"ပထမပိုင်း ပုံမှန်အချိန် ပြီးဖို့ (၇) မိနစ်ပဲ လိုပါတော့တယ်..."
"ဒီအချိန်အတွင်းမှာ ချူဖုန်းဟာ သူ့ရဲ့ တစ်ဦးချင်း စွမ်းရည်ကို သုံးပြီး ဖောင်းဘောတွေ ရအောင် ယူနေသလို ဆီးရီးယား ကစားသမားတွေ ဖြစ်တဲ့ အိုစာမာ၊ အိုမာနဲ့ ဟာမစ်ရှာတို့ကိုလည်း အဝါကတ် ပြခံရအောင် လုပ်နိုင်ခဲ့ပါတယ်..."
"ဒါဟာ ဆီးရီးယား ခံစစ်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။ သူတို့အနေနဲ့ အကြမ်းစား တားဆီးမှုတွေနဲ့ နည်းဗျူဟာမြောက် ဖောင်းဘောတွေကို ထပ်လုပ်ဖို့ မလွယ်တော့ပါဘူး..."
"ဟော... ဝါ့ဒ်က တောင်ပံကနေ ထပ်ပြီး ထိုးဖောက်ဖို့ ကြိုးစားနေပြန်ပြီ။ ချီကျုံးကော်နဲ့ ကျန့်လင်းဖုန်းတို့က နှစ်ယောက်ညှပ်ပြီး တံခါးပိတ် ခံစစ်နဲ့ ပြတ်ပြတ်သားသား ကာကွယ်လိုက်ပါပြီ..."
ဆီးရီးယား၏ ဘယ်တောင်ပံကို ဖြတ်တောက်ပစ်လိုက်သောအခါ ဆိုမာမှာ အထီးကျန်သွားရသည်။ သူ့ကို ကုန်းမြင့်ဒေသက အီဘရာဟီမိုဗစ် လို့ ခေါ်လိုက်တာနဲ့ တကယ့် အီဘရာ ထင်နေတာလား။ “တကယ်လို့ ဇလာတန်သာ သူ့နေရာမှာ ဆိုရင် ဘောလုံးလက်ခံဖို့ အနောက်ကို ဆင်းလာမယ်။ ပြီးရင် ကိုယ်တိုင် ဘောလုံးဆွဲထွက်ပြီး အခွင့်အရေး ရှာလိမ့်မယ်...”
ချူဖုန်းက ထိုကစားသမားကို ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။
ဘောလုံးကို ဖျက်ထုတ်ပြီးနောက် ကျန့်လင်းဖုန်းသည် နည်းပြ လစ်ပီ၏ ညွှန်ကြားချက်အတိုင်း အနောက်ကို ပြန်မပေးတော့ဘဲ ကွင်းဘေးလိုင်းတစ်လျှောက် ချူဖုန်းဆီသို့ ဘောလုံး ကန်ပို့လိုက်သည်။ ချူဖုန်း ဘောလုံးကို လက်ခံလိုက်သည်နှင့် တစ်ယောက်ယောက် လာနေပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
မူယာယက်ဒ်သည် နည်းပြ၏ မှာကြားချက်ကို အမိအရ လိုက်နာနေခြင်း ဖြစ်သည်။ တရုတ်အသင်းရဲ့ နံပါတ် (၇) ကို အလွယ်တကူ လှည့်ထွက်ခွင့် မပေးရ။ သူသည် ချူဖုန်းကို အနီးကပ် ကပ်ထားရင်း ဘောလုံးထိန်းချုပ်မှုကို နှောင့်ယှက်ရန် ကြိုးစားသည်။
ချူဖုန်းက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို နှိမ့်ချလိုက်ပြီး အနောက်သို့ အရှိန်ဖြင့် တိုးဝင်လိုက်ရာ နေရာလွတ် တစ်ခု ချက်ခြင်း ပေါ်ထွက်လာသည်။
လိမ်ခေါက်၊ လှည့်ထွက်...
ပြင်းထန်လှသော တိုက်ပွဲကြားတွင်ပင် သူ၏ ဘောလုံးထိတွေ့မှုမှာ တိကျလွန်းလှသည်။ ဘောလုံးမှာ လှပသော အကွေးအဝိုက်တစ်ခုနှင့်အတူ လဲကျသွားသော မူယာယက်ဒ်ကို ကျော်ဖြတ်ကာ ကွင်းလယ်တည့်တည့်သို့ လိမ့်သွားသည်။
နောက်တစ်ခဏတွင်...
ချူဖုန်းက ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်ကာ ဘောလုံးကို ပြန်လည် ထိန်းချုပ်လိုက်သည်။
"ဘောလုံးထိ၊ လှည့်ထွက်..."
"စိတ်ကူးယဉ်ဆန်လှတဲ့ ကျော်ဖြတ်မှုပါပဲ..."
"အရှိန်မြှင့်၊ ထပ်မြှင့်၊ အရှိန်ကို ထပ်မြှင့်စမ်း..."
"အပြည့်အဝ ပြေးပြီ..."
"လေတိုးသံတွေတောင် ကြားနေရသလိုပဲ..."
"ရှေ့ကပြေးနေတဲ့ ဝူလေနဲ့ အယ်လ်ခီဆန်တို့ကို ကျော်တက်သွားပြီ..."
"အာမက်ကိုပါ ကျော်တက်သွားပြီ..."
အာမက်တစ်ယောက် အံကြိတ်ကာ အစွမ်းကုန် လိုက်သော်လည်း မမီတော့ပေ။ ချူဖုန်း၏ ပုံရိပ်မှာ အရှိန်အဟုန်နှင့်အတူ ပျောက်ကွယ်သွားသည်။
ယခုမူ ဆီးရီးယား၏ ဂိုးဧရိယာထိပ်တွင် တစ်ယောက်တည်း ကျန်တော့သည်... ပူပြင်းလှသော လေထုကြားတွင် သူ၏ အဖြူရောင် ဝတ်စုံစလေးများမှာ လွင့်ပျံနေပြီး လှပသော ပန်းချီကားတစ်ချပ် အလား ထင်မှတ်ရပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဖြူရောင် ပုံရိပ်မှာ ဓားမြှောင်တစ်စင်းကဲ့သို့ ဆီးရီးယား၏ ဂိုးဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ချူဖုန်းက အရှိန်ကို အနည်းငယ် လျှော့လိုက်၏။
ရှေ့သို့ ထွက်လာသော အီဗရာဟင်နှင့် ရင်ဆိုင်ရချိန်တွင်...
ဘယ်ခြေဖြင့် လှမ်း၊ ညာခြေဖြင့် ယိမ်း...
ဘယ်ဘက်လား၊ ညာဘက်လား...
ဆီဗီးလား ဂိုးသမား အီဗရာဟင် ခွဲခြားမရတော့ပေ။ သူသည် စိတ်ထဲမှ အော်ဟစ်ရင်း မျက်လုံးမှိတ်ကာ ဘယ်ဘက်သို့ ခုန်ဝင်လိုက်သည်။
ထိုခဏချင်းမှာပင် ချူဖုန်းက ညာခြေအတွင်းပိုင်းဖြင့် ဘောလုံးကို ပိုးသားလေးသဖွယ် အသာအယာ တို့ထိလိုက်သည်။ ဘောလုံးနှင့် အီဗရာဟင်တို့မှာ ဆန့်ကျင်ဘက်သို့ လားရာ ပြောင်းသွားကြသည်။ နောက်ဆုံးတွင်မူ ချူဖုန်းသည် ဂိုးပေါက် အလယ်တည့်တည့်သို့ ဘောလုံးကို အေးအေးလူလူ ကန်သွင်းလိုက်လေတော့သည်။
၀ - ၂
ဂိုးသွင်းပြီးနောက် ချူဖုန်းသည် ပရိသတ်များရှိရာသို့ ဝမ်းသာအားရ ပြေးသွားသည်။ တရုတ် ပရိသတ်များ၏ အကြည့်များကို ရင်ဆိုင်ရင်း သူသည် လေထဲသို့ ခုန်တက်ကာ လက်သီးကို လွှဲလိုက်၏။ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ တောက်လောင်နေသော ဒေါသများကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ကျိန်စာ ဟုတ်လား...။
ငါ ကိုယ်တိုင် အဲဒီကျိန်စာကို အပိုင်းပိုင်း အစစ ဖြစ်အောင် ရိုက်ခွဲပြမယ်...
ဒါတင်မကသေးဘူး... တရုတ်ဘောလုံးလောကကို ခြောက်လှန့်နေတဲ့ ကျိန်စာတွေ အားလုံးကို တစ်ခုပြီး တစ်ခု ငါ ရှင်းထုတ်ပစ်မယ်...
"ဟေး... ဟေး... ဟေး..."
ညီညာလှသော အော်ဟစ်သံများက ဝိညာဉ်ကိုပင် လှုပ်ခါသွားစေသည်။
"တစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ ကွင်းတစ်ခုလုံးကို သုံးစက္ကန့်အတွင်း မီးဟုန်းဟုန်းတောက်စေခဲ့ပါပြီ..."
"အင်အားနဲ့ အရှိန်အဟုန်တို့ရဲ့ ပြည့်စုံလှတဲ့ ပေါင်းစပ်မှုပဲ..."
"ဂိုး... ဂိုး... ဂိုး..."
"ပထမပိုင်း ပြီးခါနီးမှာပဲ ချူဖုန်းက ကြောက်မက်ဖွယ် အရှိန်နဲ့ ဆီးရီးယား ဂိုးပေါက်ကို ထပ်မံ ဖောက်ထွင်းသွားပြန်ပါပြီ..."
ဟယ်ဝေ ဘာကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသနည်း သူကိုယ်တိုင်ပင် မသိပေ။ ဆီးရီးယား၏ အင်အားမှာ အီရန်၊ ဆော်ဒီ (သို့မဟုတ်) ဩစတြေးလျတို့လောက် မကြီးမားသလို ကိုရီးယား၊ ဂျပန်တို့လောက်လည်း နည်းစနစ် မကောင်းပေ။ သို့သော် သူတို့သည် တရုတ်အသင်း တစ်ခါမှ မနိုင်ဖူးသေးသည့် ပြိုင်ဘက် ဖြစ်သည်။
ဤသည်မှာ တရုတ်ဘောလုံးလောကသည် အတိတ်မှ လွတ်မြောက်ကာ ခရီးသစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ဟယ်ဝေထက် ပို၍ စိတ်လှုပ်ရှားနေသူများမှာ ကွင်းထဲရှိ ပရိသတ်များ ဖြစ်သည်။ အနီရောင် ပင်လယ်ပြင်ကြီးမှာ မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ရှိပြီး အောင်ပွဲခံသံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေသည်။
ဆီးရီးယား ပရိသတ်များမှာမူ တိတ်ဆိတ်သွားကြသည်။ အာရှသား တစ်ယောက်က ဤမျှလောက် မြန်နိုင်ပါ့မလားဟု သူတို့ အံ့ဩနေကြသည်။
ထို့ပြင် အာမက်ကရော ဘာလို့ မြေပြင်ပေါ်မှာ လဲနေရတာလဲ။ ကြွက်တက်သွားတာလား။ သူတို့၏ ပွဲကြို ယုံကြည်ချက်များမှာ ယခုမူ အရိပ်အယောင်ပင် မကျန်တော့ချေ။
ကွင်းဘေးတွင်မူ နည်းပြ လစ်ပီသည် အိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ကာ သောက်လိုက်ရသည်။ သောက်ကျိုးနည်း... ချူဖုန်း ကစားတာကို ကြည့်ရတာ စိတ်လှုပ်ရှားလွန်းလို့ ငါ့နှလုံးက ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး...
အရန်ခုံပေါ်က ကစားသမားများလည်း ဝမ်းသာအားရ အောင်ပွဲခံနေကြသည်။
မနာလိုခြင်းလား...။ မရှိပါဘူး။ လက်ရွေးစင်အသင်းမှာ အရွေးခံရသူတိုင်းတွင် တိုက်ပွဲဝင်စိတ်ဓာတ် ရှိရမည် မဟုတ်ပါလား။
"ချူဖုန်းက တကယ့်ကို သောက်ရမ်း မိုက်တာပဲ..."
"အမှန်အတိုင်း ပြောရရင် အရင်ပွဲတွေတုန်းက ပြိုင်ဘက်တွေက ပျော့လွန်းလို့ ချူဖုန်းရဲ့ အရည်အချင်းကို အထင်မကြီးမိဘူး... အခုမှပဲ တကယ် သိတော့တယ်..."
အားလုံး၏ မျက်နှာတွင် အနာဂတ်အတွက် မျှော်လင့်ချက် အပြည့်နှင့် ပြုံးပျော်နေကြသည်။
ဒုတိယပိုင်း စတင်ချိန်တွင် ဆီးရီးယားအသင်းသည် အပြင်းအထန် တိုက်စစ်ဆင်လာသည်။ "မင်းတို့ ပခုံးပေါ်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ရှိနေတယ်... စစ်မီးကြားက မိဘပြည်သူတွေက အောင်ပွဲကို လိုချင်နေကြတာ..." ဟူသော စကားများဖြင့် သူတို့ စိတ်ဓာတ်တက်ကြွလာပုံရသည်။
၎င်းမှာ အမှန်တကယ်ပင် ထိရောက်ခဲ့ပြီး တရုတ်အသင်းကို ဖိအားပေးနိုင်ခဲ့သည်။ ချူဖုန်းလည်း ဘာမှ မတတ်နိုင်ပေ။ ဤသည်မှာ အသင်းလိုက် စနစ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေ၍ ဖြစ်သည်။
ဒုတိယပိုင်း (၇၃) မိနစ်တွင် မာမုဒ်က တောင်ပံမှ အပြင်းအထန် ထိုးဖောက်ကာ ဂိုးပေါက်ဆီသို့ ဘောလုံး ဖြတ်တင်ပေးလိုက်သည်။ ဆိုမာက နောက်မှာ ကပ်ပါလာသည်။ ကျန့်လင်းဖုန်းက ခြေလှမ်းဖြင့် ဖျက်ထုတ်ရန် ကြိုးစားလိုက်သော်လည်း ဘောလုံးမှာ သူ၏ ခြေထောက်နှင့် ထိကာ ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်သွားရသည်။
၎င်းမှာ မတတ်သာသည့် အခြေအနေ ဖြစ်သည်။ ခန္ဓာကိုယ် အနေအထားအရ ထိုဘေးဒုက္ခမှ လွတ်မြောက်ရန် ခက်ခဲလှပေသည်။
"စိတ်ထဲ မထားနဲ့... မင်း လုပ်တာ မှန်တယ်... မင်းသာ ဝင်မဖျက်ရင် တရုတ်ဘောလုံးလောကအတွက် မျှော်လင့်ချက် ရှိမှာ မဟုတ်ဘူး..."
ချူဖုန်းက ဂိုးထဲမှ ဘောလုံးကို ကောက်ယူရင်း ကျန့်လင်းဖုန်းကို အားပေးကာ လှည့်ထွက်လာသည်။ ဤသည်မှာ သူ၏ စိတ်ရင်းပင် ဖြစ်သည်။ ဂိုးပေါက်ရှေ့မှာ အန္တရာယ်ရှိနေချိန်တွင် အပြစ်တင်ခံရမည် စိုး၍ ဘောလုံးကို လွှတ်ပေးလိုက်မည်ဆိုလျှင် တရုတ်ဘောလုံးလောကမှာ ဘာမျှော်လင့်ချက် ရှိတော့မည်နည်း။
ဤဂိုးသည် တရုတ်အသင်း၏ စိတ်ဓာတ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ (၅) မိနစ်အကြာတွင် ကျန့်လင်းဖုန်းက ဘောလုံးကို ပြန်လည် ဖျက်ထုတ်နိုင်ခဲ့ပြီး ချူဖုန်းထံသို့ ပေးပို့လိုက်သည်။
ဖတ်...
ချူဖုန်းသည် လှည့်မကြည့်ဘဲ ဘောလုံးကို အဝေးသို့ ကန်တင်ပေးလိုက်သည်။ ဘောလုံးမှာ ရှေ့သို့ အလွန်အကျွံ တက်လာသော ဆီးရီးယား ခံစစ်တန်းကို ကျော်ဖြတ်သွား၏။
"ဝူလေ..." "ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်ရပြီ..."
"သူ ထပ်ပြီး အမှားမလုပ်တော့ဘူး... တည်တည်ငြိမ်ငြိမ်ပဲ ကန်သွင်းလိုက်ပြီ..."
ပွဲပြီးဆုံးကြောင်း ခရုသင်းမှုတ်သံ ထွက်ပေါ်လာချိန်တွင်...
အားကစားကွင်းဘေးရှိ LED စခရင်ပေါ်တွင် ရလဒ်မှာ ၁ - ၃ ဖြစ်နေလေတော့သည်။
***