“မဟုတ်ပါဘူး၊ “
တန့်ချင်းဖန် ကအလျင်အ မြန်ဖြေလိုက်သည်။
“ ဧကရီမယ်တော်ကြီး က အဲဒီလူကို မဆင့်ခေါ်ခဲ့ပါဘူး၊ သူမက အထိန်းတော်ပိချောင် ကို နန်းတော်ထဲက ထွက်သွားခိုင်းပြီး ဆေးသေတ္တာနဲ့ငွေတွေကို အဲ့ဒီလူဆီ လွှဲပေးလိုက်တာပါ။ အဲ့လူ ငွေတုံးတွေ လက်ခံရရှိပြီးနောက်မှာ ကျွန်တော်မျိုးကိုယ်တိုင် ဝယ်ယူဖို့သွားခဲ့ပြီး လက်အောက်ငယ်သားတွေကိုလည်း တိတ်တဆိတ် စောင့်ကြည့်စေခဲ့ပါသေးတယ်”
“သဘောပေါက်ပြီ”
ကျုံးဇီဟန်က ခေါင်းညိတ်ပြကာ
“ဧကရီမယ်တော်ကြီးကိုယ်တိုင်က ဒီအခွင့်အရေးကို အမိအရ အသုံးချနေမှတော့ ကိုယ်တော်က ဘယ်နှယ့်လုပ် ထိန်းထား နိုင်မှာလဲ”
တန့်ချင်းဖန်သည် ကျုံးဇီဟန်၏ အမူအရာကိုကြည့်ကာ ခဏတုံ့ဆိုင်းနေပြီး
“ဧကရီမယ်တော်ကြီးက သူ့လူတွေကို နင်းဂုတကို ဆက်လက်စေလွှတ်နေသေးရင်...”
“ရွှီမိသားစု မပါဝင်သရွေ့တော့ အဲဒါကို စိတ်မပူပါနဲ့။ နောက် ပြီး နင်းဂုတကို စောင့်ကြည့်နေဖို့ အစောင့်တွေမရှိသေးဘူးလား”
ကျုံးဇီဟန် သည် နံရံပေါ်ရှိ နှုတ်ခမ်းပါးလှပ်၍ ဖြူဉနေသော မိန်းကလေးပုံတူပန်းချီကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ ထို့နောက် ခေတ္တရပ်၍
“ပြောရရင် သူက ဧကရီမယ်တော်ကြီးရဲ့ အကြီးဆုံးမြေးတော် တစ်ယောက်ပဲလေ”
“ဟုတ်ကဲ့၊ ကျွန်တော်မျိုး နားလည်ပါပြီ“
တန့်ချင်းဖန် က အရိုအသေ ပြုကာ ပြောအပြီး တစ်ခုခုကို ရုတ်တရက် သတိရသွား၍ ကျုံးဇီဟန် ကို အပြုံးလေး ဖြင့် ပြောလိုက်၏။
“ဒါထက်၊ ဧကရာဇ်အရှင်ကို သတင်းပို့စရာ နောက်ထပ်တစ်ခု ရှိပါသေးတယ်”
“မကောင်းတာတော့ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေက ထူးဆန်းတာတစ်ခုကို သိခဲ့ရလို့ပါ “
“အရင်တုန်းက ဧကရီမယ်တော်ကြီး က ဆောင်းဦးရာသီမှာ ရွှီ မိသားစုကို ကြွယ်ဝခြင်းကျောက်စိမ်း ဒါမှမဟုတ် စုတ်တံနဲ့ မှင်ကျောက်တွေကို ပေးအပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဧကရီမယ်တော်ကြီး က ရွှီမိသားစုကို အိမ်တွင်းအလှစိုက် သတ္တုငါးပါးဘွန်စိုင်းပင် တစ်ပင်ကို ပေးခဲ့ပါတယ်။ဧကရီမယ်တော်ကြီး ကိုယ်တိုင် ဂရုတစိုက်ပျိုးထောင်ထားပြီး အရမ်းသပ်ရပ်လှပတယ်လို့သိရပါတယ်။”
ကျုံးဇီဟန်လည်း ထိုစကားကိုကြားသောအခါ ရယ်လိုက်မိသည်။
“ ရွှီချန်ကျင်းတစ်ယောက် ဒီသတင်းကြားပြီး စိတ်ဓာတ် ပိုကျလာမှာကိုပဲ ကိုယ်တော် စိုးရိမ်မိတယ်”
“ဧကရီမယ်တော်ကြီး လည်ချောင်း မခြောက်အောင် လက်ဖက်ရည်ကို သုံးဆောင်လိုက်ပါဦး”
ပိချောင်က လက်ဖက်ရည်ပန်းကန်လုံးနှင့် ဝင်လာပြီး ဧကရီမယ်တော်ကြီးမှာ ဗုဒ္ဓရှေ့တွင် ဒူးထောက်ကာ ဘုရားစာရွတ်နေသေးသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ လက်ဖက်ရည်ပန်းကန်လုံးလေးကို စားပွဲပေါ်တင်လိုက်သည်။ထို့နောက် ဧကရီမယ်တော်ကြီးကို မတ်တပ်ထရန် ကူညီလိုက်သည်။
“မယ်တော်ကြီး နာရီပြန် ငါးချက်တီးကတည်းက ဘုရားစာရွတ်ဆိုနေတာ အခုဆို ၂နာရီလောက်တောင် ကြာနေပါပြီ၊ မပင်ပန်းဘူးလား”
ဧကရီမယ်တော်ကြီးက ထ၍ ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ကာ ဖြည်းညှင်းစွာ မေးသည်။
မိဖုရားကြီးက သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်သောက်ရင်း
“ သွမ့်ရှီ ဆိုတာကို ငါမသိဘူး၊အဲ့ဒီ ကောင်မလေးက မင်းဝေကို ဘယ်လို ကောင်းကောင်း ဆက်ဆံနေရဲ့လားဆိုတာလည်း မသိဘူး”
ဒီစကားတွေကိုကြားတော့ ပိချောင် စိတ်ထဲမှာ အရမ်းလေးလံလာပြီး ခဏအကြာမှာတော့
“ဧကရီမယ်တော်ကြီး၊အရှင် စိတ်အေးအေးထားပါ၊ အနည်းဆုံးတော့ သွမ့်မိသားစုရဲ့သမီးက ချမ်းသာတဲ့ မိသားစုက ကြီးပြင်းလာတဲ့ မျိုးရိုးမြင့် မိန်းကလေးဖြစ်တဲ့အတွက် ပညာတတ်ပြီး ကျိုးကြောင်းဆင် ခြင်တတ်ပါတယ်”
“သူမက ချမ်းသာတဲ့မိသားစုက ကြီးပြင်းလာတဲ့ မျိုးရိုးမြင့်မိန်းကလေး ဖြစ်တာကြောင့်နဲ့တော့ ငါက စိတ်မအေးနိုင်ပါဘူး”
“အဲ့ဒီ မျိုးရိုးမြင့် မိန်းကလေးကလည်း လူသားတစ်ယောက်ပဲ မဟုတ်လား။ မင်းဝေရဲ့ နေ့စဉ်ဘ၀မှာ သူမက ဘယ်လိုဘယ်ပုံ ပြုစုပါ့မယ်လို့ မျှော်လင့်လို့ရနိုင်မလဲ။ မင်းဝေက အခုဆို ဒီလိုပုံစံတောင် ဖြစ်နေတာ၊ ပြောကြတာ သူမက သူမမျက်လုံးထက်တောင် ပို အမြင့်ကိုကြည့်တတ်တဲ့ မျိုးရိုးမြင့် မိန်းကလေးတဲ့၊ သာမာန်မိန်းမတွေထက်တောင် မင်းဝေ ကို အထင်သေးနေမှာမလား”
“အခုက သွမ့်မိသားစုက လုံးဝပြိုကွဲသွားပြီပဲ၊ သွမ့် မိသားစုရဲ့သမီးက ဒီလောက်မာနမကြီးရဲလောက်တော့ပါဘူး၊ အကယ်၍ သူမသာ အကြီးဆုံးမင်းသားကို အနိုင်ကျင့်ဝံ့ရင် ပန်ယီက အခုအချိန်ထိ အရှင်မထားဘဲ အရင်ကတည်းက ရိုက်နှက်ဆုံးမတာ ဒါမှမဟုတ် အသက်ကိုနှုတ်ယူခဲ့မှာပါ၊ စိတ်ချထားပါ မယ်တော်ကြီး”
“နောက်ဆုံးမှာတော့ မင်းဝေကို ခစားဖို့ သင့်လျော်တဲ့သူတစ်ဦးဦး ရှိနေရမှာပဲ”
ဧကရီမယ်တော်ကြီးက ပြောလိုက်ပြီး ခဏမျှစဉ်းစားပြီးနောက်
“ ပိချောင် ၊ ရှောင်အန်းကိုတော့ အရင်တည်းက ငါကို အမြင်ကောင်းရှိတယ်”
ရှောင်အန်း၏ အမည်မှာ အန်းဟယ်လင် ဖြစ်ပြီး သူမသည် ထုံးတမ်းရေးရာဝန်ကြီး အန်းဇီရှန်၏ မယားငယ်ထံမှ သမီးဖြစ်သည်။ သူမမိခင်သည် မယားငယ်တစ်ဦး ဖြစ်သော်လည်း သူမသည် အန်းဇီရှန် ၏ အငယ်ဆုံးသမီးဖြစ်သည်။ ထို့ကြောင့် ရှောင်အန်း သည် မယားငယ်သမီးဖြစ်သော်လည်း သူမသည် ကိုယ်လုပ်တော်သမီးတစ်ဦးကဲ့သို့ နေထိုင်နိုင်သည်။
စန္ဒယားတီးခြင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ ကဗျာနှင့် ပန်းထိုးခြင်းတို့ကို တတ်ကျွမ်းသည့်အပြင် သူမသည် လှပသောအသွင်အပြင်ဖြင့် မွေးဖွားလာသည်။ အန်းဇီရှန် သည် ဤသမီးငယ်အား သူ၏ချစ်စွာမျက်ရှုအဖြစ် အမြဲမှတ်ယူထားသော်လည်း ဤရှောင်အန်းလေး၏ ကံမကောင်းစွာမွေးဖွားမှုကြောင့် သူ့နှလုံးသားကို ကြေကွဲသွားစေခဲ့သည်။
(T/N :သတ္တုငါးပါးဘွန်ဆိုင်းပင် သည် မင်္ဂလာရှိ ခြင်း နှင့် ကံကောင်းခြင်းကိုရည်ညွန်းသည်။တရုတ်ရိုးရာတွင် (သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေ) ကို ကိုယ်စားပြုပြီး ညီညွတ်မှုကို ဆိုလိုသည်။)
***