ရှောင်လင်းသည် သူမအား "အစ်မ" ဟု ချိုသာစွာ ခေါ်ဝေါ်နေသော်လည်း၊ သူမ၏ မျက်ဝန်းအစုံ၌ ရိပ်ခနဲ ဖြတ်ပြေးသွားသော မလိုတမာစိတ်ကို မင်ယွဲ့ သတိထားမိလိုက်သည်။
အကြောင်းပြချက် မရှိဘဲ သူမအား ကြည့်မရဖြစ်နေသူ နောက်တစ်ယောက် တိုးလာပြန်လေပြီ။
သို့သော်လည်း သူမသည် လူတိုင်းနှစ်သက်သည့် ငွေစက္ကူတစ်ရွက် မဟုတ်သကဲ့သို့၊ လူတိုင်း၏ အကြိုက်ကို လိုက်ရန်လည်း မလိုအပ်ပေ။
"သူမက ဟန်ကျီရဲ့ 'ချစ်သူ' လေ~"
ထိုအမျိုးသမီးကြီးသည် "ချစ်သူ" ဆိုသည့် စကားလုံးကို တမင်တကာ ဆွဲဆိုလိုက်သည်။
၎င်းမှာ "ချစ်သူအဆင့်ပဲ ရှိသေးတာကို ဘာလို့ အိမ်ဟောင်းအထိ တကူးတက လာနေရတာလဲ" ဟု သရော်လိုက်ခြင်းပင်။
မင်ယွဲ့သည် သူမ၏အနားတွင် အမြဲရှိနေတတ်သည့် ယွမ်ပေါ့ကို စမ်းကြည့်မိသော်လည်း ဘာမှမတွေ့သဖြင့်၊ ယွမ်ပေါ့မှာ အဘွားအိုမိုနှင့်အတူ ရှိနေသည်ကို သတိရသွားသည်။
"ယွဲ့ယွဲ့... ဒီမှာ လူကြီးတွေနဲ့ ထိုင်နေရတာ ပျင်းနေပြီမလား ဟန်ကျီရဲ့ အခန်းထဲမှာ သွားနားလိုက်လေ”
အဘွားအိုမို၏ စကားကြောင့် ထိုနေရာတွင် ရှိနေသူအားလုံး၏ မျက်နှာရိပ်မျက်နှာကဲများ ရုတ် ချည်း ပြောင်းလဲသွားကြသည်။
"ဟုတ်ကဲ့ အဘွား၊ တစ်ခုခုလိုရင် ကျွန်မကို ခေါ်လိုက်ပါဦးနော်”
မင်ယွဲ့သည် အဘွားအိုမိုက သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
မိုမိသားစုအိမ်တွင် သူမအတွက် သီးသန့် အိပ်ခန်းတစ်ခန်း ပြင်ဆင်ပေးထားသော်လည်း၊ ယခုမူ အဘွားက ဟန်ကျီ၏ အိပ်ခန်းသို့ပင် သွားခိုင်းလိုက်သည်။
ဤသည်မှာ မင်ယွဲ့သည် သူမကိုယ်တိုင် ရွေးချယ်ထားသည့် မြေးချွေးမလောင်း ဖြစ်ကြောင်းကို ထိုသူများအား အသိပေးလိုက် ခြင်းပင် ဖြစ်သည်။
မိုလင်းသည် သူမ အကြည်ညိုဆုံးဖြစ်သော အစ်ကိုဝမ်းကွဲ၏ အိပ်ခန်းတံခါးကို မင်ယွဲ့ အလွယ်တကူ တွန်းဖွင့်ဝင်သွားသည်ကို ကြည့်ရင်း ရင်ထဲ၌ မနာလိုမှုများ ပြင်းထန်စွာ ဝေဒနာဖြစ်လာရသည်။
သူမသည် ဤအိမ်သို့ အကြိမ်ကြိမ် ရောက်ဖူးသော်လည်း ထိုအခန်းထဲသို့ ခြေတစ်လှမ်းပင် မချဖူးချေ။ ယခုမူ အမည်မသိ မိန်းကလေးတစ်ဦးက အလွန်လွယ်ကူစွာ ဝင်ရောက်သွားနိုင်သည် မဟုတ်ပါလား။
"အဘွား... ကျွန်တော်က ဟန်ကျီကို အမြဲတမ်း အားကျခဲ့တာပါ သူက ကျွန်တော်တို့ မျိုးဆက် သစ်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ သူ့ဆီကနေ ပညာသင်ယူနိုင်ဖို့ ကျွန်တော့်ကို ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ပြုပါဦး”
မိုရွန်း သည် အပေါ်ယံကြည့်လျှင် ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း၊ ဝါးပင်ပုပ်မှ ဝါးညှောက်ကောင်း ထွက်နိုင်ပါ့မလားဟု မင်ယွဲ့ တွေးတောနေမိသည်။
အဘွားအိုမိုသည် တည်ငြိမ်စွာပင် ဆက်လက် စောင့်ကြည့်နေသည်။ ကျန်းမိသားစုမှ ကလေးသည် သူမ၏ မြေးဖြစ်သူအနားတွင် ရှိနေသည်မှာ မှန်သော်လည်း၊ မိုရွန်းနှင့်မူ အခြေအနေချင်း လုံးဝ မတူပေ။ သူမသည် ယုံကြည်စိတ်ချရသူမှလွဲ၍ မည်သူ့ကိုမျှ ကုမ္ပဏီအတွင်းသို့ အလွယ်တကူ လက်ခံမည်မဟုတ်။
အရေးကြီးသည့် အချက်တစ်ခုမှာ အဘွားအိုမိုသည် ကုမ္ပဏီကိစ္စများကို စွက်ဖက်ခြင်း မပြုတော့သည်မှာ ကြာပြီဖြစ်သည်။ ဧကရာဇ်တစ်ပါးတွင် သူ့နန်းတွင်းနှင့်သူ ရှိစမြဲပင်။
ရှင်းယောင်းလုပ်ငန်းစုသည် ယခုအခါ ဟန်ကျီ၏ လက်ထဲတွင် ရှိနေပြီး၊ သူမပိုင်ဆိုင်သည့် ရှယ်ယာများသည်လည်း နောက်ဆုံးတွင် သူမ၏ သားသမီးများဆီသို့သာ ရောက်ရှိသွားမည်ဖြစ်ရာ သူမ ဝင်ရောက် မရှုပ်ရှက်လိုပေ။
မင်ယွဲ့သည် မိုဟန်ကျီ၏ အခန်းထဲသို့ ရောက်ဖူးသော်လည်း၊ တစ်ဦးတည်း ရှိနေခြင်းမှာ ဤသည်မှာ ပထမဆုံးပင်။
သူမသည် သူ၏ လူနေမှုဘဝ အငွေ့အသက်များ ပြည့်နှက်နေသည့် အခန်းလေးကို လှည့်ပတ်ကြည့်ရှုရင်း၊ သူ၏ ရနံ့များက သူမကို ဝန်းရံထားသကဲ့သို့ ခံစားရသည်။
သူမသည် ဆိုဖာပေါ်တွင် အသာအယာ ထိုင်လိုက်ပြီး၊ အခန်း၏ မြင်ကွင်းကို ဓာတ်ပုံရိုက်ကာ မိုဟန်ကျီထံ ပို့လိုက်သည်။
"ဒါ ဘယ်နေရာလဲဆိုတာ ခန့်မှန်းကြည့်ပါဦး”
မိုဟန်ကျီသည် ဓာတ်ပုံကို မြင်လိုက်သည်နှင့် သူ၏ အိပ်ခန်းဖြစ်ကြောင်း ချက်ချင်း သိလိုက် သည်။
"ယွဲ့ယွဲ့ ပင်ပန်းနေပြီလား ခဏလောက် အိပ်ပြီး နားလိုက်နော် ကိုယ် အလုပ်ပြီးတာနဲ့ ပြန်လာခဲ့မယ်၊ ညကျရင် အတူတူ ညစာ စားကြတာပေါ့”
ထိုစကားကို ပြောနေစဉ်မှာပင် မိုဟန်ကျီသည် မိမိကိုယ်မိမိ ပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
အလုပ်စလုပ်ကာရှိသေးသော်လည်း သူသည် အလုပ်ဆင်းမည့်အချိန်ကိုသာ မျှော်လင့်နေမိလေပြီ။
"ဟုတ်ကဲ့၊ အောက်ထပ်မှာ ဧည့်သည်တွေ ရောက်နေလို့ အဘွားက ရှင့်အခန်းမှာ သွားနားခိုင်းတာ”
သူမ သူ၏ အခန်းထဲသို့ ဝင်ခြင်းအပေါ် မိုဟန်ကျီက မည်သို့မျှ သံသယမရှိဘဲ ခွင့်ပြုသည့်အတွက် မင်ယွဲ့ အနည်းငယ် အံ့သြသွားမိသည်။
သူတို့နှစ်ဦးစလုံးသည် ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြသည်။ မင်ယွဲ့၏ စကားကို ကြားလိုက်သည်နှင့် မိုဟန်ကျီ၏ မျက်ဝန်းများ အေးစက်သွားသည်။
အိမ်တွင် မင်ယွဲ့အတွက် သီးသန့်နားနေရန် အခန်းရှိပါလျက်နှင့် အဘွားက သူ၏ အိပ်ခန်းသို့ ပို့လိုက်သည်ဆိုခြင်းမှာ ယနေ့ရောက်လာသည့် ဧည့်သည်များသည် မင်ယွဲ့အပေါ် စိတ်ရင်းမမှန်ကြောင်း သူ သဘောပေါက်လိုက်သည်။
အောက်ထပ်တွင်မူ အဘွားအိုမိုသည် အသက်အရွယ်ကြောင့် လူပင်ပန်းလာသဖြင့် ဆက်လက် ထိုင်မနေချင်တော့ပေ။
သို့သော် တစ်ဖက်လူမှာမူ မိုရွန်းအား ရှင်းယောင် လုပ်ငန်းစုသို့ သွတ်သွင်းရန် ဇွဲမလျှော့ဘဲ ရှိနေသည်။
"ဟန်ကျီက အခုတောင် အလုပ်တွေ အရမ်းများနေတာ၊ ကျန်းယိ တစ်ယောက်တည်းနဲ့တင် သူ တော်တော် ပင်ပန်းနေရှာပြီ မင်းကို သင်ပေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး”
အဘွားအိုမိုက ထပ်မံ ငြင်းဆိုလိုက်သော်လည်း ထိုအမျိုးသမီးမှာ အလျှော့မပေးဘဲ -
"မရီးကလည်း ဘာတွေ ပြောနေတာလဲ ကျွန်မတို့က ဘယ်လောက် တော်စပ်လဲ၊ ကျန်းယိက ဘယ်သူမို့လို့လဲ ဟန်ကျီကို သူ့ကိုပဲ အလုပ်က ထုတ်ခိုင်းလိုက်လေ ကျွန်မတို့က မိသားစုဝင်တွေပဲ၊ နောက်ဆို အာရွန်းက ဟန်ကျီကို ကူညီပေးနိုင်မှာပါ”
ထိုအမျိုးသမီးကြီးသည် တကယ်ပင် နားမလည်ခြင်းလော၊ သို့မဟုတ် နားမလည်ဟန် ဆောင်နေခြင်းလော မသိရဘဲ၊ ဆွေမျိုးတော်စပ်မှုကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေသည်။
မင်ယွဲ့သည် ရေဆင်းသောက်ရန် အောက်သို့ ဆင်းလာစဉ် ဤစကားဝိုင်းကို ကြားလိုက်ရသည်။
ကျန်းယိအား အသုံးမကျသူတစ်ဦးကဲ့သို့ စိတ်ကြိုက် ခိုင်းစေနိုင်သည်ဟု ပြောဆိုနေခြင်းမှာ သူမအတွက် အလွန်ပင် နားခါးလှသည်။
"အဘွား... အဲဒီစကားကို ကျန်းယိရဲ့ ရှေ့မှာရော ပြောရဲသလား လူဆိုတာ ကိုယ့်နေရာကိုယ် သိသင့်တယ်၊ အခြေအနေကို နားလည်ဖို့လည်း လိုပါတယ် သူတစ်ပါးက မျက်နှာသာပေးထားရင်လည်း အလိုက်သိတတ်ရမယ်၊ အခွင့်အရေးကို အလွဲသုံးစား မလုပ်သင့်ဘူး”
မင်ယွဲ့၏ စကားများမှာ ပြတ်သားလွန်းလှသည်။
မိုရွန်းအား ရှင်းယောင်သို့ ဝင်ခိုင်းပြီး သူမ၏ မြေးမှာ အဖိုးတန်သူဖြစ်ကြောင်း ဟန်ဆောင်နေခြင်းမှာ တကယ်ပင် ရယ်စရာကောင်းလှသည်။ ကျန်းယိသည် ကျန်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အကယ်၍ ထိုအမျိုးသမီးတွင် သတ္တိရှိလျှင် ကျန်းမိသားစုထံသို့သာ သွားရောက် ပြောဆိုသင့်သည် မဟုတ်ပါလား။
ဧည့်သည်တစ်ဦးအနေဖြင့် မင်ယွဲ့သည် ဤကဲ့သို့ ဝင်မပြောသင့်သော်လည်း၊ အဘွားအိုမိုမှာ သိသိသာသာ ပင်ပန်းနေသည်ကို မြင်ရပြီး၊ ထိုသူများမှာ အားမနာတမ်း စော်ကားမော်ကား ပြောဆိုနေကြသဖြင့် သူမ ဝင်ရောက် တားဆီးလိုက်ခြင်းပင်။
"အဘွား... ကျွန်မ အဘွားကို အပေါ်ထပ် လိုက်ပို့ပေးပါရစေ”
သူမသည် ရေခွက်ကို ချလိုက်ပြီး အဘွားအိုမို၏ လက်ကို အသာအယာ ဆွဲကာ ပြောလိုက်သည်။
"နင်... နင်က ဒီမှာ စကားပြောခွင့် ရှိလို့လား မရီး... ကြည့်ပါဦး၊ အိမ်ထဲတောင် မဝင်ရသေးဘူး၊ လူကြီးတွေကို ဒီလောက် မလေးမစား လုပ်နေတာ နောက်ဆိုရင် ဘယ်လိုဖြစ်မလဲ ဟန်ကျီကရော ဒါကို ဒီအတိုင်း ကြည့်နေမှာလားဎ
မင်ယွဲ့ အပြောခံရသည်ကို မြင်သောအခါ မိုလင်းသည် ကျေနပ်သွားပြီး၊ အဘွားအိုမိုကလည်း မင်ယွဲ့ကို ဆူပူလိမ့်မည်ဟု မျှော်လင့်နေသည်။
သို့သော် သူမ မှားသွားလေပြီ။ အဘွားအိုမိုသည် သူတို့ကဲ့သို့သော သူများအတွက်နှင့် မင်ယွဲ့ကို မည်သည့်အခါမျှ ဆူမည်မဟုတ်ပေ။
'နင်တို့က ဘယ်သူမို့လို့ လူကြီးလို့ ကိုယ့်ကိုယ် ကိုယ် သတ်မှတ်နေတာလဲ'
အဘွားအိုမို၏ မျက်နှာမှာ အေးစက်စက် ဖြစ်သွားပြီး၊ ဆူညံစွာ ပြောဆိုနေသော ထိုအမျိုးသမီး၏ အသံမှာလည်း တဖြည်းဖြည်း တိတ်သွားတော့သည်။
"မရီး... ဒါက ဘာသဘောလဲ”
ပြင်ပလူတစ်ယောက်ကြောင့် အဘွားအိုမိုက သူတို့အပေါ် မျက်နှာလွှဲသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
"ငါ့စကားက ရှင်းပါတယ် ယွဲ့ယွဲ့နဲ့ နှိုင်းယှဉ်ရင် နင်တို့ကသာ ပြင်ပလူတွေပါ ယွဲ့ယွဲ့က နောင်တစ်ချိန်မှာ မိုမိသားစုရဲ့ အိမ်ရှင်မ ဖြစ်လာမယ့်သူ၊ နင်တို့လို ဆွေမျိုးတွေကတော့ ငါတို့ အလိုရှိတဲ့အခါ ခေါ်ယူနိုင်ပြီး၊ အလိုမရှိတဲ့အခါ ဘာမှမဟုတ်တော့တဲ့ သူတွေပဲ”
အဘွားအိုမိုသည် အမြဲတမ်း သိက္ခာရှိစွာ နေထိုင်သူဖြစ်သော်လည်း၊ ယခုမူ ထိုသူများကို လူရှေ့တွင် အရှက်ရစေရန် ပြတ်သားစွာ ပြောဆိုလိုက်ခြင်းပင်။
ထိုသူသုံးဦးစလုံး၏ မျက်နှာများမှာ ရုတ်ချည်း ပျက်ယွင်းသွားကြပြီး၊ မိုရွန်းတစ်ယောက်သာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားနိုင်တော့သည်။
***