ဤအချိန်မှာ သိပ်တော့ ကြာရှည်မည် မဟုတ်ချေ။ သူ စောင့်ဆိုင်းနိုင်သလို သူ့မိခင်မှာလည်း စောင့်ဆိုင်းနိုင်ပေသည်။
ခဏအကြာတွင်...
“ညီလေးကျန်း... ကျုပ် ငွေတွေ ယူလာခဲ့ပြီ”
လူမရောက်သေးခင် အသံက အရင်ရောက်နှင့်နေပြီ ဖြစ်၏။
ထိုစကားကြားလျှင် ကျန်းနင်က ဧည့်သည်အား ဆီးကြိုရန် မတ်တတ် ထရပ်လိုက်ပြီး ပင်မခန်းမဆောင် အပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
ငွေလာပို့သူမှာ ယန်ခိုင်ပင်။
နောက်တစ်ခဏတွင်...
အသားမည်းမည်း၊ အရပ်ရှည်ရှည်နှင့် တောင့်တင်း ခိုင်မာသော ယန်ခိုင်မှာ ကျန်းနင်ရှေ့သာမက လျူရှန်းရှန်းနှင့် အခြားသူများ ရှေ့တွင်ပါ ထွက်ပေါ်လာတော့သည်။
သူ့နောက်တွင်တော့ အသားဖြူဖြူနှင့် ပိန်သွယ်သွယ် အစေခံတစ်ယောက် လိုက်ပါလာ၏။
“ဆိုင်ရှင်ယန်” ကျန်းနင်က နှုတ်ခွန်းဆက်လိုက်သည်။
“ကျုပ်ရောက်လာတဲ့ အချိန်က သိပ်မဟန်ဘူး ထင်တယ်” ယန်ခိုင်၏ အကြည့်က ခန်းမဆောင် အတွင်းရှိ မြင်ကွင်းကို လျင်မြန်စွာ ဝေ့ဝဲ ကြည့်လိုက်၏။
“မဟန်စရာ အကြောင်း မရှိပါဘူး... ဆိုင်ရှင်ယန် ရောက်လာတာ အချိန်ကိုက်ပါပဲ... လာပါ ထိုင်ပြီး အရက်လေး ဘာလေး သောက်ပါဦး”
ထိုစကားကြားလျှင် ယန်ခိုင်က အားပါးတရ ရယ်မောလိုက်ပြီး…
“ညီလေးကျန်းက ဖိတ်ခေါ်မှတော့ ကျုပ်ကလည်း ဝမ်းသာအားရ ပါဝင်ရမှာပေါ့”
ထိုသို့ ပြောရင်း သူက ထမင်းစားပွဲဆီသို့ လျှောက်လှမ်းလာခဲ့၏။
ဤအချိန်တွင် လျူရှန်းရှန်းမှာ ယန်ခိုင်အား အနည်းငယ် အံ့အားသင့်စွာ လှမ်းကြည့်မိတော့သည်။
ယန်ခိုင်၏ အရပ်မှာ မြင့်မားပြီး စည်ပိုင်းကြီး တစ်ခုလို တောင့်တင်း ခိုင်မာနေ၏။ ထို့အပြင် သူ့ကြွက်သားများမှာ ခန္ဓာကိုယ်ပေါ်တွင် တင်းကျပ်စွာ တွယ်ကပ်နေသော သံတုံးကြီးများ အလားပင်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရှေ့ရှိ အသားမည်းမည်းနှင့် လူမှာ သာမန်ထက် ထူးကဲစွာ သန်မာနေကြောင်း သူ သိလိုက်ရသည်။
ကြည့်ရသလောက် ထိုသူမှာ သူကိုယ်တိုင် ကဲ့သို့ပင် အဆင့်ရှစ် နတ်ဘုရားစွမ်းအား နယ်ပယ်ရှိ သိုင်းပညာရှင်တစ်ယောက် ဖြစ်ဖို့ များလေသည်။
ဤနေရာတွင် လျူရှန်းရှန်း အံ့အားသင့်ရခြင်းမှာ ယန်ခိုင်၏ စွမ်းအားကြောင့် မဟုတ်ဘဲ ဆိုင်ရှင်ယန်၏ သဘောထားကြောင့်သာ ဖြစ်၏။
ဆိုင်ရှင်ယန် ရောက်လာသည်ကို ကျန်းနင်က တံခါးပေါက်ဝ အထိပင် သွားရောက် ဆီးကြိုခဲ့ခြင်း မရှိချေ။
သူ့အမြင်တွင် ထိုသည်မှာ ရိုင်းစိုင်းလွန်းလှသည်။ သိုင်းပညာရှင် တစ်ယောက်ကို ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့တန်တန် ဆက်ဆံလို့ ရမည်နည်း။
သို့တိုင် ဆိုင်ရှင်ယန်မှာ ဒေါသမထွက်သည့်အပြင် ကျန်းနင်ကို မျက်နှာသာ ပေးလွန်းနေသည် မဟုတ်ပါလား။ စကားပြောဆိုမှုများထဲတွင်လည်း သိမ်မွေ့စွာ မျက်နှာချိုသွေးနေသော လေသံများ ပါဝင်နေလေသည်။
ဤအချက်က လျူရှန်းရှန်းအား လုံးဝ ခေါင်းရှုပ်သွားစေ၏။
အဆင့်ရှစ် နတ်ဘုရားစွမ်းအား နယ်ပယ်မှ သိုင်းပညာရှင် တစ်ယောက်ဆိုသည်မှာ တုန်းလင်မြို့ရှိ လျူမိသားစုတွင်ပင် လေးစားသမှုပြုရသော ဧည့်သည်တော် တစ်ယောက် ဖြစ်ပေလိမ့်မည်။ လော့ရွှေခရိုင် ကဲ့သို့သော နေရာငယ်လေး တစ်ခုတွင်တော့ ဆိုဖွယ်ရာ မရှိတော့ပေ။ ရာထူး အဆင့်အတန်းကို ဘေးဖယ်ထားလျှင်ပင် ဤကဲ့သို့သော သိုင်းပညာ စွမ်းအားမျိုးနှင့်တင် အခြားသူများထက် သာလွန်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။
သို့သော် ယခုအချိန်တွင် ထိုကဲ့သို့သော လူစားမျိုးက ကျန်းနင်အပေါ် ဖားယားပြီး မျက်နှာလို မျက်နှာရ လုပ်နေသည်ကို တွေ့ရလေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူ အရင်က အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပေသည်။ သို့သော် အမြဲတမ်းလိုလို လက်အောက်ငယ်သားများကသာ သူတို့၏ အထက်လူကြီးများ အပေါ် ဤကဲ့သို့သော သဘောထားမျိုး ပြသလေ့ ရှိကြခြင်းပင်။
“ညီလေးကျန်း... ဒါက” နေရာယူပြီးနောက် ယန်ခိုင်က လျူရှန်းရှန်းကို ကြည့်ကာ တွေဝေစွာ မေးလိုက်၏။
“ဪ”
ကျန်းနင်က သတိဝင်သွားပြီးနောက်…
“ဒါက လျူရှန်းရှန်းတဲ့... ကျုပ်အစ်ကို ကျန်းလီရဲ့ ယောက်ဖလေ” ကျန်းနင်က မိတ်ဆက်ပေးလိုက်သည်။
“ဒါကြောင့်ကိုး”
ထို့နောက် ယန်ခိုင်က လျူရှန်းရှန်းဘက် လှည့်၍…
“ညီအစ်ကိုလျူ... ခင်ဗျားရဲ့ နာမည်ကြီးမှုကို ကျုပ် ကြားနေရတာ ကြာပါပြီ... ကျုပ်ကတော့ လက်နက်သွန်းလုပ်ရေး ဆိုင်ရဲ့ ဆိုင်ရှင် ယန်ခိုင်ပါ” ယန်ခိုင်က ပြောလိုက်၏။
လျူရှန်းရှန်း - “…”
သူက ခဏတာ စကားစမဲ့သွားပြီးနောက် သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်ကာ လက်သီးဆုပ်၍ အရိုအသေ ပေးရင်း…
“ဆိုင်ရှင်ယန်... ကျုပ်လည်း ခင်ဗျားရဲ့ နာမည်ကို ကြားဖူးပါတယ်” လျူရှန်းရှန်းက ပြန်လည် နှုတ်ဆက်လေသည်။
ကျန်းနင် - “…”
သူတို့နှစ်ယောက်ကို ကြည့်ရင်း သူ ကိုယ်တိုင် ဆွံ့အသွားမိတော့သည်။
လျူဝမ်ဝမ်က ထိုမြင်ကွင်းကို ကြည့်ပြီး ခပ်ဟဟ ရယ်မောလိုက်၏။ ကျန်းလီကလည်း အလားတူပင် ပြုံးရွှင်နေလေသည်။
ထို့နောက် ယန်ခိုင်က သူ့ဘေးတွင် ထိုင်နေသော ကျန်းနင်ဘက်သို့ လှည့်၍ လေးနက်သော လေသံဖြင့်…
“ညီလေးကျန်း... ကျုပ် ဒီနေ့ လာခဲ့တာက မင်းဆီ ငွေလာပို့တာပါ”
“ဆိုင်ရှင်ယန်... ခင်ဗျား ဖြေရှင်းတာ ဒီလောက်တောင် မြန်တာလား” ကျန်းနင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ အနည်းငယ် ထင်ဟပ်သွား၏။
“သေချာတာပေါ့”
ယန်ခိုင်က ခေါင်းညိတ်လိုက်ပြီး…
“သံမိုင်းတွင်းတွေက ငွေသား တစ်သောင်း တစ်ထောင့် ခုနစ်ရာ တန်ကြေးရှိတယ်... ညီလေးကျန်း နောက်မှ ကျုပ်တို့နဲ့အတူ လာစစ်ဆေးချင်သေးလား” ယန်ခိုင်က မေးလိုက်သည်။
“မလိုပါဘူး”
ကျန်းနင်က ခေါင်းခါယမ်းလိုက်ပြီး…
“ဆိုင်ရှင်ယန်ကို ယုံကြည်ဖို့ ရွေးချယ်ပြီးမှတော့ စစ်ဆေးနေစရာ မလိုတော့ပါဘူး”
“ညီလေးကျန်းက တကယ့် လူကြီးလူကောင်းပဲ” ယန်ခိုင်က ချီးကျူးလိုက်၏။
ထို့နောက် သူက အနောက်ရှိ အစေခံအား လက်ဟန်ပြလိုက်ရာ ထိုလူက အနီရောင် အဝတ်စ ဖုံးအုပ်ထားသော ဗန်းတစ်ခုကို ချက်ချင်း လှမ်းပေးလာတော့၏။
ယန်ခိုင်က ဗန်းကို လှမ်းယူ၍ စားပွဲပေါ်တွင် ချထားလိုက်သည်။
နောက်တစ်ခဏတွင်... သူက လက်တစ်ဖက်ဖြင့် ဆွဲဖယ်လိုက်ရာ အနီရောင် အဝတ်စမှာ ချက်ချင်း ဖယ်ရှားခံလိုက်ရပြီး ၎င်းအောက်တွင် ဖိထားသော ရွှေသစ်ရွက် တစ်ဆယ့်တစ်ရွက်နှင့် ငွေစက္ကူ ခုနစ်ရွက်တို့ ထွက်ပေါ်လာတော့သည်။
ထိုသည်ကို မြင်လျှင် အခြားသူများ အားလုံးမှာ မနေနိုင်ဘဲ အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားကြ၏။ လျူရှန်းရှန်း ကိုယ်တိုင်ပင် ဗန်းပေါ်ရှိ ရွှေသစ်ရွက်များကို မြင်လိုက်ရချိန်တွင် မနေနိုင်ဘဲ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့လေသည်။
ရွှေသစ်ရွက် တစ်ဆယ့်တစ်ရွက် ဆိုသည်မှာ ရွှေတစ်ဆယ့်တစ်ကျပ်သားဟု အဓိပ္ပာယ် ရပေသည်။ သူတို့ရှေ့တွင် ချထားသော စုစုပေါင်း တန်ကြေး ငွေတစ်သောင်း တစ်ထောင့် ခုနစ်ရာမှာ သူ့ကိုပင် အလွန်အမင်း တုန်လှုပ်သွားစေ၏။
လျူမိသားစုမှာ အမှန်တကယ် ချမ်းသာကြွယ်ဝသည် ဆိုသော်ငြား လုပ်ငန်းကြီးများ ရှိသလို သွေးရင်းများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများလည်း အများအပြား ရှိနေလေသည်။ လစဉ်လတိုင်း ကုန်ကျစရိတ်များမှာ များပြားလှသော ပမာဏဖြစ်၏။
ထို့ကြောင့် လျူမိသားစု အနေဖြင့် လစဉ်လတိုင်း အမှန်တကယ် လည်ပတ်နိုင်သော ရန်ပုံငွေမှာ သိပ်များများစားစား မရှိလှပေ။ အကြမ်းဖျင်းအားဖြင့် ငွေသား နှစ်သောင်း၊ သုံးသောင်းခန့်သာ လည်ပတ်ရန် ရှိပေလိမ့်မည်။ ထို ငွေသား နှစ်သောင်း၊ သုံးသောင်းမှာလည်း လူတစ်ယောက်တည်း အတွက် မဟုတ်ဘဲ လျူမိသားစု တစ်ခုလုံးအတွက် ဖြစ်နေပြန်သည်။
“ကျန်းလီရဲ့ ညီကို ငါ အထင်သေးမိသွားတာပဲ... ဒီကောင်လေးက ဒီလောက်များတဲ့ ပိုက်ဆံတွေကို ရအောင် ယူနိုင်တယ် ဆိုတော့ သူ့မှာ စွမ်းရည်တချို့ ရှိနေတာ သေချာတယ်”
လျူရှန်းရှန်းက သူ့အကြည့်များ ထမင်းစားပွဲပေါ်သို့ ပြန်မရောက်ခင် စိတ်ထဲမှ တီးတိုး စဉ်းစားနေမိ၏။
“ပြီးတော့ နဂါးငါးဖြူရဲ့ အသားလည်း ပါသေးတယ်”
“ဒါကြောင့်မို့ ခုနက ငါ့ကို ပြန်ရင်ဆိုင်ရဲလောက်အောင် ယုံကြည်မှု ရှိနေတာကိုး”
“ကြည့်ရတာ ဒီကောင်လေးရဲ့ စွမ်းအားက သွေးချီ ပြီးပြည့်စုံခြင်း အဆင့်လောက်တင် မကဘူး ထင်တယ်... သူ သိုင်းပညာ အဆင့်ကိုးကို သေချာပေါက် ခြေချနိုင်နေလောက်ပြီ”
“သူ့အသက်အရွယ်နဲ့ သိုင်းပညာ အဆင့်ကိုး ဆိုတာက တကယ်ကို တော်တော်လေး ကောင်းမွန်တဲ့ အနေအထားပဲ”
“အနာဂတ်မှာ အဆင့်ရှစ်ကို ရောက်ဖို့ဆိုတာ အားစိုက်ထုတ်စရာတောင် မလိုဘူး... ပြီးတော့ အဆင့်ခုနစ် ဆိုတာတောင် မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး”
“ဒါကြောင့်များ ဆိုင်ရှင်ယန်က သူ့ကို ဒီလောက် အထူးတလည် ဆက်ဆံနေတာ ဖြစ်ရမယ်”
လျူရှန်းရှန်းက စိတ်ထဲ တိတ်တဆိတ် တွေးတောနေမိ၏။
ထိုအချိန်တွင် ကျန်းနင်က လက်လှမ်း၍ စားပွဲပေါ်မှ ရွှေသစ်ရွက် သုံးရွက်နှင့် ငွေစက္ကူ ခုနစ်ရွက်ကို ယူလိုက်သည်။
“မရီး... ဒါလေး ယူထားလိုက်ပါ”
“အာနင်... နင် ဘာလုပ်မလို့လဲ” လျူဝမ်ဝမ်က ကျန်းနင်အား အံ့အားသင့်စွာ ကြည့်လာ၏။
“ညီလေး... မင်း ဘာလုပ်မလို့လဲ” ကျန်းလီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ကျန်းနင်က ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး…
“အစ်ကိုနဲ့မရီး... အစ်ကိုလျူ စောစောက ပြောသွားတာ မှန်တယ်... ယီမင်က ကိုယ်ပိုင်ကျောင်းတက်ဖို့ အပြင် သူ့ရဲ့ သိုင်းပညာ အခြေခံကို မြှင့်တင်ဖို့ ပိုက်ဆံ နည်းနည်းပါးပါး သုံးရမယ့် အရွယ်ကို ရောက်နေပြီလေ”
“အာနင် နင်ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ဒါက အရမ်း များလွန်းတယ်”
လျူဝမ်ဝမ်က ခေါင်းခါယမ်းကာ…
“အရင်ကလည်း နင့်အစ်ကိုကို မနည်းမနော ပိုက်ဆံတွေ ပေးခဲ့သေးတယ်... ပြီးတော့ ယီမင်က နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ စားနေရလို့ ဒီလပိုင်းတွေအတွင်းမှာ အရပ်တောင် ပိုရှည်လာသေးတာ”
“နောက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း နင်ပို့ပေးလိုက်တဲ့ နဂါးငါးဖြူ အသားတွေ ရှိသေးတယ်... ယီမင်ရဲ့ သိုင်းပညာပါရမီက သူ့အဖေထက် သေချာပေါက် သာလွန်လာမှာပါ”
ထိုအချိန်တွင် ကျန်းလီကလည်း ဝင်ကာ…
“ညီလေး... ပြန်သိမ်းထားလိုက်ပါ... မင်းကိုယ်တိုင်လည်း အခုချိန် ပိုက်ဆံလိုနေတာပဲလေ”
“အစ်ကိုတို့နှစ်ယောက် ငြင်းမနေကြပါနဲ့တော့... ယီမင်က အစ်ကိုတို့ရဲ့ သားဖြစ်ရုံတင် မကဘူး ကျန်းနင်ဆိုတဲ့ ကျုပ်ရဲ့ တူလည်း ဖြစ်နေသေးတယ်လေ”
စကားဆုံးသည်နှင့် ကျန်းနင်က ငြင်းဆန်ခွင့်မပေးသော အမူအရာမျိုး ပြသလိုက်တော့သည်။
ထိုအချိန်တွင် ကျန်းလီက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း လျူဝမ်ဝမ်က သူ့အင်္ကျီလက်ကို ဆွဲတားလိုက်၏။
“အစ်ကိုလီ... အာနင် ပြောတာ အဓိပ္ပာယ် ရှိပါတယ်... သူ့ရဲ့ စေတနာကို ကျွန်မတို့ စိတ်ပျက်အောင် မလုပ်သင့်ဘူးလေ”
“အင်း... ကောင်းပြီလေ” ကျန်းလီက တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ် တွန့်ဆုတ်နေဆဲပင်။
“ယောက်ဖဆီမှာ တကယ်ကို ကောင်းမွန်တဲ့ ညီတစ်ယောက် ရှိနေတာပဲ”
ထိုစကားကြားလျှင် ကျန်းလီက သူ့မျက်နှာပေါ်၌ ဂုဏ်ယူသည့် အရိပ်အယောင် အနည်းငယ်ဖြင့် ရယ်မောလေသည်။
ထို့နောက် လျူရှန်းရှန်းက ကျန်းနင်အား ခွက်မြှောက်ပြလိုက်၏။
“ယီမင်အတွက် ဒီလောက်ထိ လုပ်ပေးတဲ့အတွက် မင်းကို ကျုပ် ဂုဏ်ပြုပါတယ်”
ကျန်းနင်က ပြုံးလျက်…
“ဘယ်လိုပဲဖြစ်ဖြစ် ယီမင်က ကျန်းဆိုတဲ့ မျိုးရိုးကို ခံယူထားတာလေ... ပြီးတော့ တူဆိုလို့ သူတစ်ယောက်တည်းရှိတော့ ဦးလေးဖြစ်တဲ့ ကျုပ်က သူ့ကို စောင့်ရှောက်ရမှာပေါ့”
ထို့နောက် သူကလည်း ခွက်ကို မြှောက်လိုက်ပြီး…
“အစ်ကိုကြီး၊ ဆိုင်ရှင်ယန်... သောက်ကြရအောင်”
“ကောင်းပါပြီ” ယန်ခိုင်က ပြုံးဖြီးဖြီးဖြင့် သူ့ရှေ့ရှိ ခွက်ကို မြှောက်လိုက်သည်။
ကျန်းလီကလည်း ထိုအတိုင်းပင် လိုက်လုပ်လေ၏။
ချလွင် ချလွင် ချလွင်…
ဖန်ခွက်များ ထိခတ်သွားပြီး ကြည်လင် သာယာသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
နောက်တစ်ခဏတွင် သူတို့အားလုံးက ခွက်ထဲရှိ အရက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။
ခွက်များ ထိခတ်သံနှင့် အပြန်အလှန် ဂုဏ်ပြုစကားများ အကြားတွင် နေ့လယ်စာမှာ လျင်မြန်စွာ ကုန်စင်သွားခဲ့လေသည်။ ကောင်းမွန်သော အရက် ပေါင်အတော်များများလည်း အမျိုးသားများ၏ ဗိုက်ထဲသို့ အသီးသီး ရောက်ရှိသွားကြတော့၏။
“ညီလေးကျန်း... ကျုပ် ဆိုင်မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့... ပြန်ခွင့်ပြုပါဦး” ယန်ခိုင်က ကျန်းနင်အား လက်သီးဆုပ်၍ အရိုအသေပေးရင်း ပြောလိုက်၏။
“ဆိုင်ရှင်ယန်... ဂရုစိုက်ပြန်ပါဦး” ကျန်းနင်ကလည်း လက်သီးဆုပ်ကာ ပြန်လည် နှုတ်ဆက်လေသည်။
ထိုသည်ကိုမြင်လျှင် ယန်ခိုင်က ချက်ချင်းပင် တောက်ပစွာ ပြုံးရွှင်သွားတော့သည်။
ထို့နောက် လျူရှန်းရှန်းကလည်း ကျန်းလီနှင့် လျူဝမ်ဝမ်တို့အား နှုတ်ဆက်ပြီးနောက် ကျန်းနင် အနီးသို့ ချဉ်းကပ်လာခဲ့၏။
“ညီလေးကျန်း... ငါ အဲ့လို ခေါ်တာ မင်း စိတ်မရှိဘူးမလား”
“ရပါတယ်” ကျန်းနင်က ခေါင်းခါယမ်းပြလိုက်သည်။
လျူရှန်းရှန်းက…
“ရိုးရိုးသားသား ပြောရရင်... မင်းကို ငါ လေးစားတယ်... မင်းလို နောက်ခံမျိုးကနေ ဒီလောက်အထိ ခရီးရောက်လာတာ တကယ်ကို ထူးခြားလွန်းတယ်... ညီလေးကျန်းရဲ့ ကံကြမ္မာကလည်း မဆိုးဘူးလို့ ငါ ယုံကြည်တယ်”
ကျန်းနင်က အနည်းငယ် ခေါင်းညိတ်ကာ…
“မဆိုးပါဘူး”
လျူရှန်းရှန်းက ဆက်၍…
“ဒါပေမဲ့ ယီမင် အနေနဲ့ ကောင်းမွန်တဲ့ အနာဂတ်ရရှိဖို့ဆိုရင် လျူမိသားစုဆီ လာဖို့ လိုအပ်တယ် မဟုတ်ဘူးလား” လျူရှန်းရှန်းက မေးလာ၏။
ကျန်းနင်ကတော့ အတည်ပြုခြင်း၊ ငြင်းဆန်ခြင်း မရှိဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။
“ကျွန်တော် ဘာမှ မပြောတော့ပါဘူး”
“အင်း...”
လျူရှန်းရှန်းမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် လက်သီးဆုပ်လိုက်ကာ…
“ငါ ပြန်တော့မယ်... မနက်ဖြန်မှ တွေ့ကြတာပေါ့” လျူရှန်းရှန်းက ပြန်ရန် နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက မလှမ်းမကမ်းတွင် ရှိနေသော ကျန်းလီနှင့် လျူဝမ်ဝမ်တို့ကိုပါ လက်သီးဆုပ်၍ ထပ်မံ နှုတ်ဆက်လိုက်လေသည်။
End
***