ခြံဝင်းထဲ၌...
ကျန်းနင်က ကျန်းယွမ်ယွမ်အား လက်ဆွဲ၍ ဧည့်ခန်းမဆောင်ဆီသို့ ဦးတည်သွားလိုက်၏။
ယနေ့တွင် သူတို့အိမ်သို့ မထင်မှတ်ထားသော ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။
ထိုသူမှာ လျူဝမ်ဝမ်၏ အစ်ကိုဖြစ်သူပေသည်။
ဆိုရလျှင် လျူဝမ်ဝမ်၏ မိဘဆွေမျိုး အသိုင်းအဝိုင်းဘက်မှ လူတစ်ယောက် ရောက်ရှိလာခြင်း ဖြစ်၏။
သူ သိထားသလောက် ဆိုရလျှင် မရီးဖြစ်သူ လျူဝမ်ဝမ်၏ နောက်ခံမှာ အနည်းငယ် နက်နဲဆန်းကြယ်လှသည်။ အဘယ်ကြောင့်ဆိုသော် နှစ်များတစ်လျှောက် လျူဝမ်ဝမ်တစ်ယောက် သူမ၏ မိသားစုထံ အလည်အပတ် ပြန်သွားခဲ့သည်ကို သူ တစ်ခါမှ မမှတ်မိသောကြောင့်ပင်။
သို့သော် မရီးဖြစ်သူမှာ မိဘမဲ့တစ်ယောက် မဟုတ်ကြောင်းကိုတော့ သူ သေချာပေါက် သိထားလေသည်။
သူ ကြားဖူးနားဝ သိထားရသော အချက်အလက် အနည်းငယ်အရ ဆိုလျှင် အစ်ကိုဖြစ်သူ ငယ်ရွယ်စဉ်က လျူဝမ်ဝမ်နှင့် ကျန်းလီတို့ နှစ်ဦးသဘောတူ ချစ်ကြိုက်ခဲ့ကြပြီး ခိုးရာလိုက်ပြေးခဲ့ကြပုံရသည်။
ယခုအခါ လျူဝမ်ဝမ်၏ မိသားစုဘက်မှ လူတစ်ယောက် ရောက်လာသည်ကို ကြည့်လျှင် သူတို့၏ ရည်ရွယ်ချက်က သိပ်တော့ ကောင်းလှမည် မဟုတ်ကြောင်း ကောက်ချက်ချနိုင်၏။
ဤခေတ် ဤအခါတွင် မိဘများ၏ အမိန့်နှင့် အောင်သွယ်တော်များ၏ စကားမှာ အလွန်အရေးပါ အရာရောက်လှသည် မဟုတ်ပါလား။
တိတိကျကျ ပြောရလျှင် ထိုကိစ္စက သူ့အတွက်တော့ သိပ်ပြီး သက်ဆိုင်လှသည် မဟုတ်ချေ။
သို့တိုင် အစ်ကိုဖြစ်သူ ကျန်းလီ၏ နေရာမှ ဝင်ကြည့်မည် ဆိုပါက ဤအရာက သူ စိုးရိမ်ပူပန်ရမည့် ကိစ္စရပ် ဖြစ်လာတော့၏။
ကျန်းလီက သူ့အပေါ် အမြဲတမ်း အလွန်အမင်း ကောင်းမွန်စွာ ဆက်ဆံခဲ့ရာ ထိုကိစ္စကို သူ မည်သို့များ လျစ်လျူရှုထားနိုင်မည်နည်း။
မည်သို့ပင် ဆိုစေကာမူ ကျန်းလီအတွက် အကာအကွယ်ပေးရန် ဧည့်ခန်းမဆောင်သို့ သူ သွားရောက်ရပေလိမ့်မည်။
သူ့လက်ရှိ ခွန်အားနှင့်ဆိုလျှင် ဤမျှလောက် ယုံကြည်ချက်တော့ ရှိနေခဲ့လေပြီ။
အဆင့် (၇) အထွတ်အထိပ် သိုင်းပညာရှင်များ မဟုတ်နေသရွေ့ မည်သူ့ကိုမှ သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ပေါင် သုံးထောင့်ခုနစ်ရာ ခွန်အား ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ပမာဏ တစ်ခုဖြစ်နေသည် မဟုတ်ပါလား။
အဆင့် (၈) နတ်ဘုရား စွမ်းအားနယ်ပယ် တစ်ခုလုံးတွင် ဤခွန်အား အဆင့်မျိုး ဆိုသည်မှာ သောင်းဂဏန်းတွင်မှ တစ်ယောက်သာ တွေ့နိုင်သည့် အရာပင်။
ထိုကဲ့သို့သော ခွန်အားမျိုးက သာမန် အဆင့် (၇) သိုင်းပညာရှင်များနှင့် ယှဉ်လျှင်တောင် လုံးဝ နိမ့်ကျနေမည် မဟုတ်ချေ။
အဆင့် (၇) ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကြွက်သား လေ့ကျင့်မှုတွင် အမြင့်ဆုံး အောင်မြင်မှု ရရှိထားသူများမှလွဲ၍ပေါ့။
ထိုအဆင့်ရှိ အဆင့် (၇) သိုင်းပညာရှင်တစ်ယောက်က ခန္ဓာကိုယ် တစ်ခုလုံးရှိ ခွန်အားများကို နေရာ တစ်နေရာတည်းသို့ အလွယ်တကူ စုစည်း အာရုံစိုက်နိုင်ပေ၏။
ကြွက်သား လေ့ကျင့်မှု၏ အမြင့်ဆုံး အကျိုးသက်ရောက်မှု အောက်တွင် ပေါင် တစ်ထောင် ခွန်အားက အဆင့် (၈) နတ်ဘုရား စွမ်းအားနယ်ပယ်ရှိ ပေါင် သုံးထောင်၊ လေးထောင် ခွန်အား၏ ပြင်းအားနှင့် ယှဉ်နိုင်စွမ်း ရှိပေသည်။
ဤသည်ကပင် အဆင့် (၇) ၏ ခွန်အား ဖြစ်တော့၏။
ထို့ကြောင့် လက်ရှိ ကျန်းနင် အနေဖြင့် ထိုကဲ့သို့သော အဆင့် (၇) သိုင်းပညာရှင်များမှလွဲ၍ မည်သူ့ကိုမှ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
အဘယ်ကြောင့်ဆိုသော် ပေါင် သုံးထောင့်ခုနစ်ရာ ခွန်အားကို အားကိုးခြင်းအပြင် အခြားသော နည်းစနစ် များစွာလည်း သူ့တွင် ရှိနေသေးသောကြောင့်ပင်။
...
အခြားတစ်ဖက်တွင်...
ဧည့်ခန်းမဆောင် အတွင်း၌...
လျူဝမ်ဝမ်က သူမရှေ့ရှိ ထူးကဲသော အသွင်အပြင် ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်နေရင်း သူမ မျက်လုံးများထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ အစ်ကိုဖြစ်သူနှင့် မတွေ့ရသည်မှာ ဆယ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့လေပြီ။
"အစ်ကို... အဖေနဲ့အမေ ကျန်းကျန်းမာမာ ရှိကြရဲ့လား" လျူဝမ်ဝမ်က မေးလိုက်သည်။
လျူရှန်းရှန်းက ခေါင်းညိတ်၍...
"သူတို့ နေကောင်း ကျန်းမာကြပါတယ်"
စကားပြောနေရင်း သူက ကျန်းယီမင်၏ ခေါင်းလေးကို ပွတ်သပ်လိုက်၏။
"ယီမင်လေးတောင် မျက်စိတစ်မှိတ်အတွင်း အများကြီး ကြီးလာပြီပဲ... ငါ့ညီမက အဖေနဲ့အမေကို တွေ့ဖို့ အိမ်ကို ဘယ်တော့လောက် ပြန်လာမလို့လဲ"
ထိုစကားကြားလျှင် လျူဝမ်ဝမ်၏ အကြည့်က ကျန်းလီထံသို့ အလိုအလျောက် ရောက်ရှိသွားပြီးနောက် သူ၏ ညာဘက် လက်မောင်းပေါ်၌ ခဏတာ ရပ်တန့်သွားခဲ့၏။
ထို့နောက် သူမက ခေါင်းခါယမ်းလိုက်ပြီး...
"လောလောဆယ်တော့ မပြန်သေးပါဘူး"
"မလုပ်ပါနဲ့..." လျူရှန်းရှန်း စကားမပြောရသေးခင်မှာပင် ကျန်းလီက ငြင်းဆန်သည့် အနေဖြင့် ခေါင်းခါပြလိုက်သည်။
ဤအချိန် လျူဝမ်ဝမ်အား စိုက်ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် အပြစ်ရှိသလို ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။
သူ့နောက်သို့ လိုက်လာခဲ့သောကြောင့် လျူဝမ်ဝမ်တစ်ယောက် အိမ်နှင့် ကင်းကွာခဲ့ရသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။
သူမ ဆွေမျိုးများနှင့် မတွေ့ရသည်မှာလည်း ဆယ်နှစ်တိုင်တိုင် ရှိခဲ့လေပြီ။
ဤအကြောင်းများကို တွေးမိလေ သူ့ရင်ထဲ အပြစ်ရှိစိတ်နှင့် နာကြည်းမှုတို့က ပိုမို ပြည့်နှက်လာလေပင်။
လျူဝမ်ဝမ်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်း မပေးနိုင်ခဲ့သည့်အပြင် အဆုံးတွင် သူမ၏ ရွေးချယ်မှု မှားယွင်းခြင်း မရှိကြောင်း ထိုလူများကို ရဲရဲဝင့်ဝင့် ပြောဆိုနိုင်ရန် ဂုဏ်ယူဝင့်ကြွားစွာ အိမ်ပြန်ခွင့် မပေးနိုင်ခဲ့ခြင်းအတွက် အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်၏။
နာကြည်းမှု ဆိုသည်မှာ အသုံးမဝင်တော့သည့် ညာဘက် လက်မောင်းအပေါ်၌ ဖြစ်ပြီး သူ့ သိုင်းပညာ လမ်းစဉ်ကို အဆုံးသတ်သွားစေခဲ့သောကြောင့်ပင်။
ထိုအချိန်မှစ၍ လျူဝမ်ဝမ်အတွက် အောင်ပွဲခံနိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။
ကျန်းလီ၏ စကားများက လျူရှန်းရှန်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
ကျန်းလီအား ကြည့်နေသော သူ၏ မျက်လုံးများမှာ အနည်းငယ် တွန့်ကွေးသွား၏။
သူ့စိတ်ထဲတွင်တော့ ယောက်ဖဖြစ်သူအား အမြဲတမ်း သဘောမကျ ဖြစ်နေခဲ့ခြင်းပင်။
မည်သို့ပင်ဆိုစေ သူ၏ အမြင်တွင် ညီမဖြစ်သူ ဤလူနှင့် လက်ထပ်လိုက်ခြင်းက တကယ်ကို အောက်ကျခံလိုက်ခြင်းသာ ဖြစ်ပေသည်။
ထို့အပြင် သူ့ကြောင့်သာ ညီမဖြစ်သူက ဆယ်နှစ်ကျော်တိုင်အောင် အိမ်ပြန်ခွင့် မရခဲ့ခြင်း မဟုတ်ပါလား။
သူ့အနေဖြင့် မည်သို့များ ကောင်းသော ခံစားချက်မျိုး ရှိနိုင်မည်နည်း။
နောက်တစ်ခဏတွင် သူ၏ အကြည့်များက ခက်ထန်သွားတော့၏။
"ယောက်ဖ... ခင်ဗျား လက်မောင်းက ဘာဖြစ်တာလဲ"
ထိုအချိန်မှသာ လျူရှန်းရှန်းက ကျန်းလီ၏ အားပျော့စွာ တွဲလောင်းကျနေသော ညာဘက် လက်မောင်းကို သတိထားမိသွားပြီး မေးလိုက်ခြင်း ဖြစ်သည်။
သူက ကျန်းလီအပေါ် မည်သည့် သဘောကျမှုမှ မရှိသော်ငြား အစ်မဖြစ်သူ၏ ရွေးချယ်မှုကိုတော့ လေးစားမှု ရှိပေသည်။
ကျန်းလီအား မိသားစုဝင် အခြားလူများကဲ့သို့ ဆက်ဆံခြင်းက အစ်မဖြစ်သူကို ပို၍ နာကျင်ခံစားရစေမည်မှန်း သူ ကောင်းကောင်း သိထား၏။
ကြားညပ်နေရခြင်းက ပို၍ပင် ခက်ခဲလှပေသည်။
ကျန်းလီက သူ၏ ညာဘက် လက်မောင်းကို ပွတ်သပ်ရင်း...
"အသုံးမဝင်တော့ပါဘူးကွာ"
"ဘာဖြစ်ခဲ့တာလဲ..." လျူရှန်းရှန်းက မေးလိုက်၏။
ကျန်းလီက ဖြေလိုက်သည်။
"ဖမ်းဆီးရေး အရာရှိအဖြစ်နဲ့ ဘုရားသခင် ကိုးကွယ်မှု ဂိုဏ်းကို ဝိုင်းဝန်း ဖမ်းဆီးတဲ့ အချိန်မှာ ဒဏ်ရာရခဲ့ပြီး ဒီလို ဖြစ်သွားတာပါ"
လျူရှန်းရှန်း၏ မျက်ခုံးများ ချက်ချင်း တွန့်ကွေးသွားတော့သည်။
"ဒီနေ့ ကျွန်တော် လာခဲ့တာက ခင်ဗျားကို စစ်ဆေးရေးရုံးမှာ နေရာတစ်ခုရဖို့ ထောက်ခံစာ ပေးမလို့ ရည်ရွယ်ထားတာ... ခင်ဗျားမှာ ဒီလို ဘေးဒုက္ခမျိုး ကြုံနေရမယ်လို့ မထင်ထားမိဘူး"
ထိုအခိုက်အတန့်မှာပင်...
ကျန်းနင်က ကျန်းယွမ်ယွမ်အား လက်ဆွဲလျက် ဧည့်ခန်းမဆောင်၏ အဝင်ဝတွင် ပေါ်လာခဲ့၏။
သူ၏ စူးရှသော အာရုံခံစားမှုဖြင့် အဝေးမှနေ၍ စကားပြောဆိုမှု တစ်ခုလုံးကို ကြားလိုက်ရခြင်းပင်။
ဤအချိန်တွင် ကျန်းနင် အနေဖြင့် အစ်ကိုဖြစ်သူ၏ ယောက်ဖမှာ တော်တော်လေး အကျိုးအကြောင်း သင့်မြတ်သူ ဖြစ်ကြောင်း သဘောပေါက်သွားလေပြီ။
ယခင်က သူ စိတ်ကူးထားခဲ့သလို ပြဿနာမျိုး ရှိမနေခဲ့ချေ။
အသံကြားလိုက်ရသည်နှင့် အားလုံးကလည်း လှည့်ကြည့်လာကြ၏။
ကျန်းနင်ကို မြင်လျှင် ကျန်းလီလည်း မပြုံးဘဲ မနေနိုင်တော့ပေ။
"အစ်ကိုရှန်း... ကျွန်တော်ကတော့ အဆင်မပြေတော့ဘူးလေ... ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ညီကိုများ ထောက်ခံပေးလို့ ရမလား... သူ့ကို စစ်ဆေးရေးရုံးထဲ ဝင်ခွင့်ရအောင်လေ"
ထိုစကားကြားလျှင် လျူရှန်းရှန်း၏ အကြည့်တို့က ကျန်းယွမ်ယွမ်ထံမှ ကျန်းနင်ဆီသို့ ပြောင်းရွှေ့သွားတော့သည်။
"မင်းက... ကျန်းနင်လား" လျူရှန်းရှန်းက တွေဝေစွာ မေးလိုက်၏။
"ဟုတ်ပါတယ်..." ကျန်းနင်က ခေါင်းညိတ်ပြသည်။
လျူရှန်းရှန်းက...
"မင်း ငယ်ငယ်တုန်းက မင်းကို ငါချီဖူးတယ်"
ကျန်းနင်... "..."
အသက် သုံးဆယ်အရွယ်ခန့် ရှိပုံရသော လူလတ်ပိုင်း အမျိုးသား၏ စကားများကြောင့် ကျန်းနင်တစ်ယောက် အငိုက်မိသွားရသည်။
လျူရှန်းရှန်းက ကျန်းနင်အား နောက်တစ်ကြိမ် အကဲခတ်ကြည့်ပြီးနောက် မေးလာ၏။
"မင်း သိုင်းပညာ လေ့ကျင့်ထားတာလား"
"လေ့ကျင့်ထားတယ်..." ကျန်းနင်က ပြန်ဖြေလိုက်သည်။
လျူရှန်းရှန်းက ဆက်မေးလာပြန်သည်။
"မင်းရဲ့ ချီနဲ့ သွေးစွမ်းအင်တွေက ခြေလက်တွေအနှံ့ စီးဆင်းပြီး အပြည့်အဝ အောင်မြင်တဲ့ အဆင့်ကို ရောက်နေပြီလား"
ထို့နောက် သူက ခေါင်းညိတ်ပြ၏။
"မဆိုးဘူးပဲ..." လျူရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ကျန်းလီဘက်သို့ လှည့်ကြည့်၍...
"ယောက်ဖရဲ့ ညီက ဒီအရွယ်နဲ့တင် ချီနဲ့ သွေးစွမ်းအင် အပြည့်အဝ အောင်မြင်တဲ့ အဆင့်ကို ရောက်နေမှတော့ မနက်ဖြန် စစ်ဆေးရေးရုံးရဲ့ စာမေးပွဲကို အောင်မြင်ပြီး တပ်မှူးတစ်ယောက် ဖြစ်လာတာနဲ့ သူ့ကို စစ်ဆေးရေးရုံးထဲ ခေါ်သွင်းဖို့ ကျွန်တော့်ရဲ့ ခွဲတမ်းကို သုံးပေးပါ့မယ်"
End
***