မင်ယွဲ့၏ သူငယ်ချင်းမှာ သူမ၏ သဘာဝကို ကောင်းစွာသိထားသည်။ သူမသည် ရုပ်ရည် ချောမောမှုကို အလွန်အမင်း စွဲလမ်းသူတစ်ဦး ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုမိန်းကလေးမှာ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
“မှန်တာပေါ့... ငါက ရုပ်ချောတဲ့သူဆိုရင် ကျားမ မရွေး ကြိုက်တာပဲဟာ ယောက်ျားတွေက ချဉ်းကပ်ရခက်ပေမဲ့ မိန်းမလှလေးတွေကျတော့ မခက်နိုင်ပါဘူး”ဟု တွေးကာ သူမသည် ချောမောလှပသော မင်ယွဲ့နှင့် မိတ်ဆွေဖွဲ့ရန် ချက်ချင်းပင် လှုပ်ရှားတော့သည်။
သို့သော် သူမ အနားမရောက်ခင်မှာပင် တီးလုံးသံများ ရပ်တန့်သွားခဲ့သည်။ ဧည့်သည်တော်များအားလုံး မိမိတို့ လုပ်ဆောင်နေသမျှကို ရပ်တန့်လိုက်ကြသည်။ မွေးနေ့ရှင် အဘိုးအို ထွက်လာတော့မည်ကို အားလုံးက သိနားလည်လိုက်ကြပြီ ဖြစ်သည်။
ဟယ်ဝမ်သည် အဘိုးဖြစ်သူကို တွဲကူလျက် လူအများရှေ့သို့ ထွက်လာခဲ့သည်။ နယ်ပယ်အသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ်ကြီးများသည် ဝိုင်ခွက်များကို ကိုင်မြှောက်ကာ ဂုဏ်ပြုနှုတ်ဆက်ရန် ရှေ့သို့ တိုးလာကြသည်။ အဆင့်အတန်း နိမ့်ပါးသူများမှာမူ အဝေးမှသာ ငေးကြည့်နေဝံ့ကြသည်။
အခြေအနေများ အနည်းငယ် တည်ငြိမ်သွားသောအခါ ဥက္ကဋ္ဌကတော်မိုက သူတို့အဖွဲ့ကို ဦးဆောင်ကာ ရှေ့သို့ တိုးလာခဲ့သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ အဖေ... နေ့တိုင်း နေ့တိုင်း စိတ်ချမ်းသာပါစေရှင်"
သူမသည် အိုမင်းမင်းရှိလှပြီဖြစ်သော ဖခင်အိုကြီးကို ဖက်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူမသည် "သက်ရှည်ကျန်းမာ အသက်ရာကျော် ရှည်ပါစေ" ဟူသော ရိုးအီလှသည့် ဆုတောင်းစကားများထက် ဖခင်ဖြစ်သူ၏ ကျန်ရှိသော အချိန်များကို ပျော်ရွှင်စွာ ကုန်ဆုံးစေလိုသည့် ဆန္ဒကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ... ကောင်းပြီ"
အဘိုးဟယ်သည် သမီးဖြစ်သူ၏ ပုခုံးကို ပုတ်ကာ သဘောတကျ ပြုံးလိုက်သည်။
"အဖေ... ဒါက ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ"
ဥက္ကဋ္ဌမိုက လက်ဆောင်ကို ကမ်းပေးလိုက်သော်လည်း အဘိုးဟယ်က ဖွင့်မကြည့်ဘဲ သားဖြစ်သူ၏ လက်ထဲသို့သာ ထည့်ပေးလိုက်သည်။
သူသည် အသက်ကြီးလာသည်နှင့်အမျှ လောဘဇောများ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ မိသားစုဝင်များ စုံစုံလင်လင်နှင့် သဟဇာတဖြစ်နေခြင်းကိုသာ အလိုရှိတော့သည်။
"ဒါက ဟန်ကျီရဲ့ ရည်းစားလား”
သူ၏ အကြည့်မှာ စိမ်းသက်နေသော တစ်ဦးတည်းသော မျက်နှာလေးထံတွင် ရပ်တန့်သွားသည်။ မြေးဖြစ်သူ၏ ဘေးတွင် ရပ်နေပုံကို ကြည့်ရုံနှင့် သူမ၏ အထောက်အထားကို သူ ရိပ်မိလိုက်သည်။
"အဘိုး... ဒါ ကျွန်တော့်ချစ်သူပါ၊ ယွဲ့ယွဲ့ လို့ပဲ ခေါ်ပါ" ဟု မိုဟန်ကျီက မိတ်ဆက်ပေးလိုက် သည်။
"ယွဲ့ယွဲ့... အဘိုးကို ကိုယ်ခေါ်သလိုပဲ 'အဘိုး' လို့ ခေါ်လိုက်ပါ"
မင်ယွဲ့မှာ မည်သို့ခေါ်ရမည်ကို ဝေခွဲမရ ဖြစ်နေစဉ် မိုဟန်ကျီ၏ စကားကြောင့် စိတ်သက်သာရာ ရသွားတော့သည်။
"အဘိုး..."
မင်ယွဲ့၏ အပြုံးလေးမှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။ လူကြီးမိဘများ အကြိုက်တွေ့မည့် တည်ငြိမ်ကျော့ရှင်းသော အလှမျိုးပင်။ အဝေးမှကြည့်လျှင် ခန့်ညားထည်ဝါပြီး အနီးကပ်ကြည့်လျှင်မူ ထုဆစ်ထား သကဲ့သို့ ပြည့်စုံလွန်းလှသည်။
"အေးကွယ်... အေး"
အဘိုးဟယ်သည် မျက်ဝန်းလေးများ မှေးသွားသည်အထိ ပြုံးလိုက်သည်။ သူသည် တစ်သက်လုံး လူကို အပေါ်ယံ ရုပ်ရည်နှင့် ဆုံးဖြတ်တတ်သူ မဟုတ်သော်လည်း ယနေ့တွင်မူ မင်ယွဲ့ကို မြင်မြင်ချင်းပင် အလွန်ခင်မင်သွားခဲ့သည်။
"ဒါကတော့ တို့တွေ ပထမဆုံးတွေ့ဆုံခြင်းအတွက် လက်ဆောင်ပေါ့"
အဘိုးဟယ်သည် အနီရောင် စာအိတ်လေးကို ထုတ်ကာ မင်ယွဲ့၏ လက်ထဲသို့ အတင်းထည့်ပေး တော့သည်။
"အဘိုး... ကျေးဇူးတင်ပါတယ်ရှင်"
မင်ယွဲ့သည် ခပ်တိုးတိုး ရယ်မောလိုက်ရာ သူမ၏ မျက်ဝန်းလေးများမှာ ကြယ်လေးများအလား ဝင်းလက်သွားသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ အဘိုးဟယ်၏ အနောက်မှ လူများကလည်း အနီရောင် စာအိတ်များကို အသီးသီး ထုတ်ပေးကြခြင်းပင်။
"ဒါက ဦးလေးနဲ့ အန်တီတို့ဆီက လက်ဆောင်ပါ၊ အဘိုးပေးတာ ယူပြီးမှတော့ တို့ပေးတာကို ငြင်းလို့မရဘူးနော်"
မကြာမီမှာပင် မင်ယွဲ့၏ လက်ထဲ၌ အနီရောင် စာအိတ်များစွာ ပြည့်နှက်သွားတော့သည်။
"ဒီလက်ဆောင်ကတော့ ကိုယ့်ဆီကပါ"
ဟယ်ဝမ်ကပါ ဝင်ရောက် လက်ဆောင်ပေးလာသည့်အခါ မင်ယွဲ့မှာ အားနာသွားရသည်။
"စီနီယာအစ်ကို... ဒါက မလိုပါဘူးရှင်"
"ရှက်နေတယ်ဆိုရင်တော့ နောက်ပိုင်း ကိုယ့်ကို 'ဝမ်းကွဲအစ်ကို' လို့ပဲ ခေါ်ဖို့ မှတ်ထားပါ" ဟု ဟယ်ဝမ်က ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြသည်။
စီနီယာအစ်ကိုမှ ဝမ်းကွဲအစ်ကို ဖြစ်သွားခြင်းမှာ အနည်းငယ် ရှက်စရာကောင်းသော်လည်း မိုဟန်ကျီက ချက်ချင်းပင် ဝင်ယူပေးလိုက်သည်။
"ယွဲ့ယွဲ့ ကိုယ်စား ကျွန်တော်ပဲ ကျေးဇူးတင် လိုက်ပါတယ် ဝမ်းကွဲအစ်ကို"
မင်ယွဲ့သည် သူ့ကို မျက်စောင်းထိုးလိုက် သော်လည်း မငြင်းဆန်ခဲ့ပါ။
သူမသည် လက်ထဲရှိ စာအိတ်အားလုံးကို မိုဟန်ကျီ၏ အနောက်တိုင်းဝတ်စုံ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။ အေးစက်ခက်ထန်သော အမျိုးသားတစ်ဦး၏ အိတ်ကပ်ထဲမှ ထွက်ပြူနေသော အနီရောင် စာအိတ်လေးများမှာ သူ၏ အရှိန်အဝါကို နွေးထွေးမှု တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်သယောင် ရှိသည်။
လူအများမှာမူ ဤမြင်ကွင်းကို ကြည့်ပြီး အမျိုးမျိုး ပြောဆိုနေကြသည်။
"ဒီမိန်းကလေးက မသေးဘူးပဲ၊ ပထမဆုံးတွေ့တာနဲ့ ဟယ်မိသားစု တစ်ခုလုံးရဲ့ အသိအမှတ်ပြုမှုကို ရအောင် လုပ်နိုင်တာ"
"သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပဲ၊ အနုပညာလောကထဲက ဘယ်မင်းသားမင်းသမီးနဲ့မှ မတူဘူး"
သို့သော် ထိုနေရာ၌ပင် မနာလိုမှုနှင့် သံသယများကလည်း ရှိနေဆဲဖြစ်သည်။
"လက်ထပ်ပြီးသားတောင် ကွာရှင်းနိုင်တာပဲ၊ အခုက ချစ်သူအဆင့်ပဲ ရှိပါသေးတယ် ဘယ်လောက်ကြာကြာ ခံမလဲ ဘယ်သူသိမှာလဲ"
ဟု အနီရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက ဝိုင်ခွက်ကို ကျွမ်းကျင်စွာ လှည့်ရင်း ဆိုလိုက် သည်။
သူမ၏ နာမည်မှာ ချန်ယောင် ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က မိုဟန်ကျီကို အပြင်းအထန် လိုက်ခဲ့ဖူးသော အမျိုးသမီးလည်း ဖြစ်သည်။ သို့သော် မိုဟန်ကျီသည် သူမ၏ အချစ်ကို အကြိမ်ကြိမ် အေးစက်စွာ ငြင်းပယ်ခဲ့ဖူးသည်။
ချန်ယောင်သည် မင်ယွဲ့ကို အဝေးမှ ငေးကြည့်နေရင်း တစ်ချက်မျှ စနောက်လိုသော စိတ်ဆန္ဒဖြင့် သူမ၏ ဝိုင်ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်သည်။ မင်ယွဲ့သည်လည်း သူမကို မသိသော်လည်း ယဉ်ကျေးစွာပင် ပြန်လည် ဂုဏ်ပြုလိုက်သည်။
ချန်ယောင်သည် မင်ယွဲ့၏ အနားသို့ လျှောက်လာကာ ဖန်ခွက်ချင်း တိုက်လိုက်သည်။
"မင်္ဂလာပါ... ချန်ယောင် ပါ၊ တို့ သူငယ်ချင်း ဖြစ်လို့ ရမလား”
မင်ယွဲ့သည် ပတ်ဝန်းကျင်မှ တိုးတိုးလေး ပြောဆိုနေကြသံများကြောင့် ဤအမျိုးသမီးနှင့် ဟန်ကျီတို့၏ အတိတ်ဇာတ်လမ်းကို ရိပ်မိလိုက်သည်။
သို့သော် သူမသည် လုံးဝ ဂရုမစိုက်ပါ။
"မင်ယွဲ့ ပါ၊ တို့အတွက် ဂုဏ်ယူစရာပါပဲ"
သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ချန်ယောင်သည် မင်ယွဲ့၏ လက်ကလေးများ မည်မျှ နူးညံ့သည်ကို သတိပြုမိသွားကာ အံ့ဩသွားရသည်။ မိုဟန်ကျီကမူ မိမိ၏ ဇနီးလောင်းကို တောလိုက်ဝံပုလွေတစ်ကောင်က လုယူတော့မည့်အလား ချန်ယောင်ကို ခက်ထန်စွာ ကြည့် နေသည်။
"ဘာလို့ အဲ့လိုကြည့်နေတာလဲ တို့တွေ အခု သူငယ်ချင်း ဖြစ်သွားပြီ"
ဟု ချန်ယောင်က စနောက်လိုက်သည်။
မိုဟန်ကျီ အချစ်၌ နစ်မွန်းနေသည်ကို မြင်ရခြင်းမှာ သူမအတွက် တစ်မျိုး စိတ်ကျေနပ်စရာပင်။
"ယွဲ့ယွဲ့..."
မိုဟန်ကျီက မင်ယွဲ့၏ ပခုံးကို ဖက်ကာ သူ့အနား သို့ ဆွဲကပ်လိုက်သည်။
"ဥက္ကဋ္ဌမိုက တို့ကို မှတ်မိသေးရဲ့လား”
ဟု ချန်ယောင်က ရဲတင်းစွာ မေးလိုက်သည်။
မိုဟန်ကျီသည် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သော်လည်း သူ၏ မျက်ဝန်းများထဲတွင် စိမ်းသက်မှုများသာ ပြည့်နှက်နေသည်။ သူ အမှန်တကယ် မမှတ်မိခြင်း ဖြစ်သည်။
ချန်ယောင်မှာ အမှန်တကယ် လက်လျှော့ထားပြီ ဖြစ်သော်လည်း ဤမျှအထိ လျစ်လျူရှုခံရသဖြင့် ဒေါသတကြီး ရယ်မောလိုက်မိသည်။
"ငယ်ငယ်တုန်းက အသိဉာဏ်မရှိလို့ ဥက္ကဋ္ဌမိုကို တို့ ရည်းစားစကားတောင် ပြောခဲ့ဖူးတာလေတကယ်ပဲ မမှတ်မိတော့ဘူးလား”
ထိုစကားကြောင့် မိုဟန်ကျီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် ချက်ချင်းပင် မင်ယွဲ့၏ မျက်နှာကို ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိသည်ကို တွေ့ရသဖြင့် သက်ပြင်းချနိုင်တော့သည်။
"မစ္စချန်... ကျွန်တော်က ယွဲ့ယွဲ့ တစ်ယောက်တည်းကိုပဲ ချစ်တာပါ တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ဖူးဘူး အထင်လွဲစရာတွေ မဖြစ်အောင် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ မျှော်လင့်ပါတယ်"
မိုဟန်ကျီ၏ အသံမှာ ပြတ်သားလှသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ကြားလိုက်ရသည်။ ဤသည်မှာ သူ၏ ချစ်သူကို လူသိရှင်ကြား ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။
ချန်ယောင်မှာ ဝမ်းနည်းခြင်း မရှိဘဲ သူမ၏ ငယ်ဘဝ ခံစားချက်များ ယနေ့မှပင် အမှန်တကယ် အဆုံးသတ်သွားပြီဟု ခံစားလိုက်ရသည်။
"ဥက္ကဋ္ဌမိုက အများကြီး တွေးနေတာပဲ တို့ ပြောခဲ့သလိုပါပဲ၊ အဲ့ဒါက ငယ်စဉ်က မသိနားမလည်မှု သက်သက်ပါ နင်တို့နှစ်ယောက် ထာဝရ ချစ်ချစ်ခင်ခင်နဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
မင်ယွဲ့ကလည်း ပြုံးလျက်
"ဒါဆို တို့လည်း နင့်ကို ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ဟု ဆိုကာ ဝိုင်ခွက်ချင်း တိုက်လိုက်ကြသည်။
ချန်ယောင်သည် သူမ၏ နေရာသို့ ပြန်သွားခဲ့သည်။ တစ်ပါးသူများက သူမကို မည်သို့ပင် လှောင်ပြောင် ကဲ့ရဲ့နေပါစေ၊ သူမမှာ ဂရုမစိုက်ပါ။ အနည်းဆုံးတော့ သူမသည် မိမိ၏ ဆန္ဒများကို ဖုံးကွယ်ထားသော ကြောက်တတ်သူများထက် ပို၍ ရဲတင်းခဲ့သည် မဟုတ်ပါလား။
***