ကြယ်တာရာများ မြှုပ်နှံထားသည့်နှယ် ဝင်းလက်တောက်ပနေသော မင်ယွဲ့၏ မျက်ဝန်းအစုံနှင့် ဆုံလိုက်ရသည့်ခဏတွင် မုနီယန်၏ ရင်ထဲ၌ ဝမ်းမြောက်မှုလှိုင်းတံပိုးတို့ ရိုက်ခတ်သွားရသည်။
နိုင်ငံတကာအဆင့်မီ စူပါမော်ဒယ်အများစုမှာ နိုင်ငံခြားသားများသာ ဖြစ်ကြပြီး တရုတ်လူမျိုး မော်ဒယ်များမှာမူ လူသိနည်းလှသည်။
မုနီယန်သည် တရုတ်ရိုးရာဟန်ကို အလေးထားသူပီပီ မိမိ၏ ဖန်တီးမှုများတွင် တိုင်းတစ်ပါးသားတို့ကို အသုံးပြုရန် စိတ်သန်ခြင်းမရှိခဲ့ပေ။
သို့သော် အတိတ်ကာလကမူ မိမိ၏ အမည်နာမ ကျော်ကြားစေရန်အတွက် နာမည်ကြီး မော် ဒယ်များ၏ အကူအညီကို ယူခဲ့ရဖူးသည်။
ယခုမူ သူမ၏ အမည်မှာ ပင်လယ်ရပ်ခြားအထိ ပျံ့နှံ့ကျော်ကြားနေပြီဖြစ်ရာ ဤပုံစံကို ပြောင်းလဲ၍ ပြည်တွင်းဖြစ် မော်ဒယ်များဖြင့်သာ ခမ်းနားစွာ တင်ဆက်လိုသည့် ဆန္ဒရှိနေသည်။
သူမ၏ ယခုအကြိမ် ဖက်ရှင်ရှိုး ခေါင်းစဉ်မှာ "ပွင့်လန်းလာသော ပန်းမန်များ" ဟူ၍ ဖြစ်သည်။
မင်ယွဲ့သည် အေးစက်တည်ငြိမ်သော အငွေ့အသက်များ ဝန်းရံလျက် ထိုနေရာတွင် ထိုင်နေသော်လည်း ဘေးနားရှိသူများနှင့် စကားဆိုချိန်တွင်မူ နူးညံ့သိမ်မွေ့လှသည်။
ဤသည်မှာ သူမ၏ ခေါင်းစဉ်ထဲမှ လီပန်းများ၏ သရုပ်သကန်နှင့် အလွန်ပင် လိုက်ဖက်လှပေသည်။
လူအများစုက မက်မွန်ပန်းတို့၏ အလှကို ချီးမွမ်းကြရာတွင် "နုပျိုသော မက်မွန်ပင်ပျိုလေး၏ ပန်းပွင့်များမှာ တောက်ပလှပနေသည်" ဟူ၍လည်းကောင်း၊ "နွေဦးလေပြေထဲတွင် မက်မွန်ပန်းတို့က ပြုံးရယ်နေဆဲပင်" ဟူ၍လည်းကောင်း ကဗျာဖွဲ့ကြသည်။
သို့သော် လီပန်းတို့နှင့် ပတ်သက်လျှင်မူ "သစ်ခွပန်းတို့ မိုးမထိမီ လီပန်းတို့က ဆီးနှံကဲ့သို့ ဖွေးဖွေးလှုပ်နေပြီ" ဟူသော စာသားများကဲ့သို့ ဖြူစင်ခြင်းကိုသာ အမှတ်ရစေသည်။
မက်မွန်ပန်းကို မြင်လျှင် ရှက်သွေးဖြာနေသော မိန်းမပျိုလေး၏ ပါးပြင်ကို ပြေးမြင်မိသော်လည်း လီပန်းကို မြင်လျှင်မူ လူတို့သည် ဆီးနှံခဲများကိုသာ သတိရတတ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ အေးမြသော အဖြူရောင်မှာ အချစ်ဦး သို့မဟုတ် ပူလောင်သော စိတ်ခံစားမှုတို့ထက် ဖြူစင်မှု၊ စောင့်မျှော်ခြင်းနှင့် ခွဲခွာခြင်းတို့ကို ပိုမိုကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။
မုနီယန်သည် မင်ယွဲ့၏ အရှိန်အဝါကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်သည်။ အေးစက်မှု အနည်းငယ် ပိုသွားလျှင် ခက်ထန်သွားစေနိုင်ပြီး လျော့နည်းသွားလျှင်လည်း ယခုကဲ့သို့ ကျော့ရှင်းသော အလှမျိုး ပေါ်လွင်မည်မဟုတ်ပေ။
မုနီယန်သည် မင်ယွဲ့အနားသို့ တိုးကပ်လာလေလေ၊ သူမ၏ ရင်ထဲ၌ ပို၍ ကျေနပ်မိလေလေ ဖြစ်သည်။ မင်ယွဲ့၏ အနားတွင် လီပန်းတို့၏ သင်းပျံ့သော ရနံ့လေးပင် စွဲကျန်နေသယောင် ခံစားရ၏။
ခယ်ဝမ်သည် ရုတ်တရက် ရောက်ရှိလာသော ဧည့်သည်ကို မှတ်မိသွားကာ "ဆရာမ မုနီယန်” ဟု လှမ်း၍ နှုတ်ဆက်လိုက်သည်။
သူမ၏ မိသားစုမှာ အဝတ်အထည်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ရာ အစ်မဖြစ်သူနှင့်အတူ ပွဲတစ်ခုတက်ရောက်စဉ်က မုနီယန်နှင့် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။
"မင်္ဂလာပါ၊ မင်းတို့က ပရော်ဖက်ရှင်နယ် ဟန်ဖူမော်ဒယ်တွေလား"
မုနီယန်သည် ကျော်ကြားသော ဒီဇိုင်နာတစ်ဦး ဖြစ်သော်လည်း စကားပြောဆိုရာတွင် အလွန် နူးညံ့ပြီး မာန်မာန ကင်းမဲ့လှသည်။
"ကျွန်မတို့က ပေကျင်းတက္ကသိုလ် ဟန်ဖူကလပ်ကပါ"
ဟု ခယ်ဝမ်က ပြန်လည်ဖြေကြားသည်။
မုနီယန်သည် မင်ယွဲ့ကို ကြည့်ကာ လက်ကမ်းလိုက်ပြီး
“မင်္ဂလာပါ၊ ကျွန်မနာမည် မုနီယန်လို့ ခေါ်ပါတယ်"
ဟု မိတ်ဆက်လိုက်သည်။
မင်ယွဲ့သည်လည်း ထိုင်နေရာမှ ထကာ သူမ၏ ဝတ်စုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး မုနီယန်၏ လက်ကို ခပ်အေးအေးပင် ပြန်လည်ဆွဲနှုတ် လိုက်သည်။
"ကျွန်မရဲ့ မော်ဒယ်အဖြစ် လုပ်ပေးနိုင်မလား လာမယ့်လမှာ ကျွန်မရဲ့ ဖက်ရှင်ရှိုး ရှိလို့ပါ"
မုနီယန်၏ တိုက်ရိုက်ကမ်းလှမ်းမှုကြောင့် ဘေးနားရှိသူများမှာ မင်ယွဲ့ကို ကံထူးသူတစ်ဦးအဖြစ် ငေးကြည့်နေကြသည်။ သို့သော် မင်ယွဲ့ကမူ အေးဆေးစွာပင် ငြင်းပယ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မက ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် မဟုတ်လို့ပါ"
မုနီယန်နောက်မှ ပါလာသူများမှာ မင်ယွဲ့ကို ကျေးဇူးမသိတတ်သူဟု ထင်မြင်နေကြသည်။ မုနီယန်၏ ရွေးချယ်မှုကို ခံရခြင်းမှာ နာမည်ကျော်ကြားရန် လမ်းပွင့်သွားခြင်း ဖြစ်သော်လည်း မင်ယွဲ့ကမူ ထိုသို့ မယူဆပေ။
ထိုစဉ် လူတစ်ဦး ပြေးလာကာ မုနီယန်၏ နားနားသို့ ကပ်၍ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။ မုနီယန်သည် တည်ငြိမ်စွာပင် လိပ်စာကတ်တစ်ခုကို ထုတ်ပေးလိုက်ပြီး
"ဒါ ကျွန်မရဲ့ လိပ်စာကတ်ပါ အဆက်အသွယ်လေး ပေးထားလို့ ရမလား၊ ကျွန်မတို့ သူငယ်ချင်းတွေ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်"
ဟု ဆိုလိုက်သည်။
မင်ယွဲ့သည်လည်း သူမ၏ WeChat QR Code ကို ပေးလိုက်ကာ ၎င်းတို့နှစ်ဦး သူငယ်ချင်းများ ဖြစ်သွားကြသည်။
မုနီယန် ထွက်ခွာသွားပြီးနောက် ချန်ရှင်းမှာ မနာလိုစိတ်တို့ဖြင့် "ရုပ်လေးလှရုံနဲ့တင် ဆရာမမုနီယန်က သဘောကျသွားတာလား" ဟု တိုးတိုးလေး ရေရွတ်နေမိသည်။
ပြပွဲအပြီးတွင် မင်ယွဲ့နှင့် ကျိုးရှီယန်တို့သည် အတွင်းကွင်းသို့ ဝင်ရောက်ကြည့်ရှုရန် ပြင်ဆင်ကြသည်။
မင်ယွဲ့တွင် မိုဟန်ကျီ ပေးထားသော အတွင်းကွင်းလက်မှတ် ၄ စောင် ရှိနေသဖြင့် ခယ်ဝမ်နှင့် မိတ်ကပ်ဆရာမတို့ကိုပါ အတူခေါ်ဆောင်သွားခဲ့သည်။ ဤသည်ကို မြင်လိုက်ရသော ချန်ရှင်းမှာ မနာလိုစိတ်တို့ဖြင့် ရင်ကွဲမတတ် ခံစားလိုက်ရသည်။
အတွင်းကွင်းတွင် ထိုင်နေစဉ် နောက်အတန်းမှ လျိုယဲ့သည် မင်ယွဲ့ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားရသည်။
သူသည် ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် မင်ယွဲ့နှင့် ဝေးဝေးတွင်သာ နေလိုသော်လည်း ယခုမူ ထိပ်တိုက်ဆုံတွေ့နေရပြီ ဖြစ်သည်။
သူ၏ သူငယ်ချင်း လျန်ကု (ခေါ်) လျန်ရွှမ်းကမူ ဘာမှမသိဘဲ စကားများနေသဖြင့် လျိုယဲ့က "ပါးစပ်ပိတ်ထားစမ်း၊ မဟုတ်ရင် ထွက်သွားတော့" ဟု ဟန့်တားလိုက်ရသည်။
ဖက်ရှင်ရှိုး ပြီးဆုံးသွားချိန်တွင် လျိုယဲ့သည် မင်ယွဲ့ကို မဝံ့မရဲဖြင့် နှုတ်ဆက်လိုက်သည်။
"ကျွန်တော့်ဖခင်က ထိန်ဖေးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌပါ၊ ကျွန်တော့်နာမည် လျိုယဲ့ပါ"
ဟု သူက ခေါင်းငုံ့ကာ မိတ်ဆက်သည်။
မင်ယွဲ့သည် သူ့ကို ရန်ငြိုးမထားသော်လည်း အေးစက်စွာပင် "တစ်ခုခု လိုအပ်လို့လား" ဟု မေးလိုက်သည်။
လျိုယဲ့မှာ အမှားဟောင်းများအတွက် ကြောက်ရွံ့နေဆဲဖြစ်ရာ နှုတ်ဆက်ရုံသာဖြစ်ကြောင်း ပြောကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
အပြင်သို့ ရောက်သည့်အခါ မိုဟန်ကျီသည် ကားဘေးတွင် ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
ကျော်ကြားသော အေးစက်စက် ဥက္ကဋ္ဌမိုသည် မင်ယွဲ့အပေါ်တွင်မူ အလွန်ပင် နူးညံ့ကြင်နာလှသည်။
၎င်းတို့နှစ်ဦး ကျိုးရှီယန်ကို အိမ်သို့ လိုက်ပို့ကြသည်။ အိမ်ရှေ့တွင် ကျိုးရှီယန်က မင်ယွဲ့ကို ထမင်းစားရန် ဖိတ်ခေါ်သော်လည်း မိုဟန်ကျီ၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲကာ နှုတ်ဆက်၍ ပြေးဝင်သွားတော့သည်။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ယွဲ့ဟွာ နည်းပညာ သို့ သွားရောက်ခဲ့သည်။ ကျန်ဟင်သည် သူမကို ကြိုဆိုကာ အသစ်ဖွဲ့စည်းထားသော ဌာနသို့ ခေါ်ဆောင်သွားသည်။
"ဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ သူဌေး မင်ယွဲ့ပါ"
ကျန်ဟင်၏ မိတ်ဆက်ပေးမှုကြောင့် ဝန်ထမ်းသစ်များမှာ အံ့အားသင့်သွားကြသည်။ အချိန်တိုအတွင်း ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာသည့် ယွဲ့ဟွာ၏ သူဌေးမှာ ဤမျှ ငယ်ရွယ်သော မိန်းကလေးတစ်ဦး ဖြစ်လိမ့်မည်ဟု ၎င်းတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ"
ဟု ကျန်ဟင်က မေးလိုက်ရာ ဝန်ထမ်းတစ်ဦးက
"သူဌေးက အရမ်းငယ်သေးလို့ပါ”
ဟု မဆင်မခြင် လွှတ်ခနဲ ပြောမိသွားသည်။
ကျန်ဟင်က ထိုဝန်ထမ်းကို ကြည့်လိုက်ရာ ထိုသူမှာ ဥက္ကဋ္ဌကျန်သည်လည်း အလွန်ငယ်ရွယ်သူ ဖြစ်သည်ကို သတိရသွားကာ စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။
***