျန်းယိသည် ထိုကိစ္စထဲသို့ မပါဝင်ချင်သဖြင့် အမြန်ရှောင်ထွက်သွားသည်။ အဘိုးထံမှ ဆူပူမှုကို မခံချင်သဖြင့် အပေါ်သို့ ပြေးတက်သွားစဉ် သူ၏ ဖုန်းဘဏ်အကောင့်ထဲသို့ ငွေတစ်သန်း ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"ဟာ... ဟာ... ဘယ်က နတ်ကတော်ကြီးက ငါ့ကို မပေးလိုက်တာလဲ"
ကျန်းယိသည် ငွေလွှဲသူကို အမြန်စစ်ဆေးကြည့်လိုက်သည်။
ထိုသူမှာ သူ့အစ်ကိုပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးမှ သူ့အစ်ကိုဆီက ညီအစ်ကို သံယောဇဉ် အစစ်အမှန်ကို သူ ခံစားလိုက်ရသည်။
“ငါ့အစ်ကိုသာ နောက်ထပ် အောင်သွယ်မှုတွေ ထပ်လုပ်ရင်၊ ငါက ကြားက ဝင်ကူညီပြီး ပိုက်ဆံတောင်းလို့ ရနိုင်မလား”
ကျန်းယိ၏ အတွေးများ လွင့်ပျံ့နေမိသည်။
“ထားပါတော့လေ၊ သူက အိမ်မှာပဲ ကျားသေလိုနေတာ၊ မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး”
ယခင်ကဆိုလျှင် သူသည် ငွေတစ်သန်းကို အရေးမလုပ်သော်လည်း၊ ယခု အခက်အခဲဖြစ်နေချိန်တွင် ရရှိလိုက်သည့် တစ်သန်းအတွက် အမှန်
တကယ် ပျော်ရွှင်သွားခဲ့သည်။
"ကျေးဇူးပဲ အစ်ကို"
ကျန်းယိသည် ဝမ်းသာအားရ ကျေးဇူးတင်ကြောင်းပြသည့် Sticker လေးကို ကျန်းချန်းထံ ချက်ချင်း ပို့လိုက်သည်။
ကျန်းချန်း၏ ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ ကျန်းယိ ပို့ထားသော အရုပ်လေးကို မြင်လိုက်ရပြီး အလိုလို ပြုံးမိသွားသည်။ သူ့ညီက တကယ်တော့ ချစ်စရာလေးပါလား။
“ပိုက်ဆံလိုရင် အစ်ကို့ကို ပြော”
ဟု စာရိုက်လိုက်သော်လည်း နောက်ဆုံးတွင် ထိုစာကို တစ်လုံးချင်းစီ ပြန်ဖျက်လိုက်သည်။
"ရပါတယ်"
သူ့ညီသည် အခွင့်အရေးရလျှင် မည်မျှအထိ ယူတတ်သည်ကို သူ ကောင်းကောင်းသိသည်။ အရင်က ရင်းနှီးမှု မရှိခဲ့စဉ်ကပင် ပိုက်ဆံတောင်းတတ်သည့် သူ့ညီအား ယခုလို လမ်းစဖွင့်ပေးလိုက်ပါက အဆမတန် တောင်းဆိုလာမည်မှာ သေချာလှသည်။
သူ့အတွေးသည် မမှားပေ။ ကျန်းယိသည် သူ့အစ်ကိုထံမှ စူပါကားတစ်စီး ဝယ်ခိုင်းရန် စဉ်းစားနေပြီး ဖြစ်သည်။
လတ်တလောတွင် သူ မျက်စိကျနေသော ကားလေးတစ်စီး ရှိသော်လည်း ပိုက်ဆံက မရှိဖြစ် နေသည်။
တစ်လလျှင် သုံးထောင်သာ ရသော သူသည် ပြာပုံထဲက ငွေပြားရှာနေရသူ မဟုတ်ပါလား။
နောက်ဆုံးတွင် ကျန်းယိ ထိုအတွေးကို လက်လျှော့လိုက်သည်။ တစ်သန်းဆိုသည်မှာ မဆိုးပေ၊ ယခုတော့ သူငယ်ချင်းတွေနှင့် စားသောက်သည့်အခါ အိတ်ကပ်ထဲ လက်နှိုက်စရာ ရှိသွားပြီဖြစ်သည်။
နောက်တစ်နေ့ နံနက်စာ စားချိန်တွင် ကျန်းယိသည် အလွန် စိတ်ရွှင်လန်းနေသည်။
"အစ်ကို... အဘိုး..."
သူသည် စားစရာများကို ယူကာ အမြန်ထွက်သွားသည်။
"ဒီကောင်လေး ဘာဖြစ်နေတာလဲ စိတ်ကြည်နေလိုက်တာ၊ ရည်းစားများ ရနေပြီလား”
အဘိုးကျန်းကပင် သတိထားမိသည်။
အရင်ကဆိုလျှင် အလုပ်သွားရသည်မှာ သင်္ချိုင်းကုန်းသို့ သွားရသကဲ့သို့ ညှိုးငယ်နေတတ်သူ မဟုတ်ပါလား။
"အဘိုးကလည်း... ရှောင်ယိက ငယ်ပါသေးတယ်၊ အချစ်အကြောင်း ပြောဖို့ စောပါသေးတယ်"
ကျန်းချန်းကတော့ သူ့ညီ အဘယ်ကြောင့် ပျော်နေသည်ကို သိသည်။ အတော်ကြာအောင် ဆင်းရဲနေရသူတစ်ဦးအဖို့ မမျှော်လင့်ဘဲ ငွေထုပ်ကြီး ရလိုက်သည့်အခါ မည်သို့ စိတ်မချမ်းသာဘဲ ရှိပါမည်နည်း။
မာနခဲလေး ဖြစ်နေသော သူ့ညီ၏ အမူအရာများမှာ ယခုမှပင် ချစ်စရာကောင်းနေသည်ဟု သူ ခံစားမိလာသည်။ နောင်တွင် သူ့ညီကို မကြာခဏ ထောက်ပံ့ပေးရမည်ဟု ကျန်းချန်း တွေးတောနေမိသည်။
"မင်းကော ဘယ်လိုလဲ မင်းက မငယ်တော့ဘူး၊ အိမ်ထောင်မပြုသေးဘူး ငါကတော့ မြေကြီးထဲ ခြေတစ်ဖက် နစ်နေပြီ"
ကျန်းချန်း စားနေရင်း ခဏ ရပ်သွားသည်။ မြှားဦးက သူ့ဘက် လှည့်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အဘိုးကလည်း... ကျန်းမာရေးက ကောင်းနေတုန်းပဲကို၊ အဲ့လိုတွေ မပြောပါနဲ့"
ကံကြမ္မာဆိုသည်မှာ မည်သူ ပြောနိုင်ပါမည်နည်း။ သူသည်လည်း အဆင်ပြေရုံနှင့်တော့ လက်ထပ်ဖို့ ဆန္ဒမရှိပေ။
"ကဲ... ငါလည်း အများကြီး မပြောတော့ဘူး၊ မင်းက အမြဲတမ်း ပြတ်သားတဲ့သူပဲ၊ ဒါပေမဲ့ မင်းရဲ့ အိမ်ထောင်ရေးကတော့ ငါတို့ကို စိုးရိမ်စေတယ် ငါတော့ သူငယ်ချင်းဟောင်းနဲ့ ငါးသွားမျှားဦးမယ်"
ကျန်းချန်း အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့သဖြင့် ပျင်းလာကာ ကျန်းယိ၏ ကားပြိုင်ကွင်းသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းယိ၏ အဖေနှင့် အခြားသူများမှာ ကျန်းယိတွင် ကားပြိုင်ကွင်းရှိသည်ကို မသိကြသော်လည်း၊ နောက်ပိုင်းတွင် ယွဲ့ဟွာ နည်းပညာ၏ ဒုံးဟူ စီမံကိန်း စတင်သည့်အခါ မိုဟန်ကျီက ကျန်းယိအတွက် ကွင်းအသစ်တစ်ခု စီစဉ်ပေးခဲ့သည်။
ကျန်းယိ လျှို့ဝှက်ထားသော်လည်း ကျန်းချန်းကတော့ သိရှိနေခဲ့သည်။
ကျန်းချန်းသည် တပ်တွင်သာ အချိန်ကုန်လေ့ရှိသော်လည်း အပြင်လောကတွင် သူ့အား သတင်းပေးနိုင်သည့် မိတ်ဆွေများစွာ ရှိနေသည်။
သူသည် ပြိုင်ကွင်းအတွင်းသို့ ကားမောင်းဝင်သွားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယနေ့ ပြိုင်ကွင်းထဲတွင် လူအလွန်စည်ကားနေပြီး အသက်ဝင် လှုပ်ရှားနေသည် မဟုတ်ပါလား။
အော်ဟစ်သံများ၊ ဖက်လှဲတကင်း ရှိနေသူများ၊ အောင်ပွဲခံ အားပေးသံများနှင့် စက်အင်ဂျင်သံများ...
ထိုအသံစုံများသည် လူ၏ အာရုံငါးပါးကို နိုးကြားတက်ကြွစေသည်။ စည်းကမ်းတကျရှိလှသော တပ်လောကနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည့် ပတ်ဝန်းကျင်တစ်ခုပင်။
***