အဖွားချန် ဘာကိုဆိုလိုချင်တယ်ဆိုတာကို အားချိုးနားလည်သည်။အသက် ကြီးသောသူများသည် အထီးကျန်ရမှာကို ကြောက်တတ် ကြသည်။အမေရှန်းလည်း တစ်ရက်လောက်မတွေ့လိုက်သည်နှင့် ဒေါသထွက်နေတတ်သည်။
ထိုအချိန်တွင် အားချိုးသည် အဖွားချန်၏လက်ကို ဆုပ်ကိုင်ထားပြီး ရိုးသားစွာပြောခဲ့သည်။
“ အဖွား ဆရာချန်က အဖွားကို တွယ်တာပါတယ်၊ နောက်ပိုင်း တစ်ခြားနေရာကိုသွားနေရင်တောင် အဖွားကို အိမ်မှာ ဘယ်တော့မှ တစ်ယောက်တည်း ထားခဲ့မှာမဟုတ်ပါဘူး၊အဖွား နင်းဂုတကို မစွန့်ခွာချင်ဘူးဆိုရင် အဖွားမှာ သမီးရှိသေးတာပဲ၊ အဖွားရဲ့ ဆွေမျိုးက ချန်သခင်လေး တစ်ယောက်တင်မဟုတ်ဘဲ သမီးလို မြေးမလေး တစ်ယောက်လုံးလည်း ရှိသေးတယ်လေ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အခု ငါ့မှာ မြေးမလေးတစ်ယောက် ရှိနေတာပဲ။”
အဖွားချန် က ခေါင်းညိတ်ပြပြီး သူမရဲ့ စိုစွတ်နေတဲ့ မျက်လုံးထောင့်တွေကို အင်္ကျီလက်နဲ့ သုတ်ရင်း လှည့်ပတ် ကြည့်ပြီး ဂေါ်ဖီထုပ်ကို အလျင်စလိုကောက်လိုက်ကာ အကြောင်းအရာကို ပြောင်းလိုက်သည်။
“ ကောင်မလေး၊ မင်းမိသားစုက ဘယ်တော့ ဂေါ်ဖီချဉ်လုပ်မှာလဲ။”
“ဂေါ်ဖီချဉ် “
အားချိုး အံ့အားသင့်သွားကာ အဖွားချန် ဘာပြောနေမှန်း မသိဖြစ်နေသည်။
“အာ မေ့တတ်လိုက်တာ သမီးက တစ်ခြားတိုင်းပြည်ကလာတာဆိုတာ မေ့သွားတယ်။ ကောင်မလေး တစ်ခါမှ မစားဖူးဘူးလား။ ဒီတရုတ်ဂေါ်ဖီထုပ်နဲ့လုပ်ထားတဲ့ဟာလေ”
အဖွားချန်က သူ့လက်ထဲက တရုတ်ဂေါ်ဖီထုပ်ကို လက်ညှိုးထိုးပြပြီး အားချိုးကို ပြောသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ဟင်းသီးဟင်းရွက်တွေကို စုဆောင်းထားရမှာပေါ့။”
ကြက်ရုပ်ဆိုးလေးက ဆန်စေ့ကောက်သလို ခေါင်းညိတ်ကာ အဖွားချန်ကို အလျင်စလို မေးလိုက်သည်။
“အဖွား၊ ဒီဂေါ်ဖီချဉ်ကို ဘယ်လို လုပ်ရတာလဲ။ အဖွားအားတဲ့အချိန်မှာ သမီးကို သင်ပေးပါလားဟင်”
“အဖွား ဒီမနက်အစောကြီး တွေးမိတာ ဒီနှစ်တော့ ဂေါ်ဖီချဉ်ကို ပိုဖောက်လိုက်မယ်။ သမီးအဲ့ဒါကို ကိုယ်တိုင်လုပ်ဖို့မလိုပါဘူး။ အချဉ်ဖောက်ပြီးရင် သမီးအတွက် လှည်းရှာပေးဖို့ ချင်းရွှမ် ကို ပြောလိုက် ပြီး တောင်ပေါ်ကို ပို့ခိုင်းလိုက်လို့ ရတာပဲ”
“မဟုတ်ဘူး၊ အဖွား မလုပ်ပါနဲ့၊ သမီးက အခုကစ ပြီး နင်းဂုတ မှာနေတော့မှာလေ၊ ဒါကို မတတ်ထားလိူ့ ဘယ်ရမလဲ။”
အားချိုး သည် သူ့လက်များကို အလျင်စလို ဝှေ့ယမ်းကာ အဖွားချန် ကို လေးလေးနက်နက် ပြုံးပြရင်း
“ သမီး ရက်နည်းနည်းနေလို့ တောင်ပေါ်ကဆင်းလာရင် အဖွား ဂေါ်ဖီချဉ်ကို လုပ်မယ်။ သမီး အဖွားကိုကူညီချင်ရင် လာကူလုပ်ပေါ့။ဟုတ် ပြီလား။”
အားချိုးက မတတ်နိုင်ဘဲ ကျေးဇူးတင်မိသည်။
အားချိုးနှင့် အဖွားချန်တို့ ဂေါ်ဖီကောက်နေစဉ် လမ်းပေါ်မှ မြင်းခွာသံများကြားလိုက်ရသည်။ သူတို့၏နေရာသည် အမြဲတမ်း တိတ်ဆိတ်နေတတ်ပြီး လူအနည်းငယ်သာ လာတတ်သောကြောင့် အားချိုး နှင့် အဖွားချန်သည် အတူတူ လမ်းကို မျှော်ကြည့်လိုက် ကြသည်။ချပ်ဝတ်တန်ဆာဝတ်ထားသော အရပ်ရှည်ရှည်လူတစ်ယောက်က မြင်းစီးကာ သူတို့ဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။ သူ အဲဒီလူကို ရှင်းရှင်းလင်းလင်းမမြင်ရသေးခင်မှာ အဖွားချန်က အရင် မှတ်မိသွားခဲ့သည်။
ထိုအခါမှ အားချိုးသည် လာနေသောလူမှာ ကုန်းဝမ်ကျဲ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ လန့်သွားသဖြင့် အဖွားချန်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။
“ အဖွား၊ သူ့ကို မှတ်မိတာလား။”
“သိတာပေါ့၊အရင်တစ်ခါ တရားသူကြီးက ဆောင်းဦးရာသီကဗျာပွဲတော်မှာ ချင်းရွှမ်ကို လာဖို့ဖိတ်ခေါ်တုန်းက ဒီအစောင့်ကိုပဲ လွှတ်ဖူးတယ်လေ။ခုလည်း ချင်းရွှမ်ကို ခေါ်ဖို့ တစ်ခုခု ရှိလို့ ဖြစ်မယ်။”
အဖွားချန် က သူမရဲ့ ဆံပင်တွေကို လက်နဲ့ ပြင်ဆင်ပွတ်သပ်နေရင်း ပြောသည်။
အားချိုးက အဖွားချန်ကို ထရန် ကူညီလိုက်သည်။
အားချိုးနှင့် အဖွားချန်က မတ်တတ်ထရပ်လိုက်ချိန်တွင် ကုန်းဝမ်ကျဲ၏မြင်းက ခြံစည်းရိုးခတ်ထားသောခြံရှေ့၌ ရပ်သွားသည်။ သူက လက်သီးတွေကို တင်းတင်းဆုပ်ကာ အရိုအသေ ပြုရင်း
“ အဖွားချန် ကျွန်တော် အဖွားကို ထပ်ပြီး နှောင့်ယှက် ရ ပြန် ပြီ”
“ကိုယ်ရံတော်ကုန်းက ငါတို့ ချင်းရွှမ်ကို ရှာဖို့လာခဲ့တာလား။ “
“ချင်းရွှမ်က အထဲမှာ ရှိတယ်၊ မင်း တိုက်ရိုက်ဝင်သွားလို့ရပါတယ်။”
“ကောင်းပါပြီ ၊ဒါဆို ကျွန်တော်အရင်ဆုံး ဝင်သွားလိုက်မယ်”
ကုန်းဝမ်ကျဲက ပြုံးကာ ပြောလိုက်ပြီး သူတို့နောက်က ပြန့်ကျဲနေတဲ့ ဂေါ်ဖီထုပ်ခင်းကို တချက် ကြည့်လိုက်ကာ
“အဖွားချန် ၊ ကျွန်တော် ထွက်လာတဲ့အခါ အဖွားကို ဂေါ်ဖီထုပ် နှုတ်ကူပေးပါ့မယ်”
“ ဘာလဲ။ မလိုပါဘူး။ မလိုပါဘူး။ မင်းအရမ်းအလုပ်များနေချိန်မှာ ဒီဂေါ်ဖီခင်းထဲ မင်းရဲ့အချိန်တွေကို ဘာလို့ဖြုန်းတီးမလဲကွယ်။”
အဖွားချန် က ကုန်းဝမ်ကျဲရဲ့ လက်မောင်းကို အပြုံးနဲ့ ပုတ်လိုက်ပြီးပြောလိုက်သည်။ အဖွားချန်က ကုန်းဝမ်ကျဲကို သဘောကျတာ သိသာလှသည်။ သူနဲ့ စကားအများ ကြီး ပြောခဲ့သည်။
“သွားပါ”
“ဟုတ်ကဲ့၊ ကျွန်တော်အရင်ဝင်လိုက်ပါမယ်”
ကုန်းဝမ်ကျဲက ခေါင်းညိတ်ပြပြီး အထဲသို့ လမ်းလျှောက်လာရင်း အားချိုးဘေးမှ ကျော်သွားမည့်အချိန် သူ့အသံကို နှိမ့်ချ၍
“ငါထွက်မလာမချင်း စောင့်နေပါ၊ ငါမင်းကို ပြောစရာရှိတယ်။”
“အာ”
အားချိုးလန့်သွားပြီး ကုန်းဝမ်ကျဲက သူမဆီက ဘာလိုချင်လို့လဲ လို့ မေးတော့မည့်အချိန်မှာတော့ ကုန်းဝမ်ကျဲက ကျော်သွားပြီ ဖြစ်သည်။
***