သမိုင်းဝင် ရှာတေးလေး ပြဇာတ်ရုံကြီးသည် ယနေ့ညတွင် ဘောလုံးလောက၏ ဗဟိုချက်မ ဖြစ်လာလေသည်။ ပါရီမြို့၏ ညကောင်းကင်ယံထက်တွင် အောင်ပွဲခံ မီးရှူးမီးပန်းများက ဝုန်းခနဲ၊ ဘန်းခနဲ ပွင့်အံထွက်လာကြ၏။
၎င်းကား ဘုရင်အသစ် နန်းတက်ခြင်းအတွက် အလေးပြုခြင်းပင်။
"တစ်ယောက်တည်းကမ္ဘာ" ဟု ခေါ်တွင်မည့် ခေတ်သစ်တစ်ခု စတင်လိုက်ပြီ ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို ကြေညာလိုက်ခြင်းလည်း ဖြစ်ပေသည်။
သောင်းသောင်းဖျဖျ ပေးနေကြသော လက်ခုပ်သံများနှင့် စူးရှတောက်ပလှသော မီးရောင်များကြားတွင် ချူဖုန်းသည် ထိုင်ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူသည် တီဗီဖန်သားပြင်ရှေ့မှနေ၍ ဤကဲ့သို့သော ဆုပေးပွဲ အခမ်းအနားများကို အားကျစွာ ငေးမောခဲ့ဖူးသည်။ ထိုစဉ်က သူ၏ အိပ်မက်မှာ ဤဂုဏ်ထူးဆောင် ခန်းမကြီးအတွင်းသို့ ခြေချခွင့်ရရန်သာ ဖြစ်၏။
ယခု နှစ်နှစ်အကြာတွင်မူ... မရေမတွက်နိုင်သော လူသားများက တီဗီရှေ့မှနေ၍ သူ့ကို အားကျတကြီး ငေးမောနေကြရပြီ။ သူသည် အထူးချွန်ဆုံးသော ကြယ်ပွင့်များကြားတွင် ဇာတ်လိုက်အဖြစ် ဂုဏ်ပြုခံနေရလေပြီ။
ရင်ထဲတွင် ခံစားချက်မျိုးစုံ ပလူပျံနေသော်လည်း ချူဖုန်းကတော့ တည်ငြိမ်နေဆဲ။
"ဂုဏ်ယူပါတယ်... ဒီဆုက မင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်..."
ဒရော့ဘာက ရင်ထဲကလာသော ဆုတောင်းစကားကို ဆိုလိုက်သည်။ မရေမတွက်နိုင်သော အလင်းတန်းများက လူသားတစ်ယောက်တည်းဆီသို့ စုဆုံကျရောက်နေပြီး သူကတော့ ခမ်းနားလှသော စင်မြင့်ထက်မှနေ၍ ဘောလုံးလောက၏ ထိပ်သီးများကို ငုံ့ကြည့်နေ၏။
"ဘောလုံးသမားဘဝ စတင်ကတည်းက ဘလွန်းဒီအောဆုဆိုတာ ကျွန်တော့်ရဲ့ အကြီးမားဆုံး အိပ်မက်ပါ..."
"ဒီနေရာမှာ ရပ်နေရတာကို ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အတွက် ပြည့်စုံလွန်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့သလို သမိုင်းသစ်တွေ အများကြီးကိုလည်း ရေးထိုးနိုင်ခဲ့ကြတယ်။ ဒါကြောင့် ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ အဖွဲ့အစည်းနဲ့ နည်းပြတွေ အားလုံးနဲ့ ဆိုင်ပါတယ်။ သူတို့သာ မရှိရင် ကျွန်တော် ဒီဆုကို ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး..."
"အထူးသဖြင့် ကျွန်တော့်ရဲ့ မိဘတွေကို ကျေးဇူးအတင်ဆုံးပါပဲ..."
"ကျွန်တော်က ဘောလုံးကို ချစ်တဲ့ မြို့လေးတစ်မြို့မှာ မွေးဖွားခဲ့ပြီး ကျွန်တော့်ကို အမြဲတမ်း ပံ့ပိုးပေးတဲ့ မိဘနှစ်ပါး ရှိခဲ့တယ်။ သူတို့က သူတို့ရဲ့ သားဟာ အောင်မြင်လိမ့်မယ်လို့ အမြဲယုံကြည်ပေးခဲ့သလို အဲဒီအတွက်လည်း ရှိသမျှ အစွမ်းကုန် ကြိုးစားပေးခဲ့ကြတယ်။ ကျွန်တော် ဝေဖန်ခံရချိန်၊ သံသယ ဝင်ခံရချိန်နဲ့ အခက်အခဲတွေ ကြုံရချိန်တိုင်းမှာ သူတို့ဟာ ကျွန်တော့်အတွက် ဆက်လျှောက်ဖို့ ခွန်အားတွေ ဖြစ်ခဲ့ရပါတယ်..."
ဘောလုံးသမားဘဝ၏ အောင်မြင်မှုများထက် ဤကဲ့သို့သော မိဘမျိုးကို ပိုင်ဆိုင်ထားရခြင်းက ပို၍ ဂုဏ်ယူစရာကောင်းသည်ဟု ချူဖုန်း ခံစားနေမိသည်။
"တကယ့်ကို ရင်ထဲထိစေတဲ့ ကျေးဇူးတင်စကားပါပဲ။ ကဲ... နောက်ထပ် အင်တာဗျူးလေး နည်းနည်း လုပ်ကြရအောင်..."
"ပထမမေးခွန်းကတော့... မင်းက ဘောလုံးအပေါ်မှာ အရမ်းကို စည်းကမ်းရှိပြီး အစွမ်းကုန် ကြိုးစားတယ် ဆိုတာ အားလုံးသိကြတယ်။ ဒီအပေါ်မှာ မင်းရဲ့ အယူအဆလေးကို မျှဝေပေးပါဦး..." ဒရော့ဘာက အင်တာဗျူးကတ်ကို ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော် အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခု ရှိပါတယ်။ 'အောင်ပွဲဆိုတာ တောင်ကုန်းပေါ်က ပန်းကလေးတွေလို အလွယ်တကူ ဆွတ်ခူးလို့ ရတာမျိုး မဟုတ်ဘူး။ အကောင်းဆုံးအရာတွေဆိုတာ ဘယ်တော့မှ အလွယ်တကူ ဖြစ်မလာဘူး' ဆိုတာပါပဲ..." "ကျွန်တော်တို့အားလုံးဟာ ချန်ပီယံဆုနဲ့ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတယ်၊ ကံကောင်းတာက ကျွန်တော်တို့ရဲ့ ပေးဆပ်မှုတွေက အရာထင်ခဲ့ပါတယ်..." ချူဖုန်းက ပြုံးလျက် ဖြေကြားလိုက်သည်။
ပရိသတ်များကြားမှ သောင်းသောင်းဖျဖျ လက်ခုပ်တီးသံများ ထွက်ပေါ်လာ၏။ သို့သော် ဟယ်ရီကိန်းကတော့ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားသည်။
သောက်ကျိုးနည်း... အောင်ပွဲက အလွယ်တကူ ရတာမဟုတ်ဘူး ဟုတ်လား... ဒီကောင် ချန်ပီယံဆုတွေ ရနေတာ ကြည့်ရတာ ပန်းခူးနေသလောက်တောင် မခက်သလိုပဲ... ငါကတော့ ကစားလာတာ နှစ်တွေလည်း ကြာပြီ။ ရွှေဖိနပ်ဆုတွေလည်း ရဖူးပါရဲ့။ အခုထိ ဖလားဆိုတဲ့ အရိပ်အယောင်တောင် မမြင်ရသေးဘူး... အိမ်မှာဆိုရင်လည်း ဖလားမရှိလို့ ပန်းအိုးတွေပဲ အစီအရီ တင်ထားရတယ်။ သူငယ်ချင်းတွေ လာလည်မှာတောင် ကြောက်နေရတယ်...
"ပရိသတ်တွေက မင်းကို ဂြိုဟ်သား ရော်နယ်ဒိုနဲ့ ခဏခဏ နှိုင်းယှဉ်လေ့ရှိတယ်။ သူလည်း ဒီနေ့ပွဲကို တက်ရောက်နေတာဆိုတော့ သူ့ကို ဘာပြောချင်သလဲ..."
ဒရော့ဘာက ပရိသတ်ကြားရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ ဂြိုဟ်သား ရော်နယ်ဒိုက သူ့ရဲ့ ဖိုင့်ဖိုင့်တုတ်တုတ် လက်ကလေးကို ဝှေ့ယမ်းပြလိုက်၏။
"ဟုတ်ကဲ့... ၁၉၉၇ ခုနှစ်မှာ ဘလွန်းဒီအောဆုကို အသက်အငယ်ဆုံးနဲ့ ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ..."
"သူဟာ ကျွန်တော့်အပေါ်မှာလည်း လွှမ်းမိုးမှု အများကြီး ရှိခဲ့ပါတယ်။ အရင်ကဆိုရင် ဘောလုံး လိမ်ခေါက်ပုံနဲ့ ထိုးဖောက်ပုံ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ သူ့ရဲ့ ဗီဒီယိုတွေကို ညတိုင်းလိုလို ကြည့်ခဲ့ရတာပါ..."
ချူဖုန်းက အလိုက်တသိပင် ပြန်ဖြေလိုက်သည်။
"နောက်ဆုံး မေးခွန်းတစ်ခုကတော့... မစ္စတာ မော်ရင်ညိုဟာ မင်းရဲ့ ကစားသမားဘဝအတွက် ဘာကို ဆိုလိုပါသလဲ..."
ဒရော့ဘာ၏ အပြုံးမှာ အတိတ်ကို လွမ်းဆွတ်နေပုံရသည်။ သူတို့နှစ်ဦးသည် ချဲလ်ဆီးအသင်းကို မကြုံစဖူး ဂုဏ်သိက္ခာများနှင့် သံမဏိစိတ်ဓာတ်များ သွတ်သွင်းပေးခဲ့ကြသူများ မဟုတ်ပါလား။
"ဟုတ်ကဲ့... သူက ကျွန်တော့်ကို အရှုံးကို မုန်းတီးတတ်အောင် သင်ပေးခဲ့သလို အရှုံးကို လက်ခံတတ်အောင်လည်း သင်ပေးခဲ့ပါတယ်။ ကျွန်တော် မန်ယူပထမအသင်းကို စရောက်တည်းက ပွဲစဉ်တိုင်းအပြီးမှာ သူ့ဆီသွားပြီး ပွဲကို ပြန်လည် သုံးသပ်လေ့ရှိတယ်..."
"ဒါဟာ နည်းဗျူဟာတွေ ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို ပေါင်းစပ်ရမလဲဆိုတာကို ကျွန်တော် နားလည်စေခဲ့ပြီး အခုလို ဂိုးတွေ ခဏခဏ သွင်းနိုင်ရခြင်းရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ သူက အရမ်းကို ရယ်ရတဲ့ လူကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့က မိသားစုဝင်တွေလိုပဲ အမြဲ စနောက်နေကြတာပါ။ အချုပ်ပြောရရင်တော့ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အောင်ပွဲအတွက် ဒီလောက် စိတ်ထက်သန်တဲ့ နည်းပြမျိုးနဲ့ ဆုံတွေ့ခွင့်ရတာကို တကယ်ပဲ ဝမ်းသာမိပါတယ်..." ချူဖုန်းက စင်အောက်ရှိ ပရိသတ်များကို အသာအယာ ဦးညွှတ်လိုက်သည်။
"ငါလည်း အဲဒီတုန်းက အဲဒီလိုပဲ တွေးခဲ့တာပါ။ ကွာခြားချက်တစ်ခုကတော့ ငါက ဘလွန်းဒီအောဆု တစ်ခါမှ မရခဲ့တာပဲ..."
ဒရော့ဘာက ပုခုံးတွန့်ရင်း နောက်လိုက်သဖြင့် အားလုံး ရယ်မောကုန်ကြသည်။ ထို့နောက် စူးရှလှသော မီးရောင်များအောက်တွင် ချူဖုန်းသည် စင်မြင့်ထက်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့လေသည်။
---
ပွဲအပြီး ဂုဏ်ပြုညစာစားပွဲမှာ တကယ့်ကို ခမ်းနားလှသလို စည်ကားသိုက်မြိုက်နေသည်။
"ချူ... ဆုဖလားကြီးကို ငါ့ကို ပေးကိုင်စမ်းပါဦး..."
မက်ဂွိုင်းယားက လက်ကလေးပွတ်ရင်း အားရပါးရ ပြောလိုက်သည်။
"လက်ထောက်က အစောကြီးကတည်းက သိမ်းသွားပြီဟ... ပြင်သစ်မှာ သူခိုးတွေ ဘယ်လောက်များလဲ မင်းမသိဘူးလား..."
မာရက်ဇ်က မက်ဂွိုင်းယား၏ ခေါင်းကို ပုတ်ရင်း ဟန့်လိုက်၏။
"အေးလေ... အီတလီက ခိုးတယ်။ အင်္ဂလန်က လုတယ်။ ပြင်သစ်ကတော့ ခိုးတာရော လုတာရော လုပ်တာ..."
မက်ဂွိုင်းယားကတော့ သူ့ထုံးစံအတိုင်း မပေါက်တပေါက် ဟာသများကို ပြောနေဆဲ။
"ဒါနဲ့... ဒီဇင်ဘာလရဲ့ ပွဲစဉ်ဇယားကတော့ တကယ့်ကို ကြောက်စရာပဲ။ ပြန်ရောက်တာနဲ့ စပါးနဲ့ ကစားရမယ်။ လကုန်မှာတော့ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဦးမှာ..."
မက်ဂွိုင်းယားက မော်ရင်ညို မကြည့်သည့်အချိန်တွင် ကိတ်မုန့်တစ်တုံးကို အမြန်ပင် ပါးစပ်ထဲ သွပ်ထည့်လိုက်သည်။
"ငါတို့ ဒီဇင်ဘာမှာ အမှားခံလို့ မဖြစ်ဘူး။ နိုင်နိုင်သမျှ ပွဲတိုင်းကို အနိုင်ယူထားရမယ်..."
ချူဖုန်းက လက်ထဲက ရှန်ပိန်ခွက်ကို အသာချရင်း ပြောလိုက်သည်။ သူသည် ဇန်နဝါရီတွင် အာရှဖလား ကစားရန် သွားရမည် ဖြစ်သဖြင့် (၃) ပတ်မှ (၄) ပတ်ခန့် အသင်းနှင့် ဝေးကွာရပေမည်။ ထိုအချိန်အတွင်း မန်ယူအသင်းသည် အာဆင်နယ်၊ လီဗာပူးတို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
"စိတ်မပူပါနဲ့... ငါရှိတယ်..."
မက်ဂွိုင်းယားက နှုတ်ခမ်းဘေးက ခရင်မ်တွေကို သုတ်ရင်း သူ့ရင်ဘတ်ကို ယုံကြည်မှုအပြည့်ဖြင့် ပုတ်ပြလိုက်သည်။
ချူဖုန်း: "..."
မက်ဂွိုင်းယားက ထိုသို့ပြောလေ၊ ချူဖုန်းမှာ ပို၍ စိုးရိမ်လာလေ ဖြစ်နေတော့သည်။
ဆုပေးပွဲပြီးနောက် နှစ်ရက်အကြာတွင် ပရီးမီးယားလိဂ် ပွဲစဉ်ရှိသဖြင့် သူတို့အသင်းမှာ မန်ချက်စတာသို့ ချက်ချင်း ပြန်ခဲ့ကြရသည်။ သို့သော် ဤညသည်ကား သမိုင်းတွင်မည့် ညတစ်ည ဖြစ်ပေသည်။
ဘလွန်းဒီအောဆုရှင်အသစ် အကြောင်းမှာ အင်တာနက် တစ်ခွန်းလုံးတွင် ဟုန်းဟုန်းတောက် သွားခဲ့လေပြီ။
တရုတ်ပြည်အတွင်းမှာလည်း ဘောလုံးကွင်းလေးများတွင် ကစားနေသည့် ကလေးငယ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ဘောလုံးကစားခြင်းသည် လှောင်ပြောင်စရာ မဟုတ်တော့ဘဲ ဂုဏ်ယူစရာ ဖြစ်လာခဲ့သည်။
ဘလွန်းဒီအောဆုပေးပွဲ၏ အရှိန်အဟုန် မကုန်သေးမီမှာပင် ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အဖြစ် မန်ယူနှင့် အက်စတွန်ဗီလာတို့ ရင်ဆိုင် ကစားကြသည်။
အိုးထရက်ဖို့ဒ် အိမ်ကွင်း။
"ချူ..."
အနီရောင် ပင်လယ်ပြင်ကြီးမှာ ရူးသွပ်စွာ ဆူပွက်နေပြီး အော်ဟစ်သံများမှာ နားကွဲမတတ်ပင်။ အဘယ်ကြောင့်ဆိုသော် မြက်ခင်းစိမ်းပေါ်တွင် တောက်ပလှသော ဘလွန်းဒီအောဆုကြီးကို လူအများက ကိုးကွယ်သလို ဝန်းရံနေကြသောကြောင့် ဖြစ်သည်။
"ကဲ... အခု (၆၄) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင် ချူဖုန်းကို ကြိုဆိုပေးကြပါဦး..."
ကွင်းတွင်း ဒီဂျေ၏ အက်ရှရှ အော်သံ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် မန်ယူအသင်း၏ နံပါတ် (၇) သည် ဘလွန်းဒီအောဆုကြီးကို မြှောက်ကိုင်ကာ ကွင်းအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်း ဝင်ရောက်လာလေသည်။
ကစားသမားဝင်ပေါက်အတွင်းရှိ အက်စတွန်ဗီလာ ကစားသမားများမှာမူ အလွန်ပင် အနေရခက်နေကြသည်။ မန်ယူအသင်းကတော့ အခုချိန်မှာ စိတ်ဓာတ်တွေ အထွတ်အထိပ် ရောက်နေမှာ သေချာသည်။ ဤကဲ့သို့သော အချိန်တွင် သူတို့နှင့် ရင်ဆိုင်ရသည်မှာ ကံဆိုးခြင်းပင်။
"ဒီနေ့ နည်းဗျူဟာက ရိုးရိုးလေးပဲ... ခံစစ်၊ ခံစစ်၊ ခံစစ်..."
ဗီလာနည်းပြ ဒင်းစမစ်က ထပ်ခါတလဲလဲ မှာကြားနေသည်။
***