ယွမ်ပေါ့သည် သူတို့နှစ်ဦးကို အနှောင့်အယှက် မပေးလိုသဖြင့် အခန်းထဲတွင် တက်ဘလက်လေးဖြင့် ကာတွန်းကြည့်ကာ လိမ္မာပါးနပ်စွာ နေနေလေသည်။
ကျန်းယီသည် အလုပ်ကိစ္စ ခရီးစဉ်မှ ပြန်ရောက်လာပြီးနောက် အနားယူရင်း ဖုန်းသုံးနေစဉ်တွင် မင်ယွဲ့နှင့် မိုဟန်ကျီတို့အကြောင်း သတင်းများ အွန်လိုင်းပေါ်တွင် ပွက်လောရိုက် နေသည်ကို တွေ့လိုက်ရသည်။
“တောက်... ငါမရှိတဲ့ နှစ်ရက်အတွင်းမှာ တစ် ကမ္ဘာလုံးက သိသွားကြတာပဲလား”
သူသည် မကျေမနပ် ရေရွတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ မိုဟန်ကျီမှလွဲ၍ အခြားမည်သူမျှ သူ၏ ညီမလေး မင်ယွဲ့နှင့် မထိုက်တန်ဟု လက်ခံထားပြီးသား ဖြစ်သည်။
ကျန်းယီသည် ဒုံဟူဂေဟစနစ် ပရောဂျက်၏ တိုးတက်မှု အခြေအနေများကို အစီရင်ခံရန် မိုဟန်ကျီ၏ ရုံးခန်းသို့ ရောက်လာခဲ့သည်။
မိုဟန်ကျီသည် အသံကြားသောအခါ မော့ကြည့်လိုက်သည်။
ကျန်းယီသည် အလုပ်ကိစ္စများကို အစီရင်ခံနေစဉ်တွင် မိုဟန်ကျီကို အကဲခတ်ကြည့်နေမိသည်။
သူ မြတ်နိုးရသူ၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
ယနေ့ မိုဟန်ကျီ၏ စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်နေပုံရပြီး လူများအပေါ် ထားရှိသော သူ၏ အေးစက်မှုများမှာလည်း ပျောက်ကွယ်နေသကဲ့သို့ပင်။
မိုဟန်ကျီသည် ပေါ့ပါးစွာဖြင့် သူ၏ နက်တိုင်ကို အသာအယာ ဆွဲဖြေလိုက်ရာ အနုစိတ် ချုပ်လုပ်ထားသော ရှပ်အင်္ကျီမှာ ဖရိုဖရဲ ဖြစ်သွားပြီး ပထမဆုံး ကြယ်သီးမှာ ပွင့်ထွက်သွားခဲ့သည်။
ကျန်းယီသည် ထိုလှုပ်ရှားမှုကို သတိပြုမိပြီး ကြည့်လိုက်ရာ သူ၏ သွယ်လျသော လက်ချောင်းထက်၌ ဆင်တူလက်စွပ်တစ်ကွင်း ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ နက်တိုင်ကို ဖြေလိုက်ချိန်တွင် ပေါ်ထွက်လာသော မိုဟန်ကျီ၏ လည်စလုပ်ပေါ်မှ နီရဲရဲ အမှတ်အသားလေးပင် ဖြစ်သည်။
ဤမြင်ကွင်းကို ရှင်းပြရန် ခက်ခဲလှသော်လည်း စီနီယာမိုသည် တမင်တကာ ပြသနေခြင်းဖြစ်သည်ဟု ကျန်းယီ ခံစားနေရသည်။
သူ၏ ရှေ့တွင် အချုပ်အခြာအာဏာကို ကြေညာရန် ဤမျှအထိ လိုအပ်သလား။
အခြားသူများက ထိုသို့ မတွေးမိနိုင်သော်လည်း ကျန်းယီကမူ မိုဟန်ကျီ မည်မျှအထိ သဝန်တိုတတ်သည်ကို ကောင်းစွာ သိရှိထားသည်။
အချစ်က အမျိုးသားများကို ကလေးဆန်စေသည်မှာ အမှန်ပင်။ မစ္စတာမိုကဲ့သို့ ခန့်ညားထည်ဝါသော CEO တစ်ဦးပင်လျှင် ဤဗီဇမှ မလွတ်ကင်းနိုင်ပါချေ။
ကျန်းယီ အလုပ်ကိစ္စ အစီရင်ခံပြီးနောက် စကားပင် မဆိုနိုင်တော့ဘဲ ထွက်သွားချိန်တွင် လက်ထောက်လင်က စာရွက်စာတမ်းများ ကိုင်ဆောင်ကာ ဝင်လာခဲ့သည်။
ထို့နောက် သူသည်လည်း တည်ငြိမ်သော မျက်နှာထားဖြင့် ရုံးခန်းထဲမှ ပြန်ထွက်လာသည်။
“လက်ထောက်လင်... ဒီနေ့ ဥက္ကဋ္ဌမိုရဲ့ စိတ်အခြေအနေ ဘယ်လိုရှိလဲ”
သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် အမေးခံလိုက်ရသည်။
“စိတ်အခြေအနေ ကောင်းပါတယ် ကိစ္စရှိရင် အခုပဲ သွားပြောလိုက်ပါ”
ထိုသို့ပြောပြီးနောက် လက်ထောက်လင် ထွက်သွားခဲ့သည်။
ပရောဂျက်မန်နေဂျာသည် ရုံးခန်းတံခါးဝတွင် အတန်ကြာ ဝေခွဲမရဖြစ်နေပြီးမှ နောက်ဆုံးတွင် တံခါးခေါက်ကာ ဝင်သွားခဲ့သည်။
“ဥက္ကဋ္ဌမို... ဟယ်ယွမ်ပရောဂျက်မှာ ပြဿနာတစ်ခု တက်နေပါတယ်၊ အခုလောလောဆယ်...”
သူ စကားပြောပြီးနောက် ခေါင်းပင် မမော့ရဲတော့ချေ။
“ဒီကိစ္စကို ဒီအပတ်အတွင်း ပြတ်ပြတ်သားသား ဖြေရှင်းလိုက်ပါ၊ ကိုယ် ရလဒ်ကိုပဲ ကြည့်ချင် တယ်”
ဥက္ကဋ္ဌမိုက သူ့ကို ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့သဖြင့် သူ အတော်ပင် ကံကောင်းသွားခဲ့သည်။
“ဟုတ်ကဲ့ပါ၊ ဥက္ကဋ္ဌမိုရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်”
သူသည် ဝမ်းသာအားရဖြင့် အပြင်သို့ ထွက်လာခဲ့ပြီး သူ၏ မျက်နှာထက်မှ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ချေ။
မိုဟန်ကျီကမူ သူတို့ကို ဂရုမစိုက်ဘဲ အလုပ်ကိစ္စများ ပြီးဆုံးပြီးနောက်တွင် ငိုင်မြိုင်ကာ ထိုင်နေမိသည်။
“ယွဲ့ယွဲ့ကို သတိရလိုက်တာ၊ သူ အခု ဘာလုပ်နေမလဲ မသိဘူး”
ထိုအချိန်တွင် မင်ယွဲ့မှာ စာသင်ခန်းထဲ၌ ရှိနေသည်။
စာသင်ခန်းထဲမှ လူများစွာက သူမကို စူးစိုက်
ကြည့်နေကြပြီး တီးတိုး ပြောဆိုနေကြသည်။
မင်ယွဲ့မှာမူ လူတိုင်း၏ အကြည့်များကို အသားကျနေပြီဖြစ်သဖြင့် ဆရာ၏ ဟောပြောမှုကို နားထောင်ရင်း တစ်ဖက်မှလည်း စာကြည့်တိုက်မှ ငှားလာသော စာအုပ်များကို လှန်လှောကြည့်ရှုကာ အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နေသည်။
သူမသည် သူမ၏ အဓိကဘာသာရပ်များကို ကိုယ်တိုင် လေ့လာပြီးသားဖြစ်၍ သိရှိပြီးသား အစိတ်အပိုင်းများကို ထပ်မံ နားထောင်ရန် မလိုတော့ပေ။
သို့သော် ယန်ကျင်းတက္ကသိုလ်မှ ပါမောက္ခများမှာ ဗဟုသုတ အလွန်ကြွယ်ဝကြပြီး သင်ရိုးပြင်ပ ဗဟုသုတများကိုပါ ထည့်သွင်းပြောကြားတတ်သဖြင့် မင်ယွဲ့က အလေးအနက် နားထောင်လေ့ရှိသည်။
အတန်းဆင်းသောအခါ မင်ယွဲ့သည် သင်ရိုးစာအုပ်ကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူမ၏ ထူးကဲသော အကြားအာရုံကြောင့် ပတ်ဝန်းကျင်မှ လူများ၏ စကားသံများကို အလွယ်တကူ ကြားနေရသည်။
“မင်ယွဲ့က တကယ် ကံကောင်းတာပဲ၊ မစ္စတာမိုက သူ့ကို တကယ် ချစ်တာပဲ”
“မနာလိုမဖြစ်စမ်းပါနဲ့ ဒါက ကံကောင်းရုံတင် ဟုတ်လို့လား နင်က မင်ယွဲ့လောက် တော်လို့လား”
အချို့ကမူ မင်ယွဲ့မှာ သူတို့နှင့် ကျောင်းတစ်ကျောင်းတည်း တက်နေသည်ဖြစ်၍ သူတို့နှင့် အဆင့်အတန်းတူသည်ဟု ထင်မြင်ကာ မင်ယွဲ့မှာ အာဏာရှင် CEO နှင့် ချစ်ကြိုက်သွားသော စင်ဒရဲလားလေးတစ်ဦးကဲ့သို့ မြင်နေကြသည်။
သို့သော် ဆင်ခြင်တုံတရားရှိသူများကမူ မင်ယွဲ့သည် စင်ဒရဲလားအဆင့်ထက် များစွာ ကျော်
လွန်နေပြီဖြစ်ကြောင်း သိရှိကြသည်။
မင်ယွဲ့နှင့် ပတ်သက်၍ ပေါ်ထွက်လာသော အချက်အလက် အနည်းငယ်ကပင် သူမသည် သာမန်လူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။
လက်ရှိတွင် သူမ ထုတ်ဖော်ပြသထားသော အရာများမှာ မိုဟန်ကျီနှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း သာမန်လူများ ရောက်ရှိနိုင်သော အခြေအနေထက် များစွာ သာလွန်နေသည်မှာ အမှန်ပင်။
မင်ယွဲ့ကမူ ပြင်ပလူများ၏ ပြောစကားများကို ဂရုမစိုက်ဘဲ အတန်းပြီးဆုံးသည်နှင့် ကျောင်းမှ ထွက်လာခဲ့သည်။
ရှင်းယောင်လုပ်ငန်းစုသို့ ရောက်ရှိသောအခါ ဝန်ထမ်းများက သူမကို နွေးထွေးစွာ ကြိုဆိုကြပြီး မင်ယွဲ့အပေါ် ထားရှိသော စိတ်အားထက်သန်မှုမှာ ပို၍ပင် တိုးလာခဲ့သည်။
မိန်းကလေး ဝန်ထမ်းများကမူ ချစ်သူစုံတွဲ၏ ချိုမြိန်မှုကို အနီးကပ် မြင်တွေ့ရသည်မှာ အလွန်ကောင်းမွန်သည်ဟု တွေးကာ မင်ယွဲ့ကို မြင်ရုံဖြင့် မျက်လုံးများ တောက်ပလာကြသည်။
ကာယကံရှင်ကိုယ်တိုင်က အွန်လိုင်းပေါ်တွင် ကြေညာထားပြီးဖြစ်သဖြင့် သူတို့သည်လည်း ပွင့်လင်းစွာပင် အားပေးကြတော့သည်။
အမြဲတစေ လျှို့ဝှက်စွာ နေထိုင်တတ်သော ရှင်းယောင်လုပ်ငန်းစု၏ မျိုးဆက်သစ်ခေါင်းဆောင်သည် သူ၏ အချစ်ရေး ပေါ်ထွက်လာပြီးနောက်တွင် လူမှုကွန်ရက်ပေါ်၌ ခေတ်စားနေသော ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။
မကြာသေးမီက သူတို့၏ ရေပန်းစားမှုမှာ ဖျော်ဖြေရေးလောကမှ အနုပညာရှင်များကိုပင် ကျော်လွန်သွားခဲ့သည်။
မင်မင်း၏ ပြောပြချက်ကြောင့် ယခုအခါ သူမ၏ မိသားစုဝင်အားလုံး မိုဟန်ကျီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားကြပြီ ဖြစ်သည်။
ရှင်းယောင်လုပ်ငန်းစု၏ အဆင့်အတန်းကို မသိရှိသူများပင် မင်မင်း၏ ရှင်းပြချက်ကြောင့် အံ့အားသင့်သွားရသည်။
အဖိုးမင်သည် သူ၏ ဆေးတံကို တစ်ဖွာပြီးတစ်ဖွာ သောက်နေမိသည်။
မင်ယွဲ့၏ ချစ်သူမိသားစုမှာ အလွန်ပင် ချမ်းသာကြွယ်ဝလွန်းသဖြင့် သူတို့၏ မြေးမလေး နှိပ်စက်ညှဉ်းပန်းခံရမည်ကို သူတို့ စိုးရိမ်နေကြသည်။
မင်ယွဲ့၏ မိဘများမှာလည်း အလွန် စိုးရိမ်နေကြသည်။ သူတို့သည် မိမိတို့၏ သမီးကို ကမ္ဘာပေါ်တွင် အတော်ဆုံးဟု သတ်မှတ်ထားသော်လည်း စိတ်မအေးနိုင်ဖြစ်နေကြသည်။
ရှင်းယောင်လုပ်ငန်းစုဟူသော အမည်မှာ အိမ်သုံးပစ္စည်း၊ အိမ်ခြံမြေနှင့် နည်းပညာနယ်ပယ်အားလုံးတွင် ပျံ့နှံ့နေသော နာမည်ကြီး လုပ်ငန်းစုတစ်ခု ဖြစ်သည်။ မိုဟန်ကျီသည် ထိုလုပ်ငန်းစုကို ငယ်ရွယ်သောအသက်အရွယ်နှင့် ဦးဆောင်နေသူဖြစ်ကြောင်း သူတို့ ကြားသိထားသည်။
မင်ယွဲ့သည်လည်း ကုမ္ပဏီကို ဦးဆောင်နေသူဖြစ်သော်လည်း သူတို့၏ အမြင်တွင်မူ မင်ယွဲ့မှာ အိမ်မှ ထွက်ခွာသွားသည်မှာ မကြာသေးသော၊ ယန်ကျင်းတက္ကသိုလ်တွင် ပညာသင်ကြားနေဆဲဖြစ်သော ကလေးတစ်ဦးကဲ့သို့သာ ဖြစ်နေသည်။
ယခင်က သူတို့နှစ်ဦး အဆင်ပြေပြေ ရှိနေကြသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။ သူတို့နှစ်ဦးစလုံးမှာ ရုပ်ရည်ချောမောကြသဖြင့် ဘေးချင်းယှဉ် ရပ်နေသည်မှာ ကြည့်ကောင်းလှသည်။
ထိုစဉ်က မိုဟန်ကျီက သူ၏ မိသားစုမှာ စီးပွားရေး အသေးအဖွဲလေး လုပ်သည်ဟု ပြောခဲ့ပြီး ယွဲ့ယွဲ့ကလည်း ကုမ္ပဏီထောင်ထားသဖြင့် သူတို့မှာ လိုက်ဖက်သည်ဟု ထင်ခဲ့ကြသည်။ ထိုစီးပွားရေးမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
မိုဟန်ကျီမှာ လူကောင်းတစ်ဦးဖြစ်ပြီး သူတို့နှစ်ဦး လိုက်ဖက်သည်ဟု ယခင်က ထင်ခဲ့သော်လည်း ယခုတွင်မူ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့သည်။
မင်မိခင်သည် မင်ယွဲ့ထံသို့ ချက်ချင်းပင် ဖုန်းဆက်လိုက်တော့သည်။
“ယွဲ့ယွဲ့”
မင်ယွဲ့သည် ဘာကိစ္စဖြစ်မည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။
“မေမေ”
သူမသည် ယွမ်ပေါ့၏ အမွေးနုနုလေးများကို ပွတ်သပ်ရင်း ပြန်ထူးလိုက်သည်။
မိုဟန်ကျီသည် အလုပ်မှ ပြန်ရောက်လာပြီး အထဲသို့ ဝင်လာစဉ် မင်ယွဲ့ ဖုန်းပြောနေသည်ကို မြင်သဖြင့် သူမကို နှုတ်မဆက်သေးဘဲ သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ယွဲ့ယွဲ့... သမီးနဲ့ ဟန်ကျီတို့ကြားမှာ ဘယ်လောက်အထိ တိုးတက်နေပြီလဲ အခုတလော အိမ်ပြန်လာဖို့ အချိန်ရှိလား သမီးအဖေက သမီးကို သတိရနေတယ်”
မိုဟန်ကျီသည် ပြီးခဲ့သည့်အကြိမ်က မိဘများနှင့် တရားဝင် တွေ့ဆုံရန်ဟု မပြောခဲ့သဖြင့် ၎င်းကို တရားဝင်ဟု မသတ်မှတ်နိုင်ပါချေ။ သို့သော် အခုအွန်လိုင်းပေါ်တွင် ဆူညံနေပြီ ဖြစ်သည်။
ချမ်းသာသော လူငယ်များသည် အချစ်ရေးတွင် အလေးအနက် မရှိကြဟု သူတို့ ကြားဖူးထားသဖြင့် မိုဟန်ကျီသည် ယွဲ့ယွဲ့ကို ကစားနေခြင်းလားဟု စိုးရိမ်နေကြသည်။ ယွဲ့ယွဲ့က စိတ်နှစ်ထားချိန်မှ တစ်ဖက်လူက ထွက်သွားမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
အကယ်၍ မိသားစုချင်း ဂုဏ်ရည်တူလျှင် သူတို့ စိုးရိမ်မည်မဟုတ်သော်လည်း မိုဟန်ကျီကဲ့သို့သော နောက်ခံမျိုးရှိသူနှင့်ဆိုပါက ပြဿနာတက်လျှင် သူတို့ကူညီပေးနိုင်မည် မဟုတ်သဖြင့် စိုးရိမ်နေရခြင်း ဖြစ်သည်။
မင်ယွဲ့သည် ဘေးမှ မိုဟန်ကျီကို လှမ်းကြည့်လိုက်သည်။ သူမ၏ မိခင် ဘာကို ဆိုလိုသည်ကို သူမ ကောင်းစွာ သိရှိသည်။
မိုဟန်ကျီ၏ နောက်ခံကို သူမ၏ ဝမ်းကွဲအစ်မထံမှ ကြားသိထားပြီး စိတ်မအေးဖြစ်နေသဖြင့် သူမကို ပြန်လာပြီး စကားပြောစေချင်နေခြင်း ဖြစ်သည်။
မိုဟန်ကျီသည် ဖုန်းထဲမှ စကားများကို မကြားရသော်လည်း မင်ယွဲ့၏ အကြည့်မှာ ထူးဆန်းနေသဖြင့် ထိုစကားဝိုင်းမှာ သူနှင့် ပတ်သက်နေ မည်ဟု ခန့်မှန်းလိုက်သည်။
“ဒါဆိုရင် ဒီအပတ်ပိတ်ရက်မှာပဲ လုပ်ကြတာပေါ့ဟန်ကျီကလည်း အိမ်ကို တရားဝင် လာလည်ချင်တယ်လို့ ပြောနေတာနဲ့ အတော်ပဲ”
မင်ယွဲ့က မိသားစုဝင်များ စိတ်အေးသွားစေရန် ဆက်လက်ပြောကြားလိုက်သည်။
မင်ယွဲ့၏ ဆွဲဆောင်မှုမှာလည်း ထိုအမျိုးသားထက် မနိမ့်ကျကြောင်းနှင့် မိုဟန်ကျီသည် ဤဆက်ဆံရေးအပေါ် အလွန်အလေးအနက် ရှိကြောင်းကို သူမ၏ မိသားစုက မသိရှိကြပါချေ။
မင်ယွဲ့သာ သဘောတူပါက သူသည် ယခုပင် လက်ထပ်ရန် အဆင်သင့် ဖြစ်နေသူ ဖြစ်သည်။
မိုဟန်ကျီ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားပြီး မင်ယွဲ့ကို ကြည့်ကာ ပြုံးလိုက်သည်။
မင်ယွဲ့သည် ဖုန်းကို လှမ်းပေးလိုက်သည်။
“မေမေ... ဟန်ကျီ ဒီမှာ ရှိနေတယ် သူနဲ့ စကားပြောကြည့်ပါဦး”
မိုဟန်ကျီသည် စီးပွားရေး ဆွေးနွေးမှုများထက်ပင် ပို၍ ရင်ခုန်နေသော်လည်း တည်ငြိမ်ဟန် ဆောင်ထားနိုင်ဆဲပင်။
“အန်တီ... ဒီအပတ်မှာ အချိန်ရှိပါသလား ကျွန်တော် လူကြီးချင်း တရားဝင် တွေ့ဆုံနိုင်ဖို့အတွက် လာလည်ချင်လို့ပါ”
မင်ယွဲ့၏ မိဘများမှာ မှင်တက်သွားကြသည်။
ချမ်းသာသောသူများသည် လက်ထပ်ရန် ဝန်လေးကြသည် မဟုတ်ပါလား။ သူတို့က ရုပ်ရည်နှင့် ပျော်ရွှင်မှုအတွက်ပဲ တွဲကြတာ မဟုတ်ဘူးလား။
ယခုမူ အတော်ပင် လောနေပုံရသည်။ လူကြီးချင်း တွေ့ဆုံရန်အထိ ပြောလာပြီ ဖြစ်သည်။
မင်မိခင်သည် မူလက သူမ၏ သမီးကို သတိထားရန်နှင့် ပိုမို စောင့်ကြည့်ရန် သတိပေးချင်ခဲ့ခြင်း ဖြစ်သော်လည်း မိုဟန်ကျီက မိဘချင်း တွေ့ဆုံရန် တိုက်ရိုက် အကြံပြုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယခုမူ သူတို့မှာ ဝေခွဲမရ ဖြစ်သွားကြသည်။
“အင်း... ကောင်းပါပြီ၊ တွေ့ကြတာပေါ့”
မိုဟန်ကျီသည် သူတို့နှင့် ခဏမျှ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။
“ယွဲ့ယွဲ့... မင်းရဲ့ ဦးလေးနဲ့ အန်တီက ဘာတွေ သဘောကျတတ်လဲ”
“ပြီးခဲ့တဲ့အကြိမ်က ပေးခဲ့တဲ့ တောတောင်ဂျင် ဆင်းတွေကို စားပြီးပြီလား အိမ်မှာ အနှစ်တစ်ရာသက်တမ်းရှိတဲ့ တစ်ခု ရှိသေးတယ်”
“အဖိုးက လက်ဖက်ရည် သောက်ရတာ ကြိုက် တယ် မဟုတ်လား ပြီးခဲ့တဲ့အကြိမ်က သူ လက်ဖက်ရည်ခွက် ကိုင်ထားတာ ကိုယ် မြင် လိုက်တယ် အိမ်မှာ လက်ဖက်ရည်ကောင်းတွေ ရှိတယ်၊ နောက်တစ်ခါ လာရင် ယူလာခဲ့မယ်”
......
မိုဟန်ကျီသည် စိတ်လှုပ်ရှားပြီး ရင်ခုန်နေကာ လူကြီးများအပေါ် မယဉ်ကျေးရာ ရောက်မည်စိုးသဖြင့် ဘာလက်ဆောင်များ ယူသွားရမည်ကို အလေးအနက် တွေးတောနေမိသည်။
မင်ယွဲ့သည် သူ၏ လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ၊ အဲ့ဒီလောက်ကြီး စိုးရိမ်မနေပါနဲ့ရှင်က ကျွန်မရဲ့ မိသားစုနဲ့ တွေ့ဖူးပြီးသားပဲ၊ သူတို့က စကားပြောရ လွယ်ကူပါတယ် ဒါပေမဲ့ လူကြီးချင်း တရားဝင် တွေ့ဆုံဖို့က တကယ်ပဲလား ရှင့်ရဲ့ ဦးလေးနဲ့ အန်တီကိုရော ပြောပြီးပြီလား”
သူမသည် မိုဟန်ကျီတစ်ဦးတည်း လာမည်ဟု ထင်ခဲ့သော်လည်း သူက မိဘချင်း တွေ့ဆုံရန် ဆန္ဒရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက ကန့်ကွက်ရန် မရှိသော်လည်း အန်တီမိုတို့ လီအောက်ရွာတွင် နေထိုင်ရသည်မှာ အသားမကျမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
မိုဟန်ကျီသည် မိုမိသားစု အိမ်ဟောင်းကြီးသို့ အမြန် ပြန်လာခဲ့သည်။
မင်ယွဲ့၏ မိဘများနှင့် တွေ့ဆုံရန် သွားမည်ဟု ကြားသောအခါ သူတို့အားလုံး အလွန် ဝမ်းသာသွားကြသည်။
မိုဟန်ကျီမှာ မငယ်တော့သဖြင့် သူတို့သည် သူ အခြေတကျ ဖြစ်သွားစေရန် မျှော်လင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ မင်ယွဲ့ ကျောင်းတက်နေဆဲ ဖြစ်သဖြင့် သူတို့က ထုတ်မပြောခဲ့ခြင်းသာ ဖြစ်သည်။
ယခု နှစ်ဖက်စလုံးက စိတ်ဝင်စားနေကြသဖြင့် သူတို့ ဖြစ်စေချင်သည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ မိုမိသားစုသည် မင်ယွဲ့အပေါ် အလွန် ကျေနပ်နေကြသည်။ မဟုတ်လျှင်မူ အလုပ်တစ်ခုတည်းသာ သိသော သူတို့၏ သားမှာ တစ်သက်လုံး လူပျိုကြီး ဖြစ်နေပေလိမ့်မည်။
“ဒါကို ယူသွားလိုက်၊ မင်းရဲ့ ယောက္ခမက သဘောကျမှာပဲ”
မိုမိခင်သည် လက်ဝတ်ရတနာများ ထည့်ထားသော သေတ္တာကြီးကို ထုတ်ယူကာ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ထုတ်ပေးလိုက်သည်။
“ဒါလည်း လှတယ်၊ ဝယ်ထားပြီးကတည်းက တစ်ခါမှ မဝတ်ရသေးဘူး”
“အိမ်မှာလည်း ရှားပါးတဲ့ အားဆေးတွေ ရှိသေးတယ်၊ အဲ့ဒါတွေလည်း ယူသွားရမယ်”
အဖွားမိုက ယခုတစ်ကြိမ် မလိုက်နိုင်သဖြင့် မိုဖခင်နှင့် မိခင်တို့သာ သွားကြမည် ဖြစ်သည်။
သို့သော် အခွင့်အရေးများစွာ ရှိပါသေးသည်။ မင်မိသားစုကို ယန်ကျင်းသို့ ဖိတ်ခေါ်ခြင်းကလည်း အတူတူပင် ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး ပိတ်ရက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
မိသားစုသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် တိုက်ရိုက် ထွက်ခွာခဲ့ကြသည်။
မင်မိခင် ထိုဖုန်းကို ဆက်ပြီးနောက်တွင် မင် မိသားစု တစ်ခုလုံးမှာလည်း တင်းမာနေခဲ့ကြသည်။
မိုဟန်ကျီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရချိန်တွင် သူတို့ ရင်ခုန်နေခဲ့ကြရာမှ အခုရုတ်တရက် တွေ့ဆုံရန် လာမည်ဟု ဆိုသောအခါ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ယန်ကျင်းကဲ့သို့သော မြို့ကြီးပြကြီးမှ လူများသည် သူတို့၏ ဝေးလံခေါင်သီသော ကျေးလက်ဒေသသို့ လာကြမည်ဖြစ်သည်။ သူတို့၏ ဇာတိမြေကို ချစ်သော်လည်း မြို့ကြီးများလောက် အဆင်မပြေကြောင်း သူတို့ သိရှိကြသဖြင့် ဧည့်သည်များ အသားကျပါ့မလားဟု စိုးရိမ်နေကြသည်။
“ဒုတိယသားတို့ မိသားစုက ဘယ်တော့ ရောက်မှာလဲ”
အဖိုးမင်သည် အိမ်ထောင်ဦးစီးအဖြစ် ယနေ့တွင် အလွန်ပင် တည်ကြည်နေပြီး မင်ယွဲ့က သူ၏အတွက် အထူးချုပ်လုပ်ပေးထားသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ၏ ဆံပင်များမှာ ဖြူဖွေးနေသော်လည်း အိုမင်းမစွမ်းဖြစ်နေသည့် ပုံစံမျိုး မဟုတ်ဘဲ သူ၏ မျက်လုံးများထဲ၌ ရှင်သန်တက်ကြွမှုများ ပြည့်နှံ့နေသည်။
“နေ့လယ် ၂ နာရီလောက် ရောက်မယ် ထင်ပါတယ်”
မင်မိခင်က ပြောလိုက်သည်။
မင်မိခင်သည် သန့်ရှင်းမှုကို မြတ်နိုးသူဖြစ်ရာ ဧည့်သည်များ လာမည်ဟု ကြားသဖြင့် အိမ်ကို အစအဆုံး ပြောင်လက်နေအောင် သန့်ရှင်းရေး လုပ်ထားခဲ့သည်။
မင်ဖခင်သည်လည်း ယနေ့တွင် အလုပ်မနားခဲ့ပါချေ။
“ငါတို့ မင်မိသားစုက ဧည့်သည်တွေကို ကောင်းကောင်း ဧည့်ခံရမယ်၊ မယဉ်ကျေးတာမျိုး မဖြစ်စေနဲ့”
အဖိုးမင်က သက်ပြင်းချရင်း မှာကြားလိုက် သည်။
“ဟုတ်ကဲ့ပါ အဖေ”
မင်ဖခင်သည် အဖိုးမင်အတွက် လက်ဖက်ရည် တစ်ခွက် ဖျော်ပေးလိုက်သည်။
မင်ဦးလေးနှင့် မိသားစုဝင်များက စိတ်ဝင်စားနေကြသော်လည်း ယခုမှာ လူကြီးချင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သဖြင့် သူတို့ လာရောက် အနှောင့်အယှက် မပေးကြပါချေ။
လူများလွန်းလျှင် ဆူညံပြီး ရှုပ်ထွေးသွားပေလိမ့်မည်။
နောင်တွင် တွေ့ဆုံရန် အခွင့်အရေးများစွာ ရှိပါသေးသည်။
မင်မင်းသည် မိုမိသားစု၏ အခြေအနေကို သူတို့အား ရှင်းပြထားပြီးဖြစ်ရာ သူတို့မှာ ယခင်က စိတ်ကူးပင် မယဉ်ဖူးသော အရေးကြီး ပုဂ္ဂိုလ်များ ဖြစ်နေကြသည်။
“ရောက်လာကြပြီ ထင်တယ်”
အနက်ရောင် ကားနှစ်စီး ဝင်လာသည်ကို မစ္စတာမို တွေ့လိုက်ရသည်။ ကားများမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး ရွာထဲမှ လူများ စီးလေ့ရှိသော ကားမျိုး မဟုတ်ပါချေ။
ယနေ့ ရောက်ရှိလာသော ဂုဏ်သရေရှိ ဧည့်သည်များမှာ မိုမိသားစုပင် ဖြစ်သည်။
ရွာထဲတွင် သတင်းများမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာမီမှာပင် မင်ယွဲ့တို့ အိမ်ရှေ့၌ ဇိမ်ခံကားနှစ်စီး ဆိုက်ရောက်နေခြင်းမှာ အရေးကြီးသော ဧည့်သည်များ ရောက်ရှိလာခြင်းဖြစ်ကြောင်း လူတိုင်း သိရှိသွားကြသည်။
မင်မိသားစုသာ စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ မိုမိခင်နှင့် အခြားသူများမှာလည်း ရင်ခုန်နေကြသည်။
မင်မိသားစုက သူတို့၏ အဆင့်အတန်း နိမ့်ကျနေသဖြင့် မင်ယွဲ့ကို မိုမိသားစုက အထင်သေးမည်ကို စိုးရိမ်နေကြသည်။
မိုမိသားစုကမူ မိသားစု နောက်ခံချင်း ကွာခြားနေသဖြင့် စကားအပြောအဆို မှားယွင်းကာ မိသားစုနှစ်ခု၏ ဆက်ဆံရေးကို ထိခိုက်မည်ကို စိုးရိမ်နေကြသည်။
“ရောက်ပြီ၊ ရောက်ပြီ”
မင်မိခင်သည် အိမ်ရှေ့တွင် ကားဆိုက်လာသည်ကို မြင်သောအခါ အမြန်ပင် ထွက်ကြိုလိုက်သည်။
မင်ယွဲ့နှင့် မိုဟန်ကျီတို့က ကားတစ်စီးတွင် စီးလာကြပြီး မိုဖခင်နှင့် မိခင်တို့က အခြားတစ်စီးတွင် စီးလာကြခြင်း ဖြစ်သည်။
ဒရိုင်ဘာသည် ကားပေါ်မှ ဆင်းကာ နောက်ဖုံးရှိ ပစ္စည်းများကို အိမ်ထဲသို့ သယ်ယူပေးသည်။
ရွာသားများမှာ ဘာဖြစ်သလဲဟု လာရောက် ကြည့်ရှုကြပြီး မင်ယွဲ့နှင့် သူမဘေးတွင် ရပ်နေသော မိုဟန်ကျီကို မြင်သောအခါ အခြေအနေကို ချက်ချင်းပင် နားလည်သွားကြသည်။
ဒရိုင်ဘာနှစ်ဦးသည် ပစ္စည်းများကို အကြိမ်ကြိမ် သယ်ယူရပြီး ကားနှစ်စီးလုံးမှ ပစ္စည်းများမှာ မင်ယွဲ့တို့၏ ခြံဝင်းလေးထဲတွင် ပြည့်နှံ့သွားခဲ့သည်။
မိုမိခင် ကားပေါ်မှ ဆင်းလာသောအခါ သူမတို့ကို ပြုံးရွှင်စွာ ကြိုဆိုနေသော နုညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ကျေးလက် ဗီလာအိမ်လေးများမှာလည်း ၎င်းတို့၏ ကိုယ်ပိုင် ဆွဲဆောင်မှုရှိကြပြီး ယန်ကျင်းရှိ အိမ်များနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျလှသည် မဟုတ်ပါချေ။
မင်ယွဲ့၏ စူပါမားကတ်မှာ လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီးနောက် မင်မိဘများမှာ ဝန်ထမ်းများစွာ ခန့်အပ်ထားသဖြင့် သူတို့ကိုယ်တိုင် စီမံရန် မလိုတော့ပေ။
ထို့ကြောင့် အားလပ်ချိန် ပိုမို ရရှိလာခဲ့သည်။
မင်ဖခင်သည် ရင်ပြင်ထဲ၌ စပျစ်စင်တစ်ခု ပြုလုပ်ထားပြီး မိုမိခင်ကမူ နွယ်တက်နှင်းဆီများကို စိုက်ပျိုးထားသည်။
ဤနေရာလေးမှာ အလွန်ပင် သပ်ရပ်လှပစွာ ပြုစုပျိုးထောင်ထားကြောင်း သိသာလှသည်။
မိုမိခင်သည် မင်မိခင်၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။
“ကြိုဆိုပါတယ်”
မင်မိခင်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး အပူချိန် နိမ့်နေသော်လည်း သူမ၏ လက်ဖဝါးများတွင် ချွေးများ ထွက်နေသည်။
“ဒီလို ထူးချွန်တဲ့ သမီးလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါကြောင့်လည်း ကျွန်မတို့ ဒီကို လာလည်ခွင့် ရတာပါ”
ထို့နောက်တွင် မိဘများအချင်းချင်း အပြန်အလှန် ချီးကျူးစကားများ ဆိုကြတော့သည်။
မင်ယွဲ့သည် သူမ၏ အရည်အချင်းများကို ဤမျှအထိ ထုတ်ဖော်ချီးကျူးခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သလို၊ မိုဟန်ကျီသည်လည်း လူကြီးများ၏ ချီးကျူးစကားကို ပထမဆုံးအကြိမ် အလေးအနက် နားထောင်နေမိခြင်း ဖြစ်သည်။
မစ္စတာမိုနှင့် မစ္စတာမင်တို့လည်း စကားစတင် ပြောဖြစ်ကြသည်။
“ဒီတောင်းကို ခင်ဗျား ကိုယ်တိုင် လုပ်တာလား လက်ရာ တကယ် ကောင်းတာပဲ”
သူသည် ရင်ပြင်ထဲမှ ဝါးတောင်းကို ကြည့်ကာ မင်ဖခင်ကို စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
ခြံဝင်းအတွင်းမှ လူများသည် သဟဇာတဖြစ်စွာ ပျော်ရွှင်နေကြသော်လည်း အပြင်ဘက်မှ လူများမှာမူ အံ့အားသင့်နေကြသည်။
“မင်မိသားစုကတော့ ကံထူးပြီပဲ၊ ပစ္စည်းတွေ ကားနှစ်စီးအပြည့်ပဲ”
“မင်းတို့ ဘာမှမသိပါဘူး ဒီကားနှစ်စီးက ဘယ်လောက်တန်လဲ သိလား သန်းပေါင်း ဆယ်ချီတန်တာ”
“ဟူး—”
ငွေသန်းပေါင်း ဆယ်ချီတန်သည်ဟူသော အချက်ကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။
သူတို့ တစ်သက်လုံး နေလာသော်လည်း ငွေတစ်သန်းကိုပင် မြင်ဖူးကြသည် မဟုတ်ပါချေ။
ယခုမူ ထိုကားတစ်စီးတည်းကပင် သန်းပေါင်းများစွာ တန်နေသည် မဟုတ်ပါလား။
“ဒီကလေးမလေးက ဒီလမှာ ဘယ်လို ကံကောင်းနေတာလဲ သူ့ရည်းစားက ဒီလောက်အထိ ချမ်းသာတာ”
“ကံကောင်းတာတစ်ခုတည်း မဟုတ်ပါဘူး ယွဲ့ယွဲ့ကိုယ်တိုင်ကလည်း အရမ်း ထူးချွန်တာလေ”
သူတို့သည် မင်ယွဲ့ကို ငယ်စဉ်ကတည်းက မြင်တွေ့ခဲ့ရသဖြင့် သူမ မည်မျှပင် ထူးချွန်ပါစေ သူတို့အတွက် အမှန်တကယ် ဖြစ်နိုင်သည်ဟု ခံစားရသော်လည်း မိုမိသားစုမှာမူ သူတို့ လက်လှမ်းမမီနိုင်သော အဆင့်အတန်းတစ်ခုအဖြစ် ခံစားနေရခြင်း ဖြစ်သည်။
ထို့ကြောင့် မင်ယွဲ့သည် သူတို့နှင့် မည်သို့ ပတ်သက်ခဲ့သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲနေကြသည်။
အချို့က မနာလိုဖြစ်ကြသလို၊ အချို့ကလည်း ဝမ်းသာကြသည်။ သို့သော် သူတို့ ဘာပဲတွေးတွေး မင်ယွဲ့၏ မိသားစုမှာ ပိုမို ကောင်းမွန်လာနေသည်မှာ အမှန်တရားပင် ဖြစ်သည်။
သူ၏ ခြံဝင်းထဲတွင် ပုံနေသော လက်ဆောင်များကို ကြည့်ကာ မင်မိသားစုမှာ စကားပင် မဆိုနိုင်တော့ချေ။
“ဒါတွေက ကျွန်မတို့ရဲ့ စေတနာ လက်ဆောင် အနည်းငယ်ပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါဟန်ကျီကိုလည်း ကိုယ့်သားအရင်းလိုပဲ သဘောထားပြီး ဆက်ဆံပေးဖို့ မျှော်လင့်ပါတယ် သူ တစ်ခုခု မှားယွင်းတာရှိရင်လည်း တိုက်ရိုက်ပဲ ဆုံးမပေးပါ”
မိုမိခင်သည် မင်မိခင်၏ လက်ကို ကိုင်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်တော့သည်။
***