ခဏအကြာတွင် ကျန်းနင်က နဂါးငါးဖြူအသားလွှာ တစ်ပေါင်ခန့်အပြည့် ပါဝင်သော ပန်းကန်ပြား တစ်ချပ်ကို ကိုင်ဆောင်လျက် ခန်းမဆောင်ထဲ ပြန်လည် ဝင်ရောက်လာခဲ့၏။
ကျန်းနင် လက်ထဲရှိ နဂါးငါးဖြူ အလွှာများကို မြင်လျှင် လျူဝမ်ဝမ် အံ့အားသင့်စွာ...
“အာနင်... နင် ဘာလုပ်မလို့လဲ”
ကျန်းနင်က ပြုံး၍…
“မရီးရဲ့ အစ်ကိုက အဝေးကြီးကနေ လာတာလေ... ကျွန်တော်က ဘယ်လိုလုပ် သေချာ ဧည့်မခံဘဲ နေနိုင်မှာလဲ”
စကားဆုံးသည်နှင့် ကျန်းနင်က နဂါးငါးဖြူ အသားလွှာများပါသော ပန်းကန်ပြားကို ထမင်းစားပွဲ အလယ်တည့်တည့်၌ ချထားလိုက်သည်။
“ပေါက်စီလုံးလေး ငါးစားချင်တယ်” နှင်းကဲ့သို့ ဖြူဖွေးနေသော ငါးအသားများကို မြင်သည်နှင့် ပေါက်စီလုံးလေးမှာ သွားရည်ကျလာပြီး ကျန်းနင်၏ အင်္ကျီလက်ကို အားပါးတရ လှုပ်ရမ်းတော့၏။
ထိုသည်ကိုမြင်လျှင် ကျန်းနင်က ပြုံးလိုက်သည်။ ထို့နောက် ပန်းကန်ထဲမှ ငါးတစ်လွှာကို ညှပ်ယူ၍ ပေါက်စီလုံးလေး၏ ပန်းကန်လုံးထဲ ထည့်ပေးလိုက်ပြီး...
“ဖြည်းဖြည်းစားနော်”
“ဟုတ်” ပေါက်စီလုံးလေးက ဆန်စေ့များကို ကောက်စားနေသော ကြက်ပေါက်လေး တစ်ကောင်အလား ခေါင်းကို တဆတ်ဆတ် ညိတ်ပြလေသည်။
လျူရှန်းရှန်းမှာ ပန်းကန်ထဲရှိ ငါးအသားများကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွား၏။
နဂါးငါးဖြူမှာ တစ်ပေါင်လျှင် ငွေတစ်ရာ တန်ကြေးရှိပြီး အလွန်တရာ အဖိုးတန်လှသော်လည်း လျူမိသားစု၏ သားအကြီးဆုံး ဖြစ်သည့်အလျောက် သူကတော့ သဘာဝကျစွာပင် စားဖူးပြီး ဖြစ်သည်။ ထို့အပြင် အတော်လေး များများပင် စားခဲ့ဖူး၏။
ဤကဲ့သို့သော ဝိညာဉ်ငါးမျိုးမှာ သိုင်းပညာ လေ့ကျင့်သူများ အတွက်သာမက ကြွက်သားနှင့် အရိုးများ မသန့်စင်ရသေးသော သာမန်လူများအတွက်ပါ အလွန် အကျိုးရှိလှသည်။ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တိုးတက်စေနိုင်ပြီး သိုင်းပညာ ပါရမီကိုပါ မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။
ကောင်းမွန်သော ကြံ့ခိုင်မှုနှင့် မြင့်မားသော ပါရမီရှိခြင်းက သွေးချီ စွမ်းအင် သန်စွမ်းစေရာတွင် ဖြစ်စေ၊ အရေပြား၊ အသားနှင့် အရိုးများ သန့်စင်ရာတွင်ဖြစ်စေ မြင့်မားသော ထိရောက်မှု ရလဒ်ကို ဖြစ်ပေါ်စေသည်။ ထို့အပြင် တူညီသော အဆင့်တစ်ခုတွင်ပင် ထိုသူ၏ အလားအလာမှာ သာမန်လူများထက် အများကြီး ပိုမို မြင့်မားနေတတ်သည်။
နတ်ဘုရားစွမ်းအားနယ်ပယ်မှာ အထင်ရှားဆုံး ဥပမာတစ်ခုပင်။
အချိုလူများမှာ သူတို့၏ ကြွက်သားများကို ကန့်သတ်ချက်အထိ သန့်စင်ပြီးနောက် ခွန်အား ပေါင်နှစ်ထောင်ခန့်သာ ပိုင်ဆိုင်ကြ၏။ အခြားသူများမှာမူ ပုံမှန် သန့်စင်ရုံမျှဖြင့် ပေါင်နှစ်ထောင် ခွန်အားကို အလွယ်တကူ ကျော်လွန်နိုင်ပြီး ကန့်သတ်ချက်မှာ ပေါင်သုံးထောင်မှ လေးထောင်အထိပင် ရောက်ရှိနိုင်သည်။
ဤကွာခြားချက်မှာ မွေးရာပါ အကြောင်းအရင်းများအပြင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ပါရမီ ကွာခြားချက်များကြောင့် ဖြစ်ပေသည်။
နဂါးငါးဖြူကဲ့သို့ ဝိညာဉ်ငါးများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် သိုင်းပညာ ပါရမီကို မြှင့်တင်ပေးနိုင်သော အကျိုးသက်ရောက်မှုများကြောင့်သာ တစ်ပေါင်လျှင် ငွေတစ်ရာ တန်ကြေး ရှိနေခြင်း ဖြစ်သည်။
ထို့နောက် လျူရှန်းရှန်းက မေးလေသည်။
“ဒါက... နဂါးငါးဖြူရဲ့ အသားလား”
“ဟုတ်ပါတယ်” ကျန်းနင်က ခေါင်းညိတ်ပြ၏။
“မင်းက နဂါးငါးဖြူလို ဝိညာဉ်ငါးရဲ့ အသားကိုတောင် ရအောင် ယူနိုင်တယ်ဆိုတော့... တော်တော်လေး အထင်ကြီးစရာပဲ” လျူရှန်းရှန်း၏ မျက်နှာပေါ်တွင် အသိအမှတ်ပြုသော အမူအရာ ပေါ်လွင်နေသည်။
ကျန်းနင်က ပြုံးကာ…
“ယီမင်က သိုင်းပညာ စတင် လေ့ကျင့်ဖို့ အသက်အရွယ် ရောက်နေပြီဆိုတော့... သူ့အတွက် တစ်ခုခု ပြင်ဆင်ပေးဖို့ လိုတယ်လေ... နဂါးငါးဖြူရဲ့ အသားက နောင်တစ်ချိန် သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ”
“တကယ်ပါပဲ” လျူရှန်းရှန်းက ခေါင်းညိတ်လိုက်ပြီးနောက် နဂါးငါးဖြူ တစ်လွှာကို ညှပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ အနည်းငယ် မြည်းစမ်းကြည့်ပြီးနောက် မျိုချလိုက်၏။
နောက်တစ်ခဏတွင်...
“ဒီ... ဒီငါးအသားက နည်းနည်း ထူးခြားနေသလားလို့” လျူရှန်းရှန်းက သူ့ရှေ့ရှိ ထမင်းစားပွဲပေါ်မှ နဂါးငါးဖြူ ဟင်းပွဲကို ကြည့်လိုက်သည်။
“ဒီငါးက တော်တော်လေး ကြီးတာကိုး” ကျန်းနင်က ပြန်ဖြေသည်။
“တော်တော်ကြီးတယ် ဟုတ်လား” လျူရှန်းရှန်းမှာ နားမလည်နိုင်သလိုဖြင့် ကျန်းနင်အား လှမ်းကြည့်လာ၏။
ကျန်းနင်က…
“ဟုတ်တယ်... အလေးချိန် ပေါင်တစ်ရာလောက် ရှိတယ်”
“ပေါင်တစ်ရာ”
လျူရှန်းရှန်း၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး…
“ဒါ ဝိညာဉ်သားရဲလား”
“ဝိညာဉ်သားရဲ ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ ဒီဝိညာဉ်ငါးအသားက ယီမင်ရဲ့ သိုင်းပညာ ခရီးလမ်းမှာ အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်... ခင်ဗျားကော မထင်ဘူးလား”
လျူရှန်းရှန်းက ချက်ချင်း ပြုံးလိုက်ပြီး…
“မင်းပြောတာ မှန်တယ်... ဒီငါးအသားထဲမှာ ပါဝင်တဲ့ စွမ်းအင်က ငါ အရင်က စားဖူးတဲ့ နဂါးငါးဖြူတွေထက် အများကြီး သာလွန်တယ်... ပြီးတော့ ယီမင်အတွက် တကယ်ကို အကူအညီ ကြီးကြီးမားမား ဖြစ်လာမှာ အသေအချာပဲ”
“ဒါပေမဲ့ တကယ်လို့ ယီမင်သာ လျူမိသားစုကို ပြန်လာခဲ့မယ်ဆိုရင်... ငါ ရှိနေတဲ့အတွက် ပိုက်ဆံက ပြဿနာ မဟုတ်တော့ဘူး... ပြီးတော့ သူ လိုအပ်သမျှ သိုင်းပညာ အရင်းအမြစ် မှန်သမျှကို လွတ်လွတ်လပ်လပ် ဝယ်ယူလို့ ရသွားပြီ... အဲဒါက သာမန် မိသားစုတွေ မတတ်နိုင်တဲ့ အရာမျိုးလေ”
စကားပြောနေရင်း လျူရှန်းရှန်းက ခန်းမဆောင် တစ်ဝိုက်ကိုလည်း မျက်လုံးဝေ့ ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် ခေါင်းညိတ်၍...
“ဒီအိမ်က တကယ်ကို တော်တော် ကျယ်တာပဲ... ဒါပေမဲ့ ငါ သိုင်းပညာ အဆင့်ကိုးကို ထိုးဖောက် ဝင်ရောက်တုန်းက ငွေသား တစ်သောင်းတိတိ ကုန်ကျခဲ့တယ်... အဲ့ပိုက်ဆံဆို ဒီလိုအိမ်မျိုး အလုံးပေါင်းများစွာ ဝယ်လို့ ရနေပြီ”
ထိုအချိန်တွင် ကျန်းလီက…
“ညီလေး... ထပ်ပြောနေစရာ မလိုတော့ပါဘူး... အစ်ကိုရှန်း ပြောတာ မှန်ပါတယ်... လျူမိသားစုဆီ ပြန်သွားတာက ယီမင်အတွက် တောက်ပတဲ့ အနာဂတ်တစ်ခု သေချာစေမှာပါ... အစ်ကို သူ့ကို ပေးနိုင်တာက အကန့်အသတ် ရှိတယ်လေ”
“အိမ်ပြန်ဖို့ ဟုတ်မဟုတ် ဆိုတာ ရှင် ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး... ကျွန်မသာ ဆုံးဖြတ်ရမှာ” လျူဝမ်ဝမ်က သူမ၏ တူများကို ပြတ်သားစွာ ချထားလိုက်၏။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ထမင်းစားပွဲပေါ်ရှိ လေထုမှာ ရုတ်တရက် အနည်းငယ် တင်းမာသွားတော့သည်။ ခဏတာမျှ တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။
ထိုစဉ်...
ဒေါက် ဒေါက် ဒေါက်…
“ညီလေးကျန်း”
အိမ်ရှေ့တံခါးမှ တံခါးခေါက်သံနှင့်အတူ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ခန်းမဆောင်အတွင်းရှိ တိတ်ဆိတ်မှုကို ချက်ချင်း ဖြိုခွင်းလိုက်သည်။
ထိုသူမှာ... ယန်ခိုင်ပင်။
ကျန်းနင်၏ မျက်လုံးများ ခက်ထန်သွားပြီး သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။
“အဖေ၊ ဦးလေး၊ ဦးလေးရှန်း... သား တံခါး သွားဖွင့်လိုက်ဦးမယ်” ထိုအချိန်တွင် ကျန်းယီမင်လည်း မတ်တတ်ထရပ်လိုက်၏။
သူက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြတ်သားစွာ ဆက်ပြောလာသည်။
“အဖေ၊ အမေ... သား လျူမိသားစုဆီ မသွားချင်ဘူး... လော့ရွှေခရိုင်က အရာအားလုံးနဲ့ သား ယဉ်ပါးနေပါပြီ”
ကျန်းယီမင်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုပြီးနောက် အိမ်ရှေ့ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် ထွက်သွားတော့သည်။
“ဒီကလေးတော့...” လျူဝမ်ဝမ်က သားအကြီးဆုံးကို ကြည့်ရင်း နားလည်သဘောပေါက်စွာဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
လျူမိသားစုဆီ ပြန်သွားရမယ် ဟုတ်လား။
အကယ်၍ သူမအနေဖြင့် ယခုချိန်တွင် ထိုရွေးချယ်မှုကို ပြုလုပ်မည်ဆိုလျှင် လွန်ခဲ့သော ဆယ်နှစ်ကလည်း ကျန်းလီနှင့်အတူ ခိုးရာလိုက်သွားဖို့ ဆုံးဖြတ်ခဲ့မည် မဟုတ်ချေ။
ထိုစဉ်က အခြေအနေမျိုးတွင်ပင် သူမ အနေဖြင့် ကျန်းလီနောက် လိုက်ပါရန် ဆန္ဒရှိခဲ့သည် မဟုတ်ပါလား။
ယနေ့ခေတ်ကာလတွင် သူတို့၌ စားစရာ သောက်စရာ အလုံအလောက် ရှိနေပြီး ကလေးများမှာလည်း ကြီးပြင်းလာနေပြီ ဖြစ်သဖြင့် တကယ်ကို ပြီးပြည့်စုံနေပြီ ဖြစ်သည်။
ထို့အပြင် သူမ၏ အစ်ကိုဖြစ်သူမှာလည်း အရည်အချင်းရှိသူတစ်ယောက် ဖြစ်လာပြီး ကူညီ ဖေးမပေးနေလောက်ပြီဖြစ်သည်။
သူမ မိဘများနှင့် ပတ်သက်၍မူ သူမက ကျေးဇူးကန်းသူတစ်ယောက် မဟုတ်ပေ။
နှစ်များစွာ ကြာလာသည်နှင့်အမျှ သူမ အမှန်တကယ်ပင် မပြန်နိုင်ခဲ့သလို မပြန်ရဲခဲ့ခြင်းသာ ဖြစ်သည်။ အတိတ်က သူမ၏ ဦးလေးများနှင့် ဖခင်ဖြစ်သူ၏ စကားများအရ သူမ အနေဖြင့် ပြန်လာပိုင်ခွင့် မရှိတော့ကြောင်း ရှင်းလင်းနေသည် မဟုတ်ပါလား။
ထိုအချိန်တွင် လျူရှန်းရှန်းက ညီမဖြစ်သူအား ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားသော ကျန်းယီမင်၏ ကျောပြင်ကို လှမ်းကြည့်ကာ ခေါင်းခါယမ်းလိုက်၏။
သို့သော် သူက လုံးဝ လက်လျှော့လိုက်ခြင်းတော့ မဟုတ်ပေ။
ညီမဖြစ်သူ၏ စရိုက်ကို သူ ကောင်းကောင်း သိထားသည်။ အိမ်ပြန်လာရန် ဖျောင်းဖျဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ယနေ့က သာမန် စမ်းသပ်ကြည့်ရုံသာ။
အစစ်အမှန် အခွင့်အရေး ဆိုသည်မှာ သူ လျူမိသားစု၏ ခေါင်းဆောင် ဖြစ်လာမည့်နေ့တွင် ကျရောက်လာပေလိမ့်မည်။
End
***