“ဘာ...ဘာမှမဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။”
အားချိုးက ချွေးများကိုသုတ်လျက် ကျုံးမင်းဝေဘက်သို့ အတင်းပြုံးပြပြီး လက်နှစ်ဖက်ကို ဖြန့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“လာ...ကျွန်မကို ထူပေးပါဦး။”
“မင်း ဘာဖြစ်လို့လဲ။”
ကျုံးမင်းဝေက စိုးရိမ်တကြီး အော်လိုက်ကာ အားချိုးကို ဆွဲယူလိုက်ပြီး သူမ၏ ချွေးစိုနေသော မျက်နှာကို လက်ဖြင့် ထိလိုက်သည်။
“အားချိုး။ ပြောပြစမ်းပါ။ မင်း ဘာဖြစ်နေတာလဲ။ အောင့်ထားမနေနဲ့။ ပြောစကား နားထောင်စမ်းပါ။ ကဲ ဘာဖြစ်တာလဲပြော။”
“ကျုံးမင်းဝေ။ ကျွန်မ.... ကျွန်မ ဗိုက်နာနေတယ်”
အားချိုးက ကျုံးမင်းဝေ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်မိသည်နှင့် နှာခေါင်းထိပ်တွင် စူးခနဲဖြစ်သွားပြီး စကားထပ်ပြောလိုက်ချိန်တွင် မျက်ရည်များ ဖြေမဆည်နိုင်တော့ဘဲ ငိုသံပါလာတော့သည်။
“ကျွန်မ ဗိုက် တအားနာနေတယ်....”
သူမ၏အခြေအနေကို မြင်လိုက်ရသည့်အခါ ကျုံးမင်းဝေ၏ နှလုံးသား နာကျင်သွားရသည်။ သူ အလျင်စလို အားချိုးကို ကုတင်ပေါ်ထိုင်စေပြီး ဖိုမသဘာဝ ခြားနားမှုကို လုံးဝဂရုမစိုက်တော့ဘဲ လက်ဖြင့် သူမ၏ဗိုက်ပေါ်တင်ကာ ဖြည်းဖြည်းချင်း ပွတ်ပေးလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီနားမှာ နာတာလား”
“အင်း... နာတယ်။”
အားချိုးက မချိမဆန့် ဖြေလိုက်သည်။ အမှန်မှာ သူမသည် ဤမျှအားနည်းလှသူတော့ မဟုတ်။ မည်သည့်ဒုက္ခကိုမဆို သည်းခံနိုင်သူဖြစ်သော်လည်း ကျုံးမင်းဝေရှေ့တွင်မူ မျက်ရည်များ ထိန်းမထားနိုင်တော့ချေ။
“လာ လာ ငါမင်းဗိုက်ကို ပွတ်ပေးမယ်။ ဒါမှ အအေး မမိမှာ။”
ကျုံးမင်းဝေသည် ကလေးများကို ချော့မော့ဖူးသည့် အတွေ့အကြုံ မရှိခဲ့သည့်အပြင် မည်သည့်အမျိုးသမီးတစ်ဦးကိုမှ ဤမျှ အလေးအနက် ဂရုစိုက်ဖူးခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူ၏ လက်များဖြင့် အားချိုး၏ ဝမ်းဗိုက်ကို ပွတ်သပ်ပေးနေသည့် လှုပ်ရှားမှုများသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။
အားချိုးတစ်ကိုယ်လုံး မူးဝေဝါးလာသလို ခံစားရသည်။ ဤမျှသော မူးဝေမှုသည် သူမကို တကယ်ပင် ဆွဲဆောင်ထားသည်။ သူမ၏ ခန္ဓာကိုယ်တစ်လုံးသည် ပို၍ ပို၍ ပေါ့လာသည်ဟု ခံစားနေရသည်။ တစ်ချိန်က ပိဿာထောင်ချိန်လောက်ထိ လေးလံခဲ့သော သူမ၏ ခန္ဓာကိုယ်သည် ယခုအခါ ကောင်းကင်ယံပေါ်ရှိ တိမ်စိုင်တစ်ခုလို ပေါ့ပါးနူးညံ့လျက် ရှိသည်။
ကျုံးမင်းဝေက မေးလိုက်သည်။ သူသည် တစ်ကြိမ်တစ်ခါမျှ သူများဝမ်းဗိုက်ကို မပွတ်ပေးဖူးသောကြောင့် ဤမေးခွန်းကို မေးရာတွင် မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေသည်။
“သက်တောင့်သက်သာရှိပါတယ်။ ရှင့်လက်တွေက အရမ်းနွေးတယ်။ အရမ်းကို သက်တောင့်သက်သာရှိတယ်။”
အားချိုးက တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ မျက်နှာသည် ပူထူလာပြီး သတိရှိရှိဖြင့် ကျုံးမင်းဝေ၏ ရင်ခွင်ထဲသို့ ချင်းချင်းလှည့်ဝင်သွားသည်။ သူမကိုယ်သူမ အရှက်မရှိတော့သူတစ်ယောက်လို ထပ်မံခံစားရပြန်သည်။ သို့သော်လည်း သူမ ထိန်းမထားနိုင်ခဲ့ချေ။ ထို့အပြင် အလင်းရောင်ကလည်း မှိန်ဖျော့နေတာမို့ ကျုံးမင်းဝေက သူမ၏ ရှက်အမ်းအမ်း နီရဲနေသော မျက်နှာကို မမြင်နိုင်ဘူးမဟုတ်လား။
သူ့ရင်ခွင်ထဲက မိန်းကလေးသည် တစ်ချက်တစ်ချက် လှုပ်ရှားနေသည်။ သူမကို စိတ်ဆိုးမည်၊ ရွံရှာမည်ကို စိုးရိမ်သလို တစ်ခါရပ်သွား၊ တစ်ခါထပ်လှုပ်ရှားပြီး နောက်တစ်ကြိမ် သတိထားလှုပ်ရှားပြန်သည်။ ဤမျှလောက် သတိကြီးစွာနှင့် စမ်းသပ်လှုပ်ရှားနေမှုများကြောင့် ကျုံးမင်းဝေ၏ နှလုံးသားသည် နာကျင်လွန်းလှသည့်အတွက် ကွဲအက်တော့မည်အလားပင်။ သူသည် မိန်းကလေးကို တင်းတင်းကျပ်ကျပ် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူတို့နှစ်ဦးမှာ အနီးကပ်ထိကပ်လျက် ရှိနေပြီး နွေးထွေးသော ခန္ဓာကိုယ်နှစ်ခုကြားတွင် ပါးလွှာသော အဝတ်တစ်ထည်သာ ခြားနေသည်။
အားချိုးသည် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ယောက်ျားတစ်ဦး၏ ရင်ခွင်ထဲတွင် နာခံစွာ လှဲလျောင်းနေသည်။ သူမ၏ နားထဲတွင် ယောက်ျားတစ်ဦး၏ သန်မာပြီး စည်းချက်ညီညီ ခုန်နေသော နှလုံးခုန်သံများ ကြားနေရသည်။ သူမ၏ အသက်ရှူသံထဲတွင်လည်း ယောက်ျားတစ်ဦး၏ ရနံ့ကို ရရှိနေသည်။ သူမကို ဤမျှ တင်းကြပ်စွာ ဖက်ထားသည့်အတွက် သူမ မျောပါချင်လျှင်တောင် မျောပါမသွားနိုင်ချေ။ ဂရုစိုက်ခံရခြင်း၏ ခိုင်မာသော ခံစားမှုကို သူမ အမှန်တကယ်ပင် နှစ်သက်သည်။
“ဒီလောက် ဗိုက်ကောင်းတဲ့သူက ဘာလို့ နာနေရတာလဲ။”
ကျုံးမင်းဝေက မေးလိုက်သည်။ သူ၏ လက်သည် အားချိုး၏ ဝမ်းဗိုက်ပေါ်တွင် ရှေ့တိုးနောက်ငင် လှုပ်ရှားနေဆဲဖြစ်ပြီး ဖြည်းညင်းစွာ အဝိုင်းပုံစံ ပွတ်သပ်ပေးနေပြီး သူ၏ ဘဝတစ်လျှောက်လုံး၏ စိတ်ရှည်မှုနှင့် နူးညံ့မှုအားလုံးကို ထပ်ပေါင်း ပြုစုပေးနေလေသည်။
အားချိုးက တိုးတိုးလေး ပြောပြလိုက်သည်။ ဤစကားကို ပြောလိုက်သည်နှင့် အားချိုးတစ်ယောက် ရှက်သွားသည်။ ထို့ကြောင့် သူမ၏ မျက်နှာကို ရုတ်တရက် ကျုံးမင်းဝေ၏ ရင်ခွင်ထဲသို့ နစ်မြုပ်သွားစေပြီး သူ၏ ရင်ဘတ်ကို ဖြည်းဖြည်းချင်း ဖိကပ်ထားလိုက်သည်။ ခဏကြာပြီးမှ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ကာ တိုးညင်းစွာ ပြောလိုက်သည်။
“အဘွားချန်က ပြောဖူးတယ်။ တချို့မိန်းကလေးတွေက အစပိုင်းမှာပဲ နာတတ်တယ်တဲ့။ နောက်ပိုင်းဆို… နည်းနည်းခံစားရပြီးရင် နောက်ဆက်တွဲအနေနဲ့ နာတာမျိုး မရှိတော့ဘူးတဲ့”
ကျုံးမင်းဝေ၏ နှလုံးသားသည် နာကျင်လိုက် နူးညံ့လိုက် ခံစားနေရပြီး သူ၏ လက်များသည် ပို၍ ဖြည်းညင်းလာသည်။
“ငါ မင်းကို နေ့တိုင်း ပွတ်ပေးမယ်လေ။ ဒါဆို နောက်ထပ် မနာတော့ဘူး”
“နေ့တိုင်းတော့ မလိုပါဘူး။ နေ့တိုင်း နာနေတာမှ မဟုတ်တာ။ တစ်လမှာ ရက်ပိုင်းလောက်ပဲ…”
အားချိုးတစ်ယောက် အနည်းငယ် ရှက်သွားပြီး ယောက်ျားတစ်ဦး၏ ရင်ခွင်ထဲတွင် ထပ်မံပွတ်သပ်နေမိသည်။ သို့သော် ခဏရပ်တန့်လိုက်ပြီးမှ အနည်းငယ် ရှက်အမ်းအမ်းဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ရှင် အားတယ်ဆိုရင်တော့ ကျွန်မကို ပွတ်ပေးလို့ ရပါတယ်”
***