နိုဝင်ဘာလ ၈ ရက်နေ့တွင် မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်အဖြစ် အေဂျက်စ်ကို အိမ်ကွင်း၌ ဧည့်ခံ ကစားမည် ဖြစ်သည်။
တန်ဟက်ဂ်က အိုးထရက်ဖို့ဒ်ကွင်းတွင် ရပ်ကာ ကြီးကျယ်ခမ်းနားလှသော အိပ်မက်ပြဇာတ်ရုံကြီးကို ကြည့်ရင်း ပရိသတ်များ၏ စိတ်အားထက်သန်သော အားပေးသံများကို နားထောင်နေသည်။
ထို့နောက် သူ့ကိုယ်သူ ရည်မှန်းချက် တစ်ခု သတ်မှတ်ပေးလိုက်သည်။
‘ဟုတ်တယ်... ဒီဘဝမှာ ငါ့ရဲ့ ရည်မှန်းချက်က မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ပြီး ထိပ်တန်းအဆင့် နည်းပြချုပ် တစ်ယောက် ဖြစ်လာဖို့ပဲ’
ပွဲစတင်ပြီးနောက်...
လူစားလဲမှုများ ပြုလုပ်ထားသော မန်ချက်စတာ ယူနိုက်တက် လူစာရင်းကို ရင်ဆိုင်ရချိန်တွင် အေဂျက်စ်တို့ လုံးဝ သနားညှာတာမှု မပြဘဲ တိုက်စစ်မုန်တိုင်း တစ်ခုကို ဖန်တီးလာကြသည်။
ဇီယက်ချ် ၊ လီဆန်ဒရိုနှင့် ဗန်ဒယ်ဘိခ်တို့ သုံးဦးက သူတို့၏ လျင်မြန်သော ပေးပို့မှုများနှင့် ရွေ့လျားမှုများဖြင့် မန်ချက်စတာ ယူနိုက်တက်၏ ကွင်းလယ် ခံစစ်ကြောင်းကို လျင်မြန်စွာ ကျော်ဖြတ်သွားကြသည်။
ထို့နောက် သူတို့၏ တိုက်စစ်ကို တောင်ပံများဆီသို့ ရွှေ့ပြောင်းလိုက်ကြသည်။
နည်းဗျူဟာ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဂွါဒီယိုလာ၏ ခြေရာလက်ရာများကို အမှန်တကယ် တွေ့မြင်နိုင်ပါသည်။ သို့သော် အေဂျက်စ်၏ အဓိက ကစားဟန်သည်မူ တစ်သင်းလုံးတက် ၊ တစ်သင်းလုံးဆင်း မူဝါဒ ဖြစ်နေဆဲပင်…။
တစ်သင်းလုံးတက် ၊ တစ်သင်းလုံးဆင်း နည်းဗျူဟာက ဘောလုံး သမိုင်းတွင် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှစ၍ ဘောလုံး နည်းဗျူဟာများသည် ဘောလုံးနှင့် ကစားသမားများ အကြောင်း သက်သက် မဟုတ်တော့ဘဲ ကွင်းအတွင်းရှိ နေရာလွတ်များကို မည်သို့ အသုံးချမည်နည်း ဆိုသည့် အချက်အပေါ် မူတည်လာသောကြောင့်ပင်။
တိုက်စစ်ဆင်သည့်အခါ... ကိုယ့်ရဲ့ နေရာလွတ်ကို ပိုကျယ်အောင် လုပ်ရမည်။ ခံစစ်ကစားသည့်အခါ... ပြိုင်ဘက်ရဲ့ နေရာလွတ်ကို ပိုကျဉ်းအောင် လုပ်ရမည်။
အေဂျက်စ် ကစားသမားများက သူတို့၏ နည်းဗျူဟာများကို အကောင်းဆုံး အကောင်အထည် ဖော်နေကြပြီး နေရာလွတ် ပိုမို ရရှိစေရန် သူတို့၏ တိုက်စစ် ဧရိယာကို ဖြန့်ကျက်ထားကြသည်။ မာဇာရာဝီက ဘောလုံးလက်ခံရန် ရှေ့သို့ လျင်မြန်စွာ ပြေးထွက်လာပြီး ပင်နယ်တီ ဧရိယာ ညာဘက်ခြမ်းမှနေ၍ ကန်သွင်းလိုက်သည်
ရွှစ်...
ဘောလုံးက ဂိုးပေါက်ဆီသို့ တည့်မတ်စွာ လေထဲပျံဝဲလာသည်။ အေဂျက်စ် တိုက်စစ်မှူး ပရုန်းစ်က လေထဲသို့ အလိုက်သင့် ခုန်တက်ကာ မန်ချက်စတာ ယူနိုက်တက် ဂိုးပေါက်အတွင်းသို့ ခေါင်းတိုက် သွင်းယူလိုက်သည်။
“အေဂျက်စ်တို့ အဝေးကွင်းမှာ ဦးဆောင်ဂိုး စတင်ရရှိသွားပါပြီ။ သူတို့က ဖျက်မြင်းအသင်း တစ်သင်း ဖြစ်နေဆဲပါပဲ”
“ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်ကို ပြတ်ပြတ်သားသား အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်လုနီးပါး အထိ ဖြစ်ခဲ့တယ်”
“အိုးထရက်ဖို့ဒ်ကွင်းမှာရော သူတို့က အံ့ဖွယ် ဖြစ်ရပ် တစ်ခုကို ထပ်မံ ဖန်တီးနိုင်ဦးမလား...”
ကွင်းဘေးရှိ တန်ဟက်ဂ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်တော့ဘဲ အေဂျက်စ် ပရိသတ်များဘက်သို့ လှည့်ကာ လက်သီးကို အရိုင်းဆန်ဆန် ဆုပ်ပြလိုက်သည်။
မိုက်တယ်ကွ…
အခုကစပြီး ထိပ်သီးအသင်းတွေက ငါ့ကို သေချာပေါက် သတိထားမိကြတော့မှာပဲ။
ရုတ်တရက် တန်ဟက်ဂ် ပြန်လည် တည်ငြိမ်သွားပြီး မန်ချက်စတာ ယူနိုက်တက် အရန်ခုံတန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
အိုး... ချူဖုန်း ဒီနေ့ လူစာရင်းမှာ မပါဘူးပဲ... ငါတို့ လွတ်လွတ်လပ်လပ် အောင်ပွဲခံလို့ ရတာပေါ့။
မော်ရင်ညိုကတော့ ခုံတန်းပေါ်တွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်။
ယခုပွဲ၏ ရလဒ်ကို သူ ဂရုမစိုက်ပေ။
လက်ရှိအနေအထားတွင် မန်ချက်စတာယူနိုက်တက် အနေဖြင့် ကစားသမားများကို အနားပေးရန် မဖြစ်မနေ အလှည့်ကျ အသုံးပြုရမည် ဖြစ်သည်။ မဟုတ်လျှင် အုပ်စုလိုက် ဒဏ်ရာရမည့် အန္တရာယ် ကြီးမားစွာ ရှိနေသည်။
သေချာသည်ကတော့ နောက်ထပ် အကြောင်းပြချက် တစ်ခုလည်း ရှိပါသေးသည်။
သူ့အတွက် သန်ဘက်ခါတွင် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်က ယခုပွဲထက် ပို၍ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် လီဗာပူးနှင့် မန်ချက်စတာစီးတီးတို့က မန်ချက်စတာ ယူနိုက်တက်၏ အနောက်မှ ကပ်လိုက်နေသောကြောင့် ဖြစ်သည်။
ဒိုင်လူကြီးက ပွဲသိမ်းခရာ မှုတ်လိုက်ပြီးနောက်... အမှတ်ပေးဘုတ်တွင် ၀-၁ ဟု ပြသနေပြီး မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ်တွင် နောက်ဆုံး၌ ရှုံးပွဲ တွေ့ခဲ့လေပြီ။
“မန်ချက်စတာယူနိုက်တက်က အရမ်းကောင်းတဲ့ အသင်းပါ။ တိုက်စစ်လည်း ကောင်းသလို ပြေးလွှားမှုတွေလည်း အများကြီး လုပ်နိုင်တယ်...”
“သေချာပါတယ်... ပွဲနိုင်သွားတဲ့အတွက် ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်ထက် အများကြီး အားနည်းမနေဘူး ဆိုတာ သက်သေပြနိုင်ခဲ့တယ်...”
“ဟုတ်တယ်... ဒီရာသီ ငါတို့ရဲ့ ရည်မှန်းချက်က ဗိုလ်လုပွဲပါပဲ။ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီးကို ကျွန်တော်တို့ သီသီလေး ရှုံးခဲ့တယ်။ အခု လူစာရင်းက ပိုပြီး ပြီးပြည့်စုံပြီး အချိတ်အဆက် မိလာပြီ။ အသင်းသားတွေ အားလုံးကလည်း ယုံကြည်မှု အပြည့် ရှိနေကြတယ်...”
“ချူ ဝင်မကစားခဲ့ဘူး ဟုတ်လား...”
“အတူတူပဲလေ။ ကျွန်တော်တို့မှာလည်း ဟန်တယ်လာက ဒဏ်ရာရလို့ နားနေရတာပဲ။ ငါတို့ အားလုံး စုံသွားတဲ့ အချိန်ကျရင် ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှာပါ။ တခြားတစ်နေ့မှာသာ ဆိုရင် ကျွန်တော်တို့ ဒီပွဲကို ဒီထက်ပိုပြီး ဂိုးပြတ် အနိုင်ရနိုင်တယ်...”
“ဒါနဲ့ ဟန်တယ်လာက ဘယ်သူလဲ”
တန်ဟက်ဂ်က မေးခွန်း ပြန်ထုတ်သော သတင်းထောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ‘ဒီကောင်ရဲ့ ပရော်ဖက်ရှင်နယ် အဆင့်အတန်းက တကယ်ကို နိမ့်ကျတာပဲ’ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
မော်ရင်ညိုကတော့ သိပ်အများကြီး မပြောခဲ့ပေ။
စီစဉ်ထားသော အလှည့်ကျ လူစာရင်းက အသင်းအတွက် အကျိုးကျေးဇူးများစွာ ရှိသည်။
နိုင်ပွဲကို မျက်ကန်းတစ္ဆေလို လိုက်ရှာနေခြင်းက အသင်းတစ်သင်းကို ပြိုကျသွားစေနိုင်သည်။
ချန်ပီယံလိဂ် အုပ်စုအဆင့် စတုတ္ထပွဲစဉ် ပြီးဆုံးပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ်ရက်သို့ ရောက်ရှိလာခဲ့သည်။
မန်ချက်စတာ ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်သည်။
ပွဲချိန် ၂၁ မိနစ်…
ချူဖုန်းက ဘယ်ဘက်မှ ခံစစ်ကစားသမားကို ခါချလိုက်ပြီး လှည့်ကာ တိကျသော အဝေးပေးပို့မှု တစ်ခု ပြုလုပ်လိုက်သည်။
မာရက်ဇ်က ပြေးဝင်ကာ ဘောလုံးကို အလိုက်သင့် ထိန်းချုပ်ပြီး ကန်သွင်းလိုက်သည်။
ဆောင်းရာသီတွင် မာရက်ဇ်က မက်ဆီနှင့် ယှဉ်နိုင်လောက်အောင် သူ၏ လှုပ်ရှားမှုများက မြန်ဆန်ပြီး တည်ငြိမ်လှသည်။ ထို့ကြောင့် ဘရိုက်တန်၏ ဂိုးပေါက် အလွယ်တကူ ပွင့်သွားခဲ့သည်။
၁ : ၀
“ချူ... နောက်ဆိုရင် ငါ့ဆီကို ဘောလုံး ပိုပေးစမ်းပါ။ ဒါမှ ငါ ရွှေဖိနပ်ဆု တစ်ကြိမ်လောက် ရနိုင်မှာ...”
မာရက်ဇ်က ဂိုးသွင်းပြီးနောက် အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒါဆို မင်း ငါ့ရဲ့ ဂိုးသွင်းဆုကြေးကို ပြန်ပေးရမယ်လေ” ချူဖုန်း မျက်လုံးလှန်ပြလိုက်သည်။
မာရက်ဇ် ချက်ချင်း နောက်ဆုတ်သွားပြီး “ငါ အဲဒီလောက်တော့ ပေးနိုင်မှာ မဟုတ်ဘူး။ ဒါဆိုလည်း မင်းကိုယ်တိုင်ပဲ သွင်းလိုက်ပါတော့...” ဟု ပြောလိုက်သည်။
ချူဖုန်းက လက်ရှိ ပရီးမီးယားလိဂ်တွင် ပြိုင်ဘက်ကင်းသော အခွင့်အရေးများကို ရရှိခံစားနေရသည်။ အလွန် မြင့်မားလှသော အခြေခံ လစာအပြင် ပို၍ ကြောက်စရာကောင်းသည်မှာ အပိုဆောင်း စည်းကမ်းချက်များပင် ဖြစ်သည်။
သွင်းဂိုးများ၊ ဖန်တီးမှုများ၊ ဆုတံဆိပ်များ အစရှိသည်တို့ အားလုံးကို ပေါင်စတာလင် အဖြစ် ပြောင်းလဲနိုင်သည်။
အထူးသဖြင့် လူအများ စောင့်မျှော်နေကြသော ဒီဇင်ဘာလ ဘလွန်းဒီအောဆုက ချူဖုန်းအတွက် ကြီးမားသော ဝင်ငွေများ ယူဆောင်လာပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် ဤအရာများ အားလုံးက အသေးအဖွဲများသာ ဖြစ်ပြီး အစစ်အမှန် အကျိုးအမြတ်များမှာ ကြော်ငြာများ၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် အခြားအရာများတွင် တည်ရှိသည်။
ထို့အပြင် အာရှ၏ ပထမဆုံး ဘလွန်းဒီအောဆုရှင် ဖြစ်လာခြင်းက တရုတ်ဘောလုံး ရပ်ဝန်း အတွက် သာမက အာရှဈေးကွက် တစ်ခုလုံး အတွက်ပါ ကြီးမားသော သက်ရောက်မှု ရှိလာမည်ကို ကြိုတင် ခန့်မှန်းနိုင်ပေသည်။
ဘရိုက်တန်တို့၏ အေဂျက်စ်ကဲ့သို့ အိုးထရက်ဖို့ဒ်တွင် မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူမည့် အိပ်မက်သည်မူ အကောင်အထည် မပေါ်လာခဲ့ပေ။ သူတို့သည် ၃-၀ ရလဒ်ဖြင့် စိတ်ပျက်ဖွယ် ရှုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရသည်။
ထို့နောက် တရုတ်ပရိသတ်များ အများဆုံး စောင့်မျှော်နေကြသော အာရှဇုန် ခြေစစ်ပွဲ အဆင့်၏ နောက်ဆုံးပွဲစဉ် ရောက်ရှိလာပြီ ဖြစ်သည်
ချူဖုန်းသည် ဘုန်းမောက်နှင့် ပွဲအပြီးတွင်ပင် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဆီးရီးယားနိုင်ငံတွင် အားကစားကွင်း အဆောက်အအုံများ မရှိသဖြင့် ပွဲကို ဒူဘိုင်းတွင် ကျင်းပမည် ဖြစ်သောကြောင့်ပင်။
***