“ကိုယ် အားနေတာပဲ၊ ဘယ်နေ့မဆို အားတယ်”
ကျုံးမင်းဝေမှာ သူ့နှုတ်ခမ်းကို မထိန်းနိုင်ဘဲ ကွေးညွတ်လိုက်မိသည်။ ဒီကောင်မလေး သူ့ကို ကလေးတစ်ယောက်လို ချွဲနွဲ့နေပါလားဟု စိတ်ထဲကတွေးလိုက်သည်။
“ဟီး”
အားချိုးက ရှက်ကိုးရှက်ကန်းနှင့် ဂုဏ်ယူသောဟန် ရောယှက်ကာ ပြုံးလိုက်သည်။
“ကျုံးမင်းဝေ ရှင် ဘာလို့ ဒီလောက် သဘောကောင်းနေရတာလဲ။”
“ယုံချင်ယုံ မယုံချင်နေ။ ကိုယ်က ဒီထက်ပိုကောင်းအောင် လုပ်ပေးနိုင်သေးတယ် သိလား။”
ကျုံးမင်းဝေက ပြုံးပြီးပြောသည်။
“ပိုကောင်းအောင် လုပ်လို့ရသေးတယ် ဟုတ်လား။”
အားချိုးက သူ့ကို စပ်စုသော အကြည့်ဖြင့် မော့ကြည့်ရင်း မေးသည်။
“ဘယ်လိုမျိုး ပိုကောင်းအောင် လုပ်မှာလဲ။”
“ဗိုက်နာရင် လောင်ရှုံကို ရှာ။ လောင်ရှုံ အိမ်မှာမရှိရင်၊ ဆန်းပါးကိုရှာ။”
ကျုံးမင်းဝေက အားချိုး၏ ဗိုက်ကို ပွတ်သပ်ပေးနေရင်း ညင်သာစွာ သီချင်း ရွတ်ဆိုနေသည်။
“ဆန်းပါးက အိမ်မှာ ဓားသွေးရင်း ကလေးကို ကြောက်အောင်ခြောက်နေ....။ ဗိုက်က နာသေးလား။ မနာတော့ဘူး မလား။”
“ဟယ်၊ ဒါက ဘာကြီးလဲ။”
အားချိုးသည် သူရွတ်ဆိုနေသည်ကို နားစွင့်ရင်း မျက်လုံးလေးဝိုင်းကာ ပြုံးနေမိသည်။ ဤသို့သော အရပ်သုံး ကလေးချော့တေးမျိုး ကျုံးမင်းဝေ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခြင်းသည် လုံးဝ အံမဝင်ခွင်မကျ ဖြစ်လှသည်။ ထို့ကြောင့် အားချိုး ဒီလောက်ထိ ရယ်မိသည်မှာ မဆန်းပေ။ သို့သော် ရုတ်တရက် အားချိုး မျက်မှောင်ကြုတ်လိုက်ပြီး မရယ်ရဲတော့ပေ။ ရယ်လိုက်သည့်အတွက် ဗိုက်က ပို၍ နာကျင်လာပြန်သည်။ သို့တိုင် သူမ၏ မျက်ခုံးနှင့် မျက်ဝန်းတို့မှာမူ လခြမ်းသဖွယ် ကွေးညွှတ်နေဆဲပင်။ အခြားသူများ၏ အမြင်တွင် ရုပ်ဆိုးသည်ဟု သတ်မှတ်ခံရသော အားချိုးလေး၏ ဤအမူအရာလေးသည် အလွန်အမင်း ဆွဲဆောင်မှုရှိနေခဲ့သည်။
“ကိုယ် ငယ်ငယ်တုန်းက ဗိုက်နာရင် အမေက ကိုယ့်ဗိုက်ကို ပွတ်ပေးရင်း ဒီသီချင်းကို ဆိုပြတတ်တယ်လေ။”
ကျုံးမင်းဝေက ပြုံးလိုက်ကာ ရှက်ရွံ့သည့်ဟန် မပြပေ။ ထို့နောက် သူက ဆက်၍ ပြောသည်။
“သူက ဒီလို အရပ်သီချင်းတွေ အများကြီး တတ်တယ်။ နေ့တိုင်း ကိုယ့်နားနားကပ်ပြီး ဆိုပြနေတာပဲ။ ဒီကလေးချော့တေးလေးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ။ အဲ့ဒီတုန်းကတော့ သူဆိုတာ နားငြီးလွန်းလို့ အရမ်းဆူတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ကိုယ်မှတ်မိနေတဲ့ တစ်ခုတည်းသော သီချင်းက ဒါပဲ။”
“ကျွန်မကို နောက်တစ်ခေါက် ဆိုပြပါဦး။”
အားချိုးက သူ့ရင်ခွင်ထဲ၌ လှုပ်ရွရင်း ပြောသည်။
“ဗိုက်နာရင်၊ လောင်ရှုံကို ရှာ။ လောင်ရှုံ အိမ်မှာမရှိရင်၊ ဆန်းပါးကိုရှာ။ ဆန်းပါးက အိမ်မှာ ဓားသွေးနေ...”
အားချိုးက ကျုံးမင်းဝေ၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး ခေါင်းလေးစောင်းကာ ကျုံးမင်းဝေကို မေးသည်။
ကျုံးမင်းဝေ စကားမပြောနိုင်မီ အားချိုးက သူမဘာသာ တိုးတိုး ရေရွတ်နေမိသည်။ ထို့နောက် လက်လှမ်းကာ လည်ပင်းမှ နီညိုရောင်အမာရွတ်ကို တို့ထိလိုက်ရင်း တီးတိုးဆိုပြန်သည်။
ကျုံးမင်းဝေသည် ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ နာကျင်လွန်းသဖြင့် အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွားသည်။ သူက အားချိုး၏ ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး အားချိုးကို မျက်တောင်မခတ် စူးစိုက်ကြည့်ကာ ပြတ်သားလေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
“မင်းက ဒီကမ္ဘာပေါ်မှာ အလှဆုံးကောင်မလေးပဲ။ ဘယ်သူမှ မင်းနဲ့ ယှဉ်လို့မရဘူး။”
အားချိုးက သူ့ကို ခေတ္တမျှ ကြောင်ငေးကြည့်နေမိပြီးနောက် ရုတ်တရက် ပြုံးလိုက်လေသည်။ ထို့နောက် မျက်နှာလွှဲကာ ကျုံးမင်းဝေ၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး တိုးဖွဖွ ဆိုလိုက်သည်။
“ဒါပေမဲ့ ဒီလောက်ဆိုရင်ကို လုံလောက်ပါပြီ”
သူမအဖို့မူ ဤကမ္ဘာလောကတွင် လူဟူ၍ နှစ်မျိုးသာရှိသည်။ တစ်မျိုးမှာ ကျုံးမင်းဝေဖြစ်ပြီး အခြားတစ်မျိုးမှာ ကျုံးမင်းဝေမဟုတ်သူများ ဖြစ်ကြသည်။ ပထမလူသည် သူမ၏ အသက်ထက်ပင် အရေးပါပြီး ဒုတိယလူများကိုမူ သူမ လုံးဝအလေးမမူခဲ့ချေ။
လည်ပင်းနားမှ နွေးထွေးမှုကို ခံစားမိရင်း ကျုံးမင်းဝေသည် ရင်ခွင်ထဲမှ အားချိုးလေးကို ရုတ်ချည်းပင် ပို၍ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။
အသက်သုံးဆယ့်နှစ်နှစ်အရွယ်ရှိပြီဖြစ်သော ကျုံးမင်းဝေသည် အလွန်တရာ နူးညံ့သောအမူအရာဖြင့် ရင်ခွင်ထဲမှ ကောင်မလေးအား ထိုကလေးချော့တေးကို အကြိမ်ကြိမ် ထပ်ကာ ဆိုပြနေခဲ့သည်။
“ဗိုက်နာရင်၊ လောင်ရှုံကို ရှာ။ လောင်ရှုံ အိမ်မှာမရှိရင်၊ ဆန်းပါးကို ရှာ။ ဆန်းပါးက အိမ်မှာ ဓားသွေးနေ၊ ကလေးကို ကြောက်အောင်ခြောက်...”
ဤတစ်ရေးတစ်မောအိပ်စက်ခြင်းသည် အမှန်တကယ်ပင် ချိုမြိန်ကာ သက်သောင့်သက်သာ ရှိလှပေသည်။ သူမ သမ်းဝေလိုက်ရင်း အိပ်ချင်မူးတူးမျက်ဝန်းများကို ပွတ်သပ်လိုက်စဉ်မှာပင် သူမ၏ မျက်နှာနှင့် ထိလုမတတ်အကွာအဝေး၌ ကျုံးမင်းဝေ၏ မျက်နှာကို ရုတ်တရက် တွေ့လိုက်ရသည်။ သူမ ရုတ်ချည်း ထိတ်လန့်သွားကာ သမ်းဝေထားသော ပါးစပ်ကိုပင် ပြန်မစိနိုင်တော့ဘဲ ကျုံးမင်းဝေအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိတော့သည်။ အတန်ကြာမှ တုန်ယင်သော အသံဖြင့် ဆိုလိုက်သည်။
“ဒါ၊ ဒါ၊ ဒါ...”
“ဗိုက်နာတာ သက်သာသွားပြီလား။ နာနေသေးလား။”
အားချိုး၏ ထိတ်လန့်တကြားဖြစ်နေမှုနှင့် ဆန့်ကျင်စွာပင် ကျုံးမင်းဝေ၏ ပုံမှာ အေးဆေးတည်ငြိမ်လှသည်။
***