နည်းပြ လစ်ပီ၏ နည်းဗျူဟာအတိုင်း တရုတ်အသင်းသည် နောက်ပြန်ပေးခြင်းနှင့် ဘေးတိုက်ပေးခြင်းများကို လျှော့ချလိုက်သည်။
ချူဖုန်းရှိသည့်ဘက်တွင် ခံစစ်ကို အာရုံစိုက်နေစဉ် အခြားတစ်ဖက်မှ အမြန်ဆုံး တိုက်စစ်ဆင်သည်။ ကျန့်ရှီးကျီက အသင်းဖော်ထံမှ ဘောလုံးကို လက်ခံရရှိသည်။
"ဘန်း..."
ကာမယ်လ်က နောက်ဘက်မှ ချက်ချင်းကပ်လာပြီး ကျန့်ရှီးကျီကို အတင်းတိုက်လေသည်။ သူ၏ ခန္ဓာကိုယ် တောင့်တင်းမှုမှာ အားနည်းသဖြင့် ဘောလုံး မဆုံးရှုံးမီ တောင်ပံမှ ပြေးထွက်သွားသော ဝူရှီးထံသို့ ဘောလုံးပေးပို့လိုက်ရသည်။
"ဧရိယာအတွင်းက အယ်လ်ခီဆန်ဆီ ဘောလုံး ပင့်ပေးလိုက်ပြီ..."
"သူ့ရဲ့ ကျောပေး ကစားပုံက အရေးကြီးတယ်... မီဒါနီကို ထိန်းထားရင်းနဲ့ ချူဖုန်းဆီကို ဘောလုံး ပြန်ချပေးလိုက်ပြီ..."
"လှလိုက်တာ..."
မက်တုံ အားကစားကွင်းတွင် အော်ဟစ်သံများ ရုတ်တရက် ဆူညံသွားသည်။ အဖြူရောင် ဝတ်စုံဝတ် ချူဖုန်းသည် ဘောလုံးကို လုယူရန် ပြေးဝင်လာသော အိုမာရီနှင့် ရင်ဆိုင်နေရသည်။ ခပ်နိမ့်နိမ့် လိမ်ခေါက်ကွက်တစ်ခုဖြင့် ကျော်ဖြတ်လိုက်ပြီ။
ဒါတင် မပြီးသေး။
ဟာမစ်ရှာက ဘေးဘက်မှ အချိန်ကိုက် ဝင်ရောက် ဖျက်ထုတ်သည်။ ထိုအခိုက်အတန့်တွင်...
ချူဖုန်းက ဘယ်ခြေဖြင့် ဘောလုံးကို အသာလေး မတင်လိုက်ပြီး ညာခြေဖြင့် ခုန်လိုက်ကာ ဟာမစ်ရှာနှင့် ဘောလုံးကို ရှောင်ကွင်းလိုက်လေသည်။ ဆီးရီးယား နည်းပြချုပ် အီဗရာဟင်မှာ မျက်လုံးများ ပြူးထွက်မတတ် အံ့ဩသွားရသည်။
ဤကဲ့သို့ အရည်အချင်းမျိုးကို ဘယ်လို နည်းဗျူဟာမျိုးနှင့် ထိန်းချုပ်ရပါမည်နည်း။
ဆီးရီးယားတို့၏ ဖိအားပေးမှုက မပြီးသေး။ ပွဲမတိုင်ခင်ကပင် ချူဖုန်းကို အနည်းဆုံး လူသုံးဦးဖြင့် ကပ်ထားရန် စီစဉ်ထားခြင်း ဖြစ်သည်။
မီဒါနီသည် ချူဖုန်း ဘောလုံးကို ပြန်ထိတော့မည်ကို မြင်သောအခါ နည်းပြ၏ ညွှန်ကြားချက်ကို သတိရသွားသည်။ သူသည် ညာလက်ဖြင့် ပုခုံးကို လှမ်းဆွဲပြီး ဘယ်လက်ဖြင့် ဂျာစီကို ဆွဲထားကာ ရေဘဝဲတစ်ကောင်လို ကပ်ပါသွားတော့သည်။
ရလဒ်မှာမူ...
သူသည် အင်အားကြီးမားသော တွန်းကန်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် မြက်ခင်းပေါ်တွင် မီတာဝက်ခန့် တရွတ်တိုက် ပါသွားပြီးမှ နှစ်ယောက်သား လုံးထွေးလျက် လဲကျသွားကြလေသည်။
ဆီးရီးယား ပရိသတ်များမှာ မှင်တက်သွားကြသည်။ ထိုမျှလောက် အတင်းအဓမ္မ ဆွဲထားတာတောင် မတားနိုင်ဘူးလား။
ကိုရီးယား ဒိုင်လူကြီးသည် ဘက်မလိုက်ဘဲ ဖောင်းဘောအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။ ဤပြစ်ဒဏ်မှာ မြင်သာလွန်းလှသဖြင့် မသိချင်ယောင်ဆောင်၍ မရနိုင်တော့ချေ။
"ပထမပိုင်း (၇) မိနစ်မှာတင် တရုတ်အသင်းဟာ တိုက်စစ် ဧရိယာထဲမှာ ပြစ်ဒဏ်ဘော ရရှိသွားပါတယ်။ ဂိုးပေါက်နဲ့ (၂၅.၆) မီတာပဲ ဝေးတာမို့ တိုက်ရိုက်ကန်သွင်းဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ..."
"ကဲ... ဘယ်သူ ကန်မှာလဲ..."
"ချူဖုန်းပဲဗျ..."
"သူ ဘောလုံးရှေ့မှာ တစ်ယောက်တည်း ရပ်နေပြီ။ ကလပ်အသင်းမှာတုန်းက သူက ပြစ်ဒဏ်ဘော ကန်လေ့သိပ်မရှိဘဲ ဂိုးဧရိယာထဲမှာ ခေါင်းတိုက်ဖို့ပဲ အသင့်စောင့်နေတတ်တာပါ။ ဒါပေမဲ့ ဒါဟာ သူ့ရဲ့ ပြစ်ဒဏ်ဘော နည်းစနစ်က ညံ့ဖျင်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး..."
"လာပြီ..."
ဆီးရီးယား ဂိုးသမားသည် ချူဖုန်း၏ ခန္ဓာကိုယ် ဟန်ချက်ပြောင်းလဲမှုကို စိုက်ကြည့်ရင်း အာရုံအပြည့် စိုက်ထားသည်။ ထို့နောက် သူ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
ချူဖုန်းသည် တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း... နောက်သို့ (၁၀) မီတာခန့်အထိ ဆုတ်ခွာသွားခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဘာကို ဆိုလိုသနည်း။
ဘောလုံးလောက သမိုင်းတစ်လျှောက်တွင် ရော်ဘတ်တိုကားလို့စ် တစ်ယောက်သာ ဤကဲ့သို့ အဝေးကနေ အရှိန်ယူကာ ပြစ်ဒဏ်ဘော ကန်လေ့ရှိသည်။
လူတံတိုင်း စီထားသော ဆီးရီးယား ကစားသမားများမှာလည်း မသိမသာ တုန်ရီလာကြသည်။ ၎င်းမှာ အရှိန်ယူသည့် အကွာအဝေးကြောင့် မဟုတ်ဘဲ ချူဖုန်းက သူ၏ ဘောလုံးကန် ဘောင်းဘီတိုကို အပေါ်သို့ ပင့်တင်လိုက်ရာ ကျောက်စိမ်းသဖွယ် တောင့်တင်းလှသော ပေါင်ကြွက်သားကြီးများ ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
အမှန်တကယ်တော့ ချူဖုန်း၏ ပြစ်ဒဏ်ဘော ကျွမ်းကျင်မှုမှာ ပျမ်းမျှအဆင့်သာ ရှိသည်။ သို့သော် တရုတ်အသင်းအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရရန်နှင့် ပွဲကို ထိန်းချုပ်နိုင်ရန် လိုအပ်သည်ဟု သူ ခံစားရသည်။ ထို့ကြောင့် အစွမ်းကုန် ကန်သွင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နည်းစနစ်တွေ၊ ထောင့်တွေ၊ အလှအပတွေကို ခဏမေ့ထားလိုက်စမ်း... ဂိုးပေါက်ဆီကိုသာ ရှိသမျှ အားကုန်သုံးပြီး လွှဲကန်ပစ်လိုက်တော့မည်။ ဝင်ရင်ဝင်၊ မဝင်ရင်လည်း လူတံတိုင်းကို မထိဖို့ပဲ သူ ဆုတောင်းရမည်။
"ဝှစ်... ဝှစ်..."
အသက်ကို ပြင်းပြင်းရှူလိုက်စဉ် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး ဝမ်းဗိုက်ကြွက်သားများကို အစွမ်းကုန် တင်းခံထားလိုက်သည်။
ပြေးပြီ...
ဘောလုံးဆီသို့ ရောက်ခါနီးတွင် ဘယ်ခြေကို မြေပြင်မှာ အားပြုလိုက်ပြီး ညာခြေကို အနောက်သို့ အစွမ်းကုန် ကွေးလိုက်သည်။ ထို့နောက် စစ်မြေပြင်သုံး ပုဆိန်ကြီး တစ်လက်ဖြင့် ပိုင်းချလိုက်သကဲ့သို့ ရှိသမျှ အားအင်အားလုံးကို ထိုခဏချင်းမှာပင် ပေါက်ကွဲထွက်စေလိုက်သည်။
"ဘုန်း..."
နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ဘောလုံးမှာ အမြောက်ဆန် တစ်ခုကဲ့သို့ လေထုကို တိုးဝှေ့ကာ လူတံတိုင်းဆီသို့ ဝေါခနဲ ပြေးဝင်သွားတော့သည်။
ဆီးရီးယား ကစားသမား အိုစာမာမှာ ကြောက်လန့်တကြားဖြင့် ခေါင်းကို အသာရှောင်လိုက်မိသည်။ နောက်တစ်စက္ကန့်တွင်မူ ဆီးရီးယားအသင်း၏ ဂိုးပေါက်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဘောလုံးမှာ ဂိုးပိုက်ထဲတွင် ခဏမျှ လည်နေပြီးမှ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားလေတော့သည်။
၀ - ၁
အားကစားကွင်းကြီး တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်မူ...
"ဝေါင်း…"
ကွင်းလုံးပြည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။ တရုတ်ပရိသတ်များ၏ အောင်ပွဲခံသံမှာ ကွင်း၏ ထောင့်အသီးသီးသို့ ပျံ့နှံ့သွား၏။
ဤသည်မှာ အလွန်ပင် ပြင်းထန် လှပသော ပြစ်ဒဏ်ဘော ဂိုးဖြစ်သည်။ ဘောလုံးအားကစား၏ ဆွဲဆောင်မှုကို အပြည့်အဝ ဖော်ပြနေပြီး ကြည့်ရှုသူတိုင်း၏ သွေးကို ဆူပွက်စေသည်။
ချူဖုန်းမှာ ကန်လိုက်သည့် အရှိန်ကြောင့် ရှေ့သို့ နှစ်လှမ်းခန့် ယိုင်သွားသည်။
သောက်ကျိုးနည်း... အားထည့်လွန်းလို့ ငါ့ရတနာတွေတောင် ပြဲသွားပြီလား မသိဘူး... တော်တော် နာတာပဲ...
သူသည် အောင်ပွဲခံရန်ပင် မစဉ်းစားနိုင်တော့ဘဲ အသာအယာ အနားယူရင်း အသင်းဖော်များနှင့်သာ လက်ချင်းရိုက်ကာ ဖက်လဲတကင်း လုပ်လိုက်သည်။
"လှလိုက်တာဗျာ..."
"ဒါဟာ အင်အားရြ့ ပြယုဂ်ပါပဲ..."
"ချူဖုန်းရဲ့ ပြင်းထန် လှပတဲ့ ပြစ်ဒဏ်ဘောက ဆီးရီးယား ဂိုးပေါက်ကို ဖောက်ထွင်းသွားပါပြီ..."
"ကဲ... ဘောလုံးရဲ့ အရှိန်ကို ကြည့်ရအောင်... တစ်နာရီကို ၁၂၇ ကီလိုမီတာတောင် ရှိပါတယ်ဗျာ..."
"ဆီးရီးယား ဂိုးသမား ဘာမှတောင် မလုပ်နိုင်လိုက်ဘူး... သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ဘောလုံးက ဂိုးထဲ ရောက်နေပါပြီ..."
"သူ့မျက်စိထဲ မြင်သမျှ အကွာအဝေးဟာ သူ့ရဲ့ ဂိုးသွင်းဧရိယာပါပဲ..."
ဟယ်ဝေက စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။
ပြီးခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် တရုတ်အသင်းသည် ဆီးရီးယားကို သရေ (သို့မဟုတ်) အရှုံးဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် သူလည်း ရင်ထဲမှာ မကျေမနပ် ဖြစ်နေခဲ့သော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ ယခုမူ ထိုမကျေနပ်ချက်များ အားလုံးမှာ ဤဂိုးနှင့်အတူ လွင့်စင်သွားပြီ ဖြစ်သည်။
"ကောင်းတယ်..."
"ဆက်ပြီး တိုက်စစ်ဆင်ကြ... ဂိုးပြတ်သွားအောင် အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်ထား..."
နည်းပြ လစ်ပီက ကွင်းဘေးမှနေ၍ လက်ခုပ်တီးကာ အားပေးနေသည်။ ဘလွန်းဒီအောဆုရှင် အဆင့် ရှိသည့် ကစားသမားကို ပိုင်ဆိုင်ထားရသည်မှာ တကယ့်ကို ကောင်းလှပေသည်။
ပထမဦးစွာ ဆီးရီးယား ခံစစ်အနက်ပိုင်းအထိ ထိုးဖောက်ကာ ပြစ်ဒဏ်ဘော ရအောင် လုပ်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ ပြစ်မျိုးမှဲ့မထင် ပြစ်ဒဏ်ဘော တစ်လုံးကို ကန်သွင်းပြလိုက်ပြန်သည်။ ထောင့်စေ့အောင် ကန်ခဲ့ခြင်း မဟုတ်သော်လည်း ရှိသမျှ အားအင်ဖြင့် အံဖွယ်ဂိုးတစ်ဂိုးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကြောင်ဖြူဖြစ်ဖြစ်၊ ကြောင်မည်းဖြစ်ဖြစ် ကြွက်ဖမ်းမိရင် ကောင်းတဲ့ကြောင်ပဲ မဟုတ်ပါလား။ ထို့အတူပင် ဂိုးဝင်သွားလျှင် ၎င်းမှာ အကောင်းဆုံး ကန်ချက်ပင် ဖြစ်သည်။
ဘေးနားရှိ ဆီးရီးယား နည်းပြ အီဗရာဟင်မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူ တုန်လှုပ်သွားသည်မှာ အမှန်ပင်။
အမှန်အတိုင်း ပြောရလျှင် သူသည် ကမ္ဘာ့ထိပ်တန်းအသင်းများနှင့် တခါမှ မရင်ဆိုင်ဖူးသလို ဖလား (၇) ဆုရှင်၏ အစွမ်းကိုလည်း အထင်သေးခဲ့မိသည်။ ယခုမူ သူ ဘာမှ မပြောနိုင်တော့ချေ။ သို့သော် သူက ဇွဲမလျှော့သေးဘဲ ချူဖုန်းမှာ ကံကောင်း၍သာ ဂိုးဝင်သွားခြင်း ဖြစ်သည်ဟု တွေးတောကာ သူ့ကစားသမားများကို အားပေးစကား အော်ပြောနေသည်။
ကွင်းထဲတွင်မူ ချူဖုန်းကို အသင်းဖော်များက ဝိုင်းအုံကာ ချီးကျူးနေကြသည်။
"မင်း ဒါကြီးက တကယ့်ကို သောက်ရမ်း မိုက်တာပဲကွာ..."
"တကယ်လို့ လူခေါင်းကိုသာ ထိသွားရင် ဦးနှောက်တောင် တုန်သွားလောက်တယ်..."
"လေ့ကျင့်ရေးမှာတော့ ဒီလို မကန်နဲ့ဦးနော်..."
ချူဖုန်းကတော့ ပြုံးစိစိဖြင့်သာ နေလိုက်သည်။ ကံကောင်းခြင်းဆိုသည်မှာလည်း အရည်အချင်း၏ အစိတ်အပိုင်း တစ်ခုပဲ မဟုတ်ပါလား။
ဆီးရီးယား ကစားသမားများမှာမူ နည်းပြ၏ ဟိန်းဟောက်သံကို နားထောင်ရင်း ဘောလုံးကို အသံတိတ် ကောက်ယူလိုက်ကြသည်။ စစ်မီးများကြားမှ လာခဲ့သူများ ဖြစ်သည့်အားလျော်စွာ "အရှုံးပေးခြင်း" ဟူသော စကားလုံးမှာ သူတို့ အဘိဓာန်တွင် မရှိပေ။
ပွဲပြန်စပြီ။
"တရုတ်အသင်း... နိုင်ပါစေ..."
"ချူဖုန်း... ဂိုးသွင်းပါစေ..."
တရုတ်ပရိသတ်များ၏ အားပေးသံများမှာ မစဲတော့ဘဲ ပွဲမှာလည်း ပိုမို ပြင်းထန်လာသည်။ ဆီးရီးယား အသင်းက အားနည်းသလားဆိုတော့ မဟုတ်ပေ။
အာရှ၏ ထိပ်တန်းအဆင့်တွင် ရှိနေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန် တောင့်တင်းသည်။ အရှိန်အဟုန်၊ အားချင်း တိုးဝှေ့မှုနှင့် ဖောင်းဘောများမှာ ဆီးရီးယား၏ အမှတ်အသား ဖြစ်လာသည်။
အကယ်၍ ယခင် တရုတ်အသင်းဟောင်းသာ ဆိုလျှင် မိနစ် (၃၀) ကြာသည်နှင့် ကစားသမားများက ပင်ပန်းလာပြီး ပြိုင်ဘက်၏ ထိုးဖောက်မှုကို ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။ သို့သော် လအနည်းငယ်ကြာ ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီးနောက်တွင်မူ သူတို့ ပြောင်းလဲသွားပြီ။
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို မကြောက်တော့ပေ။ ကျော်နိုင်သည်ဖြစ်စေ၊ မကျော်နိုင်သည်ဖြစ်စေ အတင်းတိုးဝှေ့မည်။ တိုက်ခိုက်ခံရလျှင် ဖောင်းဘော ရအောင် ယူမည်။ ဘောလုံးမှာ လူကြီးလူကောင်း ကစားနည်း မဟုတ်သည်မှာ အမှန်ပင်။
ထို့ကြောင့် ပရိသတ်များ၏ မျက်စိထဲတွင် တရုတ်အသင်း၏ တိုက်ပွဲဝင်စိတ်မှာ ဆီးရီးယားထက်ပင် ပိုမို ထက်သန်နေသည်ကို မြင်တွေ့ရသည်။ ဤအရာ အားလုံးမှာ လူတစ်ယောက်ကြောင့် ပြောင်းလဲသွားရခြင်း ဖြစ်သည်။
***