“ကျေးဇူးပါပဲ” ကျန်းလီက ဆို၏။
လျူရှန်းရှန်းက ကျန်းနင်ဘက် လှည့်လာပြီး…
“ငါက မင်း မရီးရဲ့ အစ်ကိုဆိုပေမဲ့ မင်းထက်တော့ အသက် ပိုကြီးတယ်... တကယ်ဆိုရင် မင်း ငါ့ကို 'အစ်ကို' လို့ ခေါ်သင့်တယ်”
ကျန်းနင် - “…”
သူက ကျန်းလီနှင့် လျူဝမ်ဝမ်တို့ဘက် လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
ဒါက ဘာသဘောနည်း။
“အစ်ကို”
လျူရှန်းရှန်း ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ပေါက်စီလုံးလေးကို လက်ယပ်ခေါ်လိုက်ပြီး..
“လာပါဦး... ဦးလေးလို့ ခေါ်ကြည့်ပါဦး”
ပေါက်စီလုံးလေးက ကျန်းနင်ကို မော့ကြည့်လာသည်။
“ဦးဦး”
ကျန်းနင်က ပြုံး၍ သူမ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်၏။
“သွားလေ... ဦးလေးဆီ သွားလိုက်”
“ဦးလေး”
ထိုအခါမှသာ ပေါက်စီလုံးလေးမှာ ကျန်းနင်၏ အင်္ကျီစအား လွှတ်ပေးလိုက်ပြီး လျူရှန်းရှန်းဆီသို့ ရွှင်မြူးစွာ တယိမ်းတယိုင် လျှောက်သွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လျူရှန်းရှန်းက ချက်ချင်း ဆောင့်ကြောင့်ထိုင်ချကာ ပေါက်စီလုံးလေးအား ပွေ့ချီလိုက်ပြီး…
“ဦးလေးကို ပြောပါဦး... သမီးနာမည် ဘယ်လိုခေါ်လဲ”
“သမီးက ပေါက်စီလုံးလေးပါ”
လျူရှန်းရှန်း - “…”
သူက တူမဖြစ်သူအား မယုံနိုင်သည့် အကြည့်ဖြင့် ချက်ချင်း စိုက်ကြည့်နေမိသည်။
လျူဝမ်ဝမ်မှာလည်း မနေနိုင်ဘဲ ရယ်မောလိုက်ပြီး…
“အစ်ကို... သူ့နာမည်က ကျန်းယွမ်ယွမ်လေ”
“ကျန်းယွမ်ယွမ်...”
လျူရှန်းရှန်းက သူ့ဘာသာ တီးတိုး ရေရွတ်လိုက်ပြီး သဘောတကျ ခေါင်းညိတ်ကာ…
“နာမည်လှတာပဲ”
ထိုအချိန်တွင် ကျန်းနင် ထိုင်ရန် နေရာတစ်နေရာ ရှာလိုက်သည်။
ဤနေရာတွင် သူ့ကို မလိုအပ်ကြောင်း သူ သဘောပေါက်သွား၏။
မရီးဖြစ်သူ၏ အစ်ကိုမှာ သိသိသာသာပင် စေတနာကောင်း ရှိပုံရသည်။ အရင်က သူ ထင်မှတ်ထားခဲ့သည်နှင့် လုံးဝ တခြားစီပင်။
ယခုတော့ လျူရှန်းရှန်း အစောပိုင်းက ပြောခဲ့သော စကားများကိုလည်း သူ ပြန်သတိရသွားသည်။
အကယ်၍ မနက်ဖြန်တွင် တပ်ဖွဲ့ခေါင်းဆောင် နေရာကို အနိုင်ရရှိခဲ့ပါက သူ့ကို စစ်ဆေးရေးရုံးထဲ ဝင်ခွင့်ရရန် ဩဇာသုံးပြီး ကူညီပေးမည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။
“ဒါက တော်တော်လေး စေတနာကောင်းတဲ့ အပြုအမူပဲ” ကျန်းနင်က စိတ်ထဲမှ တွေးလိုက်မိ၏။
ထိုစကားများမှတစ်ဆင့် လျူရှန်းရှန်း၏ စွမ်းဆောင်ရည် အတိုင်းအတာကို သူ ခန့်မှန်းကြည့်လိုက်သည်။
ကြေးနီကဲ့သို့ မာကျောသော အရေပြား ပိုင်ဆိုင်သည့် အဆင့်ကိုး ပြီးပြည့်စုံခြင်းအဆင့်... သို့မဟုတ် အဆင့်ရှစ် နတ်ဘုရားစွမ်းအားနယ်ပယ်၏ အစောပိုင်း အဆင့်လောက်တော့ ရှိပေလိမ့်မည်။
ခဏအကြာတွင် ပေါက်စီလုံးလေးနှင့် ချစ်ခင်ကြည်နူးဖွယ် အချိန်လေးတစ်ခု ဖြတ်သန်းပြီးနောက် လျူရှန်းရှန်းက လျူဝမ်ဝမ်အား လှမ်းကြည့်လာသည်။
“ညီမလေး... ဒီနေ့ အစ်ကို လာတွေ့တာကို အဖေနဲ့ အမေကို အသိမပေးထားဘူး... ညီမလေးလည်း သူတို့ကို ပြန်တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ နားလည်ပါတယ်”
“ဒါပေမဲ့ အစ်ကို ပြောချင်တာက အဖေနဲ့ အမေလည်း အသက်အရွယ်ရလာဆိုတော့ စိတ်ထဲမှာလည်း ဒီအခြေအနေကို လက်ခံလာလောက်ပါပြီ... မိဘအဖြစ်ကနေ စွန့်လွှတ်တယ်ဆိုတဲ့ အဖေ့ရဲ့ ဒေါသတကြီး စကားတွေကလည်း အဲ့အချိန်က ဒေါသအလျောက် ပြောလိုက်မိတာတွေပါ”
“ပေါက်စီလုံးလေးနဲ့ ယီမင်ကိုသာ အိမ်ခေါ်လာခဲ့ပါ... သူတို့က ညီမလေးနဲ့ ယောက်ဖကို ခွင့်လွှတ်ပေးကြမှာပါ”
“ဟိုဦးလေးတွေရဲ့ သဘောထားကိုတော့ ညီမလေး အရမ်း အလေးအနက် ထားနေစရာ မလိုပါဘူး”
“လျူမိသားစုရဲ့ ခေါင်းဆောင်နေရာက နောက်ဆုံးကျရင် အစ်ကိုလက်ထဲ ရောက်လာမှာပဲလေ”
ထိုစကား ကြားလျှင် လျူဝမ်ဝမ်က…
“ညီမ စဉ်းစားကြည့်ပါဦးမယ်”
“သေချာတာပေါ့”
လျူရှန်းရှန်း ခေါင်းညိတ်လိုက်ပြီး…
“ညီမလေးနဲ့ ယောက်ဖ သေချာ စဉ်းစားသင့်တယ်... လျူမိသားစုဆီ ပြန်လာတာက ယီမင်နဲ့ ကျန်းယွမ်ယွမ် နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ ကိစ္စပဲလေ”
“လျူမိသားစုရဲ့ အရင်းအမြစ်တွေက ဒီနေရာထက် အများကြီး ပိုကောင်းတယ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မလိုဘူး... ယီမင်ရဲ့ အနာဂတ်က စာပေကို ရွေးချယ်သည်ဖြစ်စေ၊ သိုင်းပညာကို ရွေးချယ်သည်ဖြစ်စေ အများကြီး ပိုတောက်ပလာမှာ”
“ပြီးတော့ နောက်နှစ်အနည်းငယ်ကြာလို့ အစ်ကိုသာ လျူမိသားစုရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံပြီးသွားရင် ယီမင်ရော ယွမ်ယွမ်ပါ လျူမိသားစုမှာ ဘယ်သူ့ရဲ့ အနိုင်ကျင့်မှုကိုမှ ခံရမှာ မဟုတ်ဘူး”
ထို့နောက် လျူရှန်းရှန်းက ကျန်းလီဘက်သို့ အကြည့်ရွှေ့လိုက်သည်။
“ယောက်ဖရဲ့ လက်မောင်းဒဏ်ရာ ကိစ္စကလည်း မကုသနိုင်တာမျိုး မဟုတ်လောက်ဘူး”
“အစ်ကို လျူမိသားစု ခေါင်းဆောင် ဖြစ်လာတဲ့အခါ ဆေးဘုရင် တောင်ကြားကို ခရီးစဉ်တစ်ခု စီစဉ်လို့ ရတယ်... အဲဒီ တောင်ကြားသခင်ရဲ့ ဆေးပညာ စွမ်းရည်နဲ့ ဆေးဘုရင် တောင်ကြားက ထူးကဲတဲ့ ဆေးဝါးတွေ ပေါင်းစပ်လိုက်ရင် ယောက်ဖရဲ့ လက်မောင်းက အပြည့်အဝ ပြန်ကောင်းလာနိုင်တယ်”
လျူရှန်းရှန်းက သူတို့နှစ်ယောက်အား အပြောအဆို ကောင်းမွန်စွာဖြင့် စည်းရုံးနေပြီး သူ့စကားများထဲတွင် ကျန်းလီ၏ မိသားစုအတွက် အနာဂတ် အစီအစဉ်များ အပြည့်အဝ ပါဝင်နေပေသည်။
ဘေးတွင် ရှိနေသော ကျန်းနင်မှာ ထိုစကားများအားလုံးကို ကြားပြီးနောက် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
သူ လျူရှန်းရှန်းအား အထင်လွဲခဲ့မိပုံပင်။
လျူရှန်းရှန်း၏ စကားများအရ သူက ညီမဖြစ်သူ လျူဝမ်ဝမ်အပြင် ယီမင်နှင့် ယွမ်ယွမ်တို့ကိုပါ အလေးထားကြောင်း သိသာထင်ရှားနေသည်။
သူ့စကားများ အားလုံးမှာ လျူဝမ်ဝမ်အား အိမ်ပြန်လာရန် တိုက်တွန်း အားပေးနေခြင်းသာ။
ဤသည်က လျူရှန်းရှန်းမှာ မိသားစုနှင့် လျူဝမ်ဝမ်အပေါ် အမှန်တကယ် တန်ဖိုးထားကြောင်း ပြသနေခြင်းပင်။
သို့သော် ထိုမျှသာ။
အသိဉာဏ်ရှိသူ မည်သူမဆို ကျန်းလီ အနေဖြင့် လျူဝမ်ဝမ်နှင့်အတူ လျူမိသားစုသို့ လိုက်သွားပြီး သူများ မျက်နှာကြည့်ကာ အသက်ရှင်ရမည်ဆိုပါက မည်မျှပင် ကောင်းမွန်စွာ ဆက်ဆံခံရစေကာမူ ဘဝက သေချာပေါက် ခက်ခဲနေမည်ကို သိကြပေလိမ့်မည်။
လျူရှန်းရှန်း၏ စကားများမှတစ်ဆင့် လျူမိသားစုမှာ ဆွေမျိုးစုကြီး တစ်ခုဖြစ်ကြောင်း သိနိုင်၏။
ထိုမျှ ကြီးမားသော မိသားစုကြီး တစ်ခုအတွင်း မရေမတွက်နိုင်သော ကောက်ကျစ် ရှုပ်ထွေးသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။
ကျန်းလီအတွက် လျူမိသားစုနှင့်အတူ နေထိုင်ရခြင်းမှာ မိန်းမအိမ်သို့ လိုက်နေရသော အိမ်ပါ သမက်တစ်ယောက် ဖြစ်လာခြင်းနှင့် ဘာမှ ကွာခြားမည် မဟုတ်ချေ။
ထို့အပြင် ကျန်းလီနှင့် လျူဝမ်ဝမ်တို့ကြား ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ထည့်သွင်း စဉ်းစားကြည့်ပါက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံသော လျူမိသားစု ဘဝသို့ ပြန်လည် ဝင်ရောက်သွားချိန်တွင် ကြုံတွေ့လာရမည့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုများကို အလွယ်တကူ မှန်းဆနိုင်ပေသည်။
ပြီးတော့ လျူရှန်းရှန်း ပြောခဲ့သော စကားများမှာ သူတို့၏ အားနည်းချက်ကို တည့်တည့် ထိမှန်သွားခဲ့၏။
အသက်ပေး မွေးမြူခဲ့သော လျူဝမ်ဝမ် မိဘများ၏ ကျေးဇူးတရားပင်။
အတိတ်က ဘာတွေပဲ ဖြစ်ခဲ့ပါစေ... ဤသည်မှာ လျူဝမ်ဝမ်၏ အားနည်းချက် သာမက ကျန်းလီ၏ အားနည်းချက်လည်း ဖြစ်နေသည်။
ကျန်းလီက လျူဝမ်ဝမ်ကို အလွန်နက်ရှိုင်းစွာ ချစ်မြတ်နိုးသောကြောင့် လျူဝမ်ဝမ်ကို ဖခင်ဖြစ်သူနှင့် ပြန်လည် ပြေလည်သွားစေရန် မျှော်လင့်နေမည်မှာ မလွဲဧကန်ပင်။
ထို့နောက် ကျန်းလီ၏ ညာဘက် လက်မောင်း ပျောက်ကင်းနိုင်မည့် မျှော်လင့်ချက်... ထိုအရာက လျူဝမ်ဝမ်နှင့် ကျန်းလီ နှစ်ယောက်လုံးအတွက် နောက်ထပ် အားနည်းချက်တစ်ခု ဖြစ်နေပြန်သည်။
ထို့ပြင် ကျန်းယီမင်နှင့် ပေါက်စီလုံးလေးတို့၏ အနာဂတ်လည်း ရှိသေးသည်။
ကလေးများ၏ အနာဂတ်ဆိုသည်မှာ မိဘတိုင်း၏ အားနည်းချက် မဟုတ်ပါလား။
ကျန်းနင် အမြင်တွင်တော့ လျူရှန်းရှန်း၏ စကားလုံး တိုက်ခိုက်မှုများမှာ အလွန်တရာ လိမ္မာ ပါးနပ်လွန်းလှသည်။
စဉ်းစားနေစရာပင် မလိုဘဲ... သူ့အစ်ကိုအနေဖြင့် လျူဝမ်ဝမ်အား လျူမိသားစုသို့ ခေါ်သွားခြင်းကြောင့် မည်မျှပင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ ရောက်ရပါစေ... လျူဝမ်ဝမ်ကို ပြန်သွားရန်နှင့် ပြန်လည် ပြေလည်စေရန် အစွမ်းကုန် ကြိုးစား ဖျောင်းဖျမည်မှာ သေချာနေလေပြီ။
အဘယ်ကြောင့်ဆိုသော် လျူရှန်းရှန်း ပြောခဲ့သလိုပင်... လျူဝမ်ဝမ်အတွက် ဖြစ်စေ၊ ကျန်းယွမ်ယွမ်နှင့် ကျန်းယီမင်တို့အတွက် ဖြစ်စေ... ထိုကိစ္စမှာ အကျိုးရှိသော အရာတစ်ခု ဖြစ်နေသောကြောင့်ပင်။
ဤကိစ္စတစ်ခုလုံးတွင် တစ်ဦးတည်းသော နစ်နာရမည့်သူမှာ ကျန်းလီ ကိုယ်တိုင်သာ ဖြစ်ကောင်း ဖြစ်နိုင်၏။
ထိုအချိန်တွင် လျူရှန်းရှန်းမှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း ကျန်းနင် အမှန်တကယ် နားလည် သဘောပေါက်သွားတော့သည်။
ချက်ချင်းပင် စိတ်ထဲမှ ခပ်မှောင်မှောင် တွေးလိုက်မိ၏။
ဒါက ဘာကိစ္စလဲ။
ငါ့မိသားစုကို ငါကိုယ်တိုင် ကာကွယ်ရမှာပေါ့။
ငါ ဒီမှာ ရှိနေမှတော့ ယီမင်နဲ့ ပေါက်စီလုံးလေးတို့ရဲ့ အနာဂတ်က ဘယ်လိုလုပ် လျူမိသားစုအောက် နိမ့်ကျနေနိုင်မှာလဲ။
အစ်ကို့ရဲ့ ဒဏ်ရာ ကိစ္စကတော့... ဆေးဘုရင် တောင်ကြားက တောင်ကြားသခင်မှာ နည်းလမ်း ရှိနိုင်တယ်ဆိုတာ သိရမှတော့ ဖြေရှင်းဖို့ သိပ်မခက်ခဲတော့ပါဘူးလေ။
နောက်တစ်နှစ်ခွဲလောက်ကြာလို့ ငါ့စွမ်းအားတွေ လုံလောက်လာတဲ့အခါ ဆေးဘုရင် တောင်ကြားဆီ ကိုယ်တိုင် သွားရမယ်။
အဲဒီအချိန် ရောက်ရင် တောင်ကြားသခင် အနေနဲ့ အကောင်းဆုံး ကိုယ်တွယ် ဖြေရှင်းတတ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။
ကျန်းနင်က စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးနေပြီဖြစ်သည်။
သူက ယီမင်နှင့် ပေါက်စီလုံးလေးတို့ကို အလွန်ချစ်ခင်တွယ်တာသည်။
ထို့အပြင် သူတို့မှာ ကျန်းဟူသော မျိုးရိုးနာမည်ကို ခံယူထားပြီး ကျန်းမိသားစု၏ သွေးတစ်ဝက်က သူတို့ သွေးကြောများထဲ စီးဆင်းနေသည် မဟုတ်ပါလား။
စိတ်ခံစားချက်နှင့် အကြောင်းပြချက်အရကြည့်လျှင် သူနှင့် သူ့အစ်ကိုကသာ သူတို့ကို ပြုစုပျိုးထောင်ရန် တာဝန်ယူရပေလိမ့်မည်။
တစ်ချိန်က သူ့အစ်ကိုမှာ မိသားစု၏ ကျောထောက်နောက်ခံ တိုင်လုံးကြီး ဖြစ်ခဲ့၏။ ယခု သူ အရွယ်ရောက်လာပြီ ဖြစ်သဖြင့် အနာဂတ်ကို သူ့ထံ အပ်နှံထားသင့်ပြီ ဖြစ်သည်။
ဤအချက်နှင့် ပတ်သက်၍ ကျန်းနင် စိတ်ထဲ အလွန်အမင်း ယုံကြည်မှု ရှိနေသည်။
လအနည်းငယ်တိုအတွင်း ရရှိလာသော စွမ်းအား အပြောင်းအလဲများက သူ့အား လုံလောက်သော ယုံကြည်ချက်များ ပေးစွမ်းခဲ့လေပြီ။
…
ထိုအချိန်တွင် လျူရှန်းရှန်းက မတ်တတ် ထရပ်လိုက်သည်။
“ညီမလေးနဲ့ ယောက်ဖ... ငါတွေ့ချင်တဲ့သူတွေနဲ့ တွေ့ပြီးပြီဆိုတော့ မနက်ဖြန် စစ်ဆေးရေးရုံး အရည်အချင်းစစ်ပွဲအတွက် ပြင်ဆင်ဖို့ ပြန်သင့်ပြီ... သိုင်းဥယျာဉ် ကျောင်းသားတစ်ယောက် အနေနဲ့ မနက်ဖြန် စစ်ဆေးမှုမှာ ဘာအမှားမှ အဖြစ်ခံလို့ မရဘူးလေ”
“နောက်ပြီး ယောက်ဖရဲ့ ညီကို စစ်ဆေးရေးရုံးထဲ ခေါ်သွင်းနိုင်မယ့် အရည်အချင်းတွေရဖို့ မနက်ဖြန် တပ်ဖွဲ့ခေါင်းဆောင် နေရာကို မဖြစ်မနေ အရယူရဦးမယ်”
စကားဆုံးသည်နှင့် လျူရှန်းရှန်းက ထွက်ခွာရန် ပြင်လိုက်၏။
ထိုသည်ကို မြင်လျှင် ကျန်းလီလည်း ထရပ်ပြီး…
“အစ်ကိုရှန်း… အစ်ကိုက ကျွန်တော့်မိန်းမဆီ လာလည်ဖို့ဆိုတာ ရှားတယ်လေ... ထမင်းတစ်နပ်လောက် စားသွားပါလား” ကျန်းလီက ဖိတ်ခေါ်လိုက်သည်။
လျူဝမ်ဝမ်ကပါ ဝင်၍…
“ဟုတ်တယ်အစ်ကို... စားသောက်ပြီးမှ ပြန်လေ... အခုက ညစာစားချိန် ရောက်နေပြီကို”
“ကောင်းပြီလေ”
လျူရှန်းရှန်းက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး…
“ငါလည်း ငါ့ညီမကို မတွေ့ရတာ နှစ်တွေ အတော်ကြာနေပြီပဲ”
နှစ်နာရီ အကြာတွင်…
အရှေ့ခန်းမဆောင်ရှိ ထမင်းစားပွဲ၌…
“ယောက်ဖအိမ်က အစားအသောက်တွေ တော်တော် ကောင်းတာပဲ” လျူရှန်းရှန်းက အသားငါးများ ပါဝင်သော စားပွဲပေါ်ရှိ ဟင်းပွဲရှစ်ပွဲအား ကြည့်ရင်း မှတ်ချက်ချလိုက်သည်။
“မြည်းကြည့်ပါဦး”
စားပွဲဝိုင်းတွင် လူအနည်းငယ် နေရာယူပြီးနောက် လျူဝမ်ဝမ်က ပြောလေသည်။
ထိုစကားကြားသည်နှင့် လျူရှန်းရှန်းက ကြက်သားတစ်တုံးကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။
နှစ်ချက်သုံးချက် ဝါးပြီးနောက် သူ့မျက်လုံးများ ရုတ်တရက် တောက်ပသွားတော့သည်။
“ဆယ်နှစ်ကျော်ကြာပြီး ငါ့ညီမရဲ့ ဟင်းချက်စွမ်းရည်က ဒီလောက်တောင် တိုးတက်လာတာလား”
ထို့နောက် သူက တိုးညှင်းစွာ သက်ပြင်းချလိုက်၏။
“ညီမလေး အိမ်မှာ ရှိနေတုန်းက လက်ဆယ်ချောင်းလုံး ရေမထိခဲ့ရတဲ့ ဘဝကို အစ်ကို မှတ်မိနေသေးတယ်... ဒါပေမဲ့ အခုတော့ ညီမလေးရဲ့ ဟင်းချက်စွမ်းရည်က စားဖိုမှူးတွေထက်တောင် မလျော့တော့ဘူးပဲ”
ထိုစကားဆုံးသည်နှင့် ကျန်းလီ၏ မျက်လုံးများထဲတွင် မှိုင်းညို့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ့အမူအရာမှာ အနည်းငယ် စိတ်ဓာတ်ကျသွားပုံ ပေါ်လာသည်။
“အစ်ကို… စားစရာရှိနေတာတောင် ပါးစပ်မပိတ်နိုင်သေးဘူးလား” လျူဝမ်ဝမ်က လျူရှန်းရှန်းအား ချက်ချင်း စူးရဲစွာ ကြည့်လိုက်သည်။
ထိုသည်ကို မြင်လျှင် လျူရှန်းရှန်းမှာ အသက်သုံးဆယ် ရှိနေပြီ ဖြစ်သော်ငြား မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိ၏။
သွေးရင်း မောင်နှမများ ဖြစ်သည့်အလျောက် သူနှင့် လျူဝမ်ဝမ်တို့မှာ အလွန် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိခဲ့ဖူးလေသည်။
ထိုအချိန်တွင် ကျန်းနင်လည်း မတ်တတ်ထရပ်လိုက်သည်။
“အစ်ကို၊ မရီး... အစ်ကိုတို့ ဆက်စားနှင့်ကြ... ကျွန်တော် နဂါးငါးဖြူ အသားလွှာ တစ်ပွဲလောက် သွားယူလိုက်ဦးမယ်”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းနင် ခန်းမဆောင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
နှစ်ရက်ကြာ စားသောက်ပြီးနောက် နဂါးငါးဖြူ ပေါင်နှစ်ဆယ်ခန့် ကျန်ရှိနေသေး၏။
သူက အများကြီး ထုတ်ယူရန် မရည်ရွယ်ထားပေ... သူ့အစ်ကို မျက်နှာမငယ်စေရန် တစ်ပေါင်ခန့် ထုတ်ယူလိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။
လျူရှန်းရှန်း၏ စကားများကို ကြားရသည်က ကျန်းနင်အား အနည်းငယ် ဒေါသထွက်စေခဲ့သည်။
သူ့စကားများ၏ သွယ်ဝိုက်သော ဆိုလိုရင်းမှာ လျူဝမ်ဝမ် အနေဖြင့် သူတို့ မိသားစုထဲ ဝင်လာခြင်းက လူမှား ရွေးချယ်ခဲ့သည်ဟု လျူရှန်းရှန်း တွေးထင်နေကြောင်း ညွှန်ပြနေသည် မဟုတ်ပါလား။
End
***