သစ်သားသေတ္တာ၏ အဖုံးမှာ ချက်ချင်းပင် ပိတ်ကျသွား၏။
ထို့နောက် သေတ္တာလေးက သူ့ဆီသို့ တည့်မတ်စွာ ပြေးဝင်လာတော့သည်။
အတွင်းအား...
ကျန်းနင်၏ မျက်လုံးများ စူးရှသွားပြီး လေထဲပျံဝဲလာသော သစ်သားသေတ္တာအား ဖမ်းယူရန် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်..." သူက ပြောရင်း လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်၏။
"ကောင်းပြီ..."
လင်းချင်းရီက ပါးစပ်ကိုအုပ်၍ အကြိမ်ကြိမ် သမ်းဝေရင်း...
"ရှန်ချုံးယွမ်က အစ်မဆီ အပ်ထားခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံးကို မောင်လေးကျန်းဆီ လွှဲပေးပြီးပြီဆိုတော့ အစ်မကို ထပ်လာရှာစရာ မလိုတော့ဘူး"
"ခဏလေး နေပါဦး... ကျွန်တော့်ဆီမှာလည်း ရောင်းစရာ ပစ္စည်းတချို့ ရှိနေသေးလို့ပါ" ကျန်းနင်က ပြောလိုက်သည်။
"ရှောင်လွီဆီ သွားလိုက်လေ" လင်းချင်းရီက တုံ့ပြန်၏။
"ဒီပစ္စည်းတွေက အတော်လေး တန်ဖိုးကြီးလို့ပါ..."
"အို..." လင်းချင်းရီက ကျန်းနင်အား စောင်းငဲ့ ကြည့်လာသည်။
ထို့နောက် ကျန်းနင်က သူ့ဘေးရှိ အဝတ်ထုပ်ကို ဖြေချလိုက်၏။
လက်နက်နှစ်လက်က ချက်ချင်း ထွက်ပေါ်လာတော့သည်။
တစ်လက်မှာ အစောပိုင်းက ရှီရှောင်ယွမ် ကိုင်ဆောင်ခဲ့သော ဓားရှည်ကြီးဖြစ်ပြီး အခြားတစ်လက်မှာ လျူချင်းစုန့် ကိုင်ဆောင်ခဲ့သည့် ဓားပျော့ပင်။
ဤမျှ ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်များ အသုံးပြုခဲ့သော လက်နက်များ ဖြစ်သည့်အတွက် တန်ဖိုးမှာလည်း သဘာဝကျစွာပင် ထူးကဲလှပေသည်။
မူလက ကျန်းနင် အနေဖြင့် ဤလက်နက်နှစ်လက်ကို လက်နက် သွန်းလုပ်ရေး ဆိုင်သို့ ရောင်းချရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ယန်ခိုင်ကို နစ်မြုပ်နေသော သင်္ဘောဆီ ခေါ်ဆောင်သွားပြီး သံရိုင်းတုံးများ ရှာဖွေတွေ့ရှိပြီးနောက် ဆိုင်၏ အခြေအနေကို မြင်တွေ့ခဲ့ရရာ ထိုသံရိုင်း ဂိုဒေါင်တစ်ခုလုံးကို ဝယ်ယူလိုက်ခြင်းကပင် ဆိုင်၏ ဘဏ္ဍာရေးကို အကန့်အသတ်ထိ ရောက်သွားစေခဲ့ကြောင်း သူ ကောင်းကောင်း သိထား၏။ ထို့ကြောင့် ဤလက်နက် နှစ်လက်ကိုပါ ဝယ်ယူရန်မှာ သူတို့အတွက် လုံးဝ မဖြစ်နိုင်တော့ချေ။
ထိုအကြောင်းကြောင့် သူက ဝမ်ဟွာ အဆောက်အအုံသို့ လာရောက် ရောင်းချရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။
"ဒီလက်နက် နှစ်လက်က..."
လင်းချင်းရီက ကျန်းနင်အား နောက်တစ်ကြိမ် လှမ်းကြည့်၍...
"အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ"
ထို့နောက် သူမက လက်တစ်ဖက်ကို မြှောက်ကာ လှမ်းခေါ်လိုက်သည်။
ရွှမ်း...
ဓားပျော့လေးမှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။
ထိုအရာက အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင် တစ်ခတ်အတွင်း သူမ လက်ထဲသို့ ပျံသန်း ရောက်ရှိသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျန်းနင်တစ်ယောက် ချက်ချင်းပင် အံ့အားသင့်သွားရသည်။
"ဘာလဲ... အစ်မရဲ့ စွမ်းရည်ကိုမြင်ပြီး အံ့ဩသွားတာလား" ကျန်းနင်၏မျက်နှာထားကို မြင်လျှင် လင်းချင်းရီလည်း မပြုံးဘဲ မနေနိုင်တော့ပေ။
"ဒါက... အတွင်းအားလား..." ကျန်းနင်က မေးလိုက်၏။
"မောင်လေးကျန်း ခန့်မှန်းတာ မှန်တယ်..." လင်းချင်းရီက ခေါင်းအနည်းငယ် ညိတ်ပြပြီး ဆက်ပြောလာသည်။
"လျှို့ဝှက် အသံလွှင့် သိုင်းစွမ်းရည်ဖြစ်ဖြစ်၊ အဝေးက ပစ္စည်းတွေကို လှမ်းယူတာပဲဖြစ်ဖြစ်... ဒါတွေ အားလုံးက အတွင်းအားရဲ့ အခြေခံ အသုံးချမှုတွေချည်းပဲ"
"အစ်မလင်းက အတွင်းအား အဆင့် (၅) ပညာရှင် တစ်ယောက်များလား..." ကျန်းနင်က စူးစမ်းလိုက်သည်။
"မောင်လေးကျန်း ခန့်မှန်းကြည့်ပေါ့" လင်းချင်းရီက ရယ်မောလိုက်၏။
ထို့နောက် သူမက ဓားပျော့လေးကို လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်သည်။
ချလွင်...
ဓားသွားမှာ ညင်သာစွာ တုန်ခါသွားပြီး ဓားမြည်သံ ထွက်ပေါ်လာတော့သည်။
"တကယ်ကို ကောင်းမွန်တဲ့ ဓားတစ်လက်ပဲ..." လင်းချင်းရီက ခေါင်းညိတ်ပြသည်။
ထို့နောက် သူမက ကျန်းနင်အား အံ့အားသင့်ဟန်ဖြင့် ကြည့်၍...
"ဒီလို ဓားကောင်း တစ်လက်ကို မင်း ဘယ်က ရလာတာလဲ"
"ကောက်ရလာတာပါ..." ကျန်းနင်က ဖြေလိုက်၏။
ကျန်းနင် ပါးစပ်မှ ထွက်ကျလာသော စကားလုံးများကြောင့် လင်းချင်းရီမှာ မျက်လုံး လန်ကြည့်မိသည်။
ကျန်းနင်တစ်ယောက် အသေးစိတ် ရှင်းပြလိုစိတ် မရှိမှန်း သိသောကြောင့် သူမလည်း ဆက်မမေးတော့ပေ။
ဓားပျော့ပေါ်ရှိ အရာယွင်းနေသော နေရာကို သူမ ထပ်မံ ကြည့်ရှုလိုက်သည်။
"ဒီအရာယွင်းမှုကြောင့် ဓားပျော့ရဲ့ တန်ဖိုးက နှစ်ဆယ် ရာခိုင်နှုန်းလောက် ကျသွားတယ်... ငွေသား တာနယ် သုံးထောင် ပေးမယ်ဆိုရင် မင်း သဘောတူမလား" လင်းချင်းရီက အစောပိုင်းက ကျန်းနင် ပြုလုပ်ခဲ့သော ဓားအရာအား လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"သဘောတူပါတယ်..." ကျန်းနင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ဓားပျော့၏ တိကျသော တန်ဖိုးကို သူ မသိသော်ငြား လင်းချင်းရီ၏ စရိုက်အရ သူ့အား လှည့်စားမည် မဟုတ်ကြောင်း ကောင်းကောင်း သိထား၏။
အကယ်၍ သူမသာ သူ့အား လှည့်စားရန် ရည်ရွယ်ထားပါက ဝရဇိန် ဆေးလုံး သို့မဟုတ် ဝရဇိန် အမိန့်တော်အား သူ့ထံ ပေးအပ်ခဲ့မည် မဟုတ်ပေ။
တန်ဖိုးအရဆိုလျှင် ဤပစ္စည်းနှစ်ခုမှာ လျူချင်းစုန့် ကိုင်ဆောင်ခဲ့သော ဓားပျော့ထက် အဆပေါင်းများစွာ ပို၍ အဖိုးတန်လှသည်။ အဆင့်အတန်းချင်းပင် ယှဉ်၍ မရနိုင်ချေ။
အထူးသဖြင့် ဝရဇိန် အမိန့်တော်ပင်... ရှန်ချုံးယွမ်တစ်ယောက် ဤမျှ အရေးကြီးသော တံဆိပ်ပြားအား သူ့အတွက် အဘယ်ကြောင့် ချန်ထားခဲ့ရသနည်းဟု ကျန်းနင် စဉ်းစား၍ မရနိုင်သေးချေ။
ရှန်ချုံးယွမ်က ဝရဇိန် ဘုရားကျောင်းမှ လူတစ်ယောက် ဖြစ်နေပြီး သူ့အား ထိုဂိုဏ်းသို့ ဝင်ရောက်နိုင်ရန် ဝရဇိန် အမိန့်တော်ကို ချန်ထားခဲ့ခြင်းများ ဖြစ်နေမလား။
ထိုစဉ်...
လင်းချင်းရီက ကျန်းနင် ခေါင်းညိတ်သည်ကို မြင်လျှင် သူမ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားပျော့မှာ လေထုကို ခွင်း၍ ဓားအိမ်ထဲသို့ တိကျစွာ ပြန်လည် ဝင်ရောက်သွားတော့သည်။
ထို့နောက်...
သူမက နောက်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်သည်။ ရှီရှောင်ယွမ်၏ လက်နက်ဖြစ်သော ဓားရှည်ကြီးတွင် ဓားအိမ် မရှိချေ။ ထို့ကြောင့် ဓားကြီးမှာ မြေပြင်မှ ကြွတက်လာပြီး လင်းချင်းရီ၏ လက်ဆီသို့ တိုက်ရိုက် ပျံသန်းသွား၏။
ဓားရှည်ကြီး မြေပြင်မှ ကြွတက်သွားသည့် အခိုက်အတန့်မှာပင် လင်းချင်းရီက ကျန်းနင်အား လုံးဝ အံ့အားသင့်စွာ ကြည့်လာခဲ့သည်။
အဝေးမှ လှမ်းယူလိုက်ချိန်တွင် ထိုဓားကြီး၏ အလေးချိန်မှာ အလွန်အမင်း ကြီးမားနေကြောင်း သူမ ခံစားလိုက်ရသည်။
အလေးချိန် ပေါင် နှစ်ရာ အပြည့် ရှိ၏။
ထိုအလေးချိန်ကို ကြည့်ခြင်းအားဖြင့် ဤဓားမှာ သာမန်လူ တစ်ယောက်၏ လက်နက် မဟုတ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။ ဤဓားကြီးကို ကိုင်ဆောင်နိုင်သူ မည်သူမဆို အံ့မခန်း ခွန်အားကို ပိုင်ဆိုင်ထားရမည် ဖြစ်ပြီး အနည်းဆုံး အဆင့် (၈) နတ်ဘုရား စွမ်းအားနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရပေမည်။ ထိုအဆင့်ရှိ သာမန်ပညာရှင် တစ်ယောက်တောင် ဖြစ်နိုင်မည် မဟုတ်ချေ။
ဓားရှည်ကြီးကို လက်ခံရရှိပြီးနောက် လင်းချင်းရီမှာ ၎င်း၏ အလေးချိန်ကို ပို၍ပင် ထင်ရှားစွာ ခံစားလိုက်ရသဖြင့် ကျန်းနင်အား အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်ကာ...
"ဒီဓားကိုကော မင်း ဘယ်က ရလာပြန်တာလဲ"
"ကောက်ရလာတာပါပဲ..." ကျန်းနင်က ပြန်ဖြေလိုက်၏။
လင်းချင်းရီ... "..."
သူမက ကျန်းနင်အား ချက်ချင်းပင် မျက်လုံး လန်ပြလိုက်တော့သည်။
ထိုနောက် ချက်ချင်းပင် ဓားသွားကို သူမ လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်၏။
ဓားသွားမှာ မြည်ဟည်းသွားပြီး အဆက်မပြတ် တုန်ခါနေလေသည်။
"ဒါလည်း ဓားကောင်း တစ်လက်ပဲ... ပစ္စည်းကောင်းတွေနဲ့ သွန်းလုပ်ထားတာ... အကြိမ်တစ်ထောင် မွမ်းမံထားတဲ့ သံမဏိ ဖြစ်ဖို့ များတယ်... ဒါပေမဲ့ နှမြောစရာပဲ..." လင်းချင်းရီက ပြောရင်း သူမ၏ အကြည့်တို့မှာ ဓားသွားပေါ်ရှိ အရာယွင်းနေသော နေရာသို့ ကျရောက်သွားသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ဤအရာယွင်းမှုနှင့် ဓားပျော့ပေါ်ရှိ အရာယွင်းမှုတို့မှာ တူညီသော လက်နက် တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမှန်း သူမ သိလိုက်သည်။
ဒီကောင်လေးရဲ့ ဓားကြောင့်များ ဖြစ်နေမလား...
လင်းချင်းရီက ဘေးတွင် ချထားသော ကျန်းနင်၏ အနက်ရောင် ဓားရှည်အား စိတ်ထဲတွင် သံသယ အနည်းငယ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
သူမ ချက်ချင်းပင် စိတ်ထဲမှ ခေါင်းခါယမ်းလိုက်၏။
မဖြစ်နိုင်ဘူး...
ဓားပျော့၏ ရှားပါးမှုကို ကြည့်လျှင် သာမန် အဆင့် (၉) သိုင်းပညာရှင်များ ပိုင်ဆိုင်နိုင်သော အရာမျိုး မဟုတ်ပေ။ ဤမျှ တန်ဖိုးရှိသော လက်နက်များကို အဆင့် (၈) သို့မဟုတ် အဆင့် (၇) သိုင်းပညာရှင်များသာ အနည်းဆုံး ပိုင်ဆိုင်နိုင်ကြသည်။
ထို့အပြင် ဤဓားကြီးက ပေါင် နှစ်ရာခန့် အလေးချိန် ရှိသည်။ မိမိ အလိုကျ ကိုင်တွယ် အသုံးပြုနိုင်ရန် အနည်းဆုံး ပေါင် သုံးထောင်၊ လေးထောင် သို့မဟုတ် ထို့ထက်ပိုသော ခွန်အား လိုအပ်ပေမည်။ ထိုမျှ ခွန်အားရှိသူ မည်သူမဆို အဆင့် (၈) နတ်ဘုရား စွမ်းအားနယ်ပယ်၏ ထိပ်တန်း ကျွမ်းကျင်သူများထဲတွင် ပါဝင်နေလောက်ပြီဖြစ်သည်။ အဆင့် (၇) ကျွမ်းကျင်သူ တစ်ယောက်နှင့်ပင် ထိုက်တန်နေလေပြီ။
ကျန်းနင်က ထိုကဲ့သို့ လူမျိုးကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ...
လင်းချင်းရီက ဤအခြေအမြစ် မရှိသော ခန့်မှန်းချက်ကို သူမ စိတ်ထဲမှ ချက်ချင်း ဖယ်ထုတ်ပစ်လိုက်တော့သည်။
ထို့နောက် ဓားပေါ်ရှိ အရာယွင်းမှုကို ကြည့်ကာ...
"ဒီအရာယွင်းမှုကလည်း ဓားကြီးရဲ့ ဈေးနှုန်းကို သိသိသာသာ ကျဆင်းသွားစေတယ်... ဆယ့်ငါး ရာခိုင်နှုန်း လျှော့ပြီး ငွေသား တာနယ် နှစ်ထောင့်ခြောက်ရာ ပေးမယ်... မင်း လက်ခံမလား"
"ပြဿနာ မရှိပါဘူး..." ကျန်းနင်က ခေါင်းညိတ်လိုက်၏။
ကျန်းနင် သဘောတူသည်ကို မြင်လျှင် လင်းချင်းရီ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသော်လည်း မည်သည့် အသံမှ ထွက်ပေါ်လာခြင်း မရှိချေ။
သို့သော် ပထမထပ်တွင် ရှိနေသော ရှောင်လွီမှာ လင်းချင်းရီ၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ရှောင်လွီ... ငွေသား တာနယ် ငါးထောင့်ငါးရာ တန်ဖိုးရှိတဲ့ ငွေလက်မှတ် တစ်စောင် ယူလာခဲ့"
ရှောင်လွီက သူမ နားထဲတွင် လင်းချင်းရီ၏ အသံကို ကြားလိုက်ရသော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ ဤသည်ကို သူမ ယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။
သို့သော် အခြားသူများသာ ထိုစွမ်းရည်ကို မျက်မြင်တွေ့ရှိခဲ့ပါက လင်းချင်းရီ၏ ခန့်မှန်းရခက်သော စွမ်းအားကို အသိအမှတ်ပြုမိကြပေလိမ့်မည်။
ဤမျှ အကွာအဝေးမှနေ၍ လေဟာပြင်ကို ဖြတ်သန်းကာ အသံလွှင့်နိုင်ရန် အားကောင်းသော အတွင်းအား လိုအပ်ရုံသာမက ကြီးမားလှသော ဝိညာဉ်စွမ်းအား၏ သင်္ကေတ တစ်ခုလည်း ဖြစ်ပေသည်။
...
အခိုက်အတန့် ကြာပြီးနောက်...
"ကျားအာ... မင်းက ဘာလို့ ဒီရောက်နေတာလဲ" လင်းကျားအာကို မြင်လိုက်ရသဖြင့် လင်းချင်းရီ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။
လင်းကျားအာ၏ ပေါ်လာမှုမှာ မထင်မှတ်ထားသောအရာပင်။
ထိုနေ့မှစ၍ အနေရခက်မှုများကို ရှောင်ရှားရန် လင်းကျားအာနှင့် ကျန်းနင်တို့အား ဝမ်ဟွာ အဆောက်အအုံတွင် ဆုံတွေ့ခွင့် မပေးလိုတော့ပေ။
ထို့အပြင် ထိုအချိန်မှစ၍ လင်းကျားအာအပေါ် သဘောမကျသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေခဲ့၏။
သူမ အမြင်အရ လင်းကျားအာမှာ အမြော်အမြင် သိပ်နည်းလွန်းလှသည်။ အကယ်၍ စစ်သူကြီး တစ်ယောက်၏ ဇနီးဖြစ်ချင်လျှင် သာမန် တပ်သားလေး ဘဝကတည်းက စတင်၍ နောက်လိုက်သင့်ပေသည်။
သူမ မျက်လုံးထဲတွင်တော့ ကျန်းနင်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို တောက်ပလာသော အနာဂတ်ကို ပိုင်ဆိုင်လာနေပြီဖြစ်သည်။
အားနည်းနေချိန်ကတည်းက သံယောဇဉ် နှောင်ကြိုးများ ဖွဲ့နှောင်ထားခြင်းက အနာဂတ်တွင် ဂုဏ်သတင်း ကျော်စောလာပြီး ဖီးနစ်ငှက် တစ်ကောင်အဖြစ် တက်လှမ်းနိုင်စေရန် အခွင့်အရေး ပေးစွမ်းနိုင်ပေလိမ့်မည်။
သိုင်းဂုရုကြီး... မဟာသိုင်းဂုရုကြီး တစ်ယောက်ပင် ဖြစ်နိုင်၏။ ဤသည်မှာ ကျန်းနင်၏ အနာဂတ် အလားအလာအပေါ် သူမ၏ လက်ရှိ သုံးသပ်ချက်ပင်။
သူမ၏ ကိုယ်ပိုင် အဆင့်အတန်းကို ထည့်တွေးလျှင်ပင် သူမ မျက်လုံးထဲ၌ မဟာသိုင်းဂုရုကြီး အဆင့်ထိ တက်လှမ်းနိုင်ချေရှိသော လူငယ်လေး တစ်ယောက်မှာ မိတ်ဆွေဖွဲ့ရန် အမှန်တကယ် ထိုက်တန်ပေသည်။
သူမ၏ အလှအပ စံနှုန်းများနှင့် ကိုက်ညီစွာ ကြီးပြင်းလာသော လူငယ်လေးတစ်ယောက် ဖြစ်နေသည်ကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့လျှင် သူ့အလားအလာနှင့် ပါရမီ တစ်ခုတည်းက သူမ၏ နှစ်သက်မှုကို ရရှိရန် လုံလောက်မည် မဟုတ်ပေ။
လင်းကျားအာက သူမ အဒေါ်၏ အမူအရာကို အကဲခတ်ရင်း ယဉ်ကျေးစွာဖြင့် ခါးညွှတ် အရိုအသေ ပေးကာ ချိုသာစွာ နှုတ်ဆက်လိုက်သည်။
"အဒေါ့်ကို ဂါရဝပြုပါတယ်"
ထိုနေ့ကတည်းက အဒေါ်ဖြစ်သူအနေဖြင့် သူမအပေါ် မကျေနပ်မှုအချို့ ရှိနေမှန်း သူမ နားလည်ထားသည်။ သို့တိုင် မကျေနပ်သည့် အရိပ်အယောင် တစ်စွန်းတစ်စမျှ မပြခဲ့ပေ။
သူမ အဒေါ် လက်ထပ်ခဲ့သော ပုဂ္ဂိုလ်ကြီး၏ အရေးပါမှုကို သေချာ မသိသော်လည်း... တုန်းလင်မြို့ရှိ လင်းမိသားစုတွင် နှစ်များတစ်လျှောက် ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများနှင့် ယခင်က အဒေါ်ဖြစ်သူ အိမ်ပြန်လာချိန်တွင် မိသားစု လူကြီးများ၏ လင်းချင်းရီအပေါ် ဆက်ဆံပုံများကို ကြည့်ပါက... အဒေါ်ဖြစ်သူ လက်ထပ်ခဲ့သူမှာ သာမန်လူတစ်ယောက် မဟုတ်ဘဲ အလွန်အမင်း အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သူမ ကောင်းကောင်း သိထား၏။
ထို့နောက် လင်းကျားအာက ကျန်းနင်ဘက်သို့ လှည့်၍ ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။
"သခင်လေးကျန်းကို ဂါရဝပြုပါတယ်..."
သူမ အနေဖြင့် ဤကဲ့သို့ ပြုမူရသည်ကို ဝန်လေးနေသော်ငြား အဒေါ်ဖြစ်သူက ထိုလူငယ်လေးအပေါ် အထူး တန်ဖိုးထားမှန်း သိထားသဖြင့် သူမ အဒေါ်၏ မျက်နှာသာပေးမှုကို ရရှိရန် အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ထိုစဉ် လင်းကျားအာ၏ အနောက်မှ လိုက်ပါလာသော ရှောင်လွီက နောက်ဆုံးတွင် စကားစလာတော့သည်။
"သခင်မကို တင်ပြပါတယ်... ကျွန်မ အလျင်စလို သွားနေတာကို သခင်မလေး ကျားအာ မြင်သွားပြီး အကြောင်းရင်းကို မေးမြန်းခဲ့လို့ပါ" ရှောင်လွီက ရှင်းပြလိုက်၏။
"အကြောင်းရင်းကို သိသွားတော့ သခင်မ လိုအပ်တဲ့ ငွေလက်မှတ်တွေကို သခင်မလေးကျားအာက ယူလာပေးမယ် ပြောလို့ပါ"
လင်းချင်းရီက တည်ငြိမ်စွာပင် မေးလေသည်။
"ငွေလက်မှတ်တွေက မင်းဆီမှာလား ဒါမှမဟုတ် လင်းကျားအာ ဆီမှာလား"
"အဒေါ်... သမီးဆီမှာပါ..." လင်းကျားအာက လင်းချင်းရီအား ချိုသာစွာ ပြုံးပြရင်း ဖြေလိုက်၏။
ထို့နောက် သူမဆီရှိ ငွေလက်မှတ်များကို ထုတ်ယူ၍ လင်းချင်းရီထံ ရိုသေစွာ ကမ်းပေးလေသည်။
ဤသည်ကို မြင်လျှင် လင်းချင်းရီ၏ မျက်ခုံးများ နောက်တစ်ဖန် တွန့်ကွေးသွားရပြန်သည်။ သူမက ငွေလက်မှတ်များကို ယူ၍ ကျန်းနင်ထံ လှမ်းပေးလိုက်၏။
"စစ်ကြည့်လိုက်ဦး... စုစုပေါင်း ငွေသား တာနယ် ငါးထောင့်ငါးရာ တန်ဖိုးရှိတယ်"
"ကောင်းပါပြီ..." ကျန်းနင်က ခေါင်းညိတ်လိုက်သည်။
ကျန်းနင်နှင့် စကားပြောဆိုမှု ပြီးဆုံးပြီးနောက် လင်းချင်းရီက သူမရှေ့ရှိ လင်းကျားအာဘက်သို့ လှည့်ကြည့်လာတော့သည်။
"ကျားအာ... မင်း စည်းကျော်နေပြီ"
End
***