"ဒေါသထွက်လိုက်တာ... တကယ်ကို ဒေါသထွက်ဖို့ကောင်းတယ်”
စီနီယာကျောက်၏ ဆဲဆိုသံများမှာ ရပ်တန့်မသွားပေ။
"ဒါ ဘယ်လိုလူစားတွေလဲ ငါတို့ကို နှင်ထုတ်ဖို့ ဘယ်လိုတောင် သတ္တိရှိရတာလဲ၊ မထွက်ဘူးကွာ... သူတို့ ဘာလုပ်ရဲလဲ ကြည့်ရသေးတာပေါ့"
သူတို့အနေဖြင့် ဤနေရာမှ ထွက်ခွာသွားရန် လုံးဝဆန္ဒမရှိကြပေ။
ဤဟိုတယ်မှာ ပွဲစီစဉ်သူများက သတ်မှတ်ပေးထားခြင်းဖြစ်ရာ အကယ်၍ ယနေ့သာ အရှုံးပေး၍ ထွက်သွားပါက မနက်ဖြန်ပွဲတွင် လှောင်ပြောင်စရာ ဖြစ်လာပေလိမ့်မည်။
မင်ယွဲ့သည် သူမ၏ ဖုန်းကို ကိုင်ထားရင်း သရော်ပြုံး ပြုံးလိုက်မိသည်။
"ဟင်... ယွဲ့ယွဲ့ နင် တစ်ချိန်လုံး ဗီဒီယိုရိုက်ထားတာလား”
ဟု စီနီယာကျောက်က အံ့ဩတကြီး မေးလိုက် သည်။
မင်ယွဲ့က ဘာမှမပြောဘဲ ပြုံးနေစဉ်မှာပင် အပြင်မှ တံခါးကို ဝုန်းကနဲ ဖွင့်လိုက်သဖြင့် သူမသည် ဖုန်းကင်မရာကို ချက်ချင်းပင် တံခါးဘက်သို့ ချိန်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူမိုက်ငါးဦးမှာ အခန်းထဲသို့ ခြိမ်းခြောက်သောအမူအရာဖြင့် ဝင်ရောက်လာကြသည်။
"ဘာလုပ်တာလဲ ဥပဒေဆိုတာ မရှိတော့ဘူးလား”
ဟု စီနီယာကျောက်က အသံကုန်ဟစ်ကာ သရုပ်ဆောင်ကောင်းပီပီ
"အား... ကိုယ်တွေလက်တွေ နာလိုက်တာ၊ ကျွန်တော့်ခြေထောက် ကျိုးသွားပြီထင်တယ်"
ဟု အော်ဟစ်ကာ ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွားတော့သည်။
ဟိုတယ်လုံခြုံရေးဝန်ထမ်းတစ်ဦးက ဒေါသတကြီးဖြင့် လက်သီးဖြင့် ထိုးရန် ပြင်လိုက်စဉ် မင်ယွဲ့သည် စားပွဲပေါ်ရှိ ပန်းသီးတစ်လုံးကို လျှပ်တစ်ပြက် လှမ်းပစ်လိုက်သည်။
ထိုပန်းသီးမှာ ကျောက်တုံးကြီးတစ်ခုအလား ထိုသူ၏ နဖူးကို ထိမှန်သွားပြီး သူသည် မျက်လုံးများ ပြူးကာ ကြမ်းပြင်ပေါ်သို့ တည့်တည့်ကြီး မှောက်ခုံလဲကျသွားတော့သည်။
"အရာရှိရှင့်... လျူယွန်းဟိုတယ်က ကျွန်မတို့ရဲ့ စားသုံးသူအခွင့်အရေးကို ချိုးဖောက်ရုံတင်မကဘဲ အကြမ်းဖက်ပြီး နှင်ထုတ်ဖို့ ကြိုးစားနေပါတယ်၊ ကျွန်မ သူတို့ကို တရားစွဲချင်ပါတယ်”
မင်ယွဲ့၏ အေးစက်လှသော အသံကြောင့် လူမိုက်များမှာ တန့်သွားကြသည်။
သူမက ရဲတိုင်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့မှာ ဒေါသတကြီးဖြင့် ပြန်လည် ထွက်ခွာသွားကြတော့သည်။
ဟိုတယ်မန်နေဂျာသည် အခြေအနေကို သိရှိသွားသည်နှင့် စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို ချက်ချင်းဖျက်ဆီးစေကာ မျက်မြင်သက်သေများကို ပါးစပ်ပိတ်ရန် ကြိုးစားတော့သည်။ ထို့နောက် သူသည် သူ၏ အထက်လူကြီး 'သခင်လေးလျူ' ထံသို့ အစီရင်ခံလိုက်သည်။
သခင်လေးလျူသည် ဆေးလိပ်ကို ခပ်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ရင်း မကောင်းဆိုးဝါးအလား ပြုံးလိုက်သည်။
"ဝူဟောက်ကတော့ ပြဿနာရှာပြန်ပြီ၊ ဒါပေမဲ့ ခုနက ရဲတိုင်တဲ့ မိန်းကလေးက တော်တော်လေး လှတာပဲ... စိတ်ဝင်စားဖို့ကောင်းတယ်"
သူ၏ မျက်ဝန်းထဲတွင် ထိုအလှတရားကို ဖျက်ဆီးလိုသော ရမ္မက်ဆန္ဒများ ပြည့်နှက် နေသည်။
မကြာမီမှာပင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။ ဟိုတယ်မန်နေဂျာမှာ အပြုံးမပျက်ဘဲ
"အရာရှိတို့... ဒါက နားလည်မှုလွဲတာပါ၊ ကျွန်တော်တို့က ဥပဒေကို လေးစားတဲ့ လုပ်ငန်းရှင်တွေပါ"
ဟု လိမ်လည်ထွက်ဆိုနေသည်။
သို့သော် မင်ယွဲ့က သူမ၏ ဖုန်းထဲမှ မှတ်တမ်းတင်ထားသော ဗီဒီယိုကို ထုတ်ပြလိုက်သည့်အခါ မန်နေဂျာ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
သူသည် စောင့်ကြည့်ကင်မရာများ ပျက်နေပါသည်ဟု အကြောင်းပြသော်လည်း ရဲအရာရှိမှာ မင်ယွဲ့ဘက်က အထောက်အထားများကြောင့် သံသယဝင်နေပြီဖြစ်သည်။
"အရာရှိရှင့်... CCTV က ပျက်နေတာ မဟုတ်ပါဘူး၊ သူတို့ ရည်ရွယ်ချက်ရှိရှိ ဖျက်ပစ်လိုက်တာပါ"
ဟု မင်ယွဲ့က တည်ငြိမ်စွာ ဆိုသည်။
ရဲအရာရှိသည် အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် အထောက်အထား မခိုင်လုံသေးသဖြင့် သီးသန့်ညှိနှိုင်းကြရန် အကြံပြုသည်။
သို့သော် မင်ယွဲ့၏ မျက်ဝန်းထဲတွင်မူ လက်လျှော့မည့် အရိပ်အယောင် လုံးဝမရှိပေ။ သူမသည် သူမ၏ ရည်မှန်းချက်အတိုင်း ဤမတရားမှုကို အမြစ်ပြတ်အောင် ချေမှုန်းရန် ဆုံးဖြတ်ထားပြီး ဖြစ်တော့သည်။
"ကျွန်မတို့ ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းမှာ မဟုတ်ပါဘူး... ဥပဒေအတိုင်းပဲ ဆက်သွားပါ့မယ်"
***