အနီရောင်ဆံပင်နှင့် လူငယ်တစ်ဦးက လျိုယဲ့၏ ပုခုံးကို ဖက်လိုက်ရင်း စကားဆိုလိုက်သည်။
လျိုယဲ့သည် ခဏတာ ဖြတ်ခနဲ မြင်လိုက်ရသည့် ပုံရိပ်ကလေးကို ကြည့်ရင်း ထိုအမျိုးသမီးကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားနေရသည်။ သူမ၏ မျက်နှာက အလွန်ရင်းနှီးနေသယောင် ရှိ၏။
နှမြောစရာကောင်းသည်မှာ သူသည် သူမ၏ ဘေးတစောင်း အလှကိုသာ မြင်လိုက်ရခြင်းပင်။ သေချာကြည့်ရန် ပြင်လိုက်ချိန်တွင် ထိုလူမှာ အနားမှ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
"မကြာသေးခင်က ငါ့အဖေက ငါ့ကို အိမ်ထဲမှာပဲ ပိတ်လှောင်ထားလို့ အသက်ရှူတောင် ကြပ်နေပြီကွ"
လျိုယဲ့သည် မကျေမနပ် ဖြစ်နေသော်လည်း ဝူးဝူးဝါးဝါး လုပ်ဆောင်ရန်တော့ မဝံ့ရဲပေ။
အမှန်စင်စစ် သူ၏ အသိတရားကင်းမဲ့မှုကြောင့် ကုမ္ပဏီတွင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို သူသိသည်။
သူ၏ ဖခင်ဖြစ်သူမှာ ခေါင်းငုံ့တောင်းပန်ခဲ့ရပြီး၊ အမြတ်အစွန်းနှင့် စီမံကိန်းများကို လျှော့ချရန် ကမ်းလှမ်းခဲ့ရပြီးနောက်မှသာ မစ္စတာမိုက စိတ်ပြေသွားခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မစ္စတာမိုက လာဘ်ထိုးမှုကို လက်ခံခဲ့ပြီး အားလပ်ရက်အတွင်း ထိုကိစ္စကို အေးအေးဆေးဆေး ပြီးပြတ်စေခဲ့သည်။ သို့မဟုတ်ပါက သူသည် ယနေ့တိုင် အကျဉ်းထောင်ထဲတွင် ရှိနေနိုင်သေးသည်။
“သူမပါလား”
ထိုမိန်းကလေးမှာ မည်သူနှင့် တူသည်ကို လျိုယဲ့ နောက်ဆုံးတွင် မှတ်မိသွားခဲ့ပြီ။
သူမသည် မိုဟန်ကျီ၏ ရည်းစားနှင့် တူနေခြင်း ဖြစ်သည်။
သူမနှင့် လူကိုယ်တိုင် တစ်ခါမှ မဆုံဖူးသည့်အပြင် သူမြင်ဖူးထားသည့် ဓာတ်ပုံများကိုလည်း သေချာမမှတ်မိတော့သဖြင့် ဖုန်းကိုထုတ်ကာ ရှာဖွေကြည့်လိုက်သည်။
အွန်လိုင်းပေါ်ရှိ ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်အများစုမှာ ပယ်ဖျက်ခြင်း ခံထားရသော်လည်း မိုဟန်ကျီ၏ Weibo စာမျက်နှာတွင်မူ ၎င်းတို့နှစ်ဦးတွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို တွေ့ရှိခဲ့သည်။
ကြည့်လေလေ၊ ပို၍ တူလေလေ ဖြစ်နေသော်လည်း ခေတ္တအကြာတွင် ထိုပုံရိပ်မှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
"ယဲ့ကော၊ မိုဟန်ကျီရဲ့ weibo ကို ကြည့်ပြီး ဘာလုပ်နေတာလဲ မင်းလည်း စိတ်ဝင်စားနေတာလား ငါပြောရဦးမယ်၊ မိုဟန်ကျီရဲ့ မိန်းကလေးရွေးချယ်မှုက တကယ်ကို အပြစ်ပြောစရာမရှိဘူး သူမက တကယ်ကို နှစ်ပေါင်းထောင်ချီမှ တစ်ယောက်ပေါ်ထွန်းတဲ့ အလှမျိုးပဲ၊ ဒါက လုံးဝပိုပြောတာ မဟုတ်ဘူးနော်..."
အနီရောင်ဆံပင်နှင့် လူငယ်က တတွတ်တွတ် ပြောဆိုနေဆဲ ဖြစ်သည်။
လျိုယဲ့သည် နားထင်ကို ပွတ်ရင်း ခေါင်းကိုက် သလို ခံစားလိုက်ရကာ
“တော်စမ်း၊ တခြားလူတွေရဲ့ အကြောင်းကို ကွယ်ရာမှာ အတင်းမပြောနဲ့"
ဟု ဟန့်တားလိုက်သည်။
ဤသို့သော စကားမျိုးကို အခြားသူတစ်ယောက်က ပြောလျှင် ပုံမှန်ဟု ထင်ရသော်လည်း လျိုယဲ့ထံမှ ကြားလိုက်ရသဖြင့် ထိုလူငယ်မှာ အံ့အားသင့်သွားရသည်။
"ဘာဖြစ်လို့လဲ ယဲ့ကော ငါတို့က ဒီမိန်းကလေးကို သွားရှုပ်လို့ မရဘူးလေ"
အနီရောင်ဆံပင်နှင့် လူငယ်၏ မိသားစုမှာလည်း စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်သော်လည်း လျိုယဲ့၏ မိသားစုလောက် မချမ်းသာပေ။
သူတို့နှစ်ဦးမှာ မူလတန်းကျောင်းသားဘဝကတည်းက သူငယ်ချင်းများ ဖြစ်ကြသဖြင့် အမြဲတစေ အတူတူ ဆော့ကစားခဲ့ကြသူများ ဖြစ်သည်။
လျိုယဲ့သည် သူ့ကို ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ရာ သူ၏ အမူအရာမှာ မသာမယာ ဖြစ်နေသည်။
သူ၏ မျက်နှာမှာ သဘာဝအတိုင်းပင် တင်းမာနေ၏။
မိမိကိုယ်မိမိ အထင်ကြီးလွန်းပြီး ၎င်းတို့နှစ်ဦးကို သွားရောက် စော်ကားမိခဲ့သည့်အတွက် သူ့ကိုယ်သူ မည်သူက အပြစ်တင်ရမည်နည်း။
ထိုစဉ်က သူသည် လောဘဇောများ ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်ပေမည်။
"ငါ သိပါတယ်"
လျိုယဲ့၏ စကားကြောင့် အနီရောင်ဆံပင်နှင့် လူငယ်မှာ အံ့အားသင့်သွားပြန်သည်။
နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သည့်အတွင်း အမြဲတစေ စည်းမဲ့ကမ်းမဲ့ နေတတ်သည့် သခင်လေးလျိုသည် ယခုတစ်ကြိမ်တွင်မူ သူ၏ စကားကို နားထောင်ခဲ့သည်။
"ကောင်းပြီလေ၊ မင်းကို အလှလေးတွေဆီ ခေါ်သွားပေးမယ်"
ထို့နောက် သူတို့နှစ်ဦးမှာ လက်ချင်းချိတ်ကာ ထွက်ခွာသွားကြသည်။
လျိုယဲ့သည် စိတ်ကို တည်ငြိမ်အောင် ထားကာ ပြုံးလိုက်ပြန်သည်။
ထိုသူမှာ မင်ယွဲ့ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူ ဂရုမစိုက်တော့ပေ။ သူသည် ဤနေရာသို့ အပန်းဖြေရန် လာခြင်းဖြစ်ပြီး ပြဿနာရှာရန် လာခြင်း မဟုတ်ချေ။ အေးအေးဆေးဆေးပင် အနားယူ အပန်းဖြေလိုက်ရုံသာ ရှိသည်။
မိမိ၏ ဘေးတစောင်း အလှကြောင့် တစ်စုံတစ်ယောက်တွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်ကို မင်ယွဲ့ မသိရှိခဲ့ပေ။
သူမသည် ပေကျင်းတက္ကသိုလ်၏ ဟန်ဖူကလပ် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိချိန်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသူအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
"လက်ကို နည်းနည်းလေး မြှောက်ပေးပါ၊ ဟုတ် ပြီ၊ အဲဒီ အနေအထားပဲ”
"ခြေထောက်ကို နည်းနည်းလေး အတွင်းဘက် သွင်းလိုက်ပါ"
......
မင်ယွဲ့ ရောက်သွားချိန်တွင် လူငယ်လေးတစ်ဦးက တစ်စုံတစ်ယောက်ကို ဓာတ်ပုံရိုက်ပေးနေသည်ကို တွေ့လိုက်ရသည်။
"ရှောင်မို၊ မင်း ပြီးပြီ ခဏစောင့်ဦး၊ ငါ မင်းကို ဓာတ်ပုံရိုက်ပေးမယ်"
ထိုလူငယ်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
ယနေ့ ကျိုးရှီယန်၏ မိတ်ကပ်နှင့် ဝတ်စုံပြင်ဆင်မှုမှာ ပုံမှန်နှင့်မတူဘဲ ပို၍ ထူးခြားလှပနေသည်ဟု သူခံစားလိုက်ရသည်။
ကလပ်၏ ဤအပိုင်းကို တာဝန်ယူထားသည့် မိန်းကလေးမှာ အရည်အချင်း တိုးတက်လာပုံရသည်။ ဤဓာတ်ပုံများမှာ အမှန်တကယ် ကောင်းမွန်မည်မှာ သေချာသည်။
ကျိုးရှီယန်သည် ကလပ်တွင် အတော်ပင် လူကြိုက်များသူ ဖြစ်သည်။ ရှောင်မေနှင့် ချန်ရှင်းမှလွဲ၍ လူတိုင်းက သူမကို မြင်လျှင် နှုတ်ဆက်ကြသည်။
သူမက ခေါင်းငြိမ့်ပြကာ ဘေးနားမှ ကုလားထိုင်တစ်လုံးကို ယူလာပြီး မင်ယွဲ့၏ အနားတွင် ချပေးလိုက်သည်။
"ညီမက စင်ပေါ်မှာ တင်ဆက်မှု လုပ်ရမှာမို့လို့၊ အစ်မ ဒီမှာ ခဏထိုင်ပြီး အနားယူနေဦးနော်"
ကျိုးရှီယန်သည် ယနေ့ သူမ၏ မိတ်ကပ်ပြင်ဆင်မှုကို အလွန်ကျေနပ်နေပြီး လန်းဆန်းမှုကို ခံစားနေရသည်။
နေရာရှင်းလင်းပြီးနောက် သူမသည် သတ်မှတ်ထားသော နေရာတွင် ရပ်လိုက်ပြီး လူငယ်လေးက သူမကို ဓာတ်ပုံရိုက်ပေးလိုက် သည်။
မင်ယွဲ့သည် ထိုင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ရင်း ထိုနေရာသို့ ကြည့်နေမိသည်။ယနေ့ ပြပွဲသို့ လာရောက်သူ အတော်ပင် များပြားလှသည်။
အတွင်းကွင်းအတွက် လက်မှတ်အရေအတွက်မှာ နည်းပါးသော်လည်း အပြင်ကွင်းတွင်မူ လူများဖြင့် စည်ကားနေသည်။
"အစ်မ၊ အစ်မက အရမ်းလှတာပဲ၊ ညီမတို့နဲ့ အတူတူ ဓာတ်ပုံရိုက်လို့ ရမလားဟင်"
ကျိုးရှီယန် ပို့စ် ပေးနေစဉ် ကျောင်းဝတ်စုံ ဝတ်ထားသည့် မိန်းကလေးနှစ်ဦး ရောက်လာပြီး မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သူမသည် အလွန်ဝမ်းသာသွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။
ထိုလူငယ်က မိန်းကလေး၏ ဖုန်းကို ယူကာ ထိုင်လျက် အနေအထားဖြင့် သူတို့သုံးဦးကို ဓာတ်ပုံရိုက်ပေးလိုက်သည်။
ချန်ရှင်းသည် ကျိုးရှီယန်က သူမထက် ပို၍ လူကြိုက်များနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချန်ရှင်းသည် ဆွဲဆောင်မှုရှိသော ပုံစံကို ရွေးချယ်ထားပြီး မိတ်ကပ် အထူကြီးနှင့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
ပုံမှန်အားဖြင့် သူမသည် ပို၍ အာရုံစိုက်ခြင်း ခံရလေ့ရှိသော်လည်း ယနေ့တွင်မူ ကျိုးရှီယန်က သူမ၏ အလင်းရောင်ကို လွှမ်းမိုးသွားခဲ့သည်။
ခယ်ဝမ် ထွက်လာချိန်တွင် သူတို့၏ ပြပွဲနေရာရှေ့၌ လူအများအပြား ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကျိုးရှီယန်သည် သူမ ဝတ်ဆင်ထားသော ဟန်ဖူဝတ်စုံမှာ မည်သည့် မင်းဆက်မှ ဖြစ်သည်ကို မိန်းကလေးငယ်တစ်ဦးအား ရှင်းပြနေသည်။
ထိုနေရာမှ ရင်းနှီးဖော်ရွေပြီး တက်ကြွလှုပ်ရှားနေသော အငွေ့အသက်များကို ကြည့်ရင်း မင်ယွဲ့သည် ဤကဲ့သို့သော လှုပ်ရှားမှုမျိုးမှာ အမှန် တကယ် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ဤကမ္ဘာပေါ်တွင် သူမ မလေ့လာရသေးသော နယ်ပယ်များစွာ ရှိနေသော်လည်း မိမိတို့၏ ဝါသနာကြောင့် ကြိုးစားအားထုတ်နေကြသူများစွာ ရှိနေနှင့်ပြီ ဖြစ်သည်။
၎င်းတို့သည် ယခုအချိန်တွင် တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်ဟု ဆိုရပေမည်။
"အစ်မ၊ ညီမလည်း အစ်မနဲ့ ဓာတ်ပုံရိုက်လို့ ရမလားဟင်"
မင်ယွဲ့သည် ထိုဘက်သို့ ငေးကြည့်နေစဉ် မိမိ၏ အနောက်တွင် မိန်းကလေးတစ်ဦး ရပ်နေသည်ကို သတိမထားမိခဲ့ပေ။
သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ သူမသည် ရိုးရိုးဝတ်စုံကိုသာ ဝတ်ဆင်ထားသဖြင့် ပြပွဲတွင် ပါဝင်သူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှသည်။
"အစ်မက သူငယ်ချင်းနဲ့ အတူလာတာပါ၊ ဒီနယ်ပယ်ထဲက မဟုတ်ဘူး"
မင်ယွဲ့က မတ်တပ်ရပ်ရင်း ရှင်းပြလိုက်သည်။
သူမ မတ်တပ်ရပ်လိုက်သည့်အခါ ထိုမိန်းကလေး၏ မျက်ဝန်းများမှာ ပို၍ တောက်ပလာသည်။
"အစ်မက အရမ်းလှတာပဲ၊ နောင်ကျရင် သေချာပေါက် နာမည်ကြီးလာမှာ အဲဒီအချိန်ကျရင် အမှတ်တရ ဖြစ်အောင် အခုကတည်းက ကြိုပြီး ဓာတ်ပုံရိုက်ထားချင်လို့ပါ"
ထိုမိန်းကလေး ပြုံးလိုက်သည့်အခါ ပါးချိုင့်လေးနှစ်ဖက် ပေါ်လာသဖြင့် အလွန်ပင် ချစ်စရာကောင်းလှသည်။
မင်ယွဲ့သည် ထိုပါးချိုင့်လေးကို လက်ဖြင့် တို့ကြည့်ချင်စိတ် ပေါ်လာသော်လည်း နောက်ဆုံးတွင် မိမိကိုယ်မိမိ ထိန်းချုပ်လိုက်သည်။
"ရတာပေါ့”
သူမသည် ထိုမိန်းကလေးငယ်၏ ဆန္ဒလေးကို ဖြည့်ဆည်းပေးရသည့်အတွက် အလွန်ဝမ်းသာမိသည်။
"ရှောင်မို၊ ဒီဘက်ကို လာပြီး ငါတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးပါဦး"
မင်ယွဲ့သည် ဤနေရာရှိ မည်သူနှင့်မျှ ရင်းနှီးခြင်း မရှိသဖြင့် ထိုဘက်ရှိ ကျိုးရှီယန်ကို လှမ်းခေါ် လိုက်သည်။
"ငါ ရိုက်ပေးမယ်”
ခယ်ဝမ်က သူ၏ လက်ထဲမှ ဖုန်းကို ယူလိုက် သည်။
မင်ယွဲ့က ငြင်းဆန်ခြင်း မပြုဘဲ ထိုမိန်းကလေး၏ ပုခုံးကို ဖက်ကာ ရင်းနှီးဖော်ရွေစွာ အနားသို့ တိုးကပ်လိုက်သည်။
ထိုမိန်းကလေးသည် အေးမြသော ရနံ့တစ်ခု တိုးကပ်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ ချစ်စရာကောင်းသော အမူအရာအောက်တွင် ရင်ထဲ၌ ရင်ခုန်သံများ မြန်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေမိသည်။
"ကျေးဇူးတင်ပါတယ် အစ်မ”
၎င်းတို့သည် ဓာတ်ပုံရိုက်ပြီးနောက်မှသာ မခွာချင်ခွာချင်ဖြင့် ထွက်ခွာသွားကြသည်။
ကျိုးရှီယန်သည် လာရောက်လည်ပတ်သူများနှင့် စကားပြောဆိုရင်း အတော်ကြာအောင် မတ် တပ်ရပ်နေခဲ့ရသည်။
ပင်ပန်းနွမ်းနယ်နေသဖြင့် သူမသည် မင်ယွဲ့၏ အနားသို့ ကုလားထိုင်တစ်လုံး ယူလာကာ ထိုင်ချလိုက်ပြီး မင်ယွဲ့၏ ပုံရိပ်ကို အသုံးပြု၍ သူမကိုယ်သူမ အနည်းငယ် ဖုံးကွယ်ထားလိုက်သည်။
အမှန်စင်စစ် သူမသည် ဟန်ဖူဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ ပုံရိပ်ကို ဂရုမစိုက်ဘဲ မနေနိုင်ပေ။
"ဩော်... ဒါနဲ့၊ ညီမအတွက် လက်ဆောင်တစ်ခု ပါတယ်၊ ခုနက ပေးဖို့ မေ့သွားလို့"
မင်ယွဲ့သည် သူမ ပြင်ဆင်လာသည့် လက်ဆောင်ကို မပေးရသေးသည်ကို သတိရသွားသည်။
"ညီမမှာလည်း လက်ဆောင်ရှိတယ်"
သူမသည် ပင်ပန်းနေသည်ကို ချက်ချင်းမေ့သွားပြီး ခုန်ထလိုက်သည်။
သို့သော် ခေတ္တအကြာတွင် သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"ဒါပေမဲ့ ညီမက အစ်မအတွက် လက်ဆောင် မပြင်ဆင်ထားရသေးဘူး"
"ရပါတယ်၊ အစ်မက ပေးချင်လို့ ပေးတာပါ"
ပြီးခဲ့သည့် အကြိမ်က ကျိုးရှီယန်သည် ပန်းထိုးပုဝါကို မတော်တဆ ပျောက်ဆုံးသွားခဲ့သဖြင့် ကျိုးအဘွားက သူမကို ထိုပုဝါအတိုင်း ပြန်လည် ချုပ်လုပ်ခိုင်းခဲ့သည်ကို မင်ယွဲ့ သိရှိထားသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူမသည် ကျိုးရှီယန်ကို ပုဝါတစ်ထည် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အစ်မ"
"ညီမလေး ကျိုးရှီယန်"
ဟု ခေါ်ဆိုလိုက်သည့် ထိုအသံမှာ အမှန်တကယ် ပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရှိလှသည်။
လက်ကိုင်ပုဝါကို ဖြန့်လိုက်သည့်အခါ ပွင့်လန်းနေသော စံပယ်ပန်းများ ပန်းထိုးထားသည်ကို တွေ့ရသည်။
မိမိအတွက်သာ သီးသန့် ဖန်တီးထားသည့် ပစ္စည်းတစ်ခုကို ရရှိလိုက်ရသည့် ခံစားချက်မှာ အလွန် ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
"အစ်မကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး ပြီးခဲ့တဲ့ အကြိမ်က အဘွားနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ညီမ တကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာ အခုလို ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ကျိုးရှီယန်သည် အလွန်ကျေးဇူးတင်နေပြီး သူမ၏ ကြောင်မျက်လုံးကြီးများမှာ အနည်းငယ် စိုစွတ်နေသည်။
"ကဲပါ... အဲဒီစကားတွေ ကြားရတာ နားပူလှပြီ စိတ်အေးအေးထားပါဦး၊ မျက်လုံးက မိတ်ကပ်တွေ ပျက်ကုန်ပါဦးမယ်"
မင်ယွဲ့က ရယ်မောရင်း စနောက်လိုက်သည်။
သူမ၏ ရင်ထဲရှိ အုံ့မှိုင်းမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ကျိုးရှီယန်သည် လက်ထဲရှိ ပုဝါကို တစ်ဖက်ပြီးတစ်ဖက် လှန်ကြည့်နေပြီး သူမ၏ နှာခေါင်းနားသို့ ကပ်ကာ အနံ့ခံကြည့်နေသည်။
"ဟိုလေ... အစ်မ ဘာရေမွှေး ဆွတ်ထားတာလဲအနံ့က အရမ်းမွှေးတာပဲ"
ဘေးနားရှိ ပြခန်းမှ အဖွဲ့ဝင်တစ်ဦး ဖြတ်သွားရင်း အနံ့ကို ရလိုက်သဖြင့် ကျိုးရှီယန်၏ ရှေ့တွင် ရပ်ကာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
လန်းဆန်းပြီး နုနယ်သော်လည်း တက်ကြွလှုပ်ရှားသည့် ထိုရနံ့မှာ ဤနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သူမ အသေအချာ သိနေသည်။
ကျိုးရှီယန်က ချက်ချင်း ပြန်မဖြေဘဲ မင်ယွဲ့ကို ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်၊ ဒါက သီးသန့်ဖော်စပ်ထားတဲ့ ရေမွှေးမို့လို့ တခြားနေရာတွေမှာ ဝယ်လို့မရပါဘူး"
မင်ယွဲ့က ဘာမှ တုံ့ပြန်ခြင်း မရှိသည်ကို တွေ့ရသဖြင့် ကျိုးရှီယန်က ပြန်လည် ဖြေကြားလိုက်ခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ၊ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”
ထိုသူ၏ တောက်ပနေသော မျက်ဝန်းများမှာ ချက်ချင်းပင် မှေးမှိန်သွားသည်။
ရေမွှေးရွေးချယ်ရသည်မှာ ခက်ခဲလှသည်။ အနံ့က အလွန်ပြင်းလျှင် ရိုင်းပျသလို ဖြစ်စေနိုင်ပြီး အရည်အသွေး ညံ့ဖျင်းသည်ဟု ထင်ရတတ် သည်။
အနံ့က အလွန်ပျော့လျှင်လည်း ကြာရှည်မခံပေ။ မိမိနှစ်သက်သော ရနံ့တစ်ခုကို ရှာတွေ့ရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။
ထိုရေမွှေးကို ဝယ်ယူ၍ မရနိုင်ရုံသာမက သူမအနေဖြင့် ဝယ်ယူရန်လည်း တတ်နိုင်မည် မဟုတ်ကြောင်း သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။
သီးသန့် ဖန်တီးထားသော အရာမှန်သမျှမှာ တန်ဖိုးကြီးမားလှသည် မဟုတ်ပါလား။
ပြပွဲမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ကျင်းပနေသည်။ မင်ယွဲ့ အချိန်ကို ကြည့်လိုက်ရာ နံနက် ၁၁ နာရီ ရှိနေပြီ ဖြစ်သည်။
ပြပွဲကျင်းပသည့် နေရာမှာ သူမ၏ မင်ယွဲ့ စားသောက်ဆိုင်နှင့် နီးကပ်သော နေရာတွင် ရှိနေသည်။
မင်ယွဲ့သည် ထိုနေရာမှ တာဝန်ခံကို ဖုန်းခေါ်ဆိုကာ စားသောက်ဖွယ်ရာ အချို့ကို မှာယူလိုက် သည်။
ထို့နောက် ဖုန်းကို ပြန်သိမ်းလိုက်သည်။
မင်ယွဲ့ စားသောက်ဆိုင်မှ တာဝန်ခံမှာ သူဌေးဖြစ်သူက ရုတ်တရက် ဆက်သွယ်လာသဖြင့် အံ့အားသင့်သွားရသည်။
မန်နေဂျာသည် ဤနယ်ပယ်တွင် အမှန်တကယ် ပါဝင်ပတ်သက်ခြင်း မရှိခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ အရည်အချင်းကို သက်သေပြရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။
သူသည် မီးဖိုချောင်သို့ သွားကာ မင်ယွဲ့ မှာယူခဲ့သမျှကို အဆင်သင့် ပြင်ဆင်ထားရန် စားဖိုမှူးကို ညွှန်ကြားလိုက်သည်။
မင်ယွဲ့သည် သူမ၏ ဆိုင်ရှိ ဟင်းလျာများကို ကောင်းစွာ သိရှိထားသဖြင့် အချိန်အကြာကြီး စောင့်ရမည့် ဟင်းလျာများကို မမှာယူဘဲ ရိုးရှင်းပြီး လုပ်ရလွယ်ကူသော ဟင်းလျာများကိုသာ မှာယူခဲ့သည်။
ကျိုးရှီယန်မှာ အလွန်အလုပ်ရှုပ်နေသဖြင့် မင်ယွဲ့ကို ဧည့်ခံရန် အချိန်မရှိပေ။
မင်ယွဲ့သည် ထိုင်ရာမှ ထကာ အခြားပြခန်းများကို လှည့်လည်ကြည့်ရှုနေသည်။
သူမသည် အထည်အလိပ် ပညာရပ်ကို လေ့လာစဉ်က တရုတ်ဝတ်စုံများ၏ ပြောင်းလဲတိုးတက်လာပုံကို သဘာဝအတိုင်း လေ့လာခဲ့ဖူးသည်။
သို့သော် ယနေ့တွင်မူ အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းသော အလှတရားများကို တွေ့မြင်ခဲ့ရသည်။
ခန့်ညားထည်ဝါသော လူငယ်များ၊ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးများနှင့် အရပ်သားများ လူတန်းစားပေါင်းစုံကို ကိုယ်စားပြုထားသည်ကို တွေ့ရသည်။
တောက်ပသော လရောင်သည် သူမကို အသေအချာပင် ငေးကြည့်နေခဲ့သည်။
မင်ယွဲ့၏ ဖုန်း တုန်ခါလာသဖြင့် အစားအသောက်များ ရောက်ရှိလာပြီဟု သူမ ခန့်မှန်းလိုက်သည်။
သူမ အပြင်သို့ ထွက်သွားသည့်အခါ ကားတစ်စီး ဆိုက်ရောက်လာပြီး လူနှစ်ဦးက ထမင်းဘူးများကို သယ်ဆောင်ကာ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
"သူဌေး၊ ကျွန်တော့်ကို ပေးပါ၊ ကျွန်တော် သယ်ပေးပါမယ်"
မင်ယွဲ့သည် ဆိုင်အကူ ရောက်လာသည်ကို တွေ့ရသဖြင့် ၎င်းတို့ကို အတွင်းသို့ ခေါ်ဆောင်သွားသည်။
ယခုမှာ နေ့လယ်စာ စားချိန် ဖြစ်သဖြင့် လာရောက်လည်ပတ်သူ အလွန်ပင် နည်းပါးနေသည်။
ရောက်ရှိနေသော မော်ဒယ်အများအပြားမှာလည်း ထမင်းစားရန် ထွက်သွားကြပြီ ဖြစ်သည်။
"ကျိုးရှီယန်၊ ထမင်းစားလို့ ရပြီ ဥက္ကဋ္ဌ၊ လာလေ၊ ကျွန်မတို့နဲ့ အတူတူ စားရအောင်”
မင်ယွဲ့က ထိုဘက်သို့ လက်လှမ်းပြလိုက်သည်။
ကျိုးရှီယန်သည် သူမ၏ စကတ်ကို မကာ ပျံသန်းနေသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ပြေးလာသည်။
ခယ်ဝမ်သည် ၎င်းတို့ကို အနီးအနားရှိ တစ်နေရာသို့ ခေါ်သွားကာ ကျွေးမွေးရန် ရည်ရွယ်ထားသော်လည်း တစ်စုံတစ်ယောက်က ကြိုတင် ပြင်ဆင်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် အားလုံးပဲ ခဏနားလိုက်ကြဦး ရှောင်မိုက ငါတို့အတွက် နေ့လယ်စာ ပြင်ဆင်ပေးထားတယ်၊ မြန်မြန်လာစားကြ"
သူမက လက်ခုပ်တီးကာ လူတိုင်းကို အလုပ် ရပ်နားရန် အချက်ပြလိုက်သည်။
ပင်ပန်းနွမ်းနယ်နေသော နံနက်ခင်းဖြစ်သဖြင့် နေ့လယ်စာ စားရမည်ဟူသော အသံကို ကြားလိုက်ရချိန်တွင် လူတိုင်း ပြန်လည် တက်ကြွသွားကြသည်။
ခယ်ဝမ်က အတော်အတန် ကျယ်ဝန်းသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။
မင်ယွဲ့ စားသောက်ဆိုင်မှ ဝန်ထမ်းများသည် အစားအသောက်ဘူး ၄ ဘူးကို ချထားပေးပြီးနောက် -
"ကျွန်တော်တို့ ခေတ္တအကြာမှာ လာသိမ်းပါ့မယ်၊ ကောင်းကောင်း သုံးဆောင်ကြပါ”
ထိုလူနှစ်ဦး ထွက်သွားပြီးနောက် လူတိုင်းမှာ တစ်ပြိုင်နက် စကားများ ပြောဆိုလာကြသည်။
“ဒါ ဘယ်အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီလဲ သီးသန့် ပို့ဆောင်ပေးတဲ့သူတောင် ရှိတယ်နော်”
ဒီထမင်းဘူးက ရှေးခေတ်က သုံးတဲ့ပုံစံအတိုင်းပဲ။
ဟန်ဖူဝတ်ထားရင်းနဲ့ ဒါကို စားရတာ လုံးဝ အံဝင်ခွင်ကျ ဖြစ်နေတာပဲ။
ခယ်ဝမ်သည် ထမင်းဘူး လက်ကိုင်ရှိ လခြမ်းပုံစံ အမှတ်အသားလေးကို စဉ်းစားသလို ကြည့်နေမိသည်။
သူမသည် ဤစားသောက်ဆိုင်တွင် စားဖူးသည်။ ထိုဆိုင်သည် အိမ်မွေးတိရစ္ဆာန်များနှင့် အတူလာရောက်နိုင်သည့် အချက်ကြောင့် လူအများအပြားကို ဆွဲဆောင်နိုင်သလို အဓိကအားဖြင့် အမျိုးမျိုးသော ပုံစံများဖြင့် ပြင်ဆင်ထားသည့် ဟင်းလျာများမှာ အလွန်အရသာရှိသဖြင့် ဖောက်သည်များကို ဆွဲဆောင်ထားနိုင်ခြင်း ဖြစ်သည်။
သို့သော် မင်ယွဲ့ စားသောက်ဆိုင်မှာ အပြင်သို့ ပို့ဆောင်ပေးခြင်း မရှိသည်ကို သူမ မှတ်မိနေသဖြင့် မင်ယွဲ့၏ မည်သူမည်ဝါ ဖြစ်သည်ကို ခန့်မှန်းကြည့်နေမိသည်။
တစ်စုံတစ်ခုကို အာရုံခံစားမိသကဲ့သို့ မင်ယွဲ့က မော့ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦး၏ အကြည့်ချင်း ဆုံသွားသည်။ မင်ယွဲ့၏ နှုတ်ခမ်းဖျားတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်နေသည်။
ခယ်ဝမ်သည် အကြည့်ကို ချက်ချင်း လွှဲလိုက်ပြီး ထမင်းဘူးကို ဖွင့်လိုက်သည်။
ပန်းကန်ပြားအသေးလေးများဖြင့် ပြင်ဆင်ထားသော ဟင်းလျာများမှာ အလွန်ပင် လက်ရာမြောက်လှသဖြင့် မစားရသေးမီမှာပင် အနံ့ကြောင့် ဆголоစာ လှုံ့ဆော်ပေးနေသည်။
ကလပ်အဖွဲ့ဝင်တစ်ဦး၏ ဗိုက်ထဲမှ မြည်သံထွက်လာသဖြင့် လူတိုင်းမှာ ရယ်မောလိုက်ကြသည်။
မင်ယွဲ့နှင့် ကျိုးရှီယန်တို့သည် အလွှာ ၃ လွှာ ပါရှိသော အစားအသောက်ဘူးတစ်ဘူးကို ဖွင့်လိုက်ရာ ထမင်းနှစ်ပန်းကန်၊ ဟင်းနှစ်မျိုး၊ စွပ်ပြုတ်တစ်မျိုးနှင့် အချိုပွဲတစ်ခု ပါရှိသည်။
"အစ်မ၊ ဒါ ဘယ်ဆိုင်ကလဲ အရမ်းအရသာ ရှိတာပဲ”
ကျိုးရှီယန်သည် စားသောက်ရင်း သူမ၏ မျက်ဝန်းလေးများမှာ ပျော်ရွှင်မှုကြောင့် မှေးစင်းနေသည်။
"ညီမ ကြိုက်တယ်ဆိုရင် မင်ယွဲ့ စားသောက်ဆိုင်ကို သွားလို့ရပါတယ်"
"ကျေးဇူးတင်ပါတယ် သူငယ်ချင်း”
"ရှောင်မို၊ မင်းရဲ့ သူငယ်ချင်းက တကယ် သဘောကောင်းတာပဲ ငါ ဒီလောက် အရသာရှိတဲ့ အစားအသောက်မျိုး တစ်ခါမှ မစားဖူးဘူး"
"ဝါး... ငါ တကယ် ဗိုက်ဆာနေတာ၊ အရသာရှိလွန်းလို့ ငိုတောင် ငိုချင်တယ်"
ကျိုးရှီယန်သည် မင်ယွဲ့၏ မည်သူမည်ဝါ ဖြစ်သည်ကို မိတ်မဆက်ပေးသော်လည်း ၎င်းတို့အားလုံးမှာ မင်ယွဲ့ကို အလွန်ကျေးဇူးတင်နေကြသဖြင့် ကျေးဇူးတင်စကားများ ပြောဆိုနေကြသည်။
"ရပါတယ်၊ အားမနာကြပါနဲ့"
"ဒါက အစားအသောက်လေး တင်ပါ၊ အဲဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်နေဖို့ လိုလို့လား"
မျက်နှာလိုမျက်နှာရ လုပ်နေကြတာပဲ! ကျိုးရှီယန်ရဲ့ သူငယ်ချင်းက ချမ်းသာတဲ့သူဆိုတာ သူတို့ သိနေကြတာ ဖြစ်ရမယ်။
ချန်ရှင်းက မကျေမနပ် ပြောလိုက်ပြီး ရှောင်မေမှာ သူမ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။
"မစားချင်ရင်လည်း မစားနဲ့လေ"
မင်ယွဲ့က မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲရှိ အေးစက်သော အကြည့်ကြောင့် ချန်ရှင်းမှာ မသိစိတ်မှ တုန်လှုပ်သွားရသည်။
"မင်း မစားချင်ရင် မစားနဲ့ပေါ့၊ ဟုတ်တယ်မလား ရှောင်မေ”
ရှောင်မေသည် ယခုအချိန်တွင် စိတ်အခြေအနေ အလွန်ဆိုးရွားနေသည်။ သူမသည် ဘေးနားမှ မွှေးကြိုင်နေသော အစားအသောက်နံ့ကို ရနေပြီး ယခုအချိန်တွင် မစားရတော့မည်ကို တွေးကာ မခံမရပ်နိုင် ဖြစ်နေသည်။
ကံဆိုးစွာဖြင့် သူမ စကားမပြောနိုင်မီမှာပင် ကျိုးရှီယန်သည် ရုတ်တရက် ထရပ်ကာ ပြေးလာပြီး ၎င်းတို့ရှေ့ရှိ အစားအသောက်ဘူးကို ယူကာ အခြားကလပ်အဖွဲ့ဝင်များထံသို့ သွားပေးလိုက် သည်။
"သူတို့မှ မစားချင်တာ၊ အဲဒါကြောင့် နင်တို့ပဲ စားလိုက်ကြတော့"
ကျိုးရှီယန်သည် ၎င်းတို့ကို လုံးဝ အလိုမလိုက် ပေ။
"ကျေးဇူးပဲ ရှောင်မို”
ရှောင်မေ သူမကို မတားနိုင်မီမှာပင် ဓာတ်ပုံရိုက်ပေးသည့် လူငယ်က စတင် စားသောက်နေပြီ ဖြစ်သည်။
လူငယ်နှစ်ဦးမှာ သဘာဝအတိုင်း အစားအသောက် အားကောင်းကြပြီး ဤကဲ့သို့ အရသာရှိသော အစားအသောက်မျိုးကို ခဲခဲယဉ်ယဉ် တွေ့ရသဖြင့် ပို၍ စားရသည်မှာ ဘာမှ မမှားပေ။
မစားချင်သောသူများ ရှိနေသေးလျှင် ၎င်းတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်သာ ဖြစ်သည်။
၎င်းတို့မှာ ပျော်ပျော်ပါးပါး စားသောက်နေကြသော်လည်း ရှောင်မေနှင့် ချန်ရှင်းတို့၏ မျက်နှာများမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ အထူးသဖြင့် ရှောင်မေ ဖြစ်သည်။
"အခုတော့ ငါ ဘာစားရတော့မှာလဲ"
ရှောင်မေက ခပ်တိုးတိုး အော်ဟစ်လိုက်သည်။
"ငါတို့ အပြင်ကနေ မှာစားမယ်လေ"
ချန်ရှင်းက ဖုန်းကို ထုတ်ကာ ကျိုးရှီယန်ကို ကြည့်လိုက်သော်လည်း မည်သူကမျှ သူမကို ဂရုမစိုက်ကြပေ။
အပြင်မှ မှာယူသည့် အစားအသောက်မှာ ယခု အစားအသောက်များလောက် အရသာရှိမည် မဟုတ်ဟု ရှောင်မေ ခံစားနေရသော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။ ဗိုက်ဆာခံနေ၍လည်း မရသည် မဟုတ်ပါလား။
၎င်းတို့ မှာယူထားသည့် အစားအသောက်များ ရောက်ရှိလာချိန်တွင် မင်ယွဲ့တို့မှာ စားသောက်ပြီးနေပြီ ဖြစ်သည်။
"အီး... ဗိုက်ဝထွက်နေပြီ၊ နည်းနည်းတောင် လေပွသလို ခံစားနေရတယ်"
ယနေ့ ကျိုးရှီယန်ကို ဓာတ်ပုံရိုက်ပေးသည့် လူငယ်က တူကို ချလိုက်ပြီး သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။
"ဒီမှာ မင်း ဂရုစိုက်ရမယ့်သူ မရှိပါဘူး၊ မဟုတ်ဘူးလား ယဉ်ယဉ်ကျေးကျေး နေစမ်းပါဦး"
သူ့ဘေးနားရှိ လူငယ်က သူ့ကို ကန်ကာ ရယ်မောရင်း ဆဲဆိုလိုက်သည်။
မင်ယွဲ့သည် ၎င်းတို့ ဆော့ကစားနေသည်ကို ကြည့်ရင်း ပြုံးနေမိသည်။ အခြားသူများကလည်း သူမကို သတိထားမိနေသည်ကို သူမ မသိရှိခဲ့ပေ။
မင်ယွဲ့ စားသောက်ဆိုင်မှ ဝန်ထမ်းများ ရောက်လာပြီး အစားအသောက်ဘူးများကို ပြန်လည် သယ်ဆောင်သွားကြသည်။
စားသောက်ပြီးနောက် ၎င်းတို့သည် ချက်ချင်း ထွက်မသွားဘဲ ဤနေရာတွင်ပင် အနားယူနေကြသည်။
"အဲဒီလူက ဘယ်သူလဲ ငါ သူမကို ငါ့ရဲ့ မော် ဒယ်အဖြစ် ထားချင်တယ်"
လူအုပ်စုတစ်စု၏ ဝန်းရံခြင်းကို ခံထားရသော တရုတ်ရိုးရာ ဝတ်စုံဒီဇိုင်းပညာရှင်တစ်ဦးက ဤဘက်သို့ ကြည့်လိုက်သည်။
နိုင်ငံတော် ပိုမို အင်အားတောင့်တင်းလာသည်နှင့်အမျှ ပြည်သူများ၏ အမျိုးသားရေး ဂုဏ်ယူမှုမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်မားလာသည်။
ထို့ကြောင့် တရုတ်အမွေအနှစ်များ ပါဝင်သော တရုတ်ရိုးရာ ဝတ်စုံများမှာ ပိုမို ရေပန်းစားလာပြီး ပြည်ပနိုင်ငံများသို့ပင် ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် မုနီယန်သည် တရုတ်ရိုးရာ ဝတ်စုံဒီဇိုင်း နယ်ပယ်တွင် ထိပ်တန်း ဒီဇိုင်းပညာရှင် တစ်ဦး ဖြစ်သည်။
သူမသည် လာမည့်လတွင် ကျင်းပမည့် သူမ၏ တစ်ကိုယ်တော် ဖက်ရှင်ရှိုးအတွက် ပြင်ဆင်နေပြီး မကြာသေးမီကပင် အလွန်အလုပ်ရှုပ်နေသဖြင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။
သူမသည် ယနေ့တွင် စိတ်ကူးသစ်အချို့ ရရှိရန် မျှော်လင့်ချက်ဖြင့် ဟန်ဖူဖက်ရှင်ရှိုးသို့ လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။
"သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ရတာ ပြပွဲပြင်ပမှာ လာရောက် ပါဝင်ဆင်နွှဲနေကြတဲ့သူတွေ ဖြစ်ပုံရတယ်"
သူ့ဘေးနားရှိ လူက သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ပြောလိုက်သည်။
မုနီယန်က ဘာမှ ထပ်မပြောဘဲ ဤဘက်သို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းလာခဲ့သည်။
မင်ယွဲ့သည် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိပြုမိသဖြင့် နားကို အနည်းငယ် စွင့်လိုက်ပြီး မော့ကြည့်လိုက်သည်။
***