ခယ်ဟယ်သည် အချိန်တန်ပြီဖြစ်ကြောင်းနှင့် ရလဒ်ကောင်းများကို မြင်တွေ့ရတော့မည်ကို သိရှိလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏မျက်နှာထက်၌ ဖြစ်တောင့်ဖြစ်ခဲ စစ်မှန်သော အပြုံးတစ်ခု ပေါ်လွင်နေ၏။
"ဒါပေါ့... ရှောင်တီးရယ်"
ကျန်တီးသည် အတိုင်းအထက်အလွန် ဝမ်းသာသွားပြီး သူ့ကို ဖက်တွယ်ကာ ရယ်မောလိုက်မိသည်။ ခယ်ဟယ်သည် စကားထက် အလုပ်ဖြင့် သက်သေပြတတ်သူဖြစ်ပြီး သူမအပေါ် အလွန်ကောင်းသည်ဟု သူမ ခံစားရသည်။
မကြာသေးမီကလည်း သူသည် သူမကို သိသိသာသာ အပူတပြင်း လိုက်နေခဲ့သည် မဟုတ်ပါလား။ သူက ဤမျှ ကြိုးစားအားထုတ်နေမှတော့ သူမဘက်ကလည်း စတင်ပြီး တုံ့ပြန်သင့်ပြီဟု သူမ ယူဆမိသည်။
သူတို့နှစ်ဦး၏ အတွေးကိုယ်စီသည် လားရာမတူသော်လည်း အခြေအနေများမှာမူ ခယ်ဟယ် တွက်ချက်ထားသည့်အတိုင်း တိတိကျကျ ဖြစ်ပေါ်လာခဲ့သည်။
ခယ်ဟယ်သည် လူတန်းရှည်ကြီးထဲတွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီး ကျန်တီးအတွက် နို့လက်ဖက်ရည် ဝယ်ပေးခဲ့သည်။ ထို့နောက် အမှတ်မထင်သလိုပင် မေးလိုက်၏။
"မင်းအစ်ကို အခုတလော ဘာတွေလုပ်နေလဲ"
ကျန်တီး အံ့အားသင့်သွားသည်။
ခယ်ဟယ်က သူမကို တကယ်ချစ်မြတ်နိုးပြီး သူမ၏ မိသားစုအကြောင်းကို သိချင်နေသည်ဟု သူမ ထင်မှတ်လိုက်မိသည်။ သူမသည် ရှက်သွေး ဖြာလျက်ဖြင့်—
"အစ်ကိုက အိမ်ကို ခဲခဲယဉ်ယဉ်မှ ပြန်လာတတ်တာရှင်၊ အခုတလော သူ ဘာတွေလုပ်နေလဲဆိုတာ ကျွန်မလည်း တကယ်မသိဘူး"
ဟု ဖြေလိုက်သည်။
တစ်ဖက်တွင်မူ ကျန်ကျွင်းသည် ဘားတစ်ခု၌ အရက်သောက်နေရင်း ရုတ်တရက် နှာချေလိုက် မိသည်။
"ကျွင်းကော... ဘာဖြစ်လို့လဲ၊ ဆက်ကစားလေဗျာ"
ကျန်ကျွင်းက လက်ကာပြလိုက်ပြီး
“မင်းတို့ပဲ ဆက်ကစားကြတော့၊ ငါ ဒီနေ့တော့ အိမ်ပြန်မှဖြစ်မယ်၊ မဟုတ်ရင် အဖေက ဖုန်းဆက်ပြီး ထပ်ဆူနေဦးမယ်"
သူ အိမ်သို့ပြန်ရောက်ချိန်တွင် ရှက်သွေးဖြာနေသော မျက်နှာဖြင့် ကားပေါ်မှ ဆင်းလာသည့် ကျန်တီးနှင့် တိုးလေတော့သည်။
ထိုကားမှာ သူတို့အိမ်က ကားမဟုတ်ပေ။ ကျန်ကျွင်းသည် ခြေလှမ်းရပ်တန့်ကာ ထိုကားမောင်းလာသူမှာ မည်သူဖြစ်ကြောင်း သိလိုစိတ်ဖြင့် စောင့်ကြည့်နေမိသည်။
ကျန်တီးအပေါ် သူ အလွန်အမင်း ဂရုစိုက်လှသည်တော့ မဟုတ်ပါ။
ကျန်တီးသည် သူ၏ မိထွေးပါလာသော ညီမဖြစ်ပြီး သူတို့ကြားတွင် ဟန်ပြဆက်ဆံရေးသာ ရှိသည်။ ကျန်ကျွင်းသည် ဒေါသကြီးသူဖြစ်သဖြင့် ဤအိမ်သို့ ခဲခဲယဉ်ယဉ်မှ လာတတ်ပြီး အများအားဖြင့် တစ်ကိုယ်တည်းသာ ခွဲနေလေ့ရှိသည်။
သို့သော်လည်း မစ္စတာကျန်မှာ စိတ်နှလုံး မာကျောသူမဟုတ်ပေ။ မစ္စတာကျန်၏ ဇနီးဟောင်း (ကျန်ကျွင်းမိခင်) မကွယ်လွန်မီက သူမ စိတ်အေးလက်အေး ရှိစေရန်အတွက် ဇနီးမောင်နှံနှစ်ဦးစလုံး၏ ပိုင်ဆိုင်မှုအားလုံးကို ကျန်ကျွင်းအား ပေးအပ်မည်ဟု ပူးတွဲသေတမ်းစာ ရေးထိုးခဲ့ကြသည်။
ထို့ကြောင့် ကျန်ကျွင်း၏ မိခင်အမည်ပေါက် ပိုင်ဆိုင်မှုများမှာ ကျန်ကျွင်းထံသို့ လွှဲပြောင်းပြီးသား ဖြစ်နေပြီဖြစ်သည်။
ယခုအခါ မစ္စတာကျန်က ကျန်မိသားစုကို ဦးစီးနေသော်လည်း ကျန်ကျွင်းမှာမူ မည်သူ့ကိုမျှ ဂရုစိုက်ရန်မလိုဘဲ လွတ်လပ်စွာ နေထိုင်နေခြင်း ဖြစ်သည်။
ကားထဲမှ လူမှာ အတော်ကြာသည်အထိ ထွက်မလာသဖြင့် ကျန်ကျွင်း စိတ်မရှည်တော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။
စင်စစ်တွင် ခယ်ဟယ်သည် ကားပေါ်မှ ဆင်းရန် အစီအစဉ်မရှိသေးပါ။ ကျန်မိသားစုထံ တရားဝင် လာရောက်လည်ပတ်ခြင်း မရှိသေးသဖြင့် အထင်အမြင်သေးမည့် အပြုအမူမျိုး မလုပ်လိုသောကြောင့် ဖြစ်သည်။
သူမကို လာပို့ပြီးသည်နှင့် ချက်ချင်း ပြန်ရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
"အစ်ကို..."
ကျန်တီးသည် ကျန်ကျွင်း၏ ကျောပြင်ကို မြင် လိုက်သဖြင့် လှမ်းခေါ်လိုက်သည်။
သူမသည် ငယ်စဉ်ကတည်းက အစ်ကိုရှိသူများကို အားကျခဲ့ရသူ ဖြစ်သည်။ သူမမိခင် နောက်အိမ်ထောင်ပြုချိန်တွင် ထိုဆန္ဒ ပြည့်ဝပြီဟု ထင်မှတ်ခဲ့သော်လည်း ကျန်ကျွင်းကမူ သူမကို အမြဲတစေ လျစ်လျူရှုထားခဲ့သည်။
ကျန်တီး ကျန်မိသားစုထဲ ရောက်လာချိန်တွင် မျိုးရိုးအမည် ပြောင်းခဲ့ရသည်။ ကျန်ကျွင်းက သူမအား သူ၏ဖခင်နှင့် ခိုးစားရာမှ ရလာသည့် သမီးဟု သံသယဝင်ခဲ့ဖူးသော်လည်း စုံစမ်းစစ်ဆေးပြီးနောက်တွင်မူ သွေးသားမတော်စပ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ကျန်တီး၏ မိခင်မှာ ယခင်က အချစ်ကို ဦးစားပေးပြီး မိသားစု၏ ကန့်ကွက်မှုများကို လျစ်လျူရှုကာ ဆင်းရဲသား လူငယ်တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့သူ ဖြစ်သည်။ သို့သော် သူမ၏ လောင်းကြေးမှာ ရှုံးနိမ့်ခဲ့ပြီး ထိုလူက သူမအပေါ် မကောင်းခဲ့ပေ။
အစပိုင်းတွင် သူမ၏ မိသားစုမှာ ချမ်းသာသည်ဟု ထင်မှတ်ကာ ထိုလူက ကောင်းမွန်စွာ ဆက်ဆံခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူမ၏ မိသားစုက သူမကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိသွားသောအခါ ထိုလူ၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
အလိုလိုက်ခံရသော သူဌေးသမီးလေးဘဝမှ အချိန်ပြည့် အိမ်ဖော်ဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ သူမသည် လင်မယားကွာရှင်းလိုသော်လည်း ထိုအချိန်တွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။
တစ်နေ့တွင် ထိုလူက သူမအား ရိုက်နှက်လိုက်သည့်အခါတွင်မူ သူမ ထပ်မံသည်းမခံနိုင်တော့ဘဲ မိဘများရှေ့၌ ဒူးထောက် တောင်းပန်ခဲ့ရသည်။ မိသားစုဟူသည် အမှန်တကယ် အဆက်အသွယ် ဖြတ်တောက်၍ မရနိုင်သော သွေးသားရင်းချာများ ဖြစ်ကြသည် မဟုတ်ပါလား။
ထို့ကြောင့် သူမ၏ မိသားစုဝင်များက ထိုလူ့ထံ လာရောက်ပြဿနာရှာပြီး ချက်ချင်းပင် ကွာရှင်းခိုင်းလိုက်ကြသည်။
ထိုမိသားစုမှာ ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်စွမ်း ရှိသဖြင့် ကျန်တီး၏ ဘဝမှာ သက်သောင့်သက်သာ ရှိခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာကျန်နှင့် ကျန်တီးမိခင်တို့ မတော်တဆ ဆုံတွေ့ကြရာမှ အကြောင်းပါခဲ့ကြခြင်း ဖြစ်သည်။
ခယ်ဟယ်သည် သူ နေ့ညမပြတ် စောင့်စားနေရသော သူနှင့် ဤသို့ တိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယခုအချိန်မှာ တွေ့ဆုံရန် အကောင်းဆုံးအချိန် မဟုတ်သော်လည်း ရင်ဆိုင်မိသွားပြီဖြစ်ရာ ပြန်လှည့်သွား၍ မရတော့ပေ။ ကားတံခါး ပွင့်သွားပြီး သူ ကားပေါ်မှ ဆင်းလာခဲ့သည်။
ကျန်ကျွင်းသည် မျက်မှောင်ကြုတ်ကာ ခယ်ဟယ်၏ မျက်နှာကို သေချာကြည့်လိုက်သည်။ သူသည် အနည်းငယ် မျက်စိမှုန်သော်လည်း မျက်မှန်ကိုမူ ပုံမှန်တပ်လေ့မရှိပေ။ သို့သော် သူသည် ဤလူကို မမှတ်မိပါ။
"သခင်လေးကျန်..."
ခယ်ဟယ်သည် ယဉ်ကျေးပျူငှာသော လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပြုမူလိုက်ရာ မြင်ရသူအဖို့ သဘောကျစရာ ဖြစ်နေသည်။ ကျန်တီးတစ်ယောက် သူ့အပေါ် အစွဲအလမ်းကြီးနေသည်မှာ မဆန်းတော့ပေ။
သို့သော် ကျန်ကျွင်းကမူ ဤလူ၏ အပြုအမူများနှင့် အပြုံးများမှာ ဟန်ဆောင်မှုများဟု ခံစားနေရသည်။
"မင်းတို့က ဘာပတ်သက်တာလဲ"
ကျန်ကျွင်းသည် အပိုစကားများဖြင့် အချိန်မဖြုန်းဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
ခယ်ဟယ်သည် ကျန်ကျွင်းက သူ့အပေါ် ဤမျှ ရိုင်းစိုင်းလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း မျက်နှာထက်မှ အပြုံးကို မပျက်စေဘဲ ကမ်းပေးထားသော လက်ကို ရှက်ကိုးရှက်ကန်းဖြင့် ပြန် ရုပ်လိုက်ရသည်။
"အစ်ကို... ဒါ ကျွန်မရဲ့ ချစ်သူပါ"
ကျန်တီးသည် ခယ်ဟယ်အတွက် စိတ်မကောင်းဖြစ်သွားပြီး သူ့လက်ကို အမြန်ဆုပ်ကိုင်ကာ မိတ်ဆက်ပေးလိုက်သည်။
"အင်း..."
ကျန်ကျွင်းသည် မည်သည့် မှတ်ချက်မျှ မပေးဘဲ လှည့်ထွက်သွားခဲ့သည်။ သူမသည် သူ၏ ညီမအရင်းလည်း မဟုတ်ရာ သူတပါး၏ အချစ်ရေးကို ဝင်ရောက်စွက်ဖက်ရန် သူ စိတ်မဝင်စားပေ။
ခယ်ဟယ်သည် ကျန်ကျွင်း၏ အေးစက်မှုကို သတိပြုမိသွားပြီး သူ၏ အကွက်ရွှေ့မှု မှားယွင်းသွားလေသလားဟု သံသယဝင်လာမိသည်။
"အစ်ကိုက အမြဲတမ်း ဒီလိုပဲ၊ စိတ်ထဲမထားပါနဲ့နော်"
ဟု ကျန်တီးက ချော့မော့ရှာသည်။
ခယ်ဟယ်က အခြားတစ်ခုကို တွေးတောနေမိသည်။ ကျန်ကျွင်းသည် အမှန်တကယ်တွင် ပေါင်းသင်းရလွယ်ကူပြီး သူငယ်ချင်းများစွာ ရှိသူဖြစ်ကြောင်း သူ သိထားသည်။
"နောက်ရက်ကျရင် အမေနဲ့ မိတ်ဆက်ပေးမယ်လေ"
ဟု ကျန်တီးက ပျော်ရွှင်စွာ ပြောလိုက်သည်။
သူမအတွက် စစ်မှန်သော မိသားစုဝင်မှာ သူမ၏ မိခင်သာ ဖြစ်သဖြင့် ခယ်ဟယ်ကို သူမ၏ မိခင် နှင့် အမြန်ဆုံး တွေ့ပေးချင်နေသည်။
ခယ်ဟယ်သည် အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားသည်။
အကယ်၍ မင်ယွဲ့သာ သူ၏ အစီအစဉ်ကို မဖျက်ဆီးခဲ့လျှင် ကျန်မိသားစု၏ မိထွေးပါသမီးဖြစ်သော ကျန်တီးကို သူ လှည့်ကြည့်မည် မဟုတ်ပေ။
ကျန်မိသားစု၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သော်လည်း သူမမှာ သမီးအရင်း မဟုတ်သည်က အားနည်းချက် ဖြစ်နေသည်။
သို့သော် သူ၏ လက်ရှိ အခြေအနေအရ သူ့ကို ထောက်ပံ့ပေးနိုင်မည့် အရှိန်အဝါကြီးမားသော အမျိုးသမီးကို ရှာဖွေရန် ခက်ခဲနေပြီဖြစ်ရာ ဤရိုးအအနှင့် အချစ်တစ်ခုတည်းကိုသာ ကြည့်တတ်သော ကျန်တီးမှာ သူ၏ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်။
"ကောင်းပါပြီ၊ မင်းအဖေနဲ့ရော တွေ့ဖို့ စီစဉ် လိုက်ကြတာပေါ့"
ဤအခြေအနေအထိ ရောက်လာပြီးမှတော့ နောင်တရရန် နေရာမရှိတော့ပေ။
ခယ်ဟယ်သည် ရှေ့သို့တိုးကာ ကျန်တီးကို ပွေ့ဖက်လိုက်ပြီး သာယာပျူငှာသော စကားလုံးများ ဆိုလိုက်သည်။
သူ၏ မျက်ဝန်းများထဲမှ စက်ဆုပ်ရွံရှာဖွေသော အကြည့်များကိုမူ သူမ မမြင်နိုင်အောင် ဖုံးကွယ်ထားလိုက်၏။
"ယောက္ခမ" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ကျန်တီးသည် ရှက်သွေးဖြာကာ ခယ်ဟယ်၏ ရင်ခွင်ထဲသို့ မျက်နှာဝှက်လိုက် မိသည်။
ခယ်ဟယ်၏ မျက်နှာထက်တွင် စိတ်ပျက်အားမရမှုများ ခဏတာ ဖြတ်ပြေးသွားပြီးနောက် သူက အသံကိုနှိမ့်ကာ—
"ကဲ... အိမ်ထဲဝင်တော့လေ"
ဟု ညင်သာစွာ ပြောလိုက်သည်။
သူသည် သူ၏ သရုပ်ဆောင်မှုကို အဆုံးထိ ပီပြင်အောင် လုပ်ဆောင်ခဲ့ပြီး ကျန်တီး၏ အရိပ်အယောင် ပျောက်ကွယ်သွားမှသာ ကားမောင်းထွက်ခွာခဲ့သည်။
ယခု ကျန်ကျွင်းနှင့် တွေ့ဆုံပြီးပြီဖြစ်ရာ နောက်တစ်ဆင့်မှာ ကျန်ကျွင်းနှင့် ပိုမို ရင်းနှီးအောင် လုပ်ဆောင်ရန်ပင် ဖြစ်သည်။
ခယ်ဟယ်၏ မျက်ဝန်းထဲတွင် မှောင်မိုက်ပြီး ဂုဏ်သိက္ခာမဲ့သော အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။
တစ်နေ့တွင် သူသည် အထက်တန်းလွှာတစ်ယောက် ဖြစ်လာခဲ့လျှင် ဤမြင့်မြတ်လှပါသည်ဆိုသော လူမျိုးစုများကို သူ၏ ခြေဖဝါးအောက်၌ နင်းခြေပစ်မည်ဟု ကြုံးဝါးနေမိသည်။ အမှန်အတိုင်းဆိုရလျှင် ခယ်ဟယ်သည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေသူဖြစ်ပြီး ထိုသို့သော သူများသည် အလွန်ပင် ခံစားလွယ် တတ်ကြသည်။
သူသည် သူတပါးရှေ့တွင် ဟန်ဆောင်ကောင်းသော်လည်း ရင်ထဲ၌မူ ကြီးမားသော ရည်မှန်းချက် အတ္တများကို မွေးမြူထားသူ ဖြစ်သည်။
ကျန်ကျွင်းမှာမူ ခယ်ဟယ် ဘာတွေးနေသည်ကို ဂရုမစိုက်ဘဲ အိမ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
"အဖေ၊ အန်တီ"
ဟု အိမ်ထဲရှိ လူနှစ်ဦးကို နှုတ်ဆက်လိုက်သည်။
"မင်းလို လူလေလူလွင့်က အိမ်ကို ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"
ထိုအချိန်တွင် ကျန်တီးလည်း အပြင်မှ ဝင်လာသည်။
"အဖေ၊ အမေ"
"မင်းတို့ နှစ်ယောက် အတူတူ ပြန်လာတာလား"
မစ္စတာကျန်က ကျန်ကျွင်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏ သားအကြောင်းကို သူ ကောင်းကောင်းသိသည်။ ကျန်ကျွင်းသည် အပြင်လူ မည်သူနှင့်မဆို သင့်တင့်အောင် ပေါင်းသင်းနိုင်သော်လည်း သူ၏ ညီမ ကျန်တီးနှင့်မူ အပေါ်ယံသာ ဆက်ဆံတတ်ပြီး တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိသူ ဖြစ်သည် မဟုတ်ပါလား။
***