“ဒါက... ချန်လန် သိုင်းခန်းမက တပည့်တွေပဲ... သူတို့ ဘာတွေ သွားလုပ်မလို့လဲ”
လူတစ်ယောက်က ဝမ်ကျင်း ဦးဆောင်သော တပည့်တစ်စု သိုင်းခန်းမ ခြံတံခါးကြီးထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာလာသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် နားမလည်နိုင်သည့် အမူအရာ ဖြစ်သွားတော့၏။
“တခြား ဘာလုပ်စရာ ရှိဦးမှာလဲ... စစ်ဆေးရေးရုံးရဲ့ အရည်အချင်းစစ်ပွဲကို သွားဝင်ယှဉ်ပြိုင်ကြမှာ သေချာတာပေါ့” အခြားတစ်ယောက်က ချက်ချင်း ဝင်ရောက် ရှင်းပြလိုက်သည်။
“အားကျစရာ ကောင်းလိုက်တာ... သူတို့သာ အရည်အချင်းစစ်ပွဲကို အောင်မြင်သွားရင် တရားဝင် အရာရှိတွေ ဖြစ်လာနိုင်တယ်လေ” အနီးအနားရှိ လူတစ်ယောက်၏ မျက်နှာပေါ်တွင် မနာလို အားကျသည့် အရိပ်အယောင်များ ပေါ်လွင်လာတော့၏။
“…”
“တတိယ အကြီးအကဲကို ဂါရဝပြုပါတယ်”
မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း တစ်ယောက် ထွက်ပေါ်လာသည်ကို မြင်လျှင် ဆေးဘုရင် တောင်ကြားမှ တပည့်အနည်းငယ်မှာ ချက်ချင်း အရိုအသေ ပေးလိုက်ကြပြီး သူတို့၏ စိုးရိမ် ပူပန်နေသော စိတ်များလည်း ဤအခိုက်အတန့်တွင် တည်ငြိမ်သွားခဲ့လေသည်။
“အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ” မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက သူ့ရှေ့ရှိ တပည့်များကို ကြည့်ကာ မေးလိုက်၏။
“အကြီးအကဲကို အစီရင်ခံပါတယ်... ကျွန်တော်တို့လည်း ဘာမှ မသိပါဘူး... လွန်ခဲ့တဲ့ သုံးရက် မွန်းတည့်ချိန်က အကြီးအကဲလျူ တည်းခိုခန်းကနေ ထွက်သွားခဲ့တာ အဲဒီညလည်း ပြန်မရောက်လာပါဘူး... သူ့နောက်ကို လိုက်သွားတဲ့ တပည့်တွေ ဖြစ်တဲ့ ဝမ်ကျိုနဲ့ ဝူရှန်း အပါအဝင် သူတို့အားလုံး သတင်းအစအနလေးတောင် မရဘဲ ပျောက်ဆုံးသွားခဲ့တာပါ” တပည့်တစ်ယောက်က ရှေ့ထွက်၍ ပြန်လည် ဖြေကြားလာ၏။
ထို့နောက် ထိုတပည့်က ဆက်၍ ရှင်းပြလေသည်။
“ဒါကြောင့် ကျွန်တော်တို့ အဲဒီညကပဲ အကြီးအကဲလျူတို့ နောက်ကို လိုက်ရှာခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ရဘူး... အဲဒီအချိန်မှာ တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို သဘောပေါက်သွားလို့ ဂိုဏ်းကို ချက်ချင်း အကြောင်းကြားလိုက်တာပါ”
“ဒီနေ့ကော လျူချင်းစုန့် ပေါ်လာသေးလား” မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက မေးလိုက်၏။
“တတိယအကြီးအကဲကို တင်ပြပါတယ်... သူပေါ်မလာသေးပါဘူး” တပည့်ဖြစ်သူက ပြန်ဖြေလိုက်သည်။
ထိုအဖြေကို ကြားလျှင် မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ ချက်ချင်း မျက်မှောင်ကြုတ်သွားတော့၏။
“ကြည့်ရတာ လျူချင်းစုန့်ရဲ့ ကံကြမ္မာက အခြေအနေ သိပ်မဟန်လောက်ဘူး”
“တတိယအကြီးအကဲ ဆိုလိုချင်တာက... အကြီးအကဲလျူ တစ်ခုခု အန္တရာယ် ကြုံလိုက်ရပြီလို့ ပြောချင်တာလား” ထိုအချိန်တွင် အမျိုးသမီး တပည့်တစ်ယောက်က သတိထား၍ မေးလာ၏။
မီးခိုးရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းက သူမအား တစ်ချက်ကြည့်လိုက်ပြီး…
“ဖြစ်နိုင်ချေ အများဆုံးပဲ”
စကားဆုံးသည်နှင့် သူက အင်္ကျီအတွင်းမှ ဖြူဖွေးသော ကျောက်စိမ်းပြား တစ်ပြားကို ဆွဲထုတ်လိုက်၏။
ထိုကျောက်စိမ်းပြားကို မြင်လျှင် တပည့် အနည်းငယ်မှာ ခဏတာ မှင်သက်သွားကြသည်။
“အသက်ဝိညာဉ် ကျောက်စိမ်းပြား”
တပည့်တစ်ယောက်က အံ့အားသင့်သော လေသံဖြင့် တီးတိုး ရေရွတ်လိုက်ပြီး…
“တတိယ အကြီးအကဲက အကြီးအကဲလျူရဲ့ အသက်ဝိညာဉ် ကျောက်စိမ်းပြားကိုပါ ယူလာတာပဲ”
မီးခိုးရောင် ဝတ်ရုံနှင့် လူက ကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်ပြီးနောက် သွေးချီ စွမ်းအား တစ်လှိုင်းက ၎င်းအတွင်းသို့ စီးဝင်သွားတော့၏။
နောက်တစ်ခဏတွင်...
“ငါ့နောက် လိုက်ခဲ့ကြ” မီးခိုးရောင်ဝတ်ရုံနှင့် လူက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ တတိယအကြီးအကဲ” တပည့်အနည်းငယ်က ကမန်းကတန်း လိုက်ပါသွားကြတော့၏။
အချိန်သိပ်မကြာလိုက်ချေ။ သူတို့ တစ်စု လော့ရွှေမြစ်ကမ်းပါးသို့ ရောက်ရှိလာကြလေသည်။
မီးခိုးရောင်ဝတ်ရုံနှင့် လူက သူ့ရှေ့ရှိ တလိမ့်လိမ့် စီးဆင်းနေသော လော့ရွှေမြစ်ပြင်ကြီးကို ကြည့်လိုက်ပြီးနောက် သူ့လက်ထဲရှိ လျူချင်းစုန့်နှင့် သက်ဆိုင်သော အသက်ဝိညာဉ် ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်၏။
ထို့နောက် သွေးချီ စွမ်းအား နောက်တစ်လှိုင်းကို ၎င်းအတွင်းသို့ ထပ်မံ ထည့်သွင်းလိုက်ပြီး ကျောက်စိမ်းပြား၏ လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်တော့သည်။
“ရေထဲမှာပဲ” မီးခိုးရောင်ဝတ်ရုံနှင့် လူက ဆို၏။
ထို့နောက် ရေမျက်နှာပြင်ဆီသို့ ခုန်ဆင်းသွားတော့သည်။
ဗွမ်း…
ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုနေကြသော အသံများက လေထုထဲတွင် ခဏတာ ပြည့်နှက်သွားတော့၏။
“မောင်လေးကျန်း... ခဏနေရင် တွေ့ရမယ့် စိန်ခေါ်မှုအတွက် ယုံကြည်မှုရှိရဲ့လား” လီချင်းက ကျန်းနင် အနီးသို့ တိုးကပ်လာပြီး တိုးညှင်းစွာ မေးလေသည်။
အနီးကပ်လာသော အမျိုးသမီးထံမှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်မိချိန်တွင် ကျန်းနင်၏ ရင်ထဲ လှုပ်ရှားသွားရ၏။
သူ့ခန္ဓာကိုယ် အတွင်းရှိ အလိုအလျောက် တုံ့ပြန်မှု အပြောင်းအလဲများကို ခံစားမိလျှင် ကျန်းနင်က သူ့ဘာသာ တိတ်တဆိတ် ရယ်မောလိုက်မိသည်။ အမှန်တကယ်ပင် ပေါများ ကြွယ်ဝလှသော သွေးချီ စွမ်းအားများနှင့် ငယ်ရွယ် နုပျိုမှုက လူတစ်ယောက်ကို အိန္ဒြေဆယ်ရန် ခက်ခဲစေသည် မဟုတ်ပါလား။
ထို့နောက် သူက အသာအယာ ဘေးသို့ ရှောင်ဖယ်လိုက်ပြီး သူနှင့် လီချင်းကြား အကွာအဝေးကို ပိုမို ခြားနားစေလိုက်သည်။ လီချင်း ခြေထောက် မြှောက်လိုက်သည့် နေ့က ရခဲ့သော ရနံ့ကို ပြန်တွေးမိချိန်တွင် သူ့အား အနည်းငယ် ခေါင်းမူးသွားစေသလိုပင်။
ထို့နောက် လီချင်းအား တိုးညှင်းစွာ ပြန်ဖြေလိုက်၏။
“သေချာတာပေါ့... ကျွန်တော့်မှာ ယုံကြည်မှု ရှိပါတယ်”
“ညီလေးကျန်းက တကယ်ကို မောက်မာတာပဲ”
ကျောက်ဟူက ဘေးမှနေ၍ လှောင်ပြောင်လိုက်ပြီး…
“ငါတောင် အရည်အချင်းစစ်ပွဲကို သေချာပေါက် အောင်မြင်မယ်လို့ အာမမခံရဲဘူး... သိုင်းပညာ လေ့လာတာ နှစ်လ၊ သုံးလလောက်ပဲ ရှိသေးတဲ့ ညီလေးကျန်းက ဒီလောက် ကြီးကြီးကျယ်ကျယ် ကြွားဝါရဲတယ် ဆိုတော့ တကယ့်ကို အံ့ဩစရာပဲ”
မိမိအား စူးရှစွာ စိုက်ကြည့်နေသော ကျောက်ဟူကို မြင်လျှင် ကျန်းနင်မှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
ခန့်မှန်းနေစရာပင် မလိုဘဲ စောစောက လီချင်း သူ့အပေါ် အနည်းငယ် ရင်းနှီးသည့် အရိပ်အယောင် ပြသခဲ့ခြင်းကြောင့် ကျောက်ဟူက သူ့အား ပစ်မှတ်ထားလာမှန်း သူ သိလိုက်လေသည်။
သိုင်းခန်းမ အတွင်း၌ ကျောက်ဟူတစ်ယောက် လီချင်းအား သဘောကျနေကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။
ကျောက်ဟူ တစ်ယောက်တည်းသာမက... တခြားသော တပည့် အများအပြားမှာလည်း လီချင်းကို တိတ်တဆိတ် သဘောကျနေကြခြင်းပင်။
အဘယ်ကြောင့်ဆိုသော် လီချင်း၏ အရပ်မှာ မြင့်မားပြီး ခန္ဓာကိုယ် အချိုးအစားလည်း ပြေပြစ်လှ၏။ လော့ရွှေခရိုင် တစ်ခုလုံးတွင်ပင် သူမကို အလှပန်းလေး တစ်ပွင့်ဟု တင်စား ခေါ်ဝေါ်နိုင်ပေသည်။
ထို့အပြင် ချမ်းသာ ကြွယ်ဝသော မိသားစု နောက်ခံကြောင့် သူမ အနေဖြင့် ဘဝ၏ ကြမ်းတမ်း ခက်ခဲမှုများကို မကြုံတွေ့ခဲ့ရချေ။ သိုင်းပညာ လေ့ကျင့်ခြင်းကပင် သူမ၏ အသားအရေကို ကြမ်းတမ်း မှေးမှိန်သွားစေခြင်း မရှိခဲ့ပေ။
ရမ္မက်ဆန္ဒများ ထက်သန်သည့် လူငယ်အရွယ်တွင် လီချင်းအား တိတ်တဆိတ် သဘောကျ စွဲလမ်းခြင်းမှာ အတော်လေး အဓိပ္ပာယ် ရှိလှသည် မဟုတ်ပါလား။
“အလှအပ ဆိုတာ ဘေးဒုက္ခတစ်ခုပဲ... ဒီစကားက တကယ်ကို မမှားဘူး”
ကျန်းနင်က စိတ်ထဲမှ တွေးလိုက်မိ၏။
ထို့နောက် သူ၏ အကြည့်တို့က ကျောက်ဟူကို လျင်မြန်စွာ ကျော်ဖြတ်သွားတော့သည်။
“ကျန်းနင်... မင်း အဲ့လို ကြည့်တာ ဘာသဘောလဲ” ကျန်းနင်၏ အကြည့်ကို မြင်လျှင် ကျောက်ဟူမှာ လီချင်း ရှေ့တွင် ချက်ချင်း ဒေါသထွက်လာတော့၏။
“ခင်ဗျားက ပြဿနာ ရှာချင်နေတာလား” ကျန်းနင်က မျက်မှောင်ကြုတ်၍ ကျောက်ဟူအား ပြန်ကြည့်လိုက်သည်။
ထိုစူးရှသော အကြည့်ကြောင့် ကျောက်ဟူ၏ ရင်ထဲ ရုတ်တရက် တုန်လှုပ်သွားရ၏။
ကျန်းနင်၏ လက်ထဲတွင် အသက်ပေါင်း ဒါဇင်နှင့်ချီ၍ စတေးခံခဲ့ရပြီး ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် သူ မရည်ရွယ်ဘဲ ထုတ်လွှတ်လိုက်သော အငွေ့အသက်မှာပင် ထိတွေ့ ခံစားနိုင်လောက်သည့် လူသတ်ငွေ့များ ခပ်ရေးရေး ပါဝင်နေတော့သည်။
“ဟင်”
ထိုအငွေ့အသက်ကို ခံစားမိလျှင် ကျိုးရှင်းက ကျန်းနင်အား ခဏတာ ဘေးတိုက် စောင်းကြည့်လိုက်မိ၏။
သူ၏ မျက်လုံးများထဲ၌ စဉ်းစားတွေးတောနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။
“ဒီကျန်းနင်က ထင်သလောက် ရိုးရှင်းပုံ မပေါ်ဘူး... အရင်ကတော့ တကယ့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံ မရှိတဲ့ ဖန်လုံအိမ်ထဲက ပန်းလေး တစ်ပွင့်လို့ပဲ ငါ ထင်ထားခဲ့တာ”
“အခုကြည့်ရသလောက် ကျန်းနင် ထုတ်လွှတ်လိုက်တဲ့ လူသတ်ငွေ့ကို ထောက်ရင် သူ့လက်ထဲမှာ အသက်အတော်များများ သေဆုံးခဲ့ဖူးတယ်ဆိုတာ သိသာနေတယ်”
“သူ သိုင်းပညာ လေ့ကျင့်တာ သုံးလကျော်လေးပဲ ရှိသေးတာတောင် လူသတ်ငွေ့ အရိပ်အယောင်တွေကို ပျိုးထောင်နိုင်နေပြီ”
“ထူးခြားတယ်... တကယ်ကို ထူးခြားလွန်းတယ်”
တစ်ချိန်တည်းမှာပင်…
ဝမ်ကျင်းက သူ့အနောက်မှ ဆူညံသံများကို သတိထားမိသွားပြီး ကျန်းနင်နှင့် ကျောက်ဟူတို့ ရှိရာဘက်သို့ ချက်ချင်း ခေါင်းလှည့်လာခဲ့၏။
“မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ”
“ဘာမှ မဖြစ်ပါဘူး” ကျန်းနင်က ခေါင်းခါပြသည်။
ကျောက်ဟူလည်း ဝမ်ကျင်း လှမ်းကြည့်နေသည်ကို မြင်လျှင် အနည်းငယ် ခေါင်းခါယမ်း၍…
“ဘာမှမဖြစ်ပါဘူး ဆရာ”
ဝမ်ကျင်းက ခေါင်းပြန်လှည့်သွားပြီးနောက် ကျောက်ဟူက သူ၏ အကြည့်ကို တိတ်ဆိတ်စွာ ရုပ်သိမ်းလိုက်ပြီး သူ့ဘာသာ တီးတိုး ရေရွတ်နေမိတော့သည်။
“ခုနက ဘာကြီးလဲ”
“ဘာလို့ ဒီကောင်လေးက ငါ့ကို ရုတ်တရက် ကြောက်လန့်သွားအောင် လုပ်နိုင်ရတာလဲ”
“ဒီကောင်လေးက ငါ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်လို့များလား”
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်တာ”
ကျောက်ဟူက ထိုအကြောင်းတွေးရင်း ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်လေသည်။
…
အခြားတစ်နေရာ…
တိမ်လွှာ တည်းခိုခန်း…
ရေပြင်အား ထိုးခွဲလိုက်သည့် အသံတစ်ခုနှင့်အတူ သူ ရေထဲသို့ ငုပ်လျှိုး ဝင်ရောက်သွားတော့သည်။
End
***