"ဖြောင်း... ဖြောင်း..."
မီးရောင်များ ရုတ်တရက် အပြင်းအထန် တောက်ပလာသည်။ အထင်မမှားပါနှင့်...။ ဇာတ်လိုက်ကျော် ရောက်လာခြင်း မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်အသင်း ရောက်လာခြင်း ဖြစ်သည်။
ဇီဒန်း၏ ဦးခေါင်းပြောင်ကြီးမှာ မီးရောင်အောက်တွင် သဘာဝ အလင်းပြန်ပြား တစ်ခုကဲ့သို့ ဖြစ်နေ၏။
တကယ်တော့... မန်ယူအသင်း နိုးထလာမှုကြောင့် အထိနာဆုံးက ဘယ်သူလဲ။
သေချာပေါက် ရီးရဲလ်မက်ဒရစ်ပင်။ ချန်ပီယံလိဂ် သုံးကြိမ်ဆက် ချန်ပီယံဖြစ်မည့် မျှော်လင့်ချက်ကို ထိုလူငယ်လေးက ရိုက်ချိုးပစ်ခဲ့သည်။ ၎င်းသည် ရီးရဲလ်အသင်းကို အကြီးအကျယ် ထိုးနှက်ခဲ့ပြီး ယနေ့တိုင် ပြန်မထူနိုင်သေးပေ။
"အီဒင်... မင်း နောက်ပိုင်းမှာ ဘလွန်းဒီအောဆု ရဖို့ တွေးဖူးလား..."
ဇီဒန်းက အသာအယာ မေးလိုက်သည်။
"အော်... ဟုတ်ကဲ့... ဟမ်ဘာဂါကတော့ ရွေးချယ်မှုကောင်း တစ်ခုပါပဲ... အာ မဟုတ်ပါဘူး… ဘယ်ကစားသမားက ဘလွန်းဒီအောဆု မရချင်ဘဲ နေမှာလဲ..."
ဟာဇက်ကတော့ ဟိုတယ်ဘေးက ဘာဂါဆိုင်မှာ အမဲသားဘာဂါ အသစ် ထွက်နေတာကိုပဲ တွေးနေမိသည်။
သူ စပိန်ကို ရောက်နေသည်မှာ ကြာသော်လည်း ထိုဘာဂါအကြောင်းပဲ စဉ်းစားနေခြင်း ဖြစ်သည်။ ၎င်းဘာဂါကို သူနှင့် ချူဖုန်းတို့က ကြော်ငြာပေးထားခြင်း ဖြစ်သည်။
ဇီဒန်း: "..."
ရည်မှန်းချက် မရှိသည့် ကစားသမားနှင့် တွေ့သောအခါ ဘာပြောရမှန်း မသိတော့ပေ။ အကယ်၍ ဖလော်ရန်တီနိုသာ ချူဖုန်းကို ဝယ်နိုင်ခဲ့လျှင်... ရီးရဲလ်အသင်း ချန်ပီယံလိဂ် ပြန်ရနိုင်မည်ဟု ဇီဒန်း ယုံကြည်နေမိသည်။
သို့သော် ဤလောကတွင် 'အကယ်၍' ဆိုသည်မှာ မရှိပေ။
မကြာမီ အယ်လီဂရီနှင့် ပေါ့ဘာတို့ ရောက်လာသောအခါ အပြင်ဘက်မှ လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။ ပေါ့ဘာ၏ မျက်နှာမှာ ပျက်နေသော်လည်း သူ့အသားအရောင်က မည်းနက်နေသဖြင့် သိပ်တော့ မသိသာလှပေ။
စီရော်နယ်ဒိုကတော့ တူရင်က သူ့ဗီလာမှာပဲ လေ့ကျင့်ခန်းလုပ်၊ အိပ်စက်ရင်း ကျန်ရစ်ခဲ့သည်။ သူ ဘာပဲလုပ်လုပ် အာရုံစူးစိုက်မရဘဲ နောက်ဆုံးတွင် တီဗီဖွင့်ကာ ဘလွန်းဒီအောဆုပေးပွဲကို ကြည့်နေမိသည်။ သူ အမုန်းဆုံး လူသားက ဘောလုံးလောက၏ ထိပ်ဆုံးသို့ တက်လှမ်းသွားသည်ကို ကြည့်ပြီး သူ့ကိုယ်သူ ပြန်လည် နှိုးဆော်ရန် ဖြစ်သည်။
ကြယ်ပွင့်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာသည်နှင့်အမျှ ရှာတေးလေး ပြဇာတ်ရုံပြင်ပက လေထုမှာ ပိုမို ပူပြင်းလာသည်။
"ဒုတ်... ဒုတ်... ဒုတ်..."
တစ်ချိန်ချိန်တွင်... နောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ကြယ်ပွင့်များအားလုံး၏ အကြည့်ကို ဆွဲဆောင်သွားတော့သည်။
"ချူ..."
ဟိန်းဟောက်နေသော အော်ဟစ်သံများက သိန်းမြစ်ကမ်းတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ဆောင်းလေအေးတွေကိုတောင် မောင်းထုတ်ပစ်လိုက်သလိုပင်။ ချူဖုန်းသည် အနက်ရောင် ဝတ်စုံပြည့်ဖြင့် ကော်ဇောနီ၏ တစ်ဖက်တွင် ရပ်နေသည်။ သူ့ဘေးတွင်မူ မာရီယာ ရှိနေ၏။
ရိုးရှင်းသော်လည်း ထူးခြားလှသော အနက်ရောင် ဝတ်စုံလေးက သူမကို ပိုမို တင့်တယ်စေသည်။ ယနေ့ည၏ ဇာတ်လိုက်မှာ ဘယ်သူလဲဆိုသည်ကို သူမ သိထားသဖြင့် လွန်လွန်ကျူးကျူး ပြင်ဆင်မထားပေ။
"သွားကြစမ်းစို့..."
ချူဖုန်းက မာရီယာ၏ လက်ကို ဆွဲကာ ကော်ဇောနီပေါ်သို့ လှမ်းတက်လိုက်သည်။ ယခုမူ သူသည် ပွဲတစ်ခုလုံး၏ ဗဟိုချက်မ ဖြစ်သွားပြီ။
ကော်ဇောနီအဆုံးရှိ လက်မှတ်ထိုးရမည့် နံရံတွင် ကြယ်ပွင့်များ၏ အမည်များ ပြည့်နေသော်လည်း အလယ်တည့်တည့်မှာတော့ ကွက်လပ်တစ်ခု ကျန်နေသေးသည်။ ၎င်းမှာ ကြိုတင်စီစဉ်ထားခြင်း မဟုတ်ဘဲ ကစားသမားများ၏ စိတ်ထဲတွင် ချူဖုန်းအတွက် ချန်ထားရမည်ဟု အလိုလို သိနေကြခြင်း ဖြစ်သည်။
ချူဖုန်းက မှတ်တမ်းတင်ကလောင်ကို ယူကာ အလယ်တည့်တည့်တွင် ရေးထိုးလိုက်သည်။
【ချူဖုန်း】
ခန့်ညားထည်ဝါလှသော ထိုအမည်မှာ နံရံထက်တွင် တစ်ဦးတည်းသော အရှင်သခင်အလားပင်…။
"တရုတ်နိုင်ငံတော် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်ခင်ဗျာ..."
"အခု ပရိသတ်တို့ မြင်တွေ့နေရတဲ့သူကတော့ ကျွန်တော်တို့ရဲ့ တရုတ်ကစားသမား ချူဖုန်းပဲ ဖြစ်ပါတယ်..."
"သူဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား များစွာကို ရရှိခဲ့သူပါ..."
"သူဟာ ဒီနှစ် ဘလွန်းဒီအောဆုအတွက် ရေပန်းအစားဆုံးသူလည်း ဖြစ်ပါတယ်..."
ဟယ်ဝေသည် ချူဖုန်း၏ ဆုတံဆိပ်များ၊ စံချိန်များနှင့် ဂိုးအရေအတွက်များကို မိတ်ဆက်ပေးရန် သုံးမိနစ်ခန့် အချိန်ယူလိုက်ရသည်။ ဘလွန်းဒီအောဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်ခြင်း ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင် သတင်းထောက်များ၏ မဲပေးမှုဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ရွေးချယ်မှု စံနှုန်းများမှာ တစ်ဦးချင်း ခြေစွမ်း၊ အသင်းလိုက် အောင်မြင်မှု၊ အရည်အချင်းနှင့် ကစားသမားဘဝ တစ်လျှောက် အကျင့်စာရိတ္တတို့ ဖြစ်သည်။
တိုက်ရိုက် ထုတ်လွှင့်မှု၏ မှတ်ချက်များတွင်လည်း ပရိသတ်များမှာ ရူးသွပ်နေကြသည်။
[ချူဖုန်းရဲ့ ဩဇာကတော့ တကယ့်ကို ကြီးမားတာပဲ... CCTV ရော၊ TikTok ရော၊ Weibo ရော အကုန်လုံးမှာ သူပဲ ရှိနေတယ်...]
[ဒီနေ့ ဘလွန်းဒီအောဆုက သမိုင်းတစ်လျှောက် တန်ဖိုးအရှိဆုံး ဖြစ်မှာလား...]
[ချူဖုန်းက အသက် (၂၁) နှစ်ပဲ ရှိသေးတာ... နောက်ထပ် ကမ္ဘာ့ဖလား (၄) ကြိမ်လောက် ကစားနိုင်သေးတယ်... တစ်နေ့မှာ သူ ကမ္ဘာ့ဖလားကြီးကို မြှောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်...]
[ဒီနေ့ ရမှတ်ကွာခြားချက်က အကြီးမားဆုံး ဖြစ်နိုင်မလား... ၂၀၁၆ မှာ ရော်နယ်ဒိုက မက်ဆီထက် (၄၂၉) မှတ် အသာနဲ့ ရခဲ့ဖူးတယ်...]
တစ်ချိန်တည်းမှာပင် တရုတ်ပြည် အနှံ့အပြား၌...
မနက် (၃) နာရီ ရှိနေပြီ ဖြစ်သော်လည်း အိမ်တိုင်းတွင် မီးများ လင်းထိုင်နေကြသည်။
ပင်ချန်းမြို့တွင်လည်း နှစ်သစ်ကူးပွဲတော်ကဲ့သို့ စည်ကားနေ၏။ လမ်းဘေးဆိုင်များ၊ ဘားများတွင် အားလုံးက ဘလွန်းဒီအောဆုပေးပွဲကို စောင့်ကြည့်နေကြသည်။ ချူဖုန်း ရရှိမည့် ဆုသည် တရုတ်ဘောလုံးလောက၏ အနာဂတ်ကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။
"ဝုန်း..."
ရှာတေးလေး ပြဇာတ်ရုံအတွင်းရှိ မီးများ အားလုံး ငြိမ်းသွားပြီး မှောင်အတိ ကျသွားသည်။
နှလုံးခုန်သံကဲ့သို့သော အသံတစ်ခု စတင်ထွက်ပေါ်လာပြီး တဖြည်းဖြည်း မြန်လာသည်။ စခရင်ပေါ်တွင် ဘလွန်းဒီအောဆု လျာထားခံရသူများ၏ ပုံရိပ်များ ပေါ်လာသည်။ ဗန်ဒီဘိခ်၊ ဘန်ဇီမာ၊ ဆွန်ဟောင်မင်၊ ဟာဇက်၊ ဘာပေ၊ ဒီဂီယာ... နောက်ဆုံးတွင် လူလေးဦးသာ ကျန်တော့သည်။
ချူဖုန်း၊ မက်ဆီ၊ ပေါ့ဘာ နှင့် ရော်နယ်ဒို
သူတို့သည် ယခုနှစ်၏ ထိပ်သီးလေးဦး ဖြစ်သည်။
"ဒေါင်..."
မီးများ ပြန်လည် လင်းထိုင်လာသောအခါ ဒရော့ဘာနှင့် ဆန်ဒီဟာဘတ်တို့ စင်ပေါ်သို့ တက်လာကြသည်။
"အားလုံးပဲ မင်္ဂလာညချမ်းပါ... ကျွန်တော်ကတော့ ဒီဒီယာ ဒရော့ဘာ ပါ..."
"ဘလွန်းဒီအောဆုရှင်ရဲ့ အမည်က ကျွန်တော့်လက်ထဲက စာအိတ်ထဲမှာ ရှိနေပါပြီ... ဒါပေမဲ့ ပွဲစီစဉ်သူတွေက ကိုပါဆုနဲ့ ယာရှင်ဆုတွေကို အရင်ပေးခိုင်းထားလို့ လောလောဆယ်တော့ လျှို့ဝှက်ထားရဦးမှာပါ..."
"ကိုပါဆု အတွက် ဒိုင်လူကြီးတွေကတော့ ဘလွန်းဒီအောဆုရှင်ဟောင်း (၃၃) ဦး ဖြစ်ပါတယ်... သူတို့ရဲ့ ရွေးချယ်မှုက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်... ကြည့်လိုက်ကြရအောင်..."
စခရင်ပေါ်တွင် [ဗီနီစီးယပ်စ်၊ ဟားဗတ်ဇ်၊ ဂွမ်ဒူဇီ၊ လူနင်၊ ချူဖုန်း] ဟူ၍ ပေါ်လာသည်။
"ရော်နယ်ဒိုက ချူဖုန်းကို ရွေးတယ်။ ကာကာက ချူဖုန်းကို ရွေးတယ်။ အိုဝင်က ချူဖုန်းကို ရွေးတယ်။ ဇီဒန်းကလည်း ချူဖုန်းကို ရွေးတယ်... ၂၀၁၉ ကိုပါဆုရှင် ချူဖုန်းကို ဂုဏ်ပြုပါတယ်..."
မီးရောင်များက ချူဖုန်းဆီသို့ ကျရောက်သွားသည်။ သူ့ဘေးရှိ မက်ဆီမှာ အနည်းငယ် နေရခက်နေပုံ ရသည်။ သူက ဆန်ချိုကို မဲပေးခဲ့၍ ဖြစ်သည်။ ဒီလစ်ကတော့ ငိုချင်စိတ် ပေါက်နေသည်။ ချူဖုန်းနှင့် ယှဉ်ရန် သူ မစွမ်းသာပေ။
"စကားသိပ်မများနဲ့နော်... နောက်မှ တစ်ခါ ပြန်တက်ရဦးမှာ..."
မာရက်ဇ်က အမြန် သတိပေးလိုက်သည်။ ကိုပါဆုမှာတင် အပြောများသွားလျှင် ဘလွန်းဒီအောဆု ကျမှ ဘာပြောရမှန်း မသိဘဲ ဖြစ်နေမည်။
ချူဖုန်းက ဝတ်စုံကို ပြင်လိုက်ရင်း စင်ပေါ်သို့ လျှောက်လှမ်းသွားသည်။ ပြီးခဲ့သည့်နှစ် ဆုရှင် ဘာပေက ချူဖုန်းကို ဆုပေးရမည် ဖြစ်သည်။ ဘာပီ၏ မျက်နှာမှာလည်း အနည်းငယ် အိုးနင်းခွက်နင်း ဖြစ်နေ၏။ ပြင်သစ်လိဂ် ချန်ပီယံနှင့် ကမ္ဘာ့ဖလားပဲ ရှိသော သူက ဖလား ၇လုံး ပိုင်ရှင်အား ဆုပေးရသည်မှာ မချိပြုံး ပြုံးနေရသလိုပင်။
"ဆုရတဲ့အတွက် ဘာများ ပြောချင်ပါသလဲ..." ဒရော့ဘာက မေးလိုက်သည်။
"မဲပေးခဲ့ကြတဲ့ ဒိုင်လူကြီးတွေကို ကျေးဇူးတင်ပါတယ်... ကိုပါဆု ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်”
"ဒါပဲလား..."
"ဒါပဲလေ..."
"မင်းက မန်ချက်စတာ တက္ကသိုလ် ကျောင်းသား မဟုတ်ဘူးလား... ဘာလို့ စကားက နှစ်ခွန်းတည်းနဲ့ ပြီးသွားတာလဲ..."
"ဘာလို့လဲဆိုတော့ ကျွန်တော်က ဘောလုံးစီးပွားရေး စီမံခန့်ခွဲမှု အထူးပြု ကျောင်းသား ဖြစ်နေလို့ပါ… အချိန်ကို စီမံခန့်ခွဲရတာပေါ့..."
ပြဇာတ်ရုံတစ်ခုလုံး ရယ်သံများ ပျံ့လွင့်သွားသည်။ ဒရော့ဘာကလည်း မော်ရင်ညိုကို လှမ်းစနောက်လိုက်သေးသည်။
"မင်းက လူထူးလူဆန်းကြီးဆီမှာ ကစားခဲ့တာတောင် သူ့ရဲ့ စကားပြောကောင်းတဲ့ အရည်အချင်းကို မရခဲ့ဘူးလား" ဆိုတော့ မော်ရင်ညိုကလည်း "မင်းလည်း အဲဒီတုန်းက မရခဲ့တာပဲ မဟုတ်လား" ဟု ပြန်ချေပလိုက်သဖြင့် ရယ်သံများ ပိုထွက်လာသည်။
နောက်တွင် ယာရှင်ဆုကို ဒီဂီယာက ဆွတ်ခူးသွားသည်။ သူသည်လည်း အမြန်ပင် ကျေးဇူးတင်စကား ပြောကာ ဆင်းသွား၏။ အားလုံးက ဘာကို စောင့်နေကြသည်ကို သူ သိနေ၍ ဖြစ်သည်။
“ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ (၆၄) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင်ကတော့…”
ဒရော့ဘာက စာအိတ်ကို ဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်သည်။ ထို့နောက် ရှေ့ဆုံးတန်းမှ လူများကို ဝေ့ကြည့်လိုက်၏။ အားလုံး၏ မျက်နှာတွင် တင်းမာမှုများ ရှိနေသော်လည်း အနက်ရောင် ဝတ်စုံနှင့် လူသားကတော့ တည်ငြိမ်နေဆဲ။
"သူကတော့... ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းနိုင်ခဲ့တဲ့ စတုတ္ထမြောက် လူသားပါ..."
"သူကတော့... ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး စံချိန်ကို နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့သူပါ..."
"သူကတော့... အိမ်ကွင်းမှာ (၃) ဂိုးပြတ် ရှုံးနိမ့်နေတာကို အနိုင်ရအောင် ပြန်တိုက်ထုတ်နိုင်ခဲ့တဲ့ ပထမဆုံး လူသားပါ..."
"သူကတော့... လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ၊ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အင်္ဂလန်ရဲ့ ပထမဆုံး ဖလား ၇လုံးဆုရှင် ဖြစ်ပါတယ်..."
"သူကတော့... (၆၄) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင်... ချူဖုန်းပါပဲ..."
***