ရှောင်မေက ထိုသို့ပြောလိုက်သည်နှင့် ကျွင်းမော့သည် လျှောက်လက်စ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ မိတ်ကပ်ဆရာမသည် ကျွင်းမော့ကို ခေါ်ယူခြင်းမပြုဘဲ သူမ၏ လက်အောက်ငယ်သားများကိုသာ ပုတ်ခတ် လျက် အမိန့်ပေးလိုက်သည်။
"မင်းတို့ ပြီးပြီမလား တခြားတစ်ယောက်ကို ခေါ်ပြီး ဆံပင်ပုံစံသွင်းခိုင်းလိုက်တော့"
အချိန်အများကြီးမကြာဟု ထင်ထားသော်လည်း အခြားသူများမှာ အဝတ်အစားလဲပြီး ဆံပင်ပုံစံပင် စတင်ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း ချန် ရှင်း၏ ဆံပင်မှာမူ ယခုထိ မပြီးဆုံးသေးပါချေ။
ထိုသူနှစ်ဦးမှာ တမင်တကာ သက်သက်လုပ်နေခြင်းဖြစ်ကြောင်း ကျွင်းမော့ နားမလည်နိုင် လောက်အောင် မတုံးအပါချေ။
"ဒါ ဘာသဘောလဲ နင်တို့ တမင်သက်သက် လုပ်နေတာမလား"
ကျွင်းမော့သည်လည်း အမြဲတမ်း အလျှော့ပေးတတ်သော သဘောထားပျော့ပျောင်းသူ မဟုတ်ပေ။
ယခင်က သူမကို အနည်းငယ် အမြတ်ထုတ်သည်များကို အရေးမစိုက်ခဲ့ခြင်းမှာ ငြင်းခုံရမှာ ပျင်းရိသောကြောင့်သာ ဖြစ်သည်။ အခုတော့ ကြင်နာတတ်ခြင်းသည် အနိုင်ကျင့်ခံရခြင်း၏ အစပြုခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ။
"ကျွင်းမော့... နင်က ဘယ်လိုတောင် တွေးလိုက်တာလဲ ဒီနေ့ ချန်ရှင်းရဲ့ မိတ်ကပ်နဲ့ ဆံပင်က နည်းနည်း ရှုပ်ထွေးနေလို့ အချိန်ပိုပေးလိုက်ရတာပါ"
ရှောင်မေသည် သူမအတွက် ပြင်ဆင်ပေးလိုစိတ်မရှိကြောင်း ကျွင်းမော့ သိရှိလိုက်သဖြင့် သူမကို ဆက်လက် မစောင့်ဆိုင်းတော့ပါချေ။
သူမသည် အခြားသော မိတ်ကပ်ဆရာတစ်ဦးထံတွင် တန်းစီရန် ပြင်ဆင်လိုက်သည်။
"ရှောင်မော့... မင်း ငါ့ကို ယုံကြည်တယ်ဆိုရင် ငါပဲ မင်းရဲ့ မိတ်ကပ်နဲ့ ဆံပင်ကို ပြင်ပေးမယ်"
မင်ယွဲ့သည် ယခင်က ဂိမ်းစနစ်နှင့် ချိတ်ဆက်မိပြီးနောက် မိတ်ကပ်ပညာရပ်ကို နေ့မအား ညမနား လေ့လာခဲ့ဖူးသည်။
အလယ်အလတ်အဆင့်မှ ကျော်လွန်ရန် ခက်ခဲနေခြင်းမှာ နောက်ပိုင်းတွင် လေ့ကျင့်မှု အားနည်းသွားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကျွင်းမော့အတွက် သင့်တော်သော အလှတရားကို ဖန်တီးပေးရန်မှာမူ သူမအတွက် လက်ဖျားခါလောက်အောင် လွယ်ကူလှသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင်
"စာကလေးကို ပစ်ရန် အမြောက်ကို သုံးစရာ မလိုပါ"
သို့သော်လည်း ချန်ရှင်းနှင့် ရှောင်မေတို့မှာ အလွန်ပင် ဘဝင်မြင့်နေကြပြီး ကျွင်းမော့ ပျော်
ရွှင်နေသည်ကို မကြည့်လိုဘဲ စိတ် အနှောင့်အယှက် ပေးလိုနေကြသည်။
မင်ယွဲ့သည်လည်း ကျွင်းမော့၏ အဖော်တစ်ဦးအနေဖြင့် ထိုသူများ အောင်ပွဲခံနေသည်ကို မကြည့်လိုပါချေ။
ကျွင်းမော့သည် အံ့အားသင့်စွာဖြင့် မင်ယွဲ့ကို ကြည့်လိုက်သည်။ မင်ယွဲ့သည် ရှေးဟောင်းစတိုင် မိတ်ကပ်ပြင်နည်းကို တတ်မြောက်ထားခြင်း ရှိမရှိ သူမ မသိသော်လည်း မင်ယွဲ့၏ အမူအရာမှာ အမြဲတမ်း ယုံကြည်စိတ်ချရသည်ဟု သူမ ခံစားရသည်။
"ကောင်းပါပြီ"
သူမသည် ကျော်ကြားသူတစ်ဦး မဟုတ်သဖြင့် မိတ်ကပ်မလှခဲ့လျှင်ပင် ဖျက်ပြီး ပြန်ပြင်ရုံသာ ရှိသည်။
"ဟားဟား... နင်တို့နှစ်ယောက်ကတော့ တကယ်ကို ရယ်ရတာပဲ"
ရှောင်မေသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး ချန်ရှင်းကမူ ရင်ဘတ်ကို လက်ပိုက်ကာ မေးစေ့ကို ပင့်လျက် သူတို့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ခွေးဟောင်သံ ကြားလိုက်ရလား
တကယ်ကို ဆူညံလွန်းတယ်”
မင်ယွဲ့သည် စင်အနိမ့်တစ်ခုကို သန့်ရှင်းရေးလုပ်ကာ ကျွင်းမော့ကို ထိုင်ခိုင်းလိုက်သည်။
"ခွေးဆိုတာ ရက်စက်တဲ့ပုံစံ ရှိတတ်တာပဲ၊ ဂရုမစိုက်ပါနဲ့"
မင်ယွဲ့က ပြုံးလျက် ပြန်လည်ပြောဆိုလိုက်သည်။ အော်ဟစ်ဆဲဆိုနေစရာ မလိုဘဲ စကားလုံးနှင့် အပြုအမူအချို့မှာပင် ထိုသူနှစ်ဦးကို ဒေါသထွက်၍ သေလုမတတ် ဖြစ်သွားစေရန် လုံလောက်လှသည်။
"ရှောင်မော့... ငါ့ရဲ့ မိတ်ကပ်ပစ္စည်းတွေကို သုံးပါလား"
အခြားသော မိတ်ကပ်ဆရာတစ်ဦးက သူတို့၏ ငြင်းခုံမှုတွင် ပါဝင်ခြင်းမပြုဘဲ ကူညီလိုသော ဆန္ဒဖြင့် ကမ်းလှမ်းလာသည်။ မင်ယွဲ့သည် သူမကို ပြုံးပြလျက် နှုတ်ဆက်လိုက်သော်လည်း သူမ၏ ကိုယ်ပိုင်အိတ်ထဲမှ ပစ္စည်းများကိုသာ သုံးစွဲရန် ဆုံးဖြတ်လိုက်သည်။
မင်ယွဲ့သည် ယနေ့တွင် အိတ်အကြီးတစ်လုံး သယ်ဆောင်လာသဖြင့် သူမ လိုအပ်သမျှသော တန်ဖိုးကြီး မိတ်ကပ်ပစ္စည်းများမှာ အိတ်ထဲတွင် အသင့်ရှိနေသကဲ့သို့ ဖြစ်နေသည်။
"မမ... ဒါက ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ခေါင်းဆောင်းပါ"
ကျွင်းမော့သည် သူမ၏ အဆင်တန်ဆာများကို ထုတ်ပြသည်။
မင်ယွဲ့သည် စူးစိုက်ကြည့်လိုက်ရာ ကျွင်းမော့၏ ဝတ်စုံမှာ တန်မင်းဆက်ဦးပိုင်းမှ "မက်မွန်ပန်း မိတ်ကပ်" နှင့် အလွန်လိုက်ဖက်မည်ဟု ဆုံးဖြတ်လိုက်သည်။
မင်ယွဲ့၏ လက်လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှသဖြင့် သူမကို အသစ်အဆန်းတစ်ဦးဟု မည်သူမျှ မထင်မှတ်နိုင်ပါချေ။
သူမသည် ကျွင်းမော့၏ ဆံပင်ကို အသာအယာ ကိုင်တွယ်ကာ "တစ်ခုတည်းသော ခရုပတ်ပုံစံ ဆံထုံး" ကို ပြုလုပ်ပေးလိုက်သည်။ ကျွင်းမော့၏ သေးသွယ်သော ကိုယ်ဟန်နှင့် ဤဆံပင်ပုံစံမှာ အလွန်ပင် လိုက်ဖက်လှသည်။
ရှောင်မေသည် မင်ယွဲ့၏ ကျွမ်းကျင်သော လက်လှုပ်ရှားမှုများကို ကြည့်ကာ မျက်နှာပျက်သွားရသည်။ ရိုးရှင်းသော ဆံပင်ပုံစံဟု ထင်ရသော်လည်း လုပ်ဆောင်ပုံမှာ အလွန်ပင် စနစ်ကျလှသည်။
"သူက ဟန့်ဖူအသိုင်းအဝိုင်းက မဟုတ်ဘူးလို့ နင်ပြောတယ်မလား"
ရှောင်မေသည် ချန်ရှင်းကို မကျေမနပ်ဖြင့် မေးလိုက်သည်။
မင်ယွဲ့သည် သူမ၏ အိတ်ထဲမှ မိတ်ကပ်ပစ္စည်းများကို တစ်ခုချင်း ထုတ်လိုက်သောအခါ ရှောင်မေသည် မျက်လုံးများ ပြူးသွားရတော့သည်။
"ဒါ... ဒါတွေက ဘယ်လိုမျိုးတွေလဲ"
"ဘာဖြစ်လို့လဲ"
ချန်ရှင်းက နားမလည်ဘဲ မေးလိုက်သည်။
"ဒီဖောင်ဒေးရှင်း တစ်ဗူးတည်းတင် ငါးထောင် ကျော်တယ်၊ ဒီလိုရှင်းက တစ်သောင်းနီးပါး ရှိတာ၊ အဲ့ဒီ နှုတ်ခမ်းနီအမှတ်တံဆိပ်ဆိုရင် ငါတောင် ကောင်းကောင်း မမြင်ဖူးဘူး..."
ရှောင်မေသည် ဤပညာရပ်ကို လေ့လာနေသူဖြစ်သဖြင့် ပစ္စည်းများ၏ တန်ဖိုးကို ချက်ချင်း သိရှိလိုက်သည်။ ချန်ရှင်းမှာမူ ထိုဈေးနှုန်းများကို ကြားရသောအခါ ရင်တုန်သွားရသည်။ ကျွင်းမော့၏ သူငယ်ချင်းမှာ မည်သို့သော ပုဂ္ဂိုလ်မျိုးပါနည်း။
"ဒီလောက်တောင် ဈေးကြီးတာလား”
မိတ်ကပ်ဆရာများပင် အလုပ်ကို ရပ်တန့်ကာ ငေးကြည့်နေကြသည်။
"ရေမွှေး လိုလား ဒီရနံ့က ဒီနေ့ မင်းရဲ့ အလှနဲ့ တကယ်လိုက်ဖက်တယ်"
မင်ယွဲ့သည် အဖြူရောင် ဖန်ပုလင်းငယ်လေးတစ်လုံးကို ထုတ်လိုက်သည်။
"အဲ့ဒါကရော ဘယ်လောက်တန်လဲ"
ချန်ရှင်းက စပ်စုလိုစိတ်ဖြင့် အသံကျယ်ကျယ် မေးလိုက်သည်။
"ဒါက မာစတာ လင်ဒါ ဆီမှာ သီးသန့် အပ်ထားတာပါ တန်ဖိုးကတော့ ယွမ် သုံးသန်းကျော် တယ်”
မင်ယွဲ့က အေးဆေးစွာ ပြန်လည်ဖြေကြားလိုက်သည်။ လင်ဒါစမစ် ဆိုသည်မှာ ပြင်သစ်နိုင်ငံ၏ ကျော်ကြားလှသော ရေမွှေးပညာရှင်ကြီး ဖြစ်ပြီး သူမ၏ လက်ရာများကို ဘုရင်မများပင် သုံးစွဲကြသည်။ သုံးသန်းကျော်တန်သော ရေမွှေးပုလင်းငယ်လေး တစ်လုံးမှာ မြို့ငယ်လေးတစ်မြို့တွင် အိမ်ကြီးတစ်လုံး ဝယ်ယူနိုင်သော တန်ဖိုးရှိလှသည်။
ချန်ရှင်းနှင့် ရှောင်မေတို့မှာ စကားပင် မပြောနိုင်တော့ပါချေ။ သူတို့သည် မင်ယွဲ့၏ ဂုဏ်ဒြပ်ကို အလွန်ပင် လျှော့တွက်ခဲ့မိသည်။ သုံးသန်းတန် ရေမွှေးကို သုံးနိုင်သူမှာ သန်းရာချီ ချမ်းသာသော သူဌေးကြီး ဖြစ်ပေလိမ့်မည်။
မင်ယွဲ့သည် သူတို့ကို ဂရုမစိုက်ဘဲ ကျွင်းမော့၏ မျက်နှာထက်တွင် လှပသော မက်မွန်ပန်းအလှကို ဖန်တီးပေးလိုက်သည်။ လခြမ်းကွေးကဲ့သို့သော မျက်ခုံးလေးများနှင့် နုပျိုသော ပါးပြင်လေးမှာ နွေဦး၏ မက်မွန်ပန်းများအလား စိုပြည်လှသည်။
နောက်ဆုံးတွင် မင်ယွဲ့သည် ကျွင်းမော့၏ နဖူးထက်တွင် မက်မွန်ပန်းပွင့်ငယ်လေးတစ်ပွင့်ကို စုတ်တံဖြင့် ရေးဆွဲပေးလိုက်သည်။
ဤသည်မှာ အလှတရား၏ ပြီးပြည့်စုံသော အဆုံးသတ်ပင် ဖြစ်သည်။ ကျွင်းမော့၏ အလှမှာ ပွဲတစ်ခုလုံးကို လွှမ်းမိုးသွားစေရန် လုံလောက်လှသည်။
ဥက္ကဋ္ဌ ခယ်ဝင် အခန်းထဲသို့ ဝင်လာသောအခါ အခြေအနေကို ချက်ချင်း ရိပ်မိလိုက်သည်။ သူမသည် မင်ယွဲ့၏ လက်ရာကို ကြည့်ကာ အလွန်ပင် အထင်ကြီးသွားခဲ့သည်။
"ရှောင်မော့... မင်းရဲ့ သူငယ်ချင်းက တကယ်ကို လက်ရာမြောက်တာပဲ"
ကျွင်းမော့သည် ရှောင်မေနှင့် ချန်ရှင်းတို့၏ အပြုအမူကို ဥက္ကဋ္ဌထံတွင် တိုင်တန်းလိုက်သဖြင့် ခယ်ဝင်မှာ ဒေါသထွက်သွားရကာ ထိုသူနှစ်ဦးကို ပြင်းထန်စွာ သတိပေးလိုက်တော့သည်။
မင်ယွဲ့နှင့် ကျွင်းမော့တို့ အပြင်သို့ ထွက်လာသောအခါ လူအများ၏ အကြည့်မှာ သူတို့ထံသို့ စုပြုံရောက်ရှိလာသည်။
ရှေးဟောင်းဝတ်စုံနှင့် ကျွင်းမော့နှင့် ခေတ်မီဝတ်စုံနှင့် မင်ယွဲ့တို့၏ ဘေးချင်းယှဉ် လျှောက်လှမ်းမှုမှာ အတိတ်နှင့် ပစ္စုပ္ပန်ကို ပေါင်းကူးပေးထားသော အံ့ဖွယ်မြင်ကွင်းတစ်ခုအလား ဖြစ် နေသည်။
"ဟိုမှာကြည့်စမ်း... ဒီနှစ် ဟန့်ဖူပြပွဲရဲ့ အဆင့်အတန်းက တကယ်ကို မြင့်မားတာပဲ”
"အထူးသဖြင့် ဟိုဘက်က မိန်းကလေးပေါ့၊ ရိုးရိုးဝတ်စုံ ဝတ်ထားတာတောင်မှ သူ့ရဲ့ အရှိန်အဝါက တကယ်ကို အံ့ဩစရာပဲ"
လူအများမှာ သူတို့ကို ငေးမောကြည့်ရှုရင်း အားတက်သရော ဆွေးနွေးနေကြတော့သည်။
***