မင်ယွဲ့သည် ယခုကဲ့သို့ အထက်တန်းလွှာတို့၏ ခမ်းနားထည်ဝါသော ပွဲလမ်းသဘင်များသို့ တက်ရောက်လေ့မရှိသော်လည်း သူမ၏ စိတ်အစုံမှာမူ အနည်းငယ်မျှ တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးနေသည်။
မိုဟန်ကျီသည် နဂိုကပင် လူအများအကြား ထင်ရှားပေါ်လွင်သူဖြစ်သော်လည်း ယနေ့တွင်မူ သူ၏ ဘေးနားရှိ အမျိုးသမီးအဖော်မှာ ပို၍ပင် တောက်ပလွန်းလှသဖြင့် သူတို့စုံတွဲမှာ လူတိုင်းအားကျရသည့် ပြိုင်ဘက်ကင်း အလှပိုင်ရှင်များအလား ဖြစ်နေတော့သည်။
"အထွေထွေမန်နေဂျာမို... မင်္ဂလာပါဗျာ”
သူတို့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် တစ်စုံတစ်ဦးက လာရောက်နှုတ်ဆက် တော့သည်။
ဧည့်သည်တော်များကို အောက်ထပ်တွင် ကြိုဆိုနေသော ဟယ်ဝမ်သည် သူတို့နှစ်ဦးကို မြင်သည်နှင့် ချက်ချင်းပင် လျှောက်လာခဲ့သည်။ လူအုပ်ကြီးမှာလည်း ပြဿနာမတက်စေရန်အတွက် အလိုလိုပင် လမ်းဖယ်ပေးလိုက်ကြသည်။
"ဟန်ကျီ... ယွဲ့ယွဲ့ ရောက်လာပြီပဲ"
အနားသို့ မကပ်ဝံ့ကြသော်လည်း ပွဲတက်ဝတ်စုံ အဆင်တန်ဆာများကို ဆင်ယင်ထားကြသော ထိုလူကုံထံကြီးများသည် အဝေးမှနေ၍ စူးစမ်းကြည့်ရှုနေကြသည်။
ဟယ်ဝမ်၏ နူးညံ့ချိုသာလှသော အသံကို ကြားလိုက်ရချိန်တွင် လူတိုင်းသည် မင်ယွဲ့ကို အံ့ဩတကြီး ကြည့်လိုက်ကြတော့သည်။
ဥက္ကဋ္ဌမိုတွင် ချစ်သူတစ်ဦးရှိနေပြီး ထိုသူမှာ ဥက္ကဋ္ဌကတော်၏ အချစ်တော်ဖြစ်ကြောင်း သတင်းများ ကြားဖူးနားဝ ရှိခဲ့ကြသော်လည်း အချို့ကမူ ထိုကိစ္စမှာ သားဖြစ်သူ၏ မျက်နှာကို ထောက်ထား၍ ဟန်ဆောင်နေခြင်းသာ ဖြစ် လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ဟယ်မိသားစုကပါ သူမကို နွေးထွေးစွာ ကြိုဆိုနေကြသဖြင့် မိုမိသားစုနှင့် ဟယ်မိသားစု နှစ်ဖက်စလုံးက ဤမိန်းကလေးကို အသိအမှတ်ပြုထားကြောင်း အထင်အရှား သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားသည်။
လူအများ၏ စိတ်ထဲတွင် မင်ယွဲ့၏ ဂုဏ်ဒြပ်မှာ ရုတ်ချည်း မြင့်တက်သွားတော့သည်။
"ဝမ်းကွဲအစ်ကို"
"စီနီယာအစ်ကို"
မိုဟန်ကျီက ဟယ်ဝမ်ကို "ဝမ်းကွဲအစ်ကို" ဟု ခေါ်သည်မှာ သဘာဝကျသော်လည်း ထိုမိန်းကလေးက "စီနီယာအစ်ကို" ဟု ခေါ်လိုက် ခြင်းမှာ လူတိုင်းကို ဝေခွဲမရ ဖြစ်သွားစေသည်။
သူမသည် မည်သည့်နေရာမှ စီနီယာဖြစ်နေသနည်း။ သူမ၏ အထောက်အထားမှာ ပိုမို၍ပင် နက်နဲသိမ်မွေ့လာခဲ့သည်။
ထိုစဉ် မိုမိသားစု၏ မိဘနှစ်ပါး ဘေးချင်းယှဉ်လျက် ခန်းမအတွင်း လှမ်းဝင်လာကြသည်။ သူတို့သည် ဤနေရာကို ချက်ချင်းသတိထားမိသွားကာ ဥက္ကဋ္ဌကတော်မိုမှာ အပြေးအလွှား ရောက်လာတော့သည်။
"ယွဲ့ယွဲ့လေး... ဒီနေ့ တကယ်ကို လှလွန်းနေတယ်ကွယ်"
သူမသည် ရှေ့သို့ တိုးလာကာ မင်ယွဲ့ကို ဖက်လိုက်သည်။ မင်ယွဲ့၏ လည်တိုင်ပေါ်တွင် မိုဟန်ကျီကိုယ်တိုင် ပြင်ဆင်ပေးထားသော ပုလဲလည်ဆွဲလေးမှာ ဝင်းလက်နေသည်။ ဥက္ကဋ္ဌကတော်သည် သူမကို မလွှတ်တမ်း ဖက်ထားခြင်းမျိုး မဟုတ်ဘဲ အသာအယာ ဖက်ကာ ကြင်နာစွာ လွှတ်ပေးလိုက်သည်။
လူအုပ်ကြီးမှာ မျက်လုံးပြူးသွားကြသည်။ ဥက္ကဋ္ဌကတော် ဝင်လာချိန်တွင် ပထမဆုံး ဖက်လိုက်သူမှာ သူမ၏ သားဖြစ်သူ သို့မဟုတ် တူဖြစ်သူ မဟုတ်ဘဲ ထိုမိန်းကလေး ဖြစ်နေသည် မဟုတ်ပါလား။
ဥက္ကဋ္ဌမိုနှင့် မိုဟန်ကျီတို့ သားအဖမှာ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေကြရင်း ဥက္ကဋ္ဌကတော်နှင့် မင်ယွဲ့တို့၏ ချိုမြိန်သော စကားဝိုင်းကို ငေးကြည့်နေရသည်။ ထိုသားအဖနှစ်ဦး၏ တူညီလှသော အမူအရာများကို ကြည့်ပြီး ဟယ် ဝမ်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
မိုဟန်ကျီက သူ့ကို မော့ကြည့်လိုက်သည်။ ဟယ်ဝမ်မှာ ပို၍ပင် ရယ်ချင်လာတော့သည်။ အေးစက်လှသော မျက်နှာပေးများဖြင့် ရပ်နေကြသော ထိုအမျိုးသားနှစ်ဦးမှာ သူတို့၏ အနောက်တွင် ရပ်နေသည့် သက်တော်စောင့်များနှင့်ပင် တူနေတော့သည်။
"အန်တီနဲ့ ဦးလေး... ကျွန်တော် တခြားဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်ညနော် စိတ်ကြိုက်သာ အနားယူကြပါ"
"တို့တွေက မိသားစုတွေပဲဟာ၊ ဘာလို့ ဒီလောက် အားနာနေရတာလဲ သွား... သွားစရာရှိတာ သွားတော့”
ဟု ဥက္ကဋ္ဌကတော်မိုက လက်ကာပြရင်း ပြောလိုက်သည်။
သူမသည် မင်ယွဲ့၏ လက်ကို ဆွဲထားကာ ပြောစရာ စကားများ ကုန်နိုင်ဖွယ် မရှိတော့သည့်အလား။ သူမသည် သမီးတစ်ယောက် အမြဲလိုချင်ခဲ့ရာ ယခု ချွေးမလောင်းလေးကို ရရှိ
လိုက်ချိန်တွင် သူမ၏ ဆန္ဒများ ပြည့်ဝသွားသကဲ့သို့ ခံစားနေရသည်။
"ယွဲ့ယွဲ့... ဒီနေ့ ဝတ်စုံလေးနဲ့ တကယ် လိုက်ဖက်တယ်"
သူမ၏ မျက်ဝန်းများမှာ အရောင်တောက်နေပြီး ဘာတွေ ကြံစည်နေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
"အန်တီကလည်း... ကျွန်မက ပုံမှန်ဆိုရင် မလှဘူးလားဟင် ဝမ်းနည်းလိုက်တာရှင်"
ဟု မင်ယွဲ့က ရင်ဘတ်လေးကို ဖိကာ အပြစ်ကင်းစင်သော မျက်နှာပေးလေးဖြင့် ကျီစယ်လိုက် သည်။
ထိုသနားစဖွယ် အမူအရာလေးမှာ ဥက္ကဋ္ဌကတော် တစ်ခါမျှ မမြင်ဖူးသည့် အလှတရားပင်။ မင်ယွဲ့က ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သိသော်လည်း သူမမှာ အသည်းယားကာ သနားမိသွားတော့သည်။
"အို... ဘယ်လိုလုပ် အဲ့လို ဖြစ်မှာလဲကွယ် ယွဲ့ယွဲ့က တစ်ကမ္ဘာလုံးမှာ အလှဆုံး မိန်းကလေးပါ"
မင်ယွဲ့၏ မျက်နှာလေး ရှက်သွေးဖြန်းကာ နီမြန်းသွားသည်။ သူမက စနောက်လိုက်ခြင်း ဖြစ်သော်လည်း ဥက္ကဋ္ဌကတော်က တကယ်ကြီး အတည်အလင်း ချီးကျူးလိုက်သဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
မိုဟန်ကျီသည် ထိုလှပသော မိန်းကလေးကို ကြည့်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဥက္ကဋ္ဌကတော်မှာမူ အိမ်တွင် မင်ယွဲ့အတွက် သီးသန့် အဝတ်အစားခန်းကြီးတစ်ခု ပြုလုပ်ပေးရန် ဆုံးဖြတ်ချက် ချလိုက်လေပြီ။
ယခင်က မိန်းကလေးဝတ်စုံလေးများကို လှသည်ဟု ထင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ မိန်းကလေးက လှပနေလျှင် ဝတ်စုံများကလည်း လိုက်ဖက်စွာ လှပနေမည်ကို သူမ နားလည်သွားခဲ့သည်။ သူမ၏ သားဖြစ်သူမှာ တကယ်ပင် လှပရုံသာမက ဉာဏ်ရည်ထက်မြက်သည့် ချွေးမတစ်ဦးကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
ဥက္ကဋ္ဌမိုနှင့် မိုဟန်ကျီတို့မှာမူ သူတို့၏ အမျိုးသမီးအဖော်များကို ဥက္ကဋ္ဌကတော်၏ လက်ထဲတွင် ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းပူဆွေးနေကြရသည်။
ခမ်းနားထည်ဝါလှသော ခန်းမကြီးအတွင်း၌ ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ကျော့ရှင်းသော အမျိုးသမီးများဖြင့် စည်ကားအေးမြနေသည်။
အာဏာနှင့် စည်းစိမ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဤကဲ့သို့ စုံစုံလင်လင် ဆုံတွေ့ရခြင်းမှာ ရှားပါးလှသော အခိုက်အတန့်ပင်။
ထိုအချိန်တွင် မိုမိသားစု၏ ပြန်လည်ဆုံတွေ့မှုကို မည်သူမျှ နှောင့်ယှက်ခြင်း မပြုဝံ့ကြပေ။
ချောမောလှပသော လူငယ်များ၏ စိတ်အစုံမှာမူ မငြိမ်သက်နိုင်ဘဲ ရှိနေကြသည်။
စီးပွားရေးသမားများက စီးပွားရေးကိုသာ အာရုံစိုက်ကြသော်လည်း လူငယ်များ၏ အကြည့်များမှာမူ ထူးချွန်ထက်မြက်လှသော လူငယ်နှစ်ဦးထံမှ ခွာနိုင်ခြင်း မရှိကြပေ။
မင်ယွဲ့နှင့် မိုဟန်ကျီတို့မှာ အမှန်တကယ်ပင် လူအများ၏ အာရုံကို ဖမ်းစားထားနိုင်သူများ ဖြစ်ကြသည်။ သူတို့နှစ်ဦးမှာ ချစ်သူများဖြစ်ကြောင်း သိကြသော်လည်း အချို့သောသူများမှာမူ လက်တွေ့မဆန်သော စိတ်ကူးယဉ်မှုများကို ရင်ဝယ် ပိုက်ထားကြဆဲပင်။
မင်ယွဲ့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း သူမ သိကျွမ်းသူတစ်ဦးမျှ မတွေ့ရသေးပေ။ စီနီယာအစ်ကိုများ ရောက်မလာသေးဟု သူမ ယူဆလိုက်သည်။
ခဏအကြာတွင် ဝူရှောင်နှင့် ပိုင်ကျင်းတို့ ဘေးချင်းယှဉ်လျက် လှမ်းဝင်လာကြသည်။ ပိုင်ကျင်းသည် ရှည်လျားသော ဆံနွယ်များကို စုစည်းထားကာ ယနေ့တွင် ခါတိုင်းနှင့်မတူဘဲ ရှေးဟောင်းဝတ်စုံအစား အဖြူရောင် ဝတ်စုံကို ဆင်ယင် ထားသည်။
ဤကဲ့သို့ ဆန့်ကျင်ဘက် အလှတရားမှာ အလွန်ပင် မျက်စိပသာဒ ဖြစ်စေသည်။
သူတို့နှစ်ဦးစလုံးမှာ ဂီတလောကတွင် ထင်ရှားသူများဖြစ်ရာ လူအများက သိရှိကြသည်။
"ညီမလေး"
ဝူရှောင်သည် ခန်းမ၏ အလယ်ဗဟိုတွင် မဟုတ်သော်လည်း အတောက်ပဆုံး ဖြစ်နေသည့် ထောင့်တစ်နေရာရှိ မင်ယွဲ့ကို ချက်ချင်း မြင်သွားကာ သူမထံသို့ လျှောက်လှမ်းလာကြသည်။
ခန်းမအတွင်းရှိ လူတိုင်းသည် ထိုခေါ်သံကို ကြားလိုက်ကြပြီး မင်ယွဲ့ကို "ညီမလေး" ဟု ခေါ်ဆိုလိုက်ခြင်းကြောင့် ဥက္ကဋ္ဌမို၏ ချစ်သူနှင့် ဟယ်ဝမ်တို့မှာ ကျောင်းတော်တစ်ခုတည်းမှ ဖြစ်ကြောင်း အတည်ပြုလိုက်ကြတော့သည်။
ဟယ်ဝမ်သည် ဂီတအသင်း၏ ဒုတိယဥက္ကဋ္ဌ ပိုင်ကျင်း၏ အောက်တွင် ပညာသင်ကြားခဲ့သူ ဖြစ်ကြောင်း လူတိုင်းသိထားကြရာ မင်ယွဲ့၏ ဂီတပါရမီမှာလည်း မသေးလှကြောင်း ခန့်မှန်း လိုက်ကြတော့သည်။
မင်ယွဲ့မှာမူ သူမ ဝင်လာကတည်းက စကားတစ်ခွန်းမျှ မဟရသေးဘဲ လူအများ၏ သဘောထားမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်ကို သတိမမူမိခဲ့ပေ။
အခြားထောင့်တစ်နေရာတွင် မိန်းကလေးတစ်ဦးသည် ဝိုင်ခွက်ကို ကိုင်ထားရင်း မကျေမနပ် ဖြစ်နေသည်။
"စိတ်တိုလိုက်တာ”
"ဘာဖြစ်လို့လဲ”
ဟု သူမ၏ သူငယ်ချင်းက မေးရင်း သူမ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်ဝန်းများ အရောင်တောက်သွားသည်။
"အဲ့ဒီ မိန်းကလေးက တကယ် လှတာပဲ"
"ငါက အဲ့ဒါကို ပြောတာ မဟုတ်ဘူး၊ သူက ချောတဲ့ယောက်ျားတိုင်းနဲ့ စကားပြောနေတာ၊ ငါ့နားမှာတော့ တစ်ယောက်မှ မရှိဘူး"
ဟု ထိုမိန်းကလေးက မနာလိုစွာ ဆိုလိုက်သည်။
သူမသည် ချောမောသော အမျိုးသားများကို ငေးကြည့်ရသည်ကို ဝါသနာပါသော်လည်း လူချင်းတွေ့လျှင် စကားမပြောရဲသူ ဖြစ်သည်။
ယခုမူ ချောမောသမျှ အမျိုးသားများမှာ မင်ယွဲ့၏ အနားတွင်သာ စုဝေးနေကြသဖြင့် သူမမှာ အဝေးမှသာ ငေးကြည့်နေရတော့သည်။
"ဟဟ... နင်လည်း အဲ့ဒီ အလှလေးကိုပဲ ငေးကြည့်နေလိုက်ပါတော့ဟာ"
***