"ကျွန်မ သူတို့ကို တရားစွဲမှာပါ၊ ဥပဒေရဲ့ ဆုံးဖြတ်ချက်ကိုပဲ ခံယူမယ်၊ ပုဂ္ဂိုလ်ရေးအရ စေ့စပ်ညှိနှိုင်းဖို့ လုံးဝ စိတ်ကူးမရှိဘူး၊ သူတို့ရဲ့ လုပ်ရပ်ကြောင့် ကျွန်မ ရုပ်ပိုင်းဆိုင်ရာရော စိတ် ပိုင်းဆိုင်ရာပါ ထိခိုက်နစ်နာခဲ့ရတယ်"
စီနီယာကျောက်သည် ဒေါသကို ထိန်းမရဘဲ တောက်ခေါက်လိုက်မိသည်။
စောင့်ကြည့်ကင်မရာ မှတ်တမ်းများကိုပင် ဖျက်ဆီးရဲသော ထိုသူများ၏ ယုတ်မာမှုမှာ ဖော်ပြ၍ပင် မရနိုင်တော့ပေ။ နောက်ကွယ်မှ ကြိုးကိုင်သူကို ချက်ချင်း လက်ပူးလက်ကြပ် မမိသေးလျှင်ပင် ရှေ့တန်းမှနေ၍ အနိုင်ကျင့်ခဲ့သော ထိုလူမိုက်များကိုမူ လွယ်လွယ်နှင့် လွှတ်ပေးရန် အစီအစဉ်မရှိပါ။
"ကျွန်မ တစ်ချက်လောက် ကြည့်ပါရစေ"
မင်ယွဲ့၏ စကားအဆုံးတွင် ရဲအရာရှိက လမ်းဖယ်ပေးလိုက်သည်။ သူမ၏ နူးညံ့သော လက်ချောင်းလေးများသည် ကီးဘုတ်ပေါ်တွင် လိပ်ပြာငယ်လေးများ ပျံဝဲနေသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားတော့သည်။
ကမ္ဘာ့အဆင့်မီ ဟက်ကာပညာရပ်ဖြင့် ခဏချင်းအတွင်းမှာပင် ပျက်စီးနေပါသည်ဆိုသော CCTV မှတ်တမ်းများကို ပြန်လည်ဖော်ထုတ်ပေးလိုက် သည်။
ဟိုတယ်မန်နေဂျာမှာ နဖူးမှ ချွေးစေးများ စီးကျလာကာ သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ယနေ့တွင်ပင် အဆုံးသတ်တော့မည်ကို သိလိုက်ရလေပြီ။ ဤအမှားအတွက် သူသည်သာ အပြစ်တင်ခံရမည့် ဓားစာခံဖြစ်လာတော့မည် မဟုတ်ပါလား။
"စီနီယာ... ဗီဒီယို ပို့လိုက်ပြီနော်"
စီနီယာကျောက်သည် ရရှိလာသော မှတ်တမ်းများကို သူ၏ လူမှုကွန်ရက်စာမျက်နှာထက်သို့
"လျူယွန်းဟိုတယ်ကို သပိတ်မှောက်ကြ" ဟူသော စာသားဖြင့် တင်လိုက်တော့သည်။
ထို့နောက် သူတို့အဖွဲ့သည် ထိုကံဆိုးလှသော နေရာမှ ချက်ချင်းပင် ထွက်ခွာခဲ့ကြသည်။
"ယွဲ့ယွဲ့... ယွမ်ထင်ဟိုတယ်ကို သွားလိုက်ပါ"
မိုဟန်ကျီသည် အဝေးတွင် ရှိနေသော်လည်း အခြေအနေအရပ်ရပ်ကို အချိန်နှင့်တစ်ပြေးညီ သိရှိနေခဲ့သည်။
"ကိုကို ဘယ်လိုသိတာလဲ”
"ဒီမှာ ရှိတဲ့ လူတစ်ယောက်ဆီကနေ ကိုယ် သိလိုက်ရတာပါ"
ဟု သူက ခပ်တိုးတိုး ဆိုသည်။
အမှန်စင်စစ် သူသည် မင်ယွဲ့၏ ဘေးကင်းရေးအတွက် အမြဲမပြတ် နိုးကြားနေခဲ့ခြင်း ဖြစ်သည်။
သူတို့အဖွဲ့ ယွမ်ထင်ဟိုတယ်သို့ ရောက်ရှိသွားချိန်တွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဥက္ကဋ္ဌကတော် ရှင့်... ကျွန်မတို့ သမ္မတအဆောင်ကို ပြင်ဆင်ပေးထားပါတယ်"
ဟု ဝန်ထမ်းလေးက ရိုသေစွာ ဆီးကြိုလိုက်
သည့်အခါ ဆရာယန်မှာ အံ့ဩသွားပြီးမှ
"ဪ... ယွမ်ထင်ဟိုတယ်က မိုမိသားစုပိုင်တာကိုး" ဟု သဘောပေါက်သွားတော့သည်။
သမ္မတအဆောင် အတွင်းရှိ သားရေဆိုဖာပေါ် တွင် ထိုင်ရင်း စီနီယာကျောက်မှာ
"ငါ့ဘဝမှာ ဒီလိုနေရာမျိုးမှာ ပထမဆုံး နေဖူးတာပဲ၊ ဒါတွေအားလုံးက ငါ့ညီမလေး ကျေးဇူးတွေပေါ့"
ဟု ကျေနပ်အားရစွာ ဆိုသည်။
မင်ယွဲ့သည် လသာဆောင်သို့ ထွက်ကာ မိုဟန်ကျီနှင့် ဖုန်းပြောနေမိသည်။ ပြင်ပမှ လင်းထိန်နေသော မြို့ပြညအလှမှာ သူမ၏ မျက်ဝန်းအိမ်တွင် အရိပ်ထင်နေသည်။
"ကိုကို... ကျွန်မတို့ အဆင်ပြေပြေ ရောက်နေပါပြီ"
ဖုန်းချပြီးနောက် သူမသည် သူမ၏ လက်ပ်တော့ကို ထုတ်ကာ လျူယွန်းဟိုတယ်၏ အရှုပ်တော်ပုံများကို အမည်မဖော်ဘဲ အွန်လိုင်းထက်သို့ ထပ်မံဖြန့်ဝေလိုက်သည်။
ညဉ့်နက်သော်လည်း သတင်းများမှာ တောမီးအလား ပျံ့နှံ့သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် မင်ယွဲ့ နိုးလာသောအခါ လျူယွန်းဟိုတယ်၏ လုပ်ရပ်မှာ လူမှုကွန်ရက် တွင် ရေပန်းအစားဆုံး သတင်းဖြစ်နေလေပြီ။
အရင်းရှင်တို့၏ အာဏာရှင်ဆန်သော အနိုင်ကျင့်မှုကို အများပြည်သူတို့က ဒေါသတကြီး ဝေဖန်နေကြသည်။ မင်ယွဲ့၏ နှလုံးသားထဲတွင်မူ ဤသည်မှာ အစမျှသာ ရှိသေးပြီး မတရားမှုကို တုံ့ပြန်မည့် သူမ၏ ရည်မှန်းချက်မှာ ပိုမိုပြတ်သားလာတော့သည်။
"ဒါ အစပဲ ရှိသေးတယ်... ကိုယ့်လုပ်ရပ်အတွက် ကိုယ် ပြန်ပေးဆပ်ရလိမ့်မယ်"
ဟု သူမက တိုးတိတ်စွာ ရေရွတ်လိုက်မိတော့သည်။
***