ကျန်းချန်း၏ ဘဝသည် စိမ်းစိုသော တပ်ဝတ်စုံများ၊ ပစ်မှတ်လေ့ကျင့်ရေးကွင်းမှ ထွက်ပေါ်လာသော ယမ်းငွေ့များနှင့် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသော ကျည်ခွံများကြားတွင်သာ အချိန်ကုန်ဆုံးခဲ့ရသည်။
သူတို့သည် မြေနီလမ်းများပေါ်တွင် တွားသွားခဲ့ကြသည်၊ တောတောင်လျှိုမြောင်များကို ဖြတ်ကျော်ပြေးလွှားခဲ့ကြသည်။
ထို့ပြင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင်လည်း အကြိမ်ကြိမ် လေ့ကျင့်ခဲ့ကြသည်။
သူသည် နံနက်ခင်း၏ နှင်းစက်များကို မြင်ဖူးသလို၊ ညနေခင်း၏ ဆည်းဆာရိပ်နှင့် ညဉ့်ကောင်းကင်ယံမှ ကြယ်တာရာများကိုလည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။
သို့သော် ထိုဘဝကို သူတစ်ခါမျှ ငြီးငွေ့သည်ဟု မထင်မှတ်ခဲ့မိပါ။ ၎င်းသည် လူတိုင်း စိတ်ဝိညာဉ်တစ်ခုတည်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် စုစည်းထားသော စိတ်အားထက်သန်ဖွယ်ရာ ဘဝတစ်ခု မဟုတ်ပါလား။
ယခင်ကမူ ညီဖြစ်သူ၏ ဝါသနာများကို သူ လုံးဝနားမလည်နိုင်ခဲ့ပေ။
သို့သော် ယနေ့တွင်မူ သူ အနည်းငယ် နားလည်လာသယောင် ရှိသည်။
ဤနေရာရှိ လူများသည် တောက်ပြောင်သော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ပျော်ရွှင်စွာ ဆူညံအော်ဟစ်နေကြသည်။ ပြိုင်ကားများသည်လည်း အင်ဂျင်သံများကို ဟိန်းဟောက်စေလျက် ပြိုင်ကွင်းအတွင်း အရှိန်ပြင်းစွာ မောင်းနှင်နေကြသည်။
ပန်းဝင်ဂိတ်ကို ဖြတ်ကျော်ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်သည့်အခါတွင်လည်း သူတို့သည် အားပါတရ အော်ဟစ်အောင်ပွဲခံကြသည်။
ထိုအငွေ့အသက်များကြားတွင် စီးမျောနေရင်း ကျန်းချန်းသည်လည်း မသိမသာ စိတ်လှုပ်ရှားလာမိသည်။
ပြိုင်ကားပေါ်မှ ဆင်းလာကာ သူငယ်ချင်းများကို ဖက်လှဲတကင်း နှုတ်ဆက်နေကြသူများကို ကြည့်ရင်း သူသည် မိမိညီငယ်၏ ယုံကြည်မှုအပြည့်နှင့် တက်ကြွလှုပ်ရှားနေမည့် ပုံရိပ်ကို မြင်ယောင်နေမိသည်။
"အစ်ကိုကြီး ကျန်းချန်း အစ်ကိုက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ"
ဟူကျင်းသည် ကျန်းချန်းကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် အတော်ပင် အံ့အားသင့်သွားသည်။ ဤသည်မှာ တကယ်ကို ရှားပါးလှသော မြင်ကွင်းတစ်ခု မဟုတ်ပါလား။
"အားတာနဲ့ လာကြည့်တာပါ"
ကျန်းချန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက် သည်။
"ဟို... ကျန်းယိကတော့ ဒီမှာ မရှိဘူးဗျ၊ သူ အလုပ်သွားတယ်"
ကျန်းချန်းသည် ကျန်းယိကို လာရှာသည်ဟု ထင်မှတ်ကာ ဟူကျင်းက အမြန် ဝင်ပြောလိုက် သည်။
"ငါ သူ့ကို လာရှာတာ မဟုတ်ပါဘူး၊ ပတ်ပတ်လည်ကို လိုက်ကြည့်ရုံတင်ပါ"
ထိုအခါမှ ဟူကျင်းသည် သက်ပြင်းချနိုင်တော့ကာ ကျန်းချန်းကို ပြိုင်ကွင်းပတ်ပတ်လည် လိုက်လံပြသပေးတော့သည်။
တစ်ဖက်တွင်မူ ကျန်းယိ၏ ကြည်နူးနေသော စိတ်အခြေအနေမှာ ကုမ္ပဏီသို့ ရောက်သည်အထိ မပျက်စီးသေးပေ။
"အတွင်းရေးမှူးကျန်း၊ ဒီနေ့ ဘာလို့ ဒီလောက်တောင် စိတ်ရွှင်လန်းနေရတာလဲ"
လက်ထောက်လင်က သံသယဖြင့် မေးလိုက် သည်။
ကျန်းမျိုးနွယ်စု၏ သခင်လေးသည် အလုပ်တွင် အမြဲတမ်း မကျေမနပ် ဖြစ်နေတတ်သည်ကို သူသိထားသဖြင့် ယနေ့ ကျန်းယိ၏ အမူအရာမှာ ပုံမှန်မဟုတ်ဟု ထင်နေမိခြင်း ဖြစ်သည်။
"ငါ့အစ်ကိုက ငါ့ကို မုန့်ဖိုး တစ်သန်း ပေးလိုက်လို့လေ"
ကျန်းယိသည် ဝမ်းသာအားရ ပြောပြလိုက်သည်။
လတ်တလောတွင် သူသည် လက်ထောက်လင်နောက်သို့ တကောက်ကောက် လိုက်နေရသဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အတော်ပင် ပြေလည်နေပြီ ဖြစ်သည်။
လက်ထောက်လင်သည် ရင်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ လူအချင်းချင်း ကံတရား မတူညီကြပုံမှာ တကယ်ပင် ဆိုးဝါးလှသည်။
“ မုန့်ဖိုး တစ်သန်းတဲ့လား... အားကျစရာကောင်းလိုက်တာ၊ သူလည်းပဲ အဲ့လို အစ်ကိုမျိုး တစ်ယောက်လောက် လိုချင်မိသား”
"ဝင်ခဲ့ပါ"
ရုံးခန်းအတွင်းမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာရာ လက်ထောက်လင်၏ စိတ်ကူးယဉ်မှုများ ချက်ချင်း ပျက်ပြားသွားတော့သည်။
“ကဲ... အလုပ်ပြန်လုပ်တာပဲ ကောင်းပါတယ်၊ ဒီဘဝမှာ ဒီလို ကံမျိုး မပါလာရင်တောင် နောက်ဘဝကျမှပဲ ထပ်ကြိုးစားကြည့်တော့မယ်”
ဟု သူ တွေးလိုက်မိသည်။
မိုဟန်ကျီက ညွှန်ကြားချက်များ ပေးပြီးနောက် သူတို့နှစ်ဦး ထွက်လာခဲ့ကြသည်။
လတ်တလောတွင် မိုဟန်ကျီသည် ကျန်းယိကို လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများသို့ စတင်ခေါ်ဆောင်သွားလေ့ရှိသည်။
"ဒါ ကျန်းမျိုးနွယ်စုရဲ့ သခင်လေးပဲ ဖြစ်ရမယ်၊ သူက ဘာလို့ ဥက္ကဋ္ဌမိုနောက်ကို လိုက်နေတာလဲ”
ကျန်းယိကို ပထမဆုံးအကြိမ် မှတ်မိသွားသူ တစ်ဦး ပေါ်ထွက်လာခဲ့သည်။
"ကျွန်တော် ကျန်းသခင်လေးကို ပွဲတစ်ခုမှာ တစ်ခါတွေ့ဖူးတယ်၊ ခင်ဗျား မှတ်မိသေးလား”
ထိုအမျိုးသားက နွေးထွေးစွာ ပြုံးလျက် မေးလိုက်သည်။ သို့သော် ကျန်းယိကတော့ သူ့ကို လုံးဝ မှတ်မိပုံမရပေ။
"ဦးလေးကျန်းက သူ့ကို ပညာပိုသင်စေချင်လို့ပါ"
မိုဟန်ကျီက စကားအများကြီး မပြောသော်လည်း လူတိုင်းကတော့ အခြေအနေကို နားလည် လိုက်ကြသည်။
မျက်နှာချင်းဆိုင်မှ အမျိုးသားသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်ပြီးမှ
"ဒါကတော့ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ သားပါ၊ သူ နိုင်ငံခြားကနေ အခုမှ ပြန်ရောက်တာ ဥက္ကဋ္ဌမို အဆင်ပြေမယ်ဆိုရင် သူ့ကိုလည်း အနားမှာထားပြီး သင်ပေးပါဦးလား"
ဟု ဆိုလာသည်။
သူသည် ကျန်းယိ၏ နာမည်ကျော်ကြားမှုကို ကြားဖူးထားသော်လည်း ယခု ဥက္ကဋ္ဌမို၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်ရသောအခါ အံ့ဩမိသွားသည်။
သူ့သားကို မိုဟန်ကျီကဲ့သို့ တော်စေချင်သည် မဟုတ်သော်လည်း မိုဟန်ကျီ၏ အရည်အချင်း သုံးပုံတစ်ပုံခန့် ရလျှင်ပင် ကျေနပ်ပြီဟု သူတွေးနေခြင်း ဖြစ်သည်။
လက်ထောက်လင်သည် မိုဟန်ကျီ ဧကန်မုချ ငြင်းပယ်တော့မည်ကို သိနေသဖြင့် ရင်တထိတ်ထိတ် ဖြစ်နေမိသည်။
ကျန်းယိ၏ မျက်ဝန်းများတွင်မူ မျှော်လင့်ချက်အရောင်များ ဝင်းလက်လာခဲ့သည်။ မိုဟန်ကျီ၏ အဖြေကို သူ စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။ အကယ်၍ ထိုသူကို လက်ခံလိုက်ပါက သူသည် လွတ်လပ်ခွင့် ရနိုင်မည်လားဟုပင် တွေးတောမိသည်။
"မရပါဘူး၊ ကျွန်တော် သူ့ကို သင်ပေးနေတာက ကျွန်တော့်ရည်းစားကြောင့်ပါ၊ တခြားသူတွေအတွက် အချိန်မပေးနိုင်ဘူး"
မိုဟန်ကျီသည် အားနာပါးနာ ပြောဆိုတတ်သူ မဟုတ်ပေ။ ထိုအမျိုးသားသည် အနည်းငယ် မျက်နှာပျက်သွားသော်လည်း ဒေါသထွက် ရန်တော့ မဝံ့ရဲခဲ့ပါ။
"ကောင်းပါပြီ... ဒါဆို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းပဲ ဆက်ပြောကြတာပေါ့"
ကျန်းယိသည် သူ့အကြံအစည်များ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်ရသလို၊ မိုဟန်ကျီအနားတွင် မည်မျှကြာအောင် ထပ်နေရဦးမည်ကိုလည်း မခန့်မှန်းနိုင်တော့ပေ။
လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပြီးနောက် မိုဟန်ကျီတို့အဖွဲ့ ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
"အဖေ... သူ ကျွန်တော့်ကို တကယ်ပဲ မျက်နှာသာ မပေးဘူးနော်”
ထိုအမျိုးသား၏ သားဖြစ်သူသည် မိုဟန်ကျီအပေါ် အတော်ပင် မကျေမနပ် ဖြစ်နေသည်။
သူကိုယ်တိုင်လည်း မိုဟန်ကျီအောက်တွင် ပညာမသင်ချင်သော်လည်း ယခုကဲ့သို့ အငြင်းခံလိုက်ရခြင်းမှာ အရှက်ရစရာ ဖြစ်နေသည် မဟုတ်ပါလား။
"ကောင်လေး... မင်းက သူ့ရှေ့မှာ ငါတို့ မျက်နှာရှိတယ်လို့ ထင်နေတာလား”
ထိုအမျိုးသားက သားဖြစ်သူ၏ ခေါင်းကို ခပ် ပြင်းပြင်း ရိုက်လိုက်ကာ သတိပေးလိုက်သည်။
"မင်း မနက်ဖြန်ကစပြီး ကုမ္ပဏီမှာ လာပြီး လေ့ကျင့်တော့ နိုင်ငံခြားမှာ နေတာ ကြာလို့ မင်း ဦးနှောက်တွေ ပျက်ကုန်ပြီထင်တယ် ပြည်တွင်းက ကုမ္ပဏီတွေအကြောင်းကို ပိုပြီး လေ့လာထားဦး"
"မင်း စိတ်ပျက်နေပုံပဲ”
မိုဟန်ကျီက သူ့အနောက်ကနေ လိုက်လာသော ကျန်းယိကို ကြည့်ပြီး မေးလိုက်သည်။
"ဗျာ”
ကျန်းယိ ကြောင်သွားသည်။
"မင်းက အတွင်းရေးမှူးဆိုပေမဲ့ ကုမ္ပဏီရဲ့ ဌာနအားလုံးနဲ့ ထိတွေ့နေရတာပဲ၊ လုပ်ငန်းလည်ပတ်ပုံကိုလည်း အခြေခံအားဖြင့် နားလည်နေပြီ မင်းသာ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် အောင်အောင်မြင်မြင် ဆွေးနွေးနိုင်မယ်ဆိုရင် မင်းကို ငါ လွှတ်ပေးမယ်"
"တကယ်လား”
မိုဟန်ကျီ၏ စကားကြောင့် ကျန်းယိသည် ချက်ချင်းပင် အားအင်များ ပြည့်ဝလာသလို ခံစားလိုက်ရသည်။ သူ၏ ကြီးမားသော ရည်မှန်းချက်မှာ ဤချုပ်နှောင်မှုမှ လွတ်မြောက်ရန် မဟုတ်ပါလား။
"တကယ်"
ကျန်းယိသည် ကုမ္ပဏီကို အလုံးစုံ စီမံခန့်ခွဲနိုင်ရန်သာ လိုအပ်ပြီး သေးငယ်သော ကိစ္စရပ်တိုင်းကို လိုက်လံလုပ်ဆောင်နေရန် မလိုကြောင်း မိုဟန်ကျီက ဆိုလိုခြင်း ဖြစ်သည်။
မင်ယွဲ့သည် ယနေ့တွင် အလုပ်ကိစ္စ မရှိသဖြင့် အိမ်၌သာ အနားယူနေသည်။
သူမ ဖုန်းဖွင့်ကြည့်လိုက်သည့်အခါ ထိုအချိန်က လူကြိုက်များခဲ့သော "Military Soul" ရုပ်ရှင်နှင့် ပတ်သက်သည့် ဝေဖန်သုံးသပ်ချက်များကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။
သို့သော် ထိုရုပ်ရှင်သည် နိုင်ငံရေးအရ အထိမခံသော ကိစ္စရပ်များ ပါဝင်နေသဖြင့် ပြသချိန်များ လျော့နည်းသွားခဲ့သည်။ သူမလည်း ထိုကိစ္စကို သိပ်အာရုံမစိုက်တော့သော်လည်း ယခုအခါတွင် ထိုရုပ်ရှင်သည် ပြန်လည် နာမည်ကြီးလာမည့် အရိပ်အယောင်များ ပြသနေသည်။
အမှန်တကယ်ပင် ကောင်းမွန်သော လက်ရာများသည် ပရိသတ်၏ စစ်ဆေးမှုနှင့် အချိန်ကာလ၏ ဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။
【ယွဲ့ယွဲ့၊ ဒီဇာတ်ကားကနေ မင်း အသားတင် အမြတ်ငွေ သန်း ၃၀၀ ရတယ်နော်】
မင်ယွဲ့သည် ယခင်က ထိုမျှအထိ များပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
【ယွမ်ပေါ့... ဒီပိုက်ဆံတွေ အားလုံးကို မင်ယွဲ့ ပရဟိတ ဖောင်ဒေးရှင်းကိုပဲ လှူလိုက်ရအောင်】
ယခုအခါ သူမ၏ ပရဟိတ ဖောင်ဒေးရှင်းမှာ နယ်ပယ်ကျယ်ပြန့်လာသည်နှင့်အမျှ လိုအပ်သော ငွေကြေးပမာဏမှာလည်း တိုးပွားလာခဲ့သည်။
အများပြည်သူထံမှ အလှူငွေ လက်ခံသည့် စနစ်ကို ဖန်တီးထားသော်လည်း သူမကိုယ်တိုင်၏ ပရဟိတ ရည်မှန်းချက်များအတွက် တည်ထောင်ထားခြင်း ဖြစ်ရာ သူမ လှူဒါန်းရမည့် ပမာဏမှာလည်း နည်းပါးလိမ့်မည် မဟုတ်ပေ။
ရုတ်တရက် သူမ၏ ဖုန်းမြည်လာခဲ့သည်။
မင်ယွဲ့ ကြည့်လိုက်သောအခါ ဆက်သွယ်လာသူမှာ လျိုယဲ့ ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ သူတို့နှစ်ဦးသည် အစီအစဉ်တစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် အဆက်အသွယ်လဲထားကာ တစ်ခါတစ်ရံ စကားပြောဖြစ်ကြသူများ ဖြစ်သည်။
***