နိုဝင်ဘာလ ၁၄ ရက်။
အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် - တရုတ်နှင့် ဆီးရီးယား။
ချူဖုန်းအတွက် ဒူဘိုင်းဆိုသည်မှာ အသစ်အဆန်း မဟုတ်တော့ချေ။ ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ်ကို ကျင်းပစဉ်ကလည်း မန်ယူအသင်းနှင့်အတူ သူ ဤနေရာသို့ ရောက်ရှိခဲ့ဖူးသည်။
လေဆိပ်မှ ထွက်လာသည်နှင့် ချူဖုန်းတစ်ယောက် ဝူလေနှင့် ပြန်ဆုံသည်။ ဝူလေ၏ မျက်ကွင်း ညိုနေသည်ကို လက်ညှိုးထိုးပြရင်း သူက ခပ်နောက်နောက် မေးလိုက်၏။
"မင်းရဲ့ မျက်ကွင်းကြီးက ထိုးခံထားရသလိုချည်း ဖြစ်နေတယ်။ အိပ်ရေးမဝဘူးလား..."
"လာလီဂါ ပွဲစဉ် ၁၃က အခုမှ ပြီးတာလေ... ပြီးတာနဲ့ နားချိန်မရှိဘဲ တန်းပြေးလာရတာ... လေယာဉ်ပေါ်မှာလည်း လုံးဝ အိပ်မပျော်ဘူး... အချိန်ကွာခြားချက်နဲ့ ကျင့်သားရအောင်ပဲ အောင့်ထားရတော့မယ်..."
ဝူလေလည်း သက်ပြင်းချရင်း မတတ်နိုင်သလို ပြောရှာသည်။ သူ့မှာသာ ကိုယ်ပိုင်ဂျက်လေယာဉ် ရှိလျှင် ဤမျှ အလျင်စလို ဖြစ်နေစရာ မလိုပေ။ သို့သော် လောလောဆယ်တွင် ဘာမှမတတ်နိုင်။
"ရပါတယ်... ကျန်သေးတဲ့ သုံးရက်က မင်းအနားယူဖို့ လုံလောက်ပါတယ်... ဒါနဲ့ ငါတို့နဲ့ ဆီးရီးယားက အခုထိ ရှုံးပွဲမရှိသေးဘူးနော်... ဒီပွဲနိုင်တဲ့သူက အုပ်စုပထမ နေရာကို ရမှာ..." ချူဖုန်းက စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါပေမဲ့ ငါတို့အသင်းမှာ ဒဏ်ရာရတဲ့သူတွေ များနေတယ်... လီလဲ့က ကြွက်သားဒဏ်ရာကြောင့် နုတ်ထွက်သွားပြီ... ကျန့်လင်းဖုန်းနဲ့ ကျီရှန့်တို့လည်း ဒဏ်ရာတွေ ရထားကြတယ်..." ဝူလေက တရုတ်အသင်း၏ ကံကို အနည်းငယ် စိတ်ပျက်နေမိသည်။
"စိတ်မပူပါနဲ့... ဆီးရီးယားဘက်မှာလည်း အထိနာနေတာပဲ... ဘွန်ဒက်လီဂါမှာ ကစားနေတဲ့ မိုဟာမက် အော့စမန် ဒဏ်ရာရနေသလို ကွင်းလယ်အမာခံ နှစ်ယောက်ဖြစ်တဲ့ မူဘာယက်ဒ်နဲ့ အက်ရှ်ကာတို့လည်း လေ့ကျင့်ရေးကနေ နုတ်ထွက်သွားပြီ..."
ထိုသို့ပြောရင်း ချူဖုန်းက ပြုံးလိုက်၏။ ဆီးရီးယားအသင်းသည် လက်ရှိတွင် ကွင်းလယ်လူ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။
"အေးလေ... ငါတို့ တိုက်စစ်ပိုင်းကတော့ အိုကေပါတယ်... အဓိကက ခံစစ်ပိုင်းကို သေသေချာချာ ထိန်းနိုင်ဖို့ပဲ..."
ချူဖုန်းက ခေါင်းညိတ်လိုက်သည်။
"ဆီးရီးယားရဲ့ တိုက်စစ်မှူး အိုမာ အယ်လ်ဆိုမာက (၃) ပွဲမှာ (၇) ဂိုး သွင်းထားတာ... ဂိုးသွင်းနှုန်းက တော်တော်လေး ကောင်းတယ်..."
"ဘယ်သူက မင်းထက်သာမှာလဲကွာ... မင်းက (၃) ပွဲတည်းနဲ့ ဆယ်ဂိုးကျော် သွင်းထားတာလေ... သူ့ထက် အဝေးကြီးကို ရောက်နေတာ... နောက်ပွဲတွေ မင်းမကစားရင်တောင် ဂိုးသွင်းအများဆုံး ဇယားထိပ်မှာ မင်းပဲ ရှိနေမှာ..."
ဝူလေက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
ဂြိုဟ်သားတစ်ယောက်နှင့် အသင်းဖော် ဖြစ်ရသည်မှာ ဖိအား တော်တော်ကြီးလှသည်။ ဝူလေသည် သားမယားနှင့် လူကြီးတယောက် ဖြစ်နေပြီ ဖြစ်သော်လည်း ချူဖုန်း၏ ခြေဖျားမီရန်နှင့် အသင်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် အပိုဆောင်း လေ့ကျင့်ရေးများကို အမြဲ ပြုလုပ်နေရသည်။
မကြာမီ...။
သူတို့နှစ်ဦး လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိသွားသောအခါ တရုတ်လက်ရွေးစင် ကစားသမားများမှာ တီးတိုးတီးတိုးဖြင့် အတင်းပြောနေကြလေသည်။
"ဟေ့... ကျင်းကျင့်တောက်က လက်ရွေးစင်အသင်းမှာ ပါတာမဟုတ်လား... ဘာလို့ ရုတ်တရက်ကြီး လူစာရင်းကနေ ပယ်ထုတ်ခံလိုက်ရတာလဲ..." ဟောက်ကျွင်းမင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
"သူက အသင်းဖော်တွေနဲ့ ပေါင်းပြီး လုပ်ပွဲတွေ လုပ်ထားတာလေ... ပထမအကျော့ စုံစမ်းစစ်ဆေးမှုမှာ လွတ်သွားပေမဲ့ အခု ဒုတိယအကျော့မှာတော့ အမိခံလိုက်ရပြီ... ငါ့အထင်တော့ အနည်းဆုံး ထောင် (၃) နှစ်လောက် ကျမယ် ထင်တယ်..."
ကျန့်ရှီးကျီက သူကြားထားသော သတင်းများကို ပြန်မျှဝေနေခြင်း ဖြစ်သည်။
ယခုအခါတွင် အထက်မှ အောက်သို့ စစ်ဆေးမှုများသာမက ကလပ်အသင်း အသီးသီးတွင် စောင့်ကြည့်ရေးအဖွဲ့များ ထားရှိခြင်း၊ သတင်းပေးပို့နိုင်သော လမ်းကြောင်းများစွာ ဖွင့်လှစ်ထားခြင်းတို့ကြောင့် အကျင့်ပျက်ခြစားမှုများကို အကြီးအကျယ် နှိမ်နင်းနေပြီ ဖြစ်သည်။
"ချူဖုန်း လာပြီဟ..."
"မင်းတို့နှစ်ယောက် လမ်းမှာ ဆုံလာကြတာလား..."
ချူဖုန်းကို မြင်သည်နှင့် အားလုံးက ထရပ်ကာ နွေးထွေးစွာ နှုတ်ဆက်ကြသည်။ ၎င်းမှာ ဖားနေခြင်း မဟုတ်။
ချူဖုန်း၏ လက်ရွေးစင်အသင်းနှင့် လူငယ်မျိုးဆက်သစ်များအတွက် ပေးဆပ်မှုများကို အားလုံးက မြင်တွေ့နေရ၍ ဖြစ်သည်။ အသိတရားရှိသူတိုင်း သူ့ကို ရင်ထဲကနေ လေးစားကြသည်။
နေ့လယ်စာ စားပြီးနောက်...။
နည်းပြ လစ်ပီက ကစားသမားအားလုံးကို စုစည်းကာ ပွဲထွက် နည်းဗျူဟာများကို ဆွေးနွေးလေသည်။
"ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့... ငါတို့ရဲ့ ပန်းတိုင်က အနိုင်ရဖို့နဲ့ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ဖို့ပဲ..."
"ဆီးရီးယားရဲ့ အဓိက တိုက်စစ်က ဘယ်တောင်ပံကနေ လာမှာ..."
"ဟုတ်တယ်... သူတို့က ဝါ့ဒ်ဆာလာမာရဲ့ လိမ်ခေါက်နိုင်စွမ်းကို သုံးပြီး တောင်ပံကနေ ကျော်ဖြတ်မယ်... ပြီးရင် အိုမာဆီကို ဖြတ်တင်ပေးမယ်... သူတို့ နည်းဗျူဟာက ဒါပါပဲ... အသစ်အဆန်း မရှိဘူး..."
"ဒါကြောင့် ကျန့်လင်းဖုန်း... မင်း ဒီပွဲမှာ ညာနောက်ခံလူအဖြစ် ကစားရမယ်..."
လစ်ပီက ပရိုဂျက်တာ စခရင်ကို လက်ညှိုးထိုးပြရင်း အမိန့်ပေးလိုက်သည်။
သူသည် မူလက ဝမ်ကန်ကို သုံးရန် စဉ်းစားခဲ့သော်လည်း ထိုကစားသမား၏ ခံစစ်စွမ်းရည်မှာ အားနည်းလွန်းလှသည်။ ထို့ပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှုမှာလည်း အလွန်ညံ့ဖျင်းသည်။
"ကျွန်တော် အဆင်ပြေပါတယ်..."
ကျန့်လင်းဖုန်းက တည်ငြိမ်စွာ ပြန်ပြောသည်။ သူ့ခြေချင်းဝတ်က အနည်းငယ် ရောင်နေသော်လည်း ပွဲအပေါ် သက်ရောက်မှု အများကြီး ရှိမည်မဟုတ်ဟု သူ ယုံကြည်သည်။
အမှန်တော့ သူသည် မူလက ညာနောက်ခံလူ ဖြစ်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပြေးနှုန်း လျော့လာသောကြောင့် ဗဟိုနောက်ခံလူအဖြစ် ပြောင်းကစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ ဝါရင့် ခံစစ်အတွေ့အကြုံများက ခံစစ်တာဝန်ကို ကျေပွန်စေမည်မှာ အသေအချာပင်။
"ကဲ... အခု တိုက်စစ်ပိုင်းအကြောင်း ပြောရအောင်... ရှေ့ကိုပဲ သွားမယ်... ရှေ့ကိုပဲ သွားမယ်... ရှေ့ကိုပဲ သွားမယ်..."
"ဒါ ငါ့ရဲ့ တောင်းဆိုချက်ပဲ..."
"ဆီးရီးယားမှာ ကွင်းလယ်လူ မရှိဘူး... ဒါကြောင့် သူတို့က ဖိလစ်ပိုင်တို့လိုပဲ လူကပ်ခံစစ်နဲ့ ကစားကွက်ကို ဖျက်ဖို့ ကြိုးစားလိမ့်မယ်..."
"ဒါကြောင့် အရမ်းကြီး အထိန်းအသိမ်း မလုပ်နဲ့... အခွင့်အရေးကို တက်တက်ကြွကြွ ရှာ... ရလာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ဂိုးစောစောရအောင် လုပ်... ပြီးမှ ပွဲရဲ့ အရှိန်အဟုန်ကို ထိန်းချုပ်ကြတာပေါ့..."
လစ်ပီ၏ ဩဇာညောင်းလှသော အသံမှာ အစည်းအဝေးခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။ ကိုးလ ကြာပြီးနောက် ဤနေရာသို့ ပြန်ရောက်လာချိန်တွင် သူသည် အတိတ်မှ အာရှဖလား ပွဲစဉ်များကို ပြန်လည် မြင်ယောင်နေမိသည်။
"ဒီပွဲက ကြားနေကွင်းမှာ ကစားတာ ဆိုပေမဲ့ ဆီးရီးယားကတော့ ဒီကွင်းနဲ့ အကျွမ်းတဝင် ရှိနေပြီ..."
"ပြီးခဲ့တဲ့ လေးနှစ်အတွင်း သူတို့က ကြားနေကွင်း (၁၅) ပွဲမှာ ရှုံးပွဲမရှိသေးဘူး... တောင်ကိုရီးယား၊ အီရန်၊ ဩစတြေးလျနဲ့ အီရတ်တို့လို အသင်းတွေကို သရေကစားနိုင်ခဲ့သလို ကာတာကိုတောင် အနိုင်ယူခဲ့ဖူးတယ်..."
"ဒါကြောင့် အားလုံးက စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့် ပြင်ထားကြ... ဒါ ငါတို့အတွက် ပထမဆုံး ခက်ခဲတဲ့ တိုက်ပွဲပဲ... ဒါပေမဲ့ ငါတို့ မဖြစ်မနေ အနိုင်ရရမယ့် တိုက်ပွဲလည်း ဖြစ်တယ်..."
လစ်ပီက သူ့မျက်မှန်ကို အသာအယာ ပြင်လိုက်ရင်း ချူဖုန်းကို မော့ကြည့်သည်။ တရုတ်အသင်း၏ ခံစစ်မှာ လက်ရှိတွင် အားနည်းနေသေးသည်ကို သူသိသည်။
သူတို့က ဆီးရီးယား တိုက်စစ်ကို ထိန်းရခက်မည်မှာ အမှန်ပင်။ ထို့ကြောင့် ဂိုးသွင်းနိုင်ရန်ကသာ အဓိကကျသည်။ ဆီးရီးယား၏ ခံစစ်မှာမူ အာရှတွင် အကောင်းဆုံးစာရင်းဝင် ဖြစ်နေပြန်သည်။
"ဆီးရီးယားရဲ့ ဘယ်နောက်ခံလူက တော်တော်လေး အားနည်းတယ်... ဒါကြောင့် ကျွန်တော် အဲဒီဘက် ကနေ ခဏခဏ ထိုးဖောက်ဖို့ ကြိုးစားလိမ့်မယ်... အဲဒီအချိန်ကျရင် အသင်းဖော်တွေက ကျွန်တော့်နေရာကို အချိန်မီ လာဖုံးပေးဖို့ လိုမယ်..."
ပွင့်လင်းစွာ ဆွေးနွေးချိန်တွင် ချူဖုန်းက အကြံပြုလိုက်သည်။
"ကျွန်တော် သတိထားပါ့မယ်..."
ချီကျုံးကော်က ခေါင်းညိတ်လိုက်၏။ သူသည် မူလက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သော်ငြား ယခု ညာတောင်ပံ ကစားသမား အဖြစ် ရွှေ့လိုက်ခြင်း ဖြစ်သည်။
ချူဖုန်းအတွက် အညစ်အကြေးနှင့် ပင်ပန်းသမျှ အလုပ်များကို သူက ကူညီလုပ်ပေးရမည်မှာ သဘာဝပင်။ ဤအတွက် သူ ဘာမှ မကျေမနပ် ဖြစ်စရာမရှိ။
မန်ယူအသင်းမှာသာ ဆိုလျှင် ချူဖုန်းအတွက် အလုပ်ကြမ်း လုပ်ပေးချင်သူများမှာ တန်းစီနေကြမည် ဖြစ်သည်။ ပေါင် သန်း ၄၀ တန်ကြေး မရှိလျှင် ထိုအလုပ်ကို လုပ်ခွင့်ရရန်ပင် မလွယ်ကူပေ။ ထို့ပြင်... ချူဖုန်းနောက်တွင် ကပ်ကစားခြင်းက ရုပ်သံများတွင် ပိုမို ပါဝင်ခွင့်ရစေပြီး ခြေစွမ်းပြနိုင်လျှင် ဥရောပကလပ်များ၏ အာရုံစိုက်မှုကိုပင် ရရှိနိုင်သည် မဟုတ်ပါလား။
အားလုံးက သူတို့၏ အကြံဉာဏ်များကို မျှဝေကြပြီး နည်းပြအဖွဲ့နှင့်အတူ နည်းဗျူဟာများကို ပိုမို စိစိစပ်စပ် ဖြစ်အောင် ညှိနှိုင်းကြသည်။ သို့သော် အခြားသူများကတော့ စကားသိပ်မပြောကြပေ။
ပထမအချက်မှာ နည်းဗျူဟာပိုင်း နားလည်မှု အားနည်းခြင်းနှင့် ဒုတိယအချက်မှာ နည်းပြ လစ်ပီကို အနည်းငယ် ကြောက်နေကြခြင်းကြောင့် ဖြစ်သည်။
ဤသို့ဖြင့် လေ့ကျင့်လိုက်၊ နားလိုက်ဖြင့်... ဒူဘိုင်း၏ ပူပြင်းလှသော ရာသီဥတုကြားတွင် ပွဲအရှိန်အဟုန်က တဖြည်းဖြည်း မြင့်တက်လာသည်။
အဝေးမှ လာရောက်ကြသည့် တရုတ်ပရိသတ်များသည် မက်တုံ အားကစားကွင်းသို့ စောစီးစွာ ရောက်ရှိလာကြသည်။ အလံများ၊ ပိုစတာများ၊ အသံချဲ့စက်များနှင့် ဗုံများကိုလည်း အသင့် ယူဆောင်ထာကြသည်။ အဝေးကွင်းမှာ ကစားရသည် ဖြစ်သော်လည်း ပရိသတ်အင်အားမှာတော့ ထိပ်တန်းအဆင့်တွင် ရှိနေသည်။
ပွဲနေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ပွဲကြို သတင်းစာရှင်းလင်းပွဲတွင်...။
"မစ္စတာ လစ်ပီ... ဒီနေ့ပွဲအတွက် ဘာတွေ မျှော်လင့်ထားပါသလဲ..." ဒေသခံ သတင်းထောက်တစ်ဦးက မေးမြန်းလိုက်သည်။
"ငါတို့ရဲ့ ပန်းတိုင်က အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့် တက်ဖို့ပဲ..." လစ်ပီက ပြုံးလျက် ဖြေကြားသည်။
လစ်ပီကို ရိုးရှင်းသော မေးခွန်းအချို့ မေးပြီးနောက် သတင်းထောက်အားလုံးက ချူဖုန်းဘက်သို့ မိုက်ခရိုဖုန်းများ လှည့်လိုက်ကြသည်။
***