“၁၉၉၆ ခုနှစ်ကစပြီး တရုတ်လက်ရွေးစင်အသင်းကို တရားဝင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ခြောက်လှန့်နေတဲ့ ဆီးရီးယားကျိန်စာဟာ ဒီနေ့မှာတော့ အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့လေပြီ”
“မျက်စိတစ်ဆုံး မြင်ကွင်းက သူ့ရဲ့ ဧရိယာပဲ... လူသားလွန် အမြောက်ဆန် ကန်ချက်က ဆီးရီးယား ဂိုးပေါက်ကို အမှုန့်ခြေပစ်လိုက်ပြီ”
“အားကစားကွင်းကို သုံးစက္ကန့်အတွင်း မီးဟုန်းဟုန်းတောက်စေခဲ့တဲ့ အရှိန်အဟုန်နဲ့ စိတ်အားထက်သန်မှု”
“မျက်ကွယ် လှည့်ပေးပို့မှု... ငှက်မျက်စိအလား ကွင်းတစ်ခုလုံးကို ခြုံငုံကြည့်မြင်နိုင်စွမ်း”
"အရူးတစ်ယောက်ရဲ့ စကားများ - ကျွန်တော် ဆီးရီးယား ကစားသမားတွေကို စိတ်မဝင်စားသလို သူတို့ ဘယ်သူဘယ်ဝါ ဆိုတာလည်း မခွဲခြားတတ်ဘူး... ကျွန်တော့်အတွက်တော့ သူတို့အားလုံးက အတူတူပါပဲ..."
အောင်ပွဲရ သတင်းများသည် တရုတ်ပြည်အတွင်း၌ အကြီးအကျယ် ဂယက်ရိုက်သွားခဲ့သည်။ အားကစားပလတ်ဖောင်းတိုင်းတွင် ချူဖုန်း၏ သတင်းများကသာ နေရာယူထားပြီး ဗီဒီယို အတိုလေးများမှာလည်း လူမှုကွန်ရက်ပေါ်တွင် ပလူပျံနေလေတော့သည်။
[ဟေး... ဘလွန်းဒီအောဆုက ဘောလုံးဘုရင် ချူဖုန်းအတွက်ပဲ...]
[မြန်မြန်လုပ်ကြပါဗျာ... ချူဖုန်း ဘလွန်းဒီအောဆု ဆွတ်ခူးတာကို မတွေ့ရမချင်း ရင်ထဲ တလှပ်လှပ် ဖြစ်နေလို့ပါ...]
[ဒီနေ့ကစပြီး 'နှစ်ယောက်ပြိုင်ခေတ်' ကုန်ဆုံးသွားပြီလို့ ကျွန်တော် ကြေညာလိုက်တယ်... အခုက 'တစ်ယောက်တည်းကမ္ဘာ' ခေတ် ရောက်ပြီ...]
[ချူဖုန်း ဂိုးသွင်းတာကို ကြည့်ပြီး သွေးတွေ ဆူပွက်နေတာ... မနေ့ညက မနက် (၅) နာရီအထိ အိပ်မပျော်လို့ မနက်စာစားပြီး အလုပ်တန်းဆင်းခဲ့ရတယ်... ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကလည်း မျက်ကွင်းညိုတွေနဲ့ပဲ...]
အတိတ်က ဝေဖန်သံများ အားလုံး ပျောက်ကွယ်သွားပြီး ချီးကျူးသံများကသာ နေရာယူထားသည်။ အမှန်တော့ ယှဉ်ပြိုင်မှု အားကစားလောကတွင် နိုင်လျှင် ချီးကျူးပြီး ရှုံးလျှင် ဝေဖန်ခြင်းမှာ သဘာဝပင် ဖြစ်သည်။
ယူအီးအေ၊ ဒူဘိုင်းမြို့...။
"မိတ်ကပ်ကို ပါးပါးလေးပဲ ပြင်ပေးပါ... အများကြီး မလိမ်းနဲ့နော်..."
"ဘယ်ဘက်က ဆံပင်လေး နည်းနည်း ရှုပ်နေတယ်... ပြန်ပြင်ပေးမယ်နော်..."
"အလင်းပြန်ပြား အဆင်သင့်ဖြစ်ပြီလား..."
"အိုကေ... အိုကေ... ကိရိယာတွေ အားလုံး အဆင်သင့်ပဲ..."
CCTV ဝတ်စုံ ဝတ်ဆင်ထားသော ဝန်ထမ်းများသည် ပူအိုက်နေသော ဒယ်အိုးပေါ်က ပုရွက်ဆိတ်များ ကဲ့သို့ ဟိုပြေးဒီလွှားဖြင့် အလုပ်ရှုပ်နေကြသည်။ ၎င်းမှာ အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မည့် အင်တာဗျူးဖြစ်သဖြင့် အမှားအယွင်း အနည်းငယ်မျှ မရှိစေရန် စီစဉ်နေခြင်း ဖြစ်သည်။
"ချူဖုန်း... အင်တာဗျူးပြီးရင် ကျွန်မကို လက်မှတ်လေး ထိုးပေးလို့ ရမလားဟင်... ကျွန်မရဲ့ ရည်းစားက ရှင့်ရဲ့ ပရိသတ်အစစ်ပါ..." ချောမောလှပသော မိတ်ကပ်ဆရာမလေးက ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။
"ရတာပေါ့... ပြဿနာမရှိပါဘူး... နောက်မှ လက်မှတ်ထိုးထားတဲ့ ဂျာစီတစ်ထည်ပါ ပေးလိုက်မယ်... မင်းရဲ့ ရည်းစားကို ယောက်ျား ဖြစ်စေမယ့် အဆောင်လက်ဖွဲ့ပေါ့..." ချူဖုန်းက မှန်ထဲကြည့်ရင်း မျက်မှိတ်ပြလိုက်သည်။
"အို... တကယ်ကြီးလား..." ကောင်မလေးက မယုံသလို ကြည့်နေသည်။
ချူဖုန်းက ဘာမှမပြောဘဲ ပြုံးနေလိုက်သော်လည်း စိတ်ထဲမှတော့ တီးတိုးရေရွတ်နေမိသည်။ ငါ့ရဲ့ ဩဇာလွှမ်းမိုးမှုကို မင်း အထင်မသေးနဲ့လေ... မန်ယူအသင်းမှာ တရုတ်လက်မှတ်ပါတဲ့ ဂျာစီဆိုတာ ပရိသတ်အစစ်တွေ အတွက်တော့ အဖိုးတန် ရတနာပဲ...
မကြာမီ...။
ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ ချူဖုန်းသည် ကင်မရာရှေ့တွင် နေရာယူလိုက်သည်။
"ချူဖုန်း... အားလုံးကို နှုတ်ဆက်လိုက်ပါဦး..." ဟယ်ဝေက ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က တရုတ်အသင်းက ကစားသမား ချူဖုန်း ဖြစ်ပါတယ်..." ချူဖုန်းက ပြုံးလျက် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
"အိုကေ... ပရိသတ်တွေဆီက မေးခွန်းတချို့ကို ရွေးလိုက်ရအောင်... ပထမမေးခွန်းကတော့ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်မှာ တရုတ်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလား ဝင်ခွင့်ရတာကို မြင်နိုင်ဦးမလားတဲ့..."
ဟယ်ဝေက ထိုမေးခွန်းမှာ အဓိပ္ပာယ်သိပ်မရှိဟု ထင်မိသည်။ အမှန်တော့ ယခုပွဲပြီးနောက် တရုတ်အသင်းသည် ဂျပန်၊ ကိုရီးယားတို့ကို မယှဉ်နိုင်သေးသော်လည်း ခြေစစ်ပွဲအောင်ရန်မှာမူ ပြဿနာ မရှိတော့ပေ။
"အဓိကက ခင်ဗျား အသက်ဘယ်လောက်လဲ ဆိုတာပါပဲ..." ချူဖုန်းက နောက်ပြောင်လိုက်သည်။
"ခင်ဗျားက အသက် (၁၀) နှစ်ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်တာအထိ မြင်ရဖို့ မျှော်လင့်ပါတယ်... အသက် (၁၀၀) ဆိုရင်တော့ ခင်ဗျား မြင်ချင်တဲ့ မြင်ကွင်းတွေကို မြင်တွေ့ရပါစေလို့ ဆုတောင်းပေးပါတယ်..."
သူက ရယ်မောနေရာမှ ချက်ချင်း တည်ကြည်သွားပြီး ဆက်ပြောသည်။
"ဘောလုံးဆိုတာ အလျင်စလိုလုပ်လို့မရတဲ့ အားကစားမျိုးပါ... အရည်အချင်း၊ စနစ်၊ လိဂ်ပြိုင်ပွဲတွေ၊ နည်းပြတွေနဲ့ အတွေ့အကြုံတွေ အားလုံး စုပေါင်းပြီး တည်ဆောက်ရတာပါ... အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က အာရှရဲ့ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်နေပါသေးတယ်... ဒါကို တစ်ရက်၊ နှစ်ရက်နဲ့ ပြင်လို့မရဘူး... ဒါကြောင့် ပရိသတ်တွေကို စိတ်ရှည်ပေးဖို့ တောင်းဆိုချင်ပါတယ်... အချိန်တိုအတွင်းမှာ အားလုံးကို မပြောင်းလဲနိုင်ရင်တောင် တိုးတက်မှုနဲ့ ပြောင်းလဲမှုတွေကတော့ သေချာပေါက် ရှိလာမှာပါ..."
ချူဖုန်း၏ စကားများကို နားထောင်ရင်း ဟယ်ဝေလည်း စိတ်လှုပ်ရှားသွားရသည်။ ကင်မရာစခရင်ပေါ်မှ မှတ်ချက်များကို ကြည့်ရင်း သူက ချူဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
"တရုတ်ဘောလုံးပရိသတ် တစ်ယောက်အနေနဲ့ ကျွန်တော့်မှာလည်း ပြောစရာရှိပါတယ်... ဘောလုံးဆိုတာ ကျွန်တော့်ဘဝရဲ့ ချစ်ခြင်းတရားနဲ့ ယုံကြည်ချက်ပါ... အရင်က တရုတ်ဘောလုံးလောကက သိပ်မကောင်းခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ ဆက်ပြီး ချစ်နေတုန်းပါပဲ... ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့ရဲ့ ဝိညာဉ်ကို ထင်ဟပ်နေလို့ပါ... တရုတ်ဘောလုံးလောကဟာ သေချာပေါက် ပြန်လည် နိုးထလာရပါမယ်... ဘာလို့လဲဆိုတော့ ခက်ခဲတဲ့ အခြေအနေတွေ ကြားမှာတောင် စိတ်ဓာတ်မပျက်ဘဲ ဝန်းရံပေးနေတဲ့ ပရိသတ်တွေ အများကြီး ရှိနေလို့ပါ... နောက်ဆုံးအနေနဲ့ တရုတ်ဘောလုံးလောကအတွက် မင်းရဲ့ ပေးဆပ်မှုတွေကို ကျေးဇူးတင်ပါတယ်..."
ဟယ်ဝေက ဦးညွှတ်လိုက်သည်။ ချူဖုန်းတွင် အင်္ဂလန်အသင်းကို ရွေးချယ်ခွင့် ရှိသော်လည်း သူ ငြင်းပယ်ခဲ့သည်။
ကလပ်အသင်းအတွက်ပဲ အာရုံစိုက်ထားလို့ ရသော်လည်း သူ မလုပ်ခဲ့ပေ။ သူသည် ကိုယ်ပိုင်ငွေကြေး အမြောက်အမြား အသုံးချကာ လူငယ်လေ့ကျင့်ရေးစခန်းများ တည်ထောင်ခြင်း၊ ဝေးလံသော တောင်ပေါ်ဒေသများတွင် ဘောလုံးကွင်းများ ဆောက်လုပ်ပေးခြင်းနှင့် လူငယ်ကစားသမားများကို ပြည်ပထွက်ကစားနိုင်ရန် ကူညီပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ချူဖုန်းသည် တရုတ်ဘောလုံးလောက အတွက် မျှော်လင့်ချက် နေမင်းကြီးပင် ဖြစ်သည်။
"မဟုတ်တာ... စပွန်ဆာတွေက ကျွန်တော့်ကို စပွန်ဆာပေးကြတာ ကျွန်တော် တော်လို့တင် မဟုတ်ပါဘူး။ ကျွန်တော်က တရုတ်လူမျိုး ဖြစ်နေလို့ပါ..."
ချူဖုန်းက ခပ်အေးအေးပင် ပြောလိုက်သည်။ တရုတ်ဘောလုံးလောကဆီမှ သူ ရရှိထားသည့် အကျိုးကျေးဇူးများမှာလည်း မနည်းလှပေ။ ကိုယ်ပိုင်ဂျက်လေယာဉ်ပင် ဝယ်နိုင်သည်အထိ မဟုတ်ပါလား။ ပေးဆပ်မှုရှိလျှင် ရလဒ်ရှိရမည်ဟု သူ ယုံကြည်သည်။
"အိုကေ... ဒုတိယမေးခွန်းကတော့ 'အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မင်းကို နိုင်ငံသားပြောင်းဖို့ ကမ်းလှမ်းခဲ့တယ်လို့ ကြားတယ်... ဘာကြောင့် ငြင်းခဲ့တာလဲ' တဲ့..." ဟယ်ဝေက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
အချိန်နာရီများက လွန်ခဲ့သော နှစ်နှစ်ခန့်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
"ဒီမေးခွန်းကို မဖြေလို့ မရဘူးလား..."
ချူဖုန်းက သက်ပြင်းချရင်း မေးလိုက်သည်။ အဓိကမှာ ထိုစကားများကို ပြန်ပြောရန် သူ ရှက်နေသောကြောင့် ဖြစ်သည်။
"မရပါဘူး... ကျွန်တော်တို့ အစီအစဉ်က မေးသမျှ အကုန်ဖြေရမှာပါ..."
"ကောင်းပါပြီ... အဲဒီတုန်းက ကျွန်တော် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ပြောခဲ့တာကတော့ - ကျွန်တော် ကမ္ဘာ့ဖလား ချန်ပီယံစင်မြင့်ပေါ်မှာ ရပ်နေနိုင်ခဲ့ရင်တောင် ကျွန်တော့်နောက်ကွယ်မှာ တခြားနိုင်ငံရဲ့ နိုင်ငံတော်သီချင်း တီးခတ်နေတာကိုတော့ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်လို့ပါ... လို့ ပြောခဲ့တာပါ..." ချူဖုန်းက ကင်မရာကို ကြည့်ရင်း အေးဆေးစွာ ဖြေလိုက်သည်။ ယခုအခါတွင် သူသည် အရာရာကို ရင့်ကျက်စွာ ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။
ထိုစကားကို ကြားလျှင်ပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စကားပါပဲ..."
ဟယ်ဝေက အခြားစကားလုံးများစွာ စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ဤတစ်ခွန်းသာ ပြောနိုင်တော့သည်။ စစ်မှန်သော ခံစားချက်အတွက် အပိုစကားများ မလိုပေ။
"တတိယမေးခွန်းကတော့ 'ချူဖုန်း ဘယ်တော့ မင်္ဂလာဆောင်မှာလဲ' တဲ့..." ဟယ်ဝေက ရယ်မောရင်း မေးလိုက်သည်။
"အော်... ဒါလား... ဒါဆိုရင်လည်း ကျွန်တော် ဖုံးကွယ်မထားတော့ပါဘူး... ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ဆောင်ဖို့ ရည်မှန်းထားပါတယ်..." ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။
ထိုသတင်းကြောင့် စခရင်ပေါ်တွင် ငိုနေသော အီမိုဂျီများဖြင့် ပြည့်သွားတော့သည်။
[နှလုံးသားကြေကွဲသွားတဲ့ ကောင်မလေးတွေကို သိမ်းဆည်းပေးပါမည်]
[ငါက ချူဖုန်းလောက် ချောပါတယ်] ဆိုသည့် မှတ်ချက်များကလည်း ပလူပျံနေလေသည်။
"ဘယ်လို စဆုံခဲ့ကြတာလဲဆိုတာ ပြောပြလို့ ရမလား..." ဟယ်ဝေက အတင်းပြောချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။
"မီဒီယာတွေမှာ ပါပြီးသား မဟုတ်လား... တကယ်တော့ သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်တဲ့ ရိုးအီနေတဲ့ ဇာတ်လမ်းပါပဲ..."
"ကဲ... မေးခွန်းတွေကတော့ ဒီလောက်ပါပဲ... နောက်ဆုံးအနေနဲ့ လက်မှတ်ထိုးထားတဲ့ ဂျာစီ (၃၀) ကို ကံစမ်းမဲ ဖောက်ပေးသွားမှာ ဖြစ်ပါတယ်..." ဟယ်ဝေက ပြုံးလျက် အင်တာဗျူးကို အဆုံးသတ်လိုက်သည်။
***