မန်ချက်စတာသို့ ပြန်လာသည့် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင်...။
"ဆရာ... ဒါက လူငယ်လေ့ကျင့်ရေးစခန်းရဲ့ နောက်ဆုံးအခြေအနေတွေပါ..." လက်ထောက်က တက်ဘလက်ကို ကမ်းပေးလိုက်သည်။
ချူဖုန်း၏ လက်ထောက်ဖြစ်ရသည်မှာ အလွန်ပင် ကံကောင်းလှသည်။ သူ၏ ဝင်ငွေမှာလည်း အဆပေါင်း များစွာ တိုးတက်လာခဲ့သည်။
"ကလေးတွေကို နည်းဗျူဟာတွေ အတင်းမသင်နဲ့ဦး... အဲဒါက သူတို့အတွက် မကောင်းဘူး... အခြေခံ ပေးပို့မှုနဲ့ လက်ခံမှုကိုပဲ အာရုံစိုက်ခိုင်း..."
"ပြီးတော့ အသက်ကြီးတဲ့ ကလေးတွေက ပွဲများများ ကစားဖို့ လိုတယ်... ကုန်ကျစရိတ်အတွက် မပူနဲ့... စပွန်ဆာကုမ္ပဏီတွေက ထပ်ပြီး ရင်းနှီးမြှုပ်နှံလိမ့်မယ်..."
"ပညာရေးကိုလည်း လျစ်လျူမရှုနဲ့... ဘောလုံးသမား အားလုံးက အောင်မြင်မှာ မဟုတ်ဘူး... သူတို့ရဲ့ အနာဂတ်အတွက် ငါတို့မှာ တာဝန်ရှိတယ်..."
ချူဖုန်းသည် အရာရာကို စေ့စေ့စပ်စပ် မစီမံသော်လည်း လားရာကိုမူ သူကိုယ်တိုင် ကိုင်တွယ်သည်။ တရုတ်ပြည်၏ အခြေအနေမှာ ဥရောပနှင့် မတူသည်ကို သူ ကောင်းကောင်းသိသည်။ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်သောအခါ ပြင်းထန်လှသော ပရီးမီးယားလိဂ် ရာသီက ပြန်လည် စတင်နေလေပြီ။
နိုဝင်ဘာ ၂၅ ရက်။
ဒဏ်ရာရကစားသမား များပြားနေသဖြင့် မော်ရင်ညိုသည် အရန်ကစားသမားများကို ထည့်သွင်း အသုံးပြုခဲ့သည်။ ကံကောင်းသည်မှာ ပြိုင်ဘက်မှာ အားနည်းလှသော ရှက်ဖီးယူနိုက်တက် ဖြစ်နေခြင်းပင်။
သို့သော် နိုင်ငံတကာပွဲစဉ်များကြောင့် ကစားသမားများ ပင်ပန်းနေပုံရသည်။ ရှက်ဖီးအသင်းက အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုး အရင်သွင်းသွားခဲ့သည်။
"ငါလည်း ဘာမှ မတတ်နိုင်ဘူး..." ဒီဂီယာက ဂိုးထောင့်ထဲ ဝင်သွားသော ဘောလုံးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ရပါတယ်... ပြန်ယူကြတာပေါ့... စိတ်အေးအေးထား..."
ချူဖုန်းက ဘောလုံးကို ကောက်ယူရင်း အသင်းဖော်များကို အားပေးလိုက်သည်။
မန်ယူအသင်းသည် အလျင်စလို မလုပ်ဘဲ အခွင့်အရေးကို စိတ်ရှည်စွာ စောင့်ဆိုင်းသည်။ (၂၄) မိနစ်တွင် ဝမ်ဘစ်ဆာကာ၏ ဖြတ်တင်ဘောမှတစ်ဆင့် ချူဖုန်းက ချေပဂိုး သွင်းယူပေးလိုက်သည်။ ထို့နောက်တွင်မူ ရှက်ဖီးအသင်း၏ ဂိုးပေါက်မှာ နောက်ထပ် နှစ်ကြိမ်တိုင်တိုင် ဖောက်ထွင်းခံလိုက်ရသည်။ အဆုံးသတ်တွင် ၁ - ၃ ဖြင့် မန်ယူအသင်း အနိုင်ရရှိသွားခဲ့သည်။
ပရီးမီးယားလိဂ် (၁၃) ပတ်မြောက် ပွဲစဉ်အပြီးတွင် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဂျန့်ခ်အသင်းနှင့် ကစားရသည်။ မန်ယူအသင်းသည် အရန်အင်အားဖြင့်ပင် အလွယ်တကူ အနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့် တက်ရန် သေချာသွားခဲ့သည်။
မန်စီးတီးနှင့် လီဗာပူးတို့သည် မန်ယူ၏ အရိပ်အောက်တွင် နေခဲ့ရသည်မှာ ကြာပြီ ဖြစ်သဖြင့် ယခု ခရစ္စမတ်ကာလ ပွဲကျပ်များကို အသုံးချကာ အမှတ်ဖြတ်ရန် ကြိုးစားနေကြသည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် အမှားခံ၍ မဖြစ်ပေ။
"ညီအစ်ကိုတို့... အဆင်သင့် ဖြစ်ကြပြီလား..."
မက်ဂွိုင်းယားက ဝတ်စုံပြည့်ဖြင့် ဘော်ဒီဂတ်တစ်ယောက်လို ရပ်နေသည်။ ချူဖုန်း၏ ဘေးတွင် ရပ်နေသော ထိုလူကောင်ကြီးမှာ တကယ်ပင် သက်တော်စောင့် တစ်ဦးနှင့် တူနေတော့သည်။
"ချူ... ငါ ကြည့်ရတာ ချောရဲ့လား..." မက်ဂွိုင်းယားက မေးလိုက်သည်။
"သောက်ရမ်း မိုက်တာပဲ..." ချူဖုန်းက လက်မထောင်ပြလိုက်သည်။
မာရက်ဇ်၊ မာတစ်၊ ဒီဂီယာ၊ ကန်တေနှင့် အခြားသူများအားလုံး ဝတ်စုံပြည့်ဖြင့် ခန့်ညားနေကြသည်။
သူတို့ ဘယ်သွားကြမှာလဲ။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ ဖြစ်သည်။ ၂၀၁၉ ဘလွန်းဒီအောဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖြစ်သည်။
"ငါတို့အသင်းက ဘယ်နှစ်ယောက် ဆုရမယ် ထင်သလဲ..." ဒီဂီယာက လက်ပွတ်ရင်း မေးလိုက်သည်။
"ယာရှင်ဆု (အကောင်းဆုံးဂိုးသမားဆု) ကတော့ မင်းအတွက်ပဲ... ဘလွန်းဒီအောဆုကတော့ ချူဖုန်း အတွက် သေချာတယ်... ကိုပါဆု (အကောင်းဆုံးလူငယ်ဆု) ကရော..." မာရက်ဇ်က စဉ်းစားနေသည်။
"အသက် (၂၁) နှစ်အောက် အကောင်းဆုံးဆုကလည်း ချူဖုန်းအတွက်ပဲ ဖြစ်မှာပါ..."
"ချူဖုန်းက ဒီနှစ် အသက် (၂၂) မဟုတ်ဘူးလား..." မက်ဂွိုင်းယားက ဇဝေဇဝါ ဖြစ်နေသည်။
"ချူဖုန်းရဲ့ မွေးနေ့က ဒီဇင်ဘာ (၁၄) လေ... အခုထိ (၂၁) ပဲ ရှိသေးတာ... ပြီးတော့ ဒီဆုက ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကို ကြည့်ပြီး ပေးတာ..."
ဝမ်ဘစ်ဆာကာက သူ့ကို အထင်သေးသလို ကြည့်လိုက်သည်။ မင်းက ချူဖုန်းရဲ့ မွေးနေ့တောင် မမှတ်မိဘဲနဲ့ ဖားချင်နေတာလား...
"အော်... ရော်နယ်ဒို လာမယ် ထင်လား..." မက်ဂွိုင်းယားက စကားလမ်းကြောင်း လွှဲလိုက်သည်။
"သူက ဆုမရမယ့် ပွဲဆိုရင် ဘယ်တော့မှ မလာဘူး..." ဒီဂီယာက ရော်နယ်ဒိုအကြောင်း ကောင်းကောင်း သိပုံရသည်။
အားလုံး ပြင်ဆင်ပြီးသောအခါ လေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။ လေဆိပ်တစ်ခုလုံး မန်ယူပရိသတ်များဖြင့် ပြည့်နှက်နေလေသည်။
"ချူ... အိုးထရက်ဖို့ဒ်ကို ဘလွန်းဒီအောဆု နောက်တစ်လုံး ယူလာပေးပါဦး..."
"မင်း ပြန်လာမှာကို ငါတို့ စောင့်နေမယ်..."
"မက်ဆီကို အနိုင်ယူလိုက်စမ်း..."
မန်ယူပရိသတ်များမှာ ရူးသွပ်စွာ အော်ဟစ်နေကြသည်။ မန်ယူအသင်း သမိုင်းတစ်လျှောက်တွင် ဘလွန်းဒီအောဆုရှင် လေးဦးသာ ရှိခဲ့ဖူးသည်။ ၁၉၆၄ တွင် ဒင်းနစ်လော၊ ၁၉၆၆ တွင် ဘော်ဘီချာလ်တန်၊ ၁၉၆၈ တွင် ဂျော့ချ်ဘက်စ် နှင့် ၂၀၀၈ တွင် စီရော်နယ်ဒို တို့ ဖြစ်သည်။
ဆယ့်တစ်နှစ် ကြာပြီးနောက်တွင်မူ သမိုင်းသစ်ကို ယနေ့ညတွင် ပြန်လည် ရေးထိုးတော့မည် ဖြစ်သည်။ ချူဖုန်းသာ ဘလွန်းဒီအောဆု မရခဲ့လျှင် ထိုဆုကိုသာ ရိုက်ခွဲပစ်လိုက်ဖို့ပဲ ရှိတော့သည်။
ချူဖုန်းသည် မာရီယာ၏ လက်ကလေးကို ဆွဲကာ ပါရီသို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်လှမ်းသွားလေသည်။ သူ၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သူ ထွက်ခွာသွားလေပြီ။
…………….
ပြင်သစ်နိုင်ငံ၊ ပါရီမြို့။
၁၈၆၀ ပြည့်နှစ်ကတည်းက တည်ရှိခဲ့သော ရှာတေးလေး ပြဇာတ်ရုံကြီးသည် ယခုဆိုလျှင် သက်တမ်း (၁၅၉) နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းနှင့် မျက်စိတစ်ဆုံးတွင် အီဖယ်မျှော်စင်ကြီးက ခန့်ညားထည်ဝါစွာ ရှိနေသလို ယနေ့ညတွင် ရှာတေးလေး ပြဇာတ်ရုံကြီးမှာလည်း ကြယ်စင်များ ဝန်းရံထားသည့်အလား တောက်ပနေ၏။
ပြဇာတ်ရုံပြင်ပတွင် ကော်ဇောနီများ ခင်းကျင်းထားပြီး မီးရောင်စုံများ၊ ပိုစတာများဖြင့် ဝေဝေဆာဆာ ရှိနေသည်။ ပိုစတာများပေါ်တွင် ဘလွန်းဒီအောဆု အတွက် လျာထားခြင်းခံရသည့် ကစားသမား (၃၀) ဦး၏ အမည်စာရင်းကို ဖော်ပြထားသည်။
သတင်းထောက်များသည် ဆောင်းလေအေးကြားတွင် တဆတ်ဆတ် တုန်နေကြသော်လည်း သူတို့၏ လက်ထဲမှ ကင်မရာများမှာမူ အကောင်းဆုံး ပုံရိပ်ကို ဖမ်းယူရန် ငြိမ်သက်နေကြလေသည်။
ယနေ့ညတွင် ကမ္ဘာတစ်ဝှမ်းလုံးက သိရှိထားကြသည်မှာ... ခေတ်တစ်ခေတ် ကုန်ဆုံးတော့မည် ဖြစ်ကြောင်းပင်။
ခေတ်သစ်တစ်ခု၏ အာရုဏ်ဦးနှင့်အတူ ဘုရင်အသစ်တစ်ပါး နန်းတက်တော့မည် မဟုတ်ပါလား။
"ငါကတော့ နှစ်တိုင်း ဒုတိယနဲ့ပဲ အိမ်ပြန်နေရတယ်... ဒါပေမဲ့လည်း နှစ်တိုင်း ပြန်လာနေတုန်းပဲ... ငါ့လောက် ဇွဲကောင်းတဲ့သူ ရှိဦးမလား..."
ဆာလာက သူ့ပုံပါသည့် ပိုစတာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"တကယ်တော့ မင်းအနေနဲ့ ရော်နယ်ဒိုဆီက သင်ယူသင့်တယ်... ဆုမရဘူးဆိုရင် အိမ်မှာပဲ နေလိုက်လေ... ဒါဆိုရင် သူ့ကို မတွေ့ချင်လို့ မလာတာပါဆိုပြီး ဆင်ခြေပေးလို့ ရတာပေါ့..." ကလော့ပ်က သူ့မျက်မှန်ကို အသာအယာ ပြင်လိုက်ရင်း ပြောသည်။
သူ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ချန်ပီယံဆုဖလား မရသေးပေ။ အထူးသဖြင့် လီဗာပူးပရိသတ်များ နှစ်ပေါင်းများစွာ တောင့်တနေသည့် ပရီးမီးယားလိဂ် ချန်ပီယံဆု...။
ကလော့ပ်မှာ ဖိအားများစွာ ခံစားနေရသည်။ ၎င်းမှာ အသင်းပိုင်ရှင် သို့မဟုတ် ပရိသတ်များဆီမှ မဟုတ်ဘဲ သူကိုယ်တိုင် သတ်မှတ်ထားသည့် စံနှုန်းများကြောင့် ဖြစ်သည်။ သူသည် ဒေါ့မွန်မှ ထွက်လာပြီး လီဗာပူးတွင် သမိုင်းသစ် ရေးထိုးရန် ရည်မှန်းထားသော်လည်း ထိုပုံရိပ်ကို မြင်ယောင်မိတိုင်း ခပ်ပြုံးပြုံးဖြင့် ခေါင်းရမ်းမိသည်။
ကံဆိုးလိုက်ပုံများ... ရှေ့မှာက မန်ယူ၊ နောက်မှာက မန်စီးတီး... လီဗာပူးအတွက်တော့ တကယ့်ကို ခက်ခဲတဲ့ အချိန်တွေပါပဲ...
ချက်ချင်းဆိုသလိုပင် ဂွါဒီယိုလာနှင့် ဒီဘရိုင်းတို့က လေးလံသော ခြေလှမ်းများဖြင့် ဝင်လာကြသည်။ ဟုတ်ပေသည်... သူတို့သည်လည်း နောက်ထပ် သားကောင်များပင်။
သူတို့အတွက် ခမ်းနားလှသော ဂိတ်တံခါးကြီးမှာ ကားစင်တင်ခံရမည့် နေရာနှင့် ပိုတူနေသည်။ ၎င်းပေါ်တွင် ရိုက်နှက်ခံရစဉ်က ခံစားချက်များကို ပြန်လည် မြင်ယောင်နေမိ၏။
"ဆရာ... ကျွန်တော်တို့ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ပါဦးမလား..."
ဒီဘရိုင်းက မီးရောင်များကြောင့် မျက်စိကျိန်းသကဲ့သို့ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူ ဇဝေဇဝါ ဖြစ်နေပြီ။
"ဖြစ်နိုင်တာပေါ့... သေချာတာပေါ့... အသေအချာပေါ့..."
ဂွါဒီယိုလာက မာရီယာနှင့် လာမည့် မင်္ဂလာဆောင်အကြောင်း တွေးမိသောအခါ ဒေါသထွက်လာသည်။ ၎င်းမှာ ချူဖုန်းကို မကျေနပ်၍ မဟုတ်ဘဲ သမီးမိန်းကလေးတစ်ဦး၏ အဖေအနေဖြင့် ဖြစ်ပေါ်လာသည့် ဗီဇဒေါသပင်။
သောက်ကျိုးနည်း... ငါ့သမီးလေးကို အနှစ်နှစ်အလနဲ့ ယုယုယယ မွေးခဲ့တာ... အခုတော့ ဒီကောင်လေး လက်ထဲ ကိုယ်တိုင် အပ်နှံရတော့မယ်... ငါ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ...
ဒီဘရိုင်း : "..."
ဂွါဒီယိုလာတစ်ယောက် ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ရှေ့တန်းတင်နေပြီဟု သူ ခံစားလိုက်ရသည်။
နောက်ထပ် သားကောင်က ဘယ်သူဖြစ်မလဲ။
ဘာစီလိုနာ။
ဗယ်ဗာဒီသည် နူးညံ့လှသော ကော်ဇောနီပေါ်တွင် လျှောက်လှမ်းနေစဉ် အတိတ်က ပုံရိပ်များ တရိပ်ရိပ် ပေါ်လာသည်။ ၂၀၁၇-၁၈ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရိုးမားကို ရှုံးခဲ့ခြင်း၊ ၂၀၁၈-၁၉ တွင် မန်ယူကို နှစ်ကျော့စလုံး ရှုံးခဲ့ခြင်း...။
သောက်ခွပဲ... အင်းနရစ်ကျတော့ ချန်ပီယံဆု (၆) ခုတောင် ရခဲ့ပြီး ငါကျမှ ဘာလို့ ဒီလို ဖြစ်နေရတာလဲ…
သူ့ဘေးတွင် ရပ်နေသော မက်ဆီ၏ မျက်လုံးများမှာလည်း အရောင်အဝါ မှိန်ဖျော့နေသည်။ ငါ့ရဲ့ ခေတ်က တကယ်ပဲ ကုန်ဆုံးသွားပြီလား...
သူ အလွန်ပင် မကျေမနပ် ဖြစ်နေသလို အရှုံးလည်း မပေးချင်ပေ။ အကယ်၍ ပြီးခဲ့သည့် ရာသီက ဘလွန်းဒီအောဆု မရခဲ့လျှင်ပင် ယခုရာသီတွင် ချန်ပီယံလိဂ်၊ လာလီဂါနှင့် စပိန်စူပါဖလားတို့ကိုသာ ရယူနိုင်မည်ဆိုလျှင် သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်မည်ဟု ယုံကြည်နေသည်။
နောက်ထပ် ရောက်လာသူမှာတော့ စပါးအသင်း ဖြစ်သည်။ ဆွန်ဟောင်မင်မှာ ယခု အခိုက်အတန့်တွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
မနာလိုခြင်း၊ မနာလိုခြင်း၊ ရှက်ရွံ့ခြင်း...။
ချူဖုန်းသည် ပြီးခဲ့သည့် အာရှအကောင်းဆုံး ကစားသမားဆုပေးပွဲကို မတက်ရောက်ခဲ့သဖြင့် ထိုဆုကို သူ့အား ပေးခဲ့သည်။ သို့သော် ၎င်းမှာ ဂုဏ်ယူစရာ မဟုတ်ဘဲ အရှက်ရစရာ ဖြစ်နေသည်ဟု သူ ယူဆသည်။ နောက်တစ်ကြိမ်တွင် ထိုဆုကို မယူတော့ရန်ပင် သူ ဆုံးဖြတ်ထားသည်။
***