လက်ဆောင်သေတ္တာကို ဖွင့်လိုက်သည့် ခဏဝယ် ခန်းမတစ်ခုလုံး၌ အံ့ဩချီးကျူးသံများ ဆူညံသွားတော့သည်။
ရွှေတွင် တန်ဖိုးသတ်မှတ်ချက် ရှိသော်လည်း အဖိုးတန် ကျောက်စိမ်းမှာမူ ဖြတ်ပိုင်းဖြတ်၍မရနိုင်သော တန်ဖိုးရှိသည် မဟုတ်ပါလား။
မိုမိသားစုမှ ပေးအပ်သော ကျောက်စိမ်းမှာ ထူးခြားကောင်းမွန်လှပြီး နဂါးနှင့် ဖီးနစ်ငှက်တို့ကို လက်ရာမြောက်စွာ ထုဆစ်ထားသည့် အလှဆင် ကျောက်စိမ်းပြားကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
"ဒါကို စာကြည့်တိုက်ထဲကို ပို့ထားလိုက်ပါ"
ဟု အဘိုးဟယ်က ကျေနပ်စွာ ဆိုသည်။
ထို့နောက် မိုဟန်ကျီ ပေးအပ်သော လက်ဆောင်သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို တွေ့ရသည်။
အဘိုးဟယ်မှာ ထိုစာအုပ်ကို မြင်သည်နှင့် မျက်ဝန်းများ အရောင်တောက်သွားကာ "ဟန်ကျီ... ဒီစာအုပ်ကို အဘိုး ရှာနေတာ ကြာပြီကွယ်" ဟု အားရပါးရ ရယ်မောလျက် ဆိုသည်။
သို့သော် သေတ္တာတစ်လုံး ကျန်ရှိနေသေးသဖြင့် ဦးလေးဟယ်မှာ အံ့ဩသွားရသည်။
"ဒါက ယွဲ့ယွဲ့ ပေးတဲ့ လက်ဆောင်လား”
ဟု ဟယ်ဝမ်က မေးလိုက်သည်။
သေတ္တာအတွင်းမှ ပစ္စည်းကို ထုတ်လိုက်သည့်အခါ လူတိုင်း၏ စူးစမ်းလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။ ၎င်းမှာ ဝမ်ရှီးကျီ၏ 'လန်ထင်စုကဗျာ နိဒါန်း' ကို ပုံဖော်ထားသည့် စားပွဲတင် မျက်နှာစာ တစ်ခုပင် ဖြစ်သည်။
စာမျက်နှာများကို တစ်ရွက်ချင်း ဖြန့်ခင်းနိုင်ပြီး တစ်ဖက်တွင် ရှုခင်းပုံ၊ တစ်ဖက်တွင် ကဗျာစာသားများဖြင့် အလွန်ပင် လှပဆန်းသစ်လှသည်။
"ဒါက ရေးထားတာ မဟုတ်ဘူး... ပန်းထိုးထားတာပဲ အံ့ဩစရာကောင်းလိုက်တာ"
ဟု အဘိုးဟယ်က စာမျက်နှာပေါ်မှ စာသားများကို အနီးကပ်ကြည့်ရင်း ရေရွတ်လိုက်သည်။
မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင်လက်ရာဖြင့် အဘိုးဟယ်၏ စိတ်ကို အကြွင်းမဲ့ ဖမ်းစားနိုင်ခဲ့လေပြီ။
ပွဲပြီးနောက် မိုဟန်ကျီသည် မင်ယွဲ့ကို သူမ၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ကားပေါ်မှ ဆင်းခါနီးတွင် မင်ယွဲ့က သူ၏ ပါးပြင်ကို အသာအယာ နမ်းရှိုက်ကာ နှုတ်ဆက်လိုက် သည်။
"ကိုယ် အပေါ်အထိ လိုက်ပို့မယ်၊ ဒီဝတ်စုံကြီးနဲ့ လမ်းလျှောက်ရတာ အဆင်မပြေမှာ စိုးလို့ပါ"
ဟု မိုဟန်ကျီက ဆိုကာ သူ၏ အပေါ်ဝတ်စုံကို မင်ယွဲ့၏ ပုခုံးပေါ်သို့ ခြုံပေးလိုက်သည်။
အခန်းရှေ့သို့ ရောက်သောအခါ မိုဟန်ကျီသည် အိတ်ကပ်ထဲမှ အနီရောင် စာအိတ်များကို ထုတ်ပေးလိုက်သည်။
"ဒါ မင်းရဲ့ စာအိတ်တွေလေ"
ဟု သူက ဆိုရင်း မင်ယွဲ့ကို လွမ်းဆွတ်တမ်းတနေသည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။
"ကိုကို... မနက်ဖြန် နေ့လယ်ကျရင် ကျွန်မ ကုမ္ပဏီကို လာခဲ့မယ်နော်"
မင်ယွဲ့၏ စကားကြောင့် မိုဟန်ကျီ၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားတော့သည်။ သူသည် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ လည်တိုင်လေးတွင် ခေါင်းကို ဝှက်ထားရင်း ခပ်တိုးတိုး မေးလိုက်သည်။
"ကိုယ်ကတော့ အမျိုးတွေ အကုန်လုံးနဲ့ တွေ့ပြီးပြီ... မင်းကရော ကိုယ့်ကို ဘယ်တော့ မိဘတွေနဲ့ ပေးတွေ့မှာလဲ”
ပုံမှန်အချိန်တွင် အေးစက်ခက်ထန်သော ဥက္ကဋ္ဌမိုမှာ ယခုအခါတွင်မူ ချစ်သူမိန်းကလေးကို ချွဲနွဲ့နေသော ကောင်လေးတစ်ဦးအလား ဖြစ်နေတော့သည်။
မင်ယွဲ့ အခန်းထဲသို့ ရောက်သောအခါ စာအိတ်များကို တစ်ခုချင်းစီ ဖွင့်ကြည့်လိုက်
သည်။
အဘိုးဟယ်က (၂) သန်း၊ ဦးလေးနှစ်ဦးက (၁) သန်းစီ၊ နှင့် စီနီယာအစ်ကိုက (၅) သိန်း အသီးသီး ပေးထားကြသည်။ ထိုစဉ် သူမ၏ ဖုန်းထဲသို့ မိုဟန်ကျီထံမှ ငွေလွှဲဝင်လာသည်။
"၈ ဒသမ ၆၄ သန်း... ဒီကိန်းဂဏန်းက ဘာအဓိပ္ပာယ်လဲ”
သူမ၏ စနစ် ဖြစ်သော ယွမ်ပေါင်က ရုတ်တရက် ပေါ်လာကာ
"ယွဲ့ယွဲ့... ငါ အဖြေကို သိပြီ ၂၀၀+၁၀၀+၁၀၀+၅၀+၈၆၄ ဆိုရင် ၁၃၁၄ ရတယ် ၁၃၁၄ ဆိုတာက 'တစ်သက်တာလုံး ချစ်နေမယ်' လို့ အဓိပ္ပာယ်ရတယ်လေ ဒါ ကိုကိုမိုက မင်းကို အချစ်ဝန်ခံလိုက်တာပဲ"
ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။
မင်ယွဲ့မှာ မိုဟန်ကျီ၏ ထိုကဲ့သို့သော နူးညံ့သိမ်မွေ့သော အပြုအမူလေးကို တွေးမိကာ ပြုံးလိုက်မိသည်။ သူမသည် သူ၏ အသံမက်ဆေ့ဂျ်များကို ပြန်လည်နားထောင်ရင်း
“ကျွန်မလည်း ကိုကို့ကို ချစ်ပါတယ်... ထာဝရပါပဲ"
ဟု အသံပြန်ပို့လိုက်သည်။
ထိုညတွင် မင်ယွဲ့၏ သတင်းမှာ ယန်ကျင်းတစ်မြို့လုံးတွင် ပျံ့နှံ့သွားတော့သည်။ သူမသည် ဥက္ကဋ္ဌမို၏ ချစ်သူဖြစ်ရုံသာမက ဂီတနှင့် လက်ရေးလှပညာတွင်ပါ ပြိုင်ဘက်ကင်းလောက်အောင် ထူးချွန်သူဖြစ်ကြောင်း လူအများက အသိအမှတ်ပြုသွားကြလေပြီ။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ရှင်းယောင်းကုမ္ပဏီသို့ သွားရောက်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ယွဲ့ဟွာ နည်းပညာကုမ္ပဏီမှ ကျန်းဟန်မှာ ရုတ်တရက် နှာချေလိုက်သဖြင့် ဝမ်ချန်းက
“တစ်ယောက်ယောက်က နင့်အကြောင်း အတင်းပြောနေတာလား”
ဟု စနောက်လိုက်သည်။
ကျန်းဟန်မှာမူ တစ်စုံတစ်ဦးကို မေ့လျော့နေသကဲ့သို့ ခံစားချက်ဖြင့် ပြုံးနေမိတော့သည်။
***