ဝမ်ဟွာ အဆောက်အအုံ…
အပေါ်ဆုံးထပ်ရှိ လေဟာပြင် မဏ္ဍပ်တစ်ခု အတွင်း၌...
လင်းချင်းရီထံမှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် လင်းကျားအာ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။
နောက်တစ်ခဏတွင် လင်းချင်းရီက ဆက်ပြောလာသည်။
"ကျားအာ... မင်းက အဆောက်အအုံထဲက ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်လာခဲ့တယ်... နေပူထဲမှာ သုံးနာရီစာ သွားဒူးထောက်နေစမ်း..."
"ဟုတ်... ဟုတ်ကဲ့ပါ အဒေါ်..."
လင်းကျားအာ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားပြီးနောက် တိတ်ဆိတ်စွာပင် နာခံလိုက်ရတော့သည်။
ထို့နောက် လင်းချင်းရီက ရှောင်လွီအား လှမ်းကြည့်၍...
"ရှောင်လွီ... မင်းက စည်းကမ်း ဖောက်ဖျက်ခဲ့တယ်... အပြင်ထွက်ပြီး နှစ်နာရီစာ သွားဒူးထောက်နေ..."
"ဟုတ်ကဲ့ပါ သခင်မ..." ရှောင်လွီက ရိုသေစွာဖြင့် ဒူးထောက် အရိုအသေပေးလိုက်၏။
ကျန်းနင်တစ်ယောက် ရှောင်လွီ၏ နာခံလွယ်သော ပုံစံလေးကို ကြည့်ရင်း ချက်ချင်းပင် သနားကရုဏာ သက်သွားမိသည်။
တောက်ပ ပူပြင်းလှသော နေမင်းကြီးက ကောင်းကင်ထက်တွင် မားမားမတ်မတ် ရှိနေဆဲပင်။
လင်းကျားအာ ကဲ့သို့ သိုင်းပညာ လေ့ကျင့်ထားသူ တစ်ယောက်အတွက် နှစ်နာရီစာ ဒူးထောက်ရခြင်းက ခံနိုင်ရည် ရှိပေလိမ့်မည်။
သူမ၏ သန်မာသော ခန္ဓာကိုယ်က ထိုအရာကို ကောင်းကောင်းကြီး တောင့်ခံနိုင်စွမ်းရှိ၏။
သို့သော် သိုင်းပညာ တစ်ခါမှ မလေ့ကျင့်ဖူးသည့် ရှောင်လွီ ကဲ့သို့ သာမန်လူတစ်ယောက် အနေဖြင့် ဤမျှ ပြင်းထန်သော နေပူအောက်တွင် နှစ်နာရီစာ ဒူးထောက်ရပါက အပူလျှပ်ခြင်း သို့မဟုတ် သတိလစ် မေ့မြောသွားခြင်းများ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရလေသည်။
ကျန်းနင်က ခဏတာ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် စကားပြောရန် တွေဝေနေမိသည်။
ဤသည်မှာ ဝမ်ဟွာ အဆောက်အအုံ၏ အတွင်းရေး ကိစ္စဖြစ်ပြီး ပြင်ပလူတစ်ယောက် အနေဖြင့် ဝင်စွက်ဖက်ရန် သူ့မှာ အခွင့်အရေး မရှိချေ။
ထို့ကြောင့် တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ပြီး ငွေလက်မှတ်များကို သူ့ပိုက်ဆံအိတ်ထဲသို့သာ ထည့်သိမ်းလိုက်တော့သည်။
"ဘာလဲ... သူတို့အတွက် ဝင်တောင်းပန်ပေးချင်လို့လား"
လင်းချင်းရီက ကျန်းနင်အား တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး သူ့အကြည့်နှင့် ဖော်ပြနေသော အမူအရာမှ တစ်ဆင့် တစ်စုံတစ်ရာကို ရိပ်မိသွားပုံရ၏။
ထိုစကားကြားလျှင် ကျန်းနင်လည်း ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြောလိုက်သည်။ "အစ်မလင်း... ရှောင်လွီအတွက် သက်ညှာပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"
"မင်းက မိန်းမလှလေးတွေဆိုရင် သနားတတ်သားပဲ..." လင်းချင်းရီက ကျန်းနင်အား စောင်းငဲ့ ကြည့်လာသည်။
"ကောင်းပြီလေ... မင်းက ငါ့ကို အစ်မလို့ ခေါ်ထားမှတော့ မင်းမျက်နှာကို ငါ မငြင်းရက်ပါဘူး"
ထို့နောက် ပူပြင်းလှသော နေရောင်အောက်သို့ လျှောက်သွားနေသည့် ရှောင်လွီဘက်သို့ လှည့်၍...
"ရှောင်လွီ... ကျန်းနင်က မင်းအတွက် ဝင်တောင်းပန်ပေးလို့ တစ်ဝက်လောက် ဒူးထောက်ပြီးရင် ပြန်ဝင်လာခဲ့တော့..."
"ဒါပေမဲ့ မှတ်ထား... မင်းက ဒီအဆောက်အအုံကလူပဲ... နောက်နောင် အဆောက်အအုံက ပစ္စည်းတွေကို ပြင်ပလူတွေဆီ ဘယ်တော့မှ လွှဲမပေးနဲ့"
"ဟုတ်ကဲ့ပါ သခင်မ..."
ရှောင်လွီ၏ မျက်နှာထားမှာ ရိုသေမှုအပြည့်ဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ...
"သနားညှာတာ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မ"
ထို့နောက် ကျန်းနင်ဘက်သို့ လှည့်၍ ဒူးထောက်ကာ...
"သခင်လေးကျန်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်..."
"ဒီလောက်ထိ အရိုအသေ ပေးနေစရာ မလိုပါဘူး..." ကျန်းနင်က ခေါင်းခါပြလိုက်၏။
ရှောင်လွီလည်း ဆက်မပြောတော့ဘဲ မတ်တတ်ထကာ ပူပြင်းလှသော နေရောင်အောက်သို့ တိတ်ဆိတ်စွာ လျှောက်သွားတော့သည်။
ဤအခိုက်အတန့်တွင်...
လင်းကျားအာလည်း ခြေလှမ်းများ ရပ်တန့်သွားပြီး ကျန်းနင်အား မျှော်လင့်ချက် ပြည့်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လာ၏။
နေပူထဲတွင် သုံးနာရီစာ ဒူးထောက်ရမည့်ကိစ္စ။
သူမ၏ အဆင့် (၉) ခွန်အားနှင့်ဆိုလျှင် မည်သည့် ထိခိုက်မှုမှ မရှိနိုင်သော်ငြား သူမက အလှအပကို တန်ဖိုးထားသူ ဖြစ်သည်။ ပြင်းထန်သော နေရောင်အောက်တွင် သုံးနာရီစာမျှ တိုက်ရိုက် ထိတွေ့ပြီးပါက သူမ၏ အသားအရေများ ညိုမည်းသွားပေလိမ့်မည်။
ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် သူမ အဒေါ်အတွက် ကျန်းနင် မည်မျှ အရေးပါကြောင်း ကောင်းကောင်း သဘောပေါက်သွားရသည်။
ထိုအစေခံမလေးအတွက် စကားတစ်ခွန်း ဝင်ပြောပေးရုံဖြင့် သူမ အဒေါ်က အလွယ်တကူ လိုက်လျောပေးခဲ့သည် မဟုတ်ပါလား။
အကယ်၍ ကျန်းနင်သာ သူမအတွက် ဝင်ပြောပေးပါက သူမ၏ ပြစ်ဒဏ်မှာလည်း ထိုအစေခံမလေး ကဲ့သို့ များစွာ ပေါ့ပါးသွားနိုင်ချေရှိ၏။
သို့သော် ထိုအချိန်တွင်...
ကျန်းနင်က လင်းချင်းရီအား ပြုံး၍...
"အစ်မလင်းက တကယ်ကို သဘောကောင်းပြီး လှပတဲ့သူ တစ်ယောက်ပဲ..."
လင်းချင်းရီက အနည်းငယ် ပြုံးလိုက်သည်။
"မင်းက အစ်မကို အဲ့လောက်တောင် စကားချိုချိုလေးတွေ ပြောနေမှတော့... မင်းအတွက် နောက်ထပ် သတင်းအချက်အလက်တစ်ခု လက်ဆောင် ပေးလိုက်ပါ့မယ်... စစ်ဆေးရေးရုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာပဲ"
လင်းချင်းရီ စကားဆုံးသည်နှင့်...
သူမ အခန်းဘက်သို့ လှည့်၍ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လှမ်းခေါ်လိုက်၏။
အဖြူရောင် စက္ကူတစ်ရွက်က သူမဆီသို့ တိုက်ရိုက် ပျံသန်းလာတော့သည်။
"အတွင်းအားဆိုတာ တကယ်ကို နက်နဲ ဆန်းကြယ်တာပဲ..." ထိုမြင်ကွင်းကို ကိုယ်တိုင်မျက်မြင် တွေ့လိုက်ရသဖြင့် ကျန်းနင်၏ စိတ်ထဲ တောင့်တမှုများဖြင့် ပြည့်နှက်သွားရသည်။
ဤအံ့ဖွယ် စွမ်းအားမှာ သူ့မျက်လုံးထဲတွင် အလွန်အမင်း ဆွဲဆောင်မှု ရှိနေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ထိုအရာက လုံးဝ ယုတ္တိမတန်သောကြောင့်ပင်။ ယုတ္တိမတန်ဟု ထင်ရလေလေ ထိုအရာ၏ ဆွဲဆောင်မှုက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။
ယခုလက်ရှိ သူက ခွန်အားကြီးမားပြီး လျင်မြန်ကာ ကာကွယ်နိုင်စွမ်း မြင့်မားနေလျှင်ပင် အဆုံးတွင်တော့ သူသည်လည်း အသားအသွေးနှင့် ဖွဲ့စည်းထားသော သာမန်လူ တစ်ယောက်သာ ဖြစ်နေဆဲ မဟုတ်ပါလား။
ကျန်းနင် မျက်လုံးထဲတွင် အတွင်းအား ဆိုသည်မှာ စစ်မှန်သော လွန်မြောက်ခြင်း၏ သင်္ကေတ တစ်ခုပင်။
မျက်မြင်ကိုယ်တွေ့ ထိတွေ့ခံစားနိုင်သော လွန်မြောက်ခြင်း တစ်မျိုးဟု ဆိုရပေမည်။ ယခင်ဘဝက စိတ်ကူးယဉ် ဝတ္ထုပေါင်းများစွာကို ဖတ်ရှုခဲ့ဖူးသူပီပီ ဤကဲ့သို့သော စွမ်းအားမျိုးကို သူ မည်သို့များ မပိုင်ဆိုင်ချင်ဘဲ နေမည်နည်း။
ထို့နောက်...
လင်းချင်းရီ အဝေးမှ လှမ်းခေါ်လိုက်သော စက္ကူဖြူလေးမှာ မမြင်ရသော စွမ်းအား တစ်ခု၏ ထိန်းမတ်မှုဖြင့် သူမ လက်ထဲသို့ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့လေပြီ။
"ရော့ ယူလိုက်... ဒါက အစ်မ မင်းအတွက် ကြိုတင် ပြင်ဆင်ပေးထားတာ... ဒီထဲမှာ စစ်ဆေးရေးရုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အများစု ပါဝင်တယ်... တကယ်လို့ မင်းသာ အဲဒီမတိုင်ခင် အဆင့် (၈) ကို ရောက်သွားမယ်ဆိုရင် အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရနိုင်တယ်"
"စစ်ဆေးရေးရုံးရဲ့ ဖွဲ့စည်းပုံအရ အဖွဲ့ခေါင်းဆောင် မည်သူမဆို တကယ့် ရာထူးတံဆိပ် အပြည့်အစုံနဲ့ မဟာရှတိုင်းပြည်ရဲ့ အဆင့် (၉) အရာရှိတစ်ယောက် ဖြစ်လာနိုင်တယ်လေ"
"ဒါက မင်းအတွက်တော့ အနည်းနဲ့အများ ဆွဲဆောင်မှု ရှိလောက်မှာပါ"
လင်းချင်းရီ၏ စကားကိုကြားလျှင် ကျန်းနင်က သူမ ကမ်းပေးလာသော စက္ကူဖြူကို ချက်ချင်း လှမ်းယူလိုက်၏။
"ကျေးဇူးတင်ပါတယ် အစ်မလင်း..." သူက လှိုက်လှဲစွာ ကျေးဇူးတင်စကား ဆိုလေသည်။
ထိုအခိုက်အတန့်မှာပင်...
"ကျားအာ... မင်းက အဲဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ... အပြင်ထွက်ပြီး ဒူးမထောက်သေးဘူးလား" လင်းချင်းရီက သူမ ဘေးနားရှိ လင်းကျားအာအား လှမ်းဆူလိုက်သည်။
ထိုအချိန်တွင် ကျန်းနင်က သူမဘက်သို့ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲ မကျေနပ်မှုများ ပြည့်နှက်သွားရ၏။
ဤမျှ အချိန်အကြာကြီး လျစ်လျူရှုခံထားရသဖြင့် မည်သူမဆို စိတ်အနှောင့်အယှက် ဖြစ်မိပေလိမ့်မည်။
ကြယ်ရံလ ကဲ့သို့ အမြဲတမ်း အလိုလိုက်ခံရပြီး အများ၏ အာရုံစိုက်မှုကို ခံရလေ့ရှိသော သူမ ကဲ့သို့ မိန်းကလေး မျိုးဆိုလျှင် ပိုဆိုးပေလိမ့်မည်။
"အဒေါ်... သမီး အခုပဲ သွားလိုက်ပါ့မယ်..." လင်းကျားအာက ပြန်ဖြေလိုက်သည်။
စကားအဆုံးတွင် လင်းကျားအာလည်း ခေါင်းငုံ့၍ ပူပြင်းလှသော နေရောင်အောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားတော့၏။
"ကဲ... မင်းလည်း ပြန်သင့်တဲ့ အချိန်ရောက်ပြီ..." လင်းချင်းရီက ပါးစပ်ကိုအုပ်၍ သမ်းဝေရင်း ကျန်းနင်အား ပြောလေသည်။
"ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး..." ကျန်းနင်က လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေ ပေးလိုက်၏။
လင်းချင်းရီက ကျန်းနင်အား လက်လှမ်းပြပြီးနောက် လှည့်ထွက်သွားကာ သူမ အခန်းဆီသို့ ဖြည်းညှင်းစွာ ပြန်လည် လျှောက်လှမ်းသွားတော့သည်။
ပါးလွှာသော ပိုးသား အဝတ်အစားများက သူမ၏ ကောက်ကြောင်းအလှကို ပြီးပြည့်စုံစွာ ဖော်ပြနေ၏။
သို့သော် ဤအခိုက်အတန့်တွင် ကျန်းနင်တစ်ယောက် ထိုမြင်ကွင်းအား သတိမထားမိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အကြည့်များက လက်ထဲရှိ စက္ကူဖြူလေးပေါ်တွင်သာ စူးစိုက်နေပြီး ထိုအပေါ်ရှိ စာကြောင်း တစ်ကြောင်း၏ ဆွဲဆောင်မှု နောက်သို့ ချက်ချင်း ပါသွားခဲ့သောကြောင့်ပင်။
"အဆင့် (၈) သိုင်းပညာရှင်များ အနေဖြင့် စစ်ဆေးရေးရုံး၏ အဖွဲ့ခေါင်းဆောင် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်"
"အကယ်၍ အရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ပါက စစ်ဆေးရေးရုံးသို့ ဝင်ရောက်နိုင်ရုံသာမက အဆင့် (၉) အရာရှိ ရာထူးတံဆိပ်ကိုပါ ပိုင်ဆိုင်နိုင်မည်"
"ထို့ထက်မက ဒုတိယတပ်မှူး နေရာအတွက်ပါ ယှဉ်ပြိုင်ခွင့် ရရှိနိုင်သေးသည်"
ကျန်းနင်က လက်ထဲရှိ စက္ကူဖြူကို ကြည့်ရင်း သူ့ဘာသာ တီးတိုး ရေရွတ်နေမိသည်။
သူ့မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။
သူ့ရင်ထဲ၌ ဒုတိယတပ်မှူး နေရာအား ချက်ချင်းပင် ပစ်မှတ်ထားလိုက်လေသည်။
ဒုတိယတပ်မှူး နေရာကို ရယူနိုင်ခြင်းက အဆင့် (၈) ရာထူးတံဆိပ်ကို ပိုင်ဆိုင်နိုင်မည်ဟု ဆိုလိုခြင်းပင်။
ပုံမှန် အဆင့် (၈) မဟုတ်ဘဲ ဒုတိယ အဆင့် (၈) အရာရှိ ရာထူးတစ်ခု ဖြစ်နေသည့်တိုင်အောင်ပင်။
End
***