ထို့နောက် ဝမ်ကျင်းက သူ့ဘာသာ တီးတိုး ရေရွတ်မိ၏။
“အဲဒီနေ့က ဒီနဂါးငါးဖြူ အသားရဲ့ အာနိသင်ကို ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် ခံစားလိုက်ရတာလဲ ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်... ဒါက ပေါင်တစ်ရာလောက်ရှိတဲ့ နဂါးငါးဖြူ ဖြစ်နေပြီး မိစ္ဆာအဖြစ် အသွင်ပြောင်းလုနီးပါး အခြေအနေကို ရောက်နေတာကိုး”
“မိစ္ဆာအဖြစ် အသွင်ပြောင်းတယ် ဟုတ်လား” ထိုစကားများကို ကြားရချိန်တွင် ကျန်းနင်၏ စူးစမ်းလိုစိတ်များ နိုးကြားလာတော့သည်။
“ဟုတ်တယ်... မိစ္ဆာအဖြစ် အသွင်ပြောင်းတာလေ”
ဝမ်ကျင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သူတို့ဘေးရှိ မဏ္ဍပ်အတွင်းမှ ကျောက်ထိုင်ခုံကို လက်ဟန်ပြကာ…
“ထိုင်ပါဦး... ငါတို့ စကားနည်းနည်း ပြောကြရအောင်”
ခဏအကြာတွင်...
သူတို့နှစ်ယောက်လုံး မဏ္ဍပ်အတွင်း နေရာယူပြီး ဖြစ်သည်။
“သာမန် နဂါးငါးဖြူ တစ်ကောင်ရဲ့ အလေးချိန် ဘယ်လောက်ရှိလဲ မင်း သိလား” ဝမ်ကျင်းက မေးလိုက်၏။
“သေချာတော့ မသိဘူး ဆရာ” ကျန်းနင်က ခေါင်းခါပြလိုက်သည်။
“ဝိညာဉ်ငါး တစ်မျိုးဖြစ်တဲ့ သာမန် နဂါးငါးဖြူ တစ်ကောင်က အလေးချိန် ဆယ်ပေါင်ကနေ ပေါင်နှစ်ဆယ် အတွင်းမှာပဲရှိတာ... မင်းရလာတဲ့ တစ်ကောင်က မင်းပြောသလိုသာဆိုရင် သာမန် နဂါးငါးဖြူ တစ်ကောင်ရဲ့ အလေးချိန်နဲ့ အရွယ်အစားထက် ငါးဆကနေ ဆယ်ဆလောက် ပိုကြီးနေတာလေ” ဝမ်ကျင်းက ရှင်းပြ၏။
“ဒီလောက်ထိ အရွယ်အစား ကွာခြားနေတာကိုကြည့်ရင် သူ့ရဲ့ ဘဝဖြစ်တည်မှုမှာ အခြေခံကျတဲ့ အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီ ဆိုတာ ငြင်းစရာ မလိုဘူး”
“အဲဒီငါးက ဝိညာဉ်ဉာဏ်ရည် ဖွံ့ဖြိုးလာပြီး မိစ္ဆာအဖြစ် အသွင်ပြောင်းတဲ့ အဆင့်နဲ့ နီးစပ်နေပြီ ဖြစ်ဖို့ များတယ်”
သူ့တပည့်၏ စွမ်းအားက ကျိုးရှင်းထက် နိမ့်ကျမည် မဟုတ်သလို ကျော်လွန်ချင်တောင် ကျော်လွန်နေနိုင်ပေသည်။
လုံလောက်သော စွမ်းအား မရှိဘဲ မည်သူက တပ်ဖွဲ့ခေါင်းဆောင် နေရာကို ဝင်ရောက် ယှဉ်ပြိုင်ချင်သည်ဟု ရဲရဲဝံ့ဝံ့ ပြောရဲမည်နည်း။
ထိုအကြောင်း တွေးမိသည်နှင့် ဝမ်ကျင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အတိုင်းသား ပေါ်လွင်လာတော့သည်။
ထို့နောက် သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်…
“ဒါနဲ့ မင်းက သိုင်းခန်းမကို ဒီလောက် စောစော ရောက်လာတာဆိုတော့ မနက်စာကော စားပြီးပြီလား” ဝမ်ကျင်းက မေးလိုက်၏။
“မစားရသေးဘူး ဆရာ” ကျန်းနင်က ခေါင်းခါလိုက်သည်။
သူက မနက် ငါးနာရီကတည်းက အိမ်မှ ထွက်လာခဲ့ပြီး ယခုမှ မနက် ခုနစ်နာရီသာ ရှိသေးသဖြင့် မနက်စာစားရန် အချိန်မရခဲ့ချေ။
“အတော်ပဲ... လာ... ငါနဲ့အတူ မနက်စာစားရင်း စကားပြောကြတာပေါ့” ဝမ်ကျင်းက မတ်တတ်ထရပ်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ ဆရာ” ကျန်းနင်က ပြုံးလိုက်၏။
စဉ်းစားကြည့်မည်ဆိုလျှင် သိုင်းခန်းမမှ ထွက်ခွာပြီးကတည်းက ဝမ်ကျင်းနှင့်အတူ မနက်စာ မစားဖြစ်ခဲ့ပေ။ ယခု တစ်ကြိမ်မှာ အချိန်အတော်ကြာမှ ပြန်လည် စားသောက်ဖြစ်ခြင်းပင်။
…
နေရောင်ခြည် ပိုမို လင်းလက်လာသည်နှင့်အမျှ သိုင်းခန်းမ တစ်ခုလုံးမှာလည်း တဖြည်းဖြည်း သက်ဝင် လှုပ်ရှားလာတော့သည်။
“ညီလေးကျန်း” ချန်ရန်က ကျန်းနင်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း လျှောက်လာ၏။
“အစ်ကိုချန်... ဘယ်လေနှင်လို့ ဒီရောက်လာတာလဲ” ရက်အတော်ကြာ မတွေ့ရသော ချန်ရန်ကို မြင်လျှင် ကျန်းနင်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ဤလောကတွင် သူ့၌ သူငယ်ချင်း များများစားစား မရှိလှပေ။ ချန်ရန်မှာ ထိုသူငယ်ချင်း အနည်းငယ်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်၏။
သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ့စိတ်အခြေအနေမှာ ကောင်းမွန်သွားခဲ့လေသည်။
ချန်ရန့်က ပြုံးကာ…
“သေချာပေါက် ညီလေးကျန်းကို အားပေးဖို့ လာတာပေါ့... ဒီနေ့က မင်းအတွက် အရေးကြီးတဲ့ နေ့တစ်နေ့လေ”
ထို့နောက် ချန်ရန့်က ဆက်၍…
“ခဏနေ လုပ်မယ့် အရည်အချင်းစစ်ပွဲအတွက် ညီလေးကျန်း ယုံကြည်မှု ရှိရဲ့လား” ချန်ရန်က မေးလိုက်သည်။
“သေချာတာပေါ့” ကျန်းနင်က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
“ညီလေးကျန်းဆီမှာ ယုံကြည်မှု အပြည့်ရှိနေတာ ငါ မြင်နေရတယ်နော်” တံခါးဝတွင် လီချင်းက ပြတ်သားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။
ယနေ့တွင် သူမက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်လာနိုင်သော တိုက်ပွဲများတွင် ကျွတ်မထွက်သွားစေရန် သူမ၏ ဖိနပ်ရှည်များကို အဝတ်စများဖြင့် တင်းကျပ်စွာ ပတ်ချည်ထားလေသည်။
“စီနီယာအစ်မလီ” လီချင်း၏ အသံကို ကြားလျှင် ချန်ရန်က ချက်ချင်း လှည့်၍ နှုတ်ဆက်လိုက်၏။
“စီနီယာအစ်မလီ” ကျန်းနင်ကလည်း အသိအမှတ်ပြုသော အနေဖြင့် ခေါင်းညိတ်ပြသည်။
“မောင်လေးကျန်း... မင်း ရောက်တာ တော်တော် စောတယ်နော်”
လီချင်းက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းနင်ကို မျက်လုံးထဲ၌ တောက်ပသော အရိပ်အယောင်များဖြင့် လှမ်းကြည့်လာ၏။
“ကျွန်တော် အိပ်မပျော်လို့ ဆရာ့ကို မနက်ခင်း နှုတ်ဆက်ဖို့ ထွက်လာခဲ့တာပါ” ကျန်းနင်က ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
“ဒါကြောင့် ဆရာဝမ်က မောင်လေးကျန်းကို ဒီလောက် မျက်နှာသာ ပေးနေတာကိုး” လီချင်းက သက်ပြင်းချလိုက်၏။
ခဏအကြာတွင် ကျောက်ဟူ ရောက်ရှိလာသည်။
မကြာမီမှာပင် ကျိုးရှင်းနှင့် ကျန်းထျဲ့ရှန်း တို့လည်း သိုင်းခန်းမ၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြတော့သည်။
“အားလုံး စုံပြီပဲ” ဝမ်ကျင်းက သူတို့ ငါးယောက်ကို ကြည့်၍ အနည်းငယ် ခေါင်းညိတ်လိုက်၏။
ထို့နောက် ဝမ်ကျင်းက အမိန့်ပေးလိုက်သည်။
“အရည်အချင်းစစ်ပွဲက မနက် ဆယ်နာရီ စမှာ... အခု ထွက်ကြစို့”
“ဟုတ်ကဲ့ ဆရာ”
“…”
လူတိုင်းက တစ်သံတည်း ပြန်လည် ဖြေကြားလိုက်ကြ၏။
ထို့နောက် ဝမ်ကျင်း၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံး သိုင်းခန်းမအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။
သိုင်းခန်းမမှ တပည့် တစ်စုကလည်း သူတို့နောက်မှ ကပ်လျက် လိုက်ပါလာကြ၏။
“မင်းဆီက နဂါးငါးဖြူက တစ်မျိုးမျိုးသော ကောင်းကင်နဲ့ မြေကြီး ရတနာတွေကို မျိုချထားတာ ဖြစ်ရမယ်”
ထိုသို့ပြောပြီးနောက် ဝမ်ကျင်းက ကျောက်စားပွဲပေါ်တွင် ကျန်းနင် ချထားခဲ့သော ငါးအသားတုံးကို ယူကာ လက်ဖြင့် အဖြူရောင် အလွှာလေးတစ်ခု ဖဲ့ယူလိုက်ပြီး ပါးစပ်ထဲထည့်၍ ဖြည်းညှင်းစွာ ဝါးစားလိုက်သည်။
သေချာစွာ ဝါးပြီးနောက် ဝမ်ကျင်းက ငါးအသားကို မျိုချလိုက်ရာ လည်ပင်းမှာ အနည်းငယ် လှုပ်ခတ်သွား၏။
နောက်တစ်ခဏတွင်...
သွေးချီ စွမ်းအားများ သူ့ခန္ဓာကိုယ်တစ်ဝိုက် လှည့်ပတ် စီးဆင်းလာသည်နှင့်အမျှ သူက မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်မျှ အတွင်းမှာပင် ဝမ်ကျင်းက မျက်လုံး ပြန်ဖွင့်လာခဲ့၏။
“ဒီငါးအသားက တကယ်ကို ကောင်းမွန်တဲ့ အရာပဲ... လက်ရှိ အဆင့်မှာ ရှိနေတဲ့ ငါ့အတွက်တောင် အများကြီး အကျိုးရှိတယ်”
“တကယ်ကို ထူးခြားလွန်းပါတယ်” ဝမ်ကျင်းက တိုးညှင်းစွာ သက်ပြင်းချလိုက်၏။
ကျန်းနင်က…
“အဲဒါက အများကြီး အထောက်အကူဖြစ်တယ် ဆိုမှတော့ ဆရာပဲ ယူထားလိုက်ပါ”
“ဒါဆို ငါလည်း အားမနာတော့ဘူး” ဝမ်ကျင်းက စားပွဲပေါ်တွင် တင်ထားသော တစ်ဆယ်သားကို တပ်မက်မှု အပြည့်ဖြင့် ကြည့်လိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်က နဂါးငါးဖြူအသား တစ်ပေါင်ခန့် စားပြီးနောက် သူ့စွမ်းအား အနည်းငယ် တိုးလာသည်ကို ခံစားခဲ့ရပြီး သွေးချီ စွမ်းအားများ ကျဆင်းနေမှု ရပ်တန့်ကာ ပြန်လည် မြင့်တက်လာခဲ့သည် မဟုတ်ပါလား။
ဤတစ်ဆယ်သား၏ အကူအညီဖြင့် အဆင့်ခြောက်သို့ ရောက်ရှိရန် သိပ်မဝေးတော့ကြောင်း သူ ယုံကြည်နေသည်။
အဆင့်ခြောက်၏ ကန့်သတ်ချက်သို့ ဝင်ရောက်သွားသည်နှင့် သေချာ ဂရုတစိုက် လေ့ကျင့်ခြင်းဖြင့် နောက်ဆုံးတွင် အရိုးသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
“ဆရာပဲ သိမ်းထားလိုက်ပါ... ခုနက ကျွန်တော် ပြောသလိုပဲ ကျွန်တော် နဂါးငါးဖြူ အသား အများကြီး စားပြီးသွားပြီမို့ အခုချိန်မှာ ကျွန်တော့်အတွက် သိပ်အသုံးမဝင်တော့ပါဘူး”
“အဲ့လိုဆိုမှတော့ ကြည့်ရတာ မင်းရဲ့ စွမ်းအားက တကယ်ပဲ အသွင်ပြောင်းလဲသွားပြီ ထင်တယ်” ဝမ်ကျင်းက ကျန်းနင်အား တစ်စုံတစ်ရာ အရိပ်အယောင် ရှာဖွေနေသည့်အလား စူးစိုက်ကြည့်ရင်း ကောက်ချက်ချလိုက်သည်။
သို့သော် လတ်တလောတွင် ကျန်းနင်၏ စွမ်းအင် အငွေ့အသက်မှာ ငြိမ်သက် တည်ငြိမ်နေပြီး မည်သည့် ထူးခြားမှုမှ မပြသပေ။
ယခင်က ဝမ်ကျင်း ခံစားခဲ့ရသော သိမ်မွေ့သည့် ခြိမ်းခြောက်မှု ခံစားချက်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။
“ဒီကောင်လေးရဲ့ အတွင်းအမြုတေကျင့်စဉ် တိုးတက်မှုက ငါ့ထက်တောင် ကျော်လွန်သွားပြီ ထင်တယ်” ဝမ်ကျင်းက စိတ်ထဲမှ တွေးလိုက်မိ၏။
အတွင်းအမြုတေကျင့်စဉ် ဆိုသည်မှာ တာအိုကျင့်စဉ်များမှ ဆင်းသက်လာသော အတွင်းပိုင်း ကျင့်ကြံခြင်း နည်းလမ်းတစ်ခုဖြစ်ကြောင်း သူ ကောင်းကောင်း သိထားပေသည်။
အတွင်းပိုင်းရော အပြင်ပိုင်းပါ ကျင့်ကြံခြင်းက ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်စေသော်လည်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် နွားတစ်ကောင်ကဲ့သို့ ကြီးမားသော ခြေလက်များ ဖြစ်ပေါ်လာမည် မဟုတ်ချေ။
ထို့အပြင် သွေးချီ စွမ်းအားများကို မီးကဲ့သို့ ပူလောင်နေစေမည် မဟုတ်ဘဲ သွေးချီ စွမ်းအားများ၏ ပြင်းထန်မှုကို အနီးကပ်မှသာ ခံစားသိရှိနိုင်ပေလိမ့်မည်။
ယခုရက်ပိုင်းအတွင်း သူ၏ အတွင်းအမြုတေကျင့်စဉ် တိုးတက်လာသည်နှင့်အမျှ ယခု ကျန်းနင်ကဲ့သို့ပင် သူ ကိုယ်တိုင်လည်း ပိုမို ထိန်းချုပ်နိုင်စွမ်း ရှိလာကြောင်း တွေ့ရှိခဲ့ရသည်။
“ဒီနေ့ ခရီးစဉ်အတွက် ယုံကြည်မှုရှိရဲ့လား” ဝမ်ကျင်းက ရုတ်တရက် မေးလိုက်၏။
“ရှိပါတယ်” ကျန်းနင်က ခေါင်းညိတ်ပြသည်။
“သာမန် ကင်းလှည့် အစောင့်တစ်ယောက်ထက် ပိုတဲ့ တပ်ဖွဲ့ခေါင်းဆောင် နေရာအတွက် တိုက်ပွဲဝင်ရတာ မျိုးတွေလည်း ရှိတယ်... မင်းကော တပ်ဖွဲ့ခေါင်းဆောင် နေရာအတွက် ဝင်ယှဉ်ပြိုင်မှာလား” ဝမ်ကျင်းက သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်၏။
ကင်းလှည့် အစောင့်အထက်ရှိ ရာထူးကို တပ်ဖွဲ့ခေါင်းဆောင်ဟု အများအားဖြင့် ခေါ်ဆိုကြသည်။
တပ်ဖွဲ့ခေါင်းဆောင် တစ်ယောက်က ကင်းလှည့် အစောင့် ဆယ်ယောက်ကို ကွပ်ကဲရ၏။
ထိုသည်မှာ စစ်ဆေးရေးရုံး၏ အခြေခံ ဖွဲ့စည်းပုံပင် ဖြစ်သည်။
စစ်ဆေးရေးရုံး၏ ဖွဲ့စည်းပုံအရ ကင်းလှည့်အစောင့် တစ်ယောက်မှာ အဆင့်ကိုး အောက်ပိုင်း သာမန် တပ်သား တစ်ယောက်မျှသာဖြစ်သည်။
သို့သော် တပ်ဖွဲ့ခေါင်းဆောင် တစ်ယောက်မှာမူ စံနှုန်းပြည့် အဆင့်ကိုး တရားဝင် အရာရှိတစ်ယောက် ဖြစ်ပေသည်။
ရာထူးအဆင့်အတန်း ကွာခြားချက်မှာ တရားဝင် ရာထူးနှင့် အာဏာတို့ပင် ဖြစ်၏။
ဝမ်ကျင်းက ချန်လန် သိုင်းခန်းမ၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူ၏ တပည့် တစ်ယောက်ယောက် တပ်ဖွဲ့ခေါင်းဆောင် နေရာရရှိရန် မျှော်လင့်နေမိသည်။
ထိုသို့ ပြောနိုင်ခြင်းက သူ့အတွက် ဂုဏ်ယူစရာ ကောင်းပေလိမ့်မည်။
သို့သော် ဖြစ်နိုင်ချေ သိပ်မရှိကြောင်းကိုလည်း သူ ကောင်းကောင်း သိထားသည်။
သူ့တပည့်များ အားလုံးထဲတွင် ကျိုးရှင်းတစ်ယောက်သာ အခွင့်အရေး ရှိနိုင်ပေသည်။
လွန်ခဲ့သော တစ်နှစ်က ကျိုးရှင်းမှာ ကြေးနီကဲ့သို့ မာကျောသော အရေပြားနှင့် အဆင့်ကိုး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့၏။
တစ်နှစ်ကျော် အချိန်နှင့် ကျိုးရှင်း၏ သိုင်းပညာ ပါရမီကို ပေါင်းစပ်လိုက်လျှင် အဆင့်ရှစ် သိုင်းပညာရှင် တစ်ယောက်အဖြစ် ကန့်သတ်ချက်ကို ကျော်လွန်ကာ နောက်တစ်လှမ်း ထပ်မံ တက်လှမ်းနိုင်မည့် အလားအလာ ရှိနေသည်။
တပ်ဖွဲ့ခေါင်းဆောင် နေရာကို ဝင်ရောက် ယှဉ်ပြိုင်ရန် အနည်းဆုံး အဆင့်ကိုး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိထားရမည်ဖြစ်ပြီး ခွန်အား လေ့ကျင့်မှု အောင်မြင်စွာ ပြုလုပ်ထားပါက အဆင့်ရှစ်သို့ ရောက်ရှိချိန်တွင် အခိုင်အမာ ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။
ကျိုးရှင်း အနေဖြင့် အဆင့်ရှစ်သို့ ထိုးဖောက် ဝင်ရောက်ပြီးခြင်း ရှိမရှိကို ဝမ်ကျင်း သေချာ မသိသောကြောင့် သူ့တပည့်များထဲမှ တစ်ယောက်ယောက် စစ်ဆေးရေးရုံး၏ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ထွက်ပေါ်လာနိုင်မည်ဟု သိပ်ယုံကြည်မှု မရှိခဲ့ချေ။
သို့သော် ယခု ကျန်းနင်ကို ကြည့်ရင်း သူ့စိတ်ထဲ မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့၏။
အကြောင်းမှာ ကျန်းနင် ပြောခဲ့သော စကားတစ်ခွန်းကို ဝမ်ကျင်း သေချာ မှတ်မိနေသောကြောင့်ပင်။
ထိုစကားမှာ နဂါးငါးဖြူ အသားက အသုံးမဝင်တော့ဘူး ဟူသော စကားပင် ဖြစ်၏။
နဂါးငါးဖြူ အသား၏ အာနိသင်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖူးသော ဝမ်ကျင်း အနေဖြင့် မိစ္ဆာအဖြစ် အသွင်ပြောင်းလုနီးပါး ဖြစ်နေသော ဤနဂါးငါးဖြူ၏ အသားမှာ မည်မျှ အစွမ်းထက်ကြောင်း သဘာဝကျကျ သိရှိထားပေသည်။
၎င်းက သူ့စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးခဲ့သည် မဟုတ်ပါလား။
လအနည်းငယ်မျှသာ သိုင်းပညာ လေ့ကျင့်ရသေးသော ကျန်းနင်လို လူမျိုးကိုတော့ ဆိုဖွယ်ရာ မရှိတော့။
သို့သော် ကျန်းနင်ထံမှ နဂါးငါးဖြူအသား အသုံးမဝင်တော့ကြောင်း ကြားလိုက်ရချိန်တွင်...
ကျန်းနင်၏ စွမ်းအားများ နောက်တစ်ကြိမ် တစ်ဟုန်ထိုး တိုးတက်သွားပြီ ဖြစ်ကြောင်း ဝမ်ကျင်း ချက်ချင်း သဘောပေါက်သွားတော့၏။
တစ်ချိန်တည်းမှာပင်...
ဝမ်ကျင်း၏ မေးခွန်းကိုကြားလျှင် ကျန်းနင် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“တပ်ဖွဲ့ခေါင်းဆောင် နေရာအတွက် ဝင်ယှဉ်ပြိုင်ဖို့က စမ်းကြည့်ချင်တဲ့ အရာပါပဲ”
တပ်ဖွဲ့ခေါင်းဆောင်နေရာ ရယူရန်မှာ ကျန်းနင်၏ အစီအစဉ်ထဲတွင် အမြဲပါဝင်နေခဲ့၏။
အကြောင်းမှာ ဒုတိယတပ်မှူး နေရာအတွက် ယှဉ်ပြိုင်ရန် ရှေးဦးစွာ တပ်ဖွဲ့ခေါင်းဆောင် ရာထူးကို အရယူရမည် ဖြစ်သောကြောင့်ပင်။
တပ်ဖွဲ့ခေါင်းဆောင် ဖြစ်မှသာ ဒုတိယတပ်မှူး နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
ထိုအထက် ပိုမြင့်သော ရာထူးများ အတွက်မူ ကျန်းနင်တွင် လတ်တလော မည်သည့် အစီအစဉ်မှ မရှိသေးချေ။
သူ့တွင် လုံလောက်သော စွမ်းအား မရှိသေးသလို အရည်အချင်းလည်း မပြည့်မီသေးပေ။
သူ သိထားသလောက် တပ်မှူး အထက် ရာထူးများမှာ မူလကတည်းက နန်းတော်နှင့် သက်ဆိုင်ပြီး အဖွဲ့အစည်း အသီးသီးမှ အရာရှိများကို ရွေးချယ်ခန့်အပ်ခြင်းဖြစ်၏။
ဥပမာအားဖြင့် တပ်ဖွဲ့မှ စစ်ဘက်ဆိုင်ရာ အရာရှိများ ကဲ့သို့ပင်။
ကျန်းနင်၏ အဖြေကိုကြားလျှင် ဝမ်ကျင်းက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး အော်ဟစ်လိုက်၏။
“ကောင်းတယ်... သိပ်ကောင်းတယ်”
ယခု ကျန်းနင်၏ အဖြေကြောင့် သူ၏ ခန့်မှန်းချက်များ မမှားကြောင်း ဝမ်ကျင်း သိလိုက်လေသည်။
ဤကဲ့သို့ အရေးကြီးသော နေ့တစ်နေ့တွင် သိုင်းခန်းမမှ တပည့်များ အနေဖြင့် ကျန်းနင်နှင့် အခြားသူများ မည်သို့ စွမ်းဆောင်မည်ကို ကြည့်ရှုချင်ကြပေသည်။
End
***