ဝတ်စုံအချို့ကို စမ်းသပ်ဝတ်ဆင်ကြည့်ပြီးနောက် မင်ယွဲ့သည် အလွန်ပင် ပင်ပန်းနွမ်းနယ်လာကာ ဆက်လက်၍ မစမ်းသပ်လိုတော့ပေ။ နောက်ဆုံးတွင် သူမသည် ပထမဆုံး ဝတ်ဆင်ခဲ့သော ပြင် သစ်စတိုင် ဝတ်စုံလေးကိုသာ ရွေးချယ် လိုက်တော့သည်။
သူမ ဆုံးဖြတ်ချက်ချပြီးသည်နှင့် မိုဟန်ကျီသည်လည်း တုံ့ဆိုင်းမနေဘဲ အပြာရောင် ဝတ်စုံတစ်စုံကို အလျင်အမြန် ရွေးချယ်လိုက်သည်။
၎င်းသည် မင်ယွဲ့ ဝတ်ဆင်မည့် ဝတ်စုံမှ အပြာရောင် ခါးပတ်လေးနှင့် အရောင်အသွေးချင်း ကွက်တိ ကျနေခဲ့သည်။
မိုဟန်ကျီ၏ ရည်ရွယ်ချက်ကို မင်ယွဲ့ ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့နောက် ကျွမ်းကျင်လှသော စတိုင်လစ်က ထိုနေ့အတွက် မင်ယွဲ့၏ အလှအပကို စတင်ပုံဖော်ပေးတော့သည်။
ထိုအချိန်အတောအတွင်း မိုဟန်ကျီသည် အနည်းငယ်မျှ စိတ်မရှည်ခြင်း မရှိဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းပေးနေပုံမှာ စံပြချစ်သူတစ်ဦး၏ အရည်အချင်းကို အပြည့်အဝ ဖော်ပြနေသယောင် ရှိသည်။
ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ သူတို့နှစ်ဦး အိမ်သို့ ပြန်ရန် ပြင်ကြသည်။ ဆိုင်တံခါးဝသို့ ရောက်သည့်အခါ အပြင်ဘက်မှ ဆူညံသံများကို စတင်ကြားလိုက်ရသည်။
"ဒီနေ့ ဘယ်လို အရေးကြီးတဲ့ ဧည့်သည်တွေ ရောက်နေလို့ ငါ့ကို ပေးမဝင်တာလဲ ငါ့ရည်းစားက 'ထျန်းယီ ဖျော်ဖြေရေး' ရဲ့ ဒုတိယဥက္ကဋ္ဌ ဝမ် ဆိုတာ မင်းတို့ သိရဲ့လား ဖယ်စမ်း”
စူးရှရှနှင့် မောက်မာလှသော အမျိုးသမီးအသံသည် လူမမြင်ရခင်ကပင် အရင်ဦးဆုံး ပျံ့လွင့်လာခဲ့သည်။
"ဥက္ကဋ္ဌ... ကတော်..."
တံခါးဝတွင် ရပ်နေသော ဝန်ထမ်းသည် သူတို့နှစ်ဦးကို မြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်
လိုက်သည်။
ထိုအသုံးအနှုန်းကြောင့် မင်ယွဲ့ ကြောင်သွားရသည်။ အကယ်၍ လူများစွာ ဝိုင်းမနေပါက သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားမည်မှာ သေချာလှသည်။
သူမသည် မိုဟန်ကျီကို ခိုးကြည့်လိုက်ရာ သူသည် အလွန်ပင် တည်ငြိမ်နေပြီး 'ကတော်' ဟူသော ခေါ်ဝေါ်မှုကို စောလွန်းသည်ဟု မထင်မှတ်ထားသကဲ့သို့ ရှိနေသည်။
မင်ယွဲ့သည် ဆူညံနေသည့်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ သိကျွမ်းဖူးသူတစ်ဦး ဖြစ် နေသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။
သူမမှာ တက္ကသိုလ်တက်စဉ်က အတန်းဖော် ကျိုးရှီယန် ဖြစ်သည်။ ယခင်က ကျောင်းသူဆောင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ကျိုးစီစီ၏ ဓားဖြင့် ထိုးခြင်းကို ခံခဲ့ရသူလည်း ဖြစ်သည်။
ထိုစဉ်က ကျိုးစီစီသည် ကျိုးရှီယန်ကို လူသတ်ရန် ကြံစည်သည်ဟု တိုင်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ကြသဖြင့် မည်သူမျှ ထောင်မကျခဲ့ပေ။
သို့သော် ကျိုးစီစီသည် ပီကင်းတက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းကို တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ရသည်။
ယခင်က သူမနှင့် ပတ်သက်ရန်ပင် နှာခေါင်းရှုံ့ခဲ့သော မောက်မာသည့် အမျိုးသမီးမှာ ယခုအခါတွင်မူ ကာမရာဂရိပ်များ ထင်ဟပ်နေသည့် အမျိုးသားတစ်ဦးကို တွဲထားသည်ကို တွေ့ရသည်။
ထိုအမျိုးသား၏ အကြည့်များကို မင်ယွဲ့ မနှစ်မြို့သဖြင့် မိုဟန်ကျီက သူမကို သူ့အနောက်သို့ ဆွဲခေါ်ကာ အကာအကွယ် ပေးလိုက်သည်။
"နင်လား နင်... နင် ဒီမှာ ဘာလုပ်နေတာလဲ”
ကျိုးရှီယန်သည် သူမ၏ အခြေအနေကောင်းမွန်ကြောင်းကို မင်ယွဲ့အား ဝင့်ကြွားချင်သော်လည်း သူမဘေးရှိ ခန့်ညားလှသော မိုဟန်ကျီကို မြင်လိုက်ရချိန်တွင် သူမ၏ မာနများ ချက်ချင်းပင် အရည်ပျော်ကျသွားတော့သည်။
မိုဟန်ကျီ၏ ချောမောမှုနှင့် ယှဉ်လိုက်လျှင် သူမ၏ ချစ်သူမှာ ကြည့်ရဆိုးလှသည့်အပြင် သူမဘဝသည်လည်း မင်ယွဲ့နှင့် ယှဉ်လျှင် နိမ့်ကျနေသည်ဟု ခံစားလိုက်ရသည်။
မင်ယွဲ့သည် သူတစ်ပါး၏ ရှုပ်ထွေးလှသော ကိစ္စများတွင် မပါဝင်လိုသဖြင့် မိုဟန်ကျီ၏ လက်ကိုဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ဆိုင်ထဲမှာ အကြာကြီး စောင့်ခိုင်းထားတဲ့သူတွေက နင်တို့ပဲပေါ့ တောင်းပန်သင့်တယ် မဟုတ်ဘူးလား”
ကျိုးရှီယန်သည် မင်ယွဲ့ကို အမြန်ထွက်သွားစေချင်သော်လည်း သူမ၏ချစ်သူ ဝမ်ကတ်က ဝင်ရောက် ပြောဆိုလိုက်သည်။
"ငါဆိုင်ကို ဘာဖြစ်လို့ တောင်းပန်ရမှာလဲ”
မိုဟန်ကျီက အေးစက်စက် လှမ်းကြည့်လိုက်ရာ ဝမ်ကတ်မှာ ကိုယ်လေး တုန်ရင်သွားရသည်။
"မင်းဆိုင် ဟုတ်လား ဒါ မိုမိသားစုရဲ့ လုပ်ငန်းလေ လေလုံးထွားတာက ဥပဒေနဲ့ မငြိဘူးလို့ ထင်နေတာလား”
ဟု ဝမ်ကတ်က လှောင်ပြောင်ရယ်မောလိုက်ညသည်။
"ငါ့ရည်းစားရဲ့ မျိုးရိုးက 'မို' ဖြစ်နေလို့ကော မဖြစ်နိုင်ဘူးလား”
ဟူသော မင်ယွဲ့၏ စကားကြောင့် ဝမ်ကတ်၏ ရယ်သံမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
ကျိုးရှီယန်သည် ဝမ်ကတ်၏ ချမ်းသာကြွယ်ဝမှုကြောင့်သာ သူ့အနားတွင် ကပ်တွယ်နေရသော်လည်း မင်ယွဲ့၏ ခန့်ညားချောမောကာ ကြွယ်ဝလှသော ချစ်သူကို မြင်လိုက်ရချိန်တွင် သူမ၏ ရင်ထဲ၌ မနာလိုမှုနှင့် နာကျည်းမှုများ ပြည့်နှက်သွားတော့သည်။ ဘဝကြီးက သူမကို အဓမ္မပြုကျင့်နေသကဲ့သို့ ခံစားနေရသည်။
"ခင်ဗျား... ခင်ဗျားက ဥက္ကဋ္ဌမိုလား”
ဝမ်ကတ်သည် နောက်ဆုံးတွင် တစ်ဖက်လူ၏ အရှိန်အဝါကို သတိပြုမိသွားသည်။ ရှင်းယောင် လုပ်ငန်းစု၏ ဥက္ကဋ္ဌမှာ ဤမျှ ငယ်ရွယ်ခန့်ညားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဝမ်ကတ်သည် ချက်ချင်းပင် လေသံပြောင်းကာ တောင်းပန်သော်လည်း မိုဟန်ကျီက ဂရုမစိုက်ဘဲ မင်ယွဲ့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ထိုညတွင် ကျိုးရှီယန်သည် အိပ်မပျော်နိုင်ဘဲ မိုဟန်ကျီနှင့် ပတ်သက်သော သတင်းများကို လိုက်လံရှာဖွေနေမိသည်။
သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ဥက္ကဋ္ဌမိုသည် ပီကင်းတက္ကသိုလ်သို့ လာရောက်ကာ ဓာတ်ခွဲခန်းတစ်ခု လှူဒါန်းခဲ့ ဖူးသည် မဟုတ်ပါလား။
"ဟက်... မင်ယွဲ့ကလည်း အဖြူထည်လေးတော့ မဟုတ်ပါဘူး သူလည်း ပိုက်ဆံအတွက်ဆို ဘာမဆို လုပ်မယ့်သူပဲ ကျောင်းကလည်း သူ့ကို ဓာတ်ခွဲခန်းအတွက် ချီးကျူးနေလိုက်ကြတာ"
ဟု သူမက နာကျည်းစွာ ရေရွတ်လိုက်မိသည်။
မင်ယွဲ့ အိမ်သို့ ပြန်ရောက်သည့်အခါ သူမ၏ စီနီယာအစ်ကို ဟယ်ဝမ်ထံမှ ဖုန်းဝင်လာသည်။
"ညီမလေး... အဘိုးရဲ့ မွေးနေ့ပွဲကို လာမှာလား”
"ဟန်ကျီနဲ့အတူ လာမှာပါ အစ်ကို"
"ကောင်းပြီ... အစ်ကိုက ပွဲဦးထွက်အနေနဲ့ သီချင်းတစ်ပုဒ် တီးခတ်ပေးရမှာ ညီမလေး အစ်ကိုနဲ့အတူ ဖျော်ဖြေပေးမလား”
ထိပ်တန်း ဂီတပညာရှင်တစ်ဦးဖြစ်သော ဟယ်ဝမ်သည် မိသားစုပွဲတွင်ပင် ဖျော်ဖြေမှုမှ မလွတ်ကင်းနိုင်ပေ။ မင်ယွဲ့သည်လည်း ဝမ်းမြောက်စွာပင် သဘောတူလိုက်သည်။
အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ဟယ်မိသားစု အကြီးအကဲ၏ မွေးနေ့ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ ဟယ်မိသားစုသည် မိုမိသားစုကဲ့သို့ မအာဏာမကြီးမားသော်လည်း မိုမိသားစုနှင့် ခမည်းခမက် တော်စပ်ထားသဖြင့် လာရောက် ဂါရဝပြုသူများမှာ အလွန်ပင် များပြားလှသည်။
ခမ်းနားလှသော မွေးနေ့ပွဲခန်းမအတွင်း၌ ရယ်မောသံများနှင့် ဝိုင်ခွက်ချင်း တိုက်သံများဖြင့် စည်ကားနေသည်။ မင်ယွဲ့သည် မိုဟန်ကျီ၏ လက်ကိုတွဲကာ ခန်းမအတွင်းသို့ လှမ်းဝင် လိုက်သည်။
ထိုခဏတွင် ဆူညံနေသော ခန်းမကြီးမှာ ရုတ်ချည်း တိတ်ဆိတ်သွားကာ လူတိုင်း၏ အကြည့်မှာ တောက်ပလှသော ထိုစုံတွဲထံသို့သာ ကျရောက်သွားတော့သည်။
***