"ချူဖုန်း... ချူဖုန်း... ချူဖုန်း..."
မေးခွန်းပေါင်းများစွာ ပြိုင်တူ မေးမြန်းသံများကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားသည်။ သတင်းစာ ရှင်းလင်းပွဲ တာဝန်ခံက အမြန်ပင် ထိန်းညှိပေးလိုက်ပြီး သတင်းထောက်တစ်ဦးကို အရင်မေးရန် အချက်ပြလိုက်သည်။
"၁၉၉၆ ခုနှစ်ကစပြီး တရားဝင် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ တရုတ်အသင်းက ဆီးရီးယားကို တစ်ခါမှ မနိုင်ဖူးသေးဘူး... မင်းအနေနဲ့ ဒီကျိန်စာကို ချေဖျက်နိုင်မယ်လို့ ထင်သလား..."
ဒူဘိုင်းဒေသခံ မီဒီယာတစ်ခုမှ သတင်းထောက်က မေးလိုက်သည်။
သောက်ကျိုးနည်း...
ဤမေးခွန်းကို ကြားလျှင်ပင် ချူဖုန်းမှာ ဆဲချင်စိတ် ပေါက်သွားသည်။ ဘာတွေ လာမေးနေတာလဲ။ ဘာမှ မသိသူဆိုရင် ဆီးရီးယားက ကမ္ဘာ့ဖလား ချန်ပီယံကြီးများ မှတ်နေဦးမည်။
"ပထမဆုံးအနေနဲ့... မနိုင်ဖူးဘူး ဆိုပေမဲ့ သရေကျခဲ့တဲ့ ပွဲတွေ ရှိပါတယ်... ဒီကျိန်စာဆိုတာ ဘယ်ကနေ ရောက်လာတာလဲ ကျွန်တော် မသိဘူး..."
"ရှိခဲ့ရင်တောင် ကျွန်တော် စကစားကတည်းက ကျိန်စာတွေ အများကြီး ချေဖျက်ခဲ့ပြီးပြီ... မန်ယူရဲ့ ကျောနံပါတ် (၇) ကျိန်စာတို့၊ ချန်ပီယံလိဂ် အဝေးကွင်းမှာ (၃) ဂိုးပြတ် ရှုံးနေတာကို ပြန်နိုင်ခဲ့တဲ့ ကျိန်စာတို့ဆိုတာ အသစ်အဆန်း မဟုတ်တော့ဘူး..."
ချူဖုန်း၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်။
ပရိသတ်ကြားရှိ သတင်းထောက်များက မှတ်တမ်းတင်နေကြသည်။ သူသည် တကယ်ကို လူထူးဆန်းကြီး မော်ရင်ညို၏ တပည့်ရင်းပီသပေသည်။ ရင့်သီးလိုက်ပုံများ။
"ဆီးရီးယားနည်းပြချုပ် အီဗရာဟင်က ပြောတယ်... မင်းကို ထိန်းချုပ်ဖို့ အထူးနည်းဗျူဟာတွေ သုံးပြီး တရုတ်အသင်းကို တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အနိုင်ယူမယ်တဲ့... ဒီအပေါ် မင်း ဘယ်လိုထင်သလဲ..." သတင်းထောက်က ထပ်မေးပြန်သည်။
"ဒါဆိုရင် သူ့ကို မေးကြည့်လိုက်လေ... မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ လီဗာပူးနဲ့ တခြားအသင်းကြီးတွေကရော ကျွန်တော့်ကို ထိန်းချုပ်နိုင်ခဲ့လို့လားလို့..."
ချူဖုန်းက လူထုအမြင်ကို ဂရုမစိုက်ဘဲ ပြတ်ပြတ်သားသားပင် တုံ့ပြန်လိုက်သည်။ သတင်းစာရှင်းလင်းပွဲ တာဝန်ခံမှာ နဖူးမှ ချွေးစေးများကို သုတ်ရင်း မေးခွန်းမေးသည့် သတင်းထောက်ကို အမြန်ပင် လဲလိုက်ရသည်။
"ဆီးရီးယားရဲ့ ခံစစ်က အာရှမှာ ထိပ်တန်းအဆင့်ပဲ... မင်း သူတို့ခံစစ်ကို ထိုးဖောက်နိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား..."
ချူဖုန်းက စကားတစ်ခွန်းတည်းနှင့် အဆုံးသတ်လိုက်သည်။
"ကျွန်တော် ဆီးရီးယားကစားသမားတွေကို စိတ်မဝင်စားသလို သူတို့ ဘယ်သူဘယ်ဝါဆိုတာလည်း မခွဲခြားတတ်ဘူး... ကျွန်တော့်အတွက်တော့ သူတို့အားလုံးက အတူတူပါပဲ..."
မျှော်လင့်ထားသည့်အတိုင်းပင်။ အင်တာဗျူးအပြီးတွင် လူထုကြား၌ ဂယက်များစွာ ထွက်ပေါ်လာသည်။
လစ်ပီကတော့ ဘာမှ မပြောပေ။ အရည်အချင်းရှိသည့် ကစားသမားတိုင်းတွင် မာန်ရှိသင့်သည်ဟု သူ ယူဆသည်။
တရုတ်အသင်း၏ အဝတ်လဲခန်းအတွင်း...။
"ချူဖုန်း ပြောသလိုပဲ... တစ်ဖက်က ဘယ်သူလဲဆိုတာ စိတ်မဝင်စားနဲ့... သူတို့ အရင်က ငါတို့ကို နိုင်ခဲ့ဖူးတာက အမြဲတမ်း ပိုတော်နေမယ်လို့ မဆိုလိုဘူး..."
လစ်ပီက အားလုံးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ "အဲဒါ မဟုတ်ဘူးဆိုတာ ပြလိုက်ကြစမ်း..."
သူ အမြဲတမ်း ခံစားနေရသည်မှာ လက်ရွေးစင်အသင်းသည် တစ်ခုခု လိုအပ်နေသည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကစားရသည်မှာ ပျင်းစရာကောင်းနေသည်။ သို့သော် ဘောလုံးဆိုသည်မှာ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှု လိုအပ်သည်။ ခံစားချက်မရှိဘဲ ကောင်းကောင်း မကစားနိုင်ပေ။
"ညီအစ်ကိုတို့... တစ်နိုင်ငံလုံးက ငါတို့ကို စောင့်ကြည့်နေကြတာ... သူတို့ကို ထပ်ပြီး စိတ်မပျက်စေကြနဲ့တော့..."
ချူဖုန်း၏ စကားများက အားလုံးကို လှုံ့ဆော်ပေးလိုက်သည်။
"လာကြဟေ့..."
ဟိန်းဟောက်သံများက အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သွေးများ ဆူပွက်လာကြသည်။ ထို့နောက်တွင်မူ ချူဖုန်းက အဝတ်လဲခန်းတံခါးကို တွန်းဖွင့်ကာ ကစားသမားဝင်ပေါက်သို့ အရင်ဆုံး လျှောက်လှမ်းသွားလေသည်။
ဆီးရီးယား ကစားသမားများသည် ချူဖုန်းကို မြင်သည်နှင့် ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ ဤလူမှာ ယခုနှစ်၏ ဘလွန်းဒီအောဆု ရရန် အနီးစပ်ဆုံး လူသား မဟုတ်ပါလား။
ပွဲမတိုင်ခင်တွင် သူတို့၏ နည်းပြသည် ချူဖုန်း အတွက် အစီအစဉ် များစွာ ရှိသည်ဟု ပြောခဲ့သော်လည်း ဘယ်သူမှ တကယ်တမ်း အလေးမထားနိုင်ကြပေ။ နည်းဗျူဟာတိုင်းသာ အမှန်တကယ် ထိရောက်လျှင် ချူဖုန်းသည် ဖလား ၇လုံးကို ဘယ်လိုလုပ် ရနိုင်ပါမည်နည်း။
သို့သော် သူတို့သည်လည်း စစ်မီးများကြားမှ လာခဲ့သူများ ဖြစ်၍ ကြောက်ရွံ့နောက်ဆုတ်မည် မဟုတ်။ ဘယ်လောက်ပင် အင်အားကြီးသူ ဖြစ်ပါစေ… ရင်ဆိုင်ရမည်သာ။
ခေတ္တအကြာတွင် ဒိုင်လူကြီး၏ ဦးဆောင်မှုဖြင့် အသင်းနှစ်သင်းလုံး ကွင်းအတွင်းသို့ ဝင်ရောက်လာကြသည်။
"ဝေါင်း…"
ကြားကွင်း ဖြစ်သော်လည်း မြင်ကွင်းတစ်ခုလုံးမှာ အနီရောင်များဖြင့် ဖုံးလွှမ်းနေသည်။ ပရိသတ်အင်အားမှာ အနီရောင် ပင်လယ်ပြင်ကြီးအလား။
"တရုတ်နိုင်ငံတော် ရုပ်သံလိုင်းမှ ကြိုဆိုပါတယ်ခင်ဗျာ... အားလုံးပဲ မင်္ဂလာညချမ်းပါ..."
"သင်တို့ ကြည့်ရှုနေရတာကတော့ ၂၀၂၂ ကာတာကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ ပွဲစဉ် (၅) ဖြစ်တဲ့ ဆီးရီးယားနဲ့ တရုတ်အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်..."
"ဆီးရီးယားအသင်းရဲ့ ပွဲထွက်လူစာရင်းကို ကြည့်မယ်ဆိုရင် နည်းပြချုပ် အီဗရာဟင်က ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာပါတယ်..."
"ဆီးရီးယားအသင်းမှာ ပါဝင်တဲ့ ကစားသမား (၁၅) ယောက်က ပြည်တွင်းလိဂ်က ဖြစ်ပြီး ကျန်တဲ့ (၈) ယောက်ကတော့ အနောက်အာရှ နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ၊ ကာတာနဲ့ ကူဝိတ် လိဂ်တွေမှာ ကစားနေကြတာပါ..."
"တရုတ်ပရိသတ်တွေ အကျွမ်းတဝင်ရှိမှာကတော့ ၂၀၁၇-၁၈ ရာသီမှာ အယ်လ်ဟီလယ်အသင်းကို အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင် ကူညီပေးခဲ့တဲ့ ခရီဘင်ပဲ ဖြစ်ပါတယ်..."
"ဒါပေမဲ့ သူက တရုတ်အသင်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု မဟုတ်ပါဘူး... ကုန်းမြင့်ဒေသက အီဘရာဟီမိုဗစ် လို့ တင်စားခံရတဲ့ ဆိုမာက နာစီယွန်နယ်ဂျက်ဒါ အသင်းမှာ (၅) နှစ်အတွင်း (၁၆၆) ပွဲ ကစားပြီး (၁၅၁) ဂိုးအထိ သွင်းယူထားတဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးပါ..."
"တရုတ်အသင်းရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် နည်းပြ လစ်ပီကတော့ ၄-၄-၂ ပုံစံကိုပဲ ဆက်သုံးထားပါတယ်..."
"ပြည်ပကနေ နိုင်ငံသားပြောင်းထားတဲ့ ကစားသမား နှစ်ဦးလုံး ပါဝင်လာသလို ချူဖုန်းကတော့ ကွင်းလယ်တိုက်စစ် နေရာမှာ စတင်မှာ ဖြစ်ပါတယ်..."
"ဒီနေ့မှာလည်း သူဟာ ကလပ်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး လက်ရွေးစင်အသင်းအတွက် ဂိုးတွေ ထပ်မံ သွင်းယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..."
ဟယ်ဝေက အသင်းနှစ်သင်းအကြောင်း အကျဉ်းချုပ် ရှင်းလင်းတင်ပြနေသည်။ ချက်တင်ဘောက်စ်တွင်မူ မှတ်ချက်များမှာ နှင်းပွင့်များသဖွယ် ပလူပျံနေလေသည်။
[ဝမ်တာလဲ့ကို ဘာလို့ ပွဲမထုတ်တာလဲ...]
[ရန်ကျွင်းလင်းက ပိုပြီး တည်ငြိမ်ပါတယ်... သူက ပြေးနှုန်း နည်းပေမဲ့ ဂိုးဖမ်းတဲ့ နည်းစနစ်က ပိုကောင်းတယ်...]
[ဆီးရီးယားက တောင်ပံကနေ ဖြတ်တင်မှာ သေချာတယ်... ဒါကြောင့် ဂိုးသမားက ပိုပြီး စိတ်ချရဖို့ လိုအပ်တယ်...]
[ဒါနဲ့... ချူဖုန်းရဲ့ ပွဲကြိုစကားက နည်းနည်း မာန်တက်လွန်းနေသလားလို့...]
[ရပါတယ်ကွာ... ဆီးရီးယားဘက်က သတင်းစာရှင်းလင်းပွဲကို မင်းမကြည့်လို့ပါ... သူတို့က ငါတို့ကို တော်တော်လေး အထင်သေးထားတာ...]
[ငါတို့ ခံစစ်သာ မြဲမယ်ဆိုရင် ဆီးရီးယားကို နိုင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်...]
[ဒိုင်လူကြီးက ကိုရီးယားက ကင်ဒေးယောင်တဲ့... အဲဒီကောင် ငါတို့ကို နှိပ်ကွပ်ဦးမှာလား...]
[ရပါတယ်... သူသာ နှိပ်ကွပ်ရင် ငါတို့ မာနင်းကို ပြန်နှိပ်ကွပ်ခိုင်းလိုက်မှာပေါ့...]
ကင်မရာက မက်တုံ အားကစားကွင်းထဲသို့ ပြန်လည် ရောက်ရှိလာသည်။
"တီ... တီ..."
ဒိုင်လူကြီးက ဝီစီမှုတ်လိုက်သည်နှင့် ပွဲက တရားဝင် စတင်လေပြီ။
ဆီးရီးယားအသင်း ဘောလုံးပိုင်ဆိုင်ခွင့် ရထားသည်။ ဘောလုံးကို ပေးပို့ ထိုးဖောက်ခြင်း မရှိဘဲ ရိုးရိုးရှင်းရှင်း ပေးပို့မှုတစ်ခုဖြင့် ဘောလုံးက ဝါ့ဒ်၏ ခြေထောက်ထဲသို့ ရောက်သွားသည်။ သူက ရုတ်တရက် အရှိန်မြှင့်တင်ကာ ကျန့်လင်းဖုန်းကို အင်အားသုံး၍ တိုးဝှေ့ကျော်ဖြတ်သွား၏။
"ဝါ့ဒ်ရဲ့ ထိုးဖောက်မှုက တော်တော်လေး ကြမ်းတမ်းတယ်..."
"နေရာလွတ် ရှာပြီး ပင်နယ်တီဧရိယာထဲက ဆိုမာဆီကို တန်းတန်းမတ်မတ် ဖြတ်တင်ပေးလိုက်ပြီ..."
"ဆိုမာက ယုတာပေါင်ထက် အသာစီးရပြီး ခေါင်းတိုက်လိုက်ပြီ..."
"ဝှစ်... ဘောလုံးက ဂိုးတိုင်ကို ဝဲသွားတယ်... ဆီးရီးယားတို့ ဂိုးရတော့မလို့ပဲ..."
"သူတို့ရဲ့ တိုက်စစ်ပိုင်း ထိရောက်မှုက တကယ့်ကို ကြောက်စရာပဲ..."
အားကစားကွင်းတစ်ခုလုံး သက်ပြင်းချလိုက်ကြသည်။ ဆီးရီးယားသာ ဂိုးစောစောရသွားလျှင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ကြီးမားလိမ့်မည်။
"သတိထားကြ... တောင်ပံတွေကို ဖျက်..."
ချူဖုန်းက နောက်ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။ ရာသီဥတုက ပူပြင်းလွန်းသဖြင့် ကစားသမားများ အာရုံနည်းနည်း ပျံ့လွင့်နေပုံရသည်။
"ချီကျုံးကော်... မင်း ပိုပြီး ဆင်းပေးဦး..."
ကျန့်လင်းဖုန်းက မာန်မာန မထားဘဲ လိုအပ်သည့်အချိန်တွင် အကူအညီ ခေါ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ချူဖုန်းက ညာဘက်မှာ ရှိနေသဖြင့် ခံစစ်ပိုင်းအတွက်တော့ သိပ်ပူစရာမလို။
***