မိုဟန်ကျီ ဓာတ်ပုံရိုက်နေသည်ကို မင်ယွဲ့ သတိပြုမိသော်လည်း သူမ အထူးတလည် ဂရုမစိုက်မိပေ။
သို့သော် ရုတ်တရက်ဆိုသလို သူမ အိပ်ရာမှ ဆတ်ခနဲ ထထိုင်လိုက်မိသည်။ တစ်ခုခုကို မေ့လျော့နေသည်ဟု ခံစားနေရခြင်းမှာ အကြောင်းမဲ့မဟုတ်ပါချေ။
“ဘာဖြစ်လို့လဲ”
မိုဟန်ကျီက စိုးရိမ်တကြီး မေးမြန်းလာသည်။
“ရှင့်ကို ပေးဖို့ ကျန်နေသေးတဲ့ လက်ဆောင်တစ်ခု ရှိသေးတယ်”
မနေ့ညကတည်းက ပေးရန် ရည်ရွယ်ထားသော်လည်း ပြန်ရောက်လာချိန်တွင် အခြေအနေများက ထင်မှတ်မထားဘဲ ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားကာ ထိုအကြောင်းကို လုံးဝ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။
“မင်း ပေးပြီးပြီ မဟုတ်လား”
သူမ ကိုယ်တိုင် ပြုလုပ်ပေးထားသော ရင်ထိုး၊ လက်ကြယ်သီးများနှင့် ဝတ်စုံတို့ကို သူ အလွန်နှစ်သက်လှသည်။ ထိုပစ္စည်းများတွင် သူမ၏ စေတနာနှင့် အားထုတ်မှုများစွာ ပါဝင်နေသည် မဟုတ်ပါလား။
အရေးအကြီးဆုံးမှာ မနေ့ညက သူတို့နှစ်ဦး တရားဝင် ချစ်သူများ ဖြစ်ခဲ့ကြခြင်းပင်။ ၎င်းမှာ သူရရှိခဲ့သမျှ မွေးနေ့လက်ဆောင်များထဲတွင် အကောင်းဆုံးသော လက်ဆောင်ပင် ဖြစ်သည်။
“ဒါတွေတင် မကသေးဘူး၊ မျက်လုံးမှိတ်ထားပါဦး၊ မဖွင့်နဲ့ဦးနော်”
မင်ယွဲ့သည် သူမ၏ လက်ဖဝါးနုနုလေးများဖြင့် သူ၏မျက်လုံးကို အုပ်မိုးကာ အမိန့်ပေးလိုက် သည်။
“ကောင်းပါပြီဗျာ”
သူသည် လမင်းငယ်လေး၏ စကားကို မြေဝယ်မကျ နာခံရန်သာ ရှိတော့သည်။
【မင်ယွဲ့... မင်းရဲ့ ဂုဏ်သတင်းက တဟုန်ထိုး တက်လာနေပြီနော်】
ယွမ်ပေါ့၏ အသံက စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
မနေ့ညက ဆက်ဆံရေးကို တရားဝင် ကြေညာလိုက်ခြင်းကြောင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများမှာလည်း လူသိရှင်ကြား ပေါ်ထွက်သွားပုံရသည်။
မင်ယွဲ့သည် အခန်းထဲသို့ ဝင်ကာ အာကာသဟင်းလင်းပြင်ထဲမှ ကြိုတင်ပြင်ဆင်ထားသော ပန်းချီကားကို ထုတ်ယူလိုက်သည်။
သူမ ဧည့်ခန်းသို့ ပြန်ရောက်လာချိန်တွင် မိုဟန်ကျီမှာ လိမ္မာသော ကလေးငယ်တစ်ဦးအလား မျက်လုံးများကို စည်းကမ်းတကျ မှိတ်ထားဆဲ ဖြစ်သည်။
ရင်းနှီးပြီးသား ခြေသံကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထားမှာ သိသိသာသာပင် နုညံ့သွားခဲ့သည်။
“မျက်လုံးဖွင့်လို့ ရပါပြီ”
မင်ယွဲ့က ပြောလိုက်သည်။
မိုဟန်ကျီ မျက်လုံးဖွင့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသည်မှာ မိသားစုပုံတူ ပန်းချီကားတစ်ချပ် ဖြစ်သည်။
ယွဲ့ယွဲ့သည် ပန်းချီဆွဲရာတွင် ကျွမ်းကျင်သူဖြစ်ကြောင်း သူသိထားသော်လည်း ယခု ဆီဆေးပန်းချီကားကို မြင်လိုက်ရချိန်တွင်မူ သူ အမှန်တကယ်ပင် အံ့အားသင့်ကာ ဝမ်းသာသွားမိသည်။
မိသားစုဝင် တစ်ဦးချင်းစီ၏ မျက်နှာအမူအရာနှင့် လှုပ်ရှားမှုများကို အသက်ဝင်စွာ ရေးဆွဲထားသည်။ ရုပ်ငြိမ်ပန်းချီကားတစ်ချပ် ဖြစ်သော်လည်း နောက်ခံအလှတရားများနှင့် ပေါင်းစပ်လိုက်သောအခါ လှုပ်ရှားသက်ဝင်နေသည့်အလား ခံစားရစေသည်။
ပန်းချီကား၏ နောက်ခံမှာ သူ ကြီးပြင်းခဲ့ရာ အိမ်ဟောင်းကြီး၏ ရင်ပြင်လေးပင် ဖြစ်သည်။
“ကျေးဇူးပါပဲ”
သူသည် မင်ယွဲ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး “ဒီလက်ဆောင်ကို ကိုယ် တကယ် သဘောကျ တယ်”
ဟု ခပ်တိုးတိုး ဆိုလိုက်သည်။
“ရှင် သဘောကျရင်ပဲ ကျေနပ်ပါပြီ”
မိုဟန်ကျီ ထိုင်နေစဉ် မင်ယွဲ့က မတ်တပ်ရပ်နေခြင်း ဖြစ်သည်။ မင်ယွဲ့သည် သူ၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးလိုက်မိသည်။ ယခုအခါ သူမသည် သူ၏ ဆံပင်နုနုလေးများကို ပွတ်သပ်ရသည်မှာ ပို၍ပင် အသားကျနေပြီ ဖြစ်သည်။
“ဒါပေမဲ့... နောက်နှစ် မွေးနေ့မှာလည်း ကိုယ့်ကို နောက်ထပ် ပန်းချီကားတစ်ချပ် ထပ်ပေးနိုင်မလား”
သူသည် မင်ယွဲ့၏ သွယ်လျသော ခါးလေးကို ဖက်ကာ ခေါင်းကို နောက်သို့ အနည်းငယ် စောင်း၍ မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့် လိုက်သည်။
မင်ယွဲ့အနေဖြင့် သူ့ကို မည်သို့ စိတ်ပျက်စေနိုင်မည်နည်း။ ဤသည်မှာ ခက်ခဲသော ကိစ္စမှ မဟုတ်ပါဘဲ။
“ကောင်းပါပြီ၊ နောက်နှစ်မှာ နောက်ထပ် တစ်ချပ် ထပ်ပေးပါ့မယ်”
“နောက်နှစ်ရဲ့ မိသားစုပုံထဲမှာတော့ မင်းနဲ့ ယွမ်ပေါ့ပါ ပါဝင်လာမှာပေါ့”
မိုဟန်ကျီ၏ မျက်လုံးများထဲ၌ ကြယ်စင်များ တောက်ပနေသကဲ့သို့ အပြုံးများ ပြည့်နှံ့နေသည်။ မိသားစုပုံတူ ပန်းချီကားထဲ၌ တောက်ပသော လမင်းငယ်လေး ပါဝင်
နေသည်ကို သူ မြင်ယောင်နေပုံရသည်။
“အင်းပါ”
မင်ယွဲ့သည် သူ၏ နက်မှောင်သော ဆံနွယ်များပေါ်သို့ လက်တင်ကာ အသာအယာ ဖိပွတ် လိုက်သည်။
“ပြီးတော့ ဒါလည်း ရှိသေးတယ်”
မင်ယွဲ့သည် မိုဟန်ကျီ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော “ပုံပေါင်းတစ်ရာ စုစည်းမှု” အယ်လ်ဘမ်ကို ထုတ်ပေးလိုက်သည်။
မိုဟန်ကျီသည် စိတ်လှုပ်ရှားစွာဖြင့် အယ်လ်ဘမ်ကို လှန်ကြည့်လိုက်ရာ ပထမဆုံး စာမျက်နှာတွင် သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့စဉ်က ပုံရိပ်ကို တွေ့လိုက်ရသည်။
သူကိုယ်တိုင် စတင်၍ စကားပြောရန် ကြိုးစားခဲ့သည့် ထိုမြင်ကွင်းကို ပြန်လည်အမှတ်ရမိပြီး သူ မပြုံးဘဲ မနေနိုင်တော့ချေ။ ထိုစဉ်က သူ၏ လိပ်စာကတ်ကို ပေးခဲ့သော်လည်း ယွဲ့ယွဲ့ထံမှ မည်သည့် အကြောင်းပြန်ကြားချက်မျှ မရရှိခဲ့ပေ။
နောက်ထပ် ဘာတွေရှိဦးမလဲဆိုသည်ကို သူ ပို၍ စိတ်ဝင်စားလာသဖြင့် စာမျက်နှာများကို ဆက်လက်လှန်ကြည့်ရာ ယန်ကျင်းတက္ကသိုလ်တွင် သူ ဟောပြောပွဲ လုပ်ခဲ့စဉ်က ပုံရိပ်ကို တွေ့လိုက်ရပြန်သည်။
“ယွဲ့ယွဲ့ရဲ့ မျက်လုံးထဲမှာ ငါက ဒီလိုပုံစံမျိုး မြင်နေရတာလား”
သူသည် စာမျက်နှာများကို တစ်ရွက်ချင်း စိတ်ရှည်လက်ရှည် ကြည့်ရှုနေမိသည်။ မင်ယွဲ့သည် စုစုပေါင်း ပုံပေါင်း တစ်ရာတိတိကို ရေးဆွဲထားခြင်း ဖြစ်သည်။
ဤသည်မှာ သူတို့ စတင်တွေ့ဆုံချိန်မှစ၍ ရင်းနှီးကျွမ်းဝင်လာကာ ချစ်သူများဖြစ်လာသည်အထိ ခရီးစဉ်တစ်ခုလုံးကို ပြင်ပလူတစ်ဦး၏ အမြင် ဖြင့် ပြန်လည်ရှုစားနေရသကဲ့သို့ပင်။
“ကိုယ် တကယ် ချစ်မိသွားပြီ”
သူသည် မင်ယွဲ့၏ ခါးကို တင်းကျပ်စွာ ဖက်ထားပြီး ပြန်မလွှတ်ချင်တော့သကဲ့သို့ ဖြစ်နေသည်။
သူ အဆမတန် စိတ်လှုပ်ရှားနေသည်ကို မြင်ရသဖြင့် မင်ယွဲ့ကလည်း မငြင်းဆန်တော့ဘဲ သူမကို ထိုသို့ ပွေ့ဖက်ထားရန် ခွင့်ပြုထားလိုက်သည်။
ထိုစဉ် စားပွဲပေါ်မှ ဖုန်းသံ မြည်လာသဖြင့် မင်ယွဲ့က မိုဟန်ကျီကို အသာအယာ တွန်းလိုက် သော်လည်း သူက လုံးဝ မလှုပ်ရှားပေ။
မိုဟန်ကျီသည် မင်ယွဲ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ သူ၏ လက်တံရှည်ကြီးကို ဆန့်ထုတ်ကာ ဖုန်းကို ကောက်ယူလိုက်သည်။
“ဖုန်းဖြေလိုက်ဦးလေ”
မင်ယွဲ့က ဘာမှမတတ်နိုင်သည့်အဟန်ဖြင့် ပြောလိုက်သည်။
မိုဟန်ကျီသည် ဖုန်းကို ချက်ချင်းလက်ခံလိုက်ပြီး Speaker ဖွင့်လိုက်သည်။
“ယွဲ့ယွဲ့... ပြီးခဲ့တဲ့အကြိမ်က ငါတို့အိမ်ကို လာခဲ့တဲ့သူက ရှင်းယောင်လုပ်ငန်းစုက မစ္စတာမို ဖြစ်နေတာကို နင်က ဘာလို့ စောစောစီးစီး မပြောခဲ့တာလဲ”
ဖုန်းဆက်လိုက်သူမှာ မင်မင်း ဖြစ်နေသည်။
ရွာသားများမှာ ထိုကဲ့သို့သော ကိစ္စများကို အထူးတလည် ဂရုမစိုက်ကြသဖြင့် မိုဟန်ကျီကို မသိကြသည်မှာ သဘာဝပင်။
မင်မင်းကိုယ်တိုင်လည်း သေချာ မသိခဲ့ပါချေ။
ယနေ့ နိုးလာချိန်တွင် သူမ၏ အဆောင်ဖော်များ ပြောဆိုနေကြသည်ကို ကြားမှသာ သူမ သိလိုက်ရခြင်း ဖြစ်သည်။
“မင်မင်း... ကြည့်စမ်း၊ မစ္စတာမိုရဲ့ ရည်းစားက နင်နဲ့ မျိုးရိုးနာမည် တူနေတယ်”
သူမ၏ အဆောင်ဖော်က စိတ်လှုပ်ရှားစွာဖြင့် မနေ့ညက မင်ယွဲ့နှင့် မိုဟန်ကျီတို့ အတူရှိနေသည့် ဓာတ်ပုံကို ပြလာသည်။
မင်မင်း၏ မျက်လုံးများမှာ အလိုအလျောက် ပြူးကျယ်သွားရသည်။ သူမ မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း။ မျိုးရိုးတူရုံတင်မကဘဲ အဖိုးအဖွားချင်းပင် အတူတူ ဖြစ်နေသည် မဟုတ်ပါလား။
“ဟိုလေ... သူက ငါ့ညီမလို့ ပြောရင်... နင်တို့ ယုံကြမလား”
ယွဲ့ယွဲ့ ရွာကို ခေါ်လာပြီး ရက်အနည်းငယ်ကြာ အတူနေခဲ့သည့် အမျိုးသားမှာ ဤမျှအထိ ဂုဏ်သတင်းကြီးမားသော သူဌေးကြီး ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် သူမ အမှန်တကယ် မှင်တက်သွားရသည်။ သူမ၏ ညီမလေးမှာ တကယ်ကို မသာမန်ပါလားဟု နှလုံးသားထဲမှသာ ချီးကျူးမိတော့သည်။
“ဟားဟား... မမမင်း၊ နင် ရူးသွားပြီလား ငါတို့ကတော့ မယုံပါဘူး”
မင်မင်းမှာ သူမ၏ အဆောင်ဖော်များထက် အသက်ကြီးသဖြင့် သူမကို “မမမင်း” ဟု ခေါ်လေ့ရှိကြသည်။
မင်မင်းကလည်း ထပ်မံ၍ ရှင်းပြမနေတော့ပေ။ အကြောင်းမှာ သူမကိုယ်တိုင်ပင် ထိုအချက်ကို လက်ခံရန် ခက်ခဲနေသောကြောင့်ပင်။
သူမသည် ဖုန်းကိုယူကာ ယန်ကျင်းရှိ မိုမိသားစု၏ လက်ရှိခေါင်းဆောင် မိုဟန်ကျီအကြောင်းကို ရှာဖွေကြည့်လိုက်သည်။
ငယ်ရွယ်သောအသက်အရွယ်နှင့် နယ်ပယ်ပေါင်းစုံကို လွှမ်းမိုးထားသော ရှင်းယောင်လုပ်ငန်းစု၏ အကြီးအကဲ ဖြစ်နေသည်။
မင်မင်းမှာ ပို၍ပင် တုန်လှုပ်သွားရသည်။ သူမ၏ ညီမလေးကလည်း ထူးချွန်သလို၊ သူမ၏ ရည်းစားကလည်း မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။
“ယွဲ့ယွဲ့... နင့်ရည်းစားက သူ့မိသားစုက စီးပွားရေး အသေးအဖွဲလေး လုပ်တာလို့ ပြောခဲ့တယ် မဟုတ်လား အခုတော့ သူက ရှင်းယောင် လုပ်ငန်းစုရဲ့ ပိုင်ရှင်ကြီး ဖြစ်နေပြီ အဲ့ဒါက စီးပွားရေး အသေးအဖွဲလား”
မင်မင်း၏ ကျယ်လောင်သော အသံမှာ သူမ၏ မယုံကြည်နိုင်မှုကို အပြည့်အဝ ဖော်ပြနေသည်။
မင်ယွဲ့သည် သူမ၏ နားကို ပွတ်သပ်လိုက်ပြီး မိုဟန်ကျီကို ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။
“သူက ဒီမှာပဲ ရှိနေတာ၊ သူ့ကို ကိုယ်တိုင် မေးကြည့်ချင်လား”
မင်ယွဲ့က ခပ်တိုးတိုး ရယ်မောလိုက်သည်။
ဖုန်းအခြားတစ်ဖက်မှ စကားသံများ ရုတ်တရက် ရပ်တန့်သွားပြီး ထိတ်လန့်သွားဟန် ရရှိသည်။
“ငါ့ယောက်ဖက ဒီမှာရှိနေတာလား ဟို... ငါက ထူးထူးခြားခြား မဟုတ်ပါဘူး၊ အွန်လိုင်းမှာ သတင်းတွေ့လို့ လာမေးတာပါ ဟိုလေ... ငါ ဖုန်းချလိုက်တော့မယ်နော်”
မင်မင်းသည် ဥက္ကဋ္ဌမို၏ အစ်မတစ်ယောက် ဖြစ်လာရသည့် အနေအထားကို အသားမကျသေးပေ။ ဤမည်သူမည်ဝါဖြစ်ကြောင်း အသစ်က သူမကို အမှန်တကယ်ပင် တုန်လှုပ်စေခဲ့သည်။
မင်ယွဲ့ ပြန်လည် မပြောနိုင်ခင်မှာပင် အခြားတစ်ဖက်မှ ဖုန်းကို အမြန်ချသွားခဲ့တော့သည်။
“ယောက်ဖ” ဆိုသည့် အသုံးအနှုန်းကို ကြားလိုက်ရသောအခါ မိုဟန်ကျီသည် အလွန်ပင် ကျေနပ်သွားမိသည်။ ယွဲ့ယွဲ့၏ မိသားစုက သူ့ကို လက်ခံလိုက်ပြီဟု သူ ယူဆလိုက်သည်။
“ရှင် သူ့ကို ခြောက်လိုက်တာပဲ”
မင်ယွဲ့သည် သူမ၏ ဖုန်းကို ဝှေ့ယမ်းလိုက်သော်လည်း မိုဟန်ကျီ၏ အကြည့်များမှာ သူမ၏ ဖြူစင်သော လက်ကလေးထက်၌သာ ဝဲနေပြီး ထိုလက်ကို ဖမ်းဆုပ်လိုက်ပြန်သည်။
“ဒါဆိုရင် နောက်တစ်ခါ မင်းနဲ့အတူ လိုက်ခဲ့ပြီး ကိုယ်တိုင် တောင်းပန်ပါ့မယ်”
သူသည် မျက်လွှာချလိုက်ရာ ရှည်လျားသော မျက်တောင်များက သူ၏ မျက်လုံးထဲမှ ထက်မြက်သော အရိပ်အယောင်များကို ဖုံးကွယ်ထားသည်။
ဤလူသည် မိဘများနှင့် တရားဝင် တွေ့ဆုံရန်အတွက် သူ့ကို ခေါ်သွားရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သတိပေးနေခြင်းဖြစ်သည်ကို မင်ယွဲ့ ကောင်းစွာ သိရှိလိုက်သည်။
“ရှင့်ကို ခေါ်သွားမယ်လို့ ကတိပေးထားတာပဲ၊ ကတိမဖျက်ပါဘူး”
မင်ယွဲ့သည် သူမ၏ လက်များကို သူ စိတ်ကြိုက် ကစားရန် ခွင့်ပြုထားလိုက်သည်။
မင်ယွဲ့၏ သဘောတူညီမှုကို ကြားလိုက်ရသောအခါ မိုဟန်ကျီ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားပြီး ယခုတစ်ကြိမ် ယွဲ့ယွဲ့တို့အိမ်သို့ ဘာလက်ဆောင်များ ယူသွားရမည်ကို စိတ်ကူးထဲ၌ စတင်စီစဉ်နေတော့သည်။
***