"တီ... တီ..."
ဒိုင်လူကြီး၏ ဝီစီမှုတ်သံနှင့်အတူ ပွဲစတင်လေပြီ။ ဗီလာအသင်းသည် နည်းပြမှာသည့်အတိုင်း ဂိုးပေါက်ရှေ့တွင် ဘတ်စ်ကား ပိတ်ရပ်ကာ အစွမ်းကုန် ခံစစ်ဆင်ကြသည်။ ဤကဲ့သို့သော ထူထပ်လှသော ခံစစ်ကို ဖောက်ရန် နည်းလမ်းများစွာ ရှိသော်လည်း မန်ယူအသင်းကတော့ ပြစ်ဒဏ်ဘောများကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။
ပထမပိုင်း (၉) မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က ပြစ်ဒဏ်ဘော ကန်တင်ပေးလိုက်သည်။ ချူဖုန်းက ဘောလုံးရယူမည့်ပုံစံဖြင့် ဘယ်ဘက်သို့ ပြေးထွက်သွားရာ နောက်ခံလူ နှစ်ယောက်က ချက်ချင်း လိုက်ပါသွားကြသည်။ သို့သော် ၎င်းမှာ ချူဖုန်း၏ လှည့်ကွက်သာ ဖြစ်သည်။ ဘောလုံးက သူတို့ခေါင်းပေါ်ကို ကျော်ပြီး အနောက်ဘက်က မက်ဂွိုင်းယားဆီသို့ ရောက်သွားသည်။
"ဘုန်း..."
မက်ဂွိုင်းယား၏ ခေါင်းတိုက်ချက်မှာ ပြင်းထန်လှသော်လည်း ဗီလာဂိုးသမား ဟီတန်က အမိအရ ကာကွယ်လိုက်နိုင်သည်။ သို့သော် ဘောလုံးက ဂိုးဧရိယာအတွင်းမှာပဲ ရှိနေဆဲ။
အဖြူရောင် ပုံရိပ်တစ်ခုက ဝှစ်ခနဲ ပြေးဝင်လာသည်။ ချူဖုန်းပင် ဖြစ်သည်။ သူသည် နောက်ခံလူများထက် တစ်လှမ်းစောကာ ပြေးဝင်လာပြီး ဘောလုံးကို ဂိုးထဲသို့ အားရပါးရ ကန်သွင်းလိုက်လေတော့သည်။
၁ - ၀
ဗီလာနောက်ခံလူနှစ်ဦးမှာ ချူဖုန်း၏ အရှိန်အဟုန်ကို မမီဘဲ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သို့သော် သူတို့အတွက် ငရဲခန်းမှာ စတင်ရုံသာ ရှိသေးသည်။
ပထမပိုင်း (၂၇) မိနစ်တွင် ကန်တေက ကွင်းလယ်မှတစ်ဆင့် ချူဖုန်းဆီသို့ ဘောလုံး မျှောပေးလိုက်သည်။ ချူဖုန်းက နောက်ခံလူကို ကျောပေးထားရင်း ဘောလုံးကို အသာဆွဲ၊ လှည့်ထွက်ကာ အနေအထား ပြင်လိုက်သည်။
ရွှေခေါင်းလောင်းကို တူနှင့် ထုလိုက်သကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဘောလုံးမှာ အိုးထရက်ဖို့ဒ်ကွင်း၏ မြက်စလေးများကို လွင့်စဉ်သွားစေကာ ကြယ်တံခွန်တစ်ခုအလား ဂိုးပေါက်ထဲသို့ တိုးဝင်သွားလေတော့သည်။
"ဂိုး..."
"ဒီခြေလှမ်းက ပင်လယ်ထဲက နဂါးတစ်ကောင် ထွက်ပေါ်လာသလိုပဲ..."
"ဒီကန်ချက်ကတော့ ကောင်းကင်ယံကို ဖြတ်သန်းသွားတဲ့ လခြမ်းကွေးကြီး တစ်ခုလိုပါပဲ..."
"မန်ယူပရိသတ်တို့... အသက်ရှူဖို့ မမေ့ကြနဲ့ဦးနော်..."
ကျန်းကျွင်း၏ ထူးခြားလှသော အသံမှာ ပဲ့တင်ထပ်သွားသည်။ ချူဖုန်း၏ အောင်ပွဲခံဟန်မှာ အိုးထရက်ဖို့ဒ် တစ်ကွင်းလုံးကို တုန်ခါသွားစေ၏။
ပထမပိုင်း ပြီးခါနီးတွင် ချူဖုန်းသည် ပင်နယ်တီမှတစ်ဆင့် နောက်ထပ် ဂိုးတစ်ဂိုး ထပ်မံ သွင်းယူကာ ဟက်ထရစ် ရရှိသွားခဲ့သည်။
"တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်နဲ့ ကန်ချက်ပါပဲ..."
"ဘလွန်းဒီအောဆု ရပြီးတဲ့နောက်မှာ ချူဖုန်းရဲ့ ဟန်ပန်က ပိုပြီး ခန့်ညားလာတာကို သတိထားမိကြမှာပါ..."
"ယုံကြည်မှုဆိုတာ လူတစ်ယောက်ကို ထူးခြားသွားစေသလို လူသားတစ်ယောက်ရဲ့ အစွမ်းအစတွေကို ဖွင့်ပေးနိုင်တဲ့ သော့ချက်လည်း ဖြစ်ပါတယ်..."
ပွဲပြီးဆုံးချိန်တွင် မန်ယူ ၃ - ၀ အက်စတွန်ဗီလာ။
ဘလွန်းဒီအောဆုရှင်သည် သူ၏ ပထမဆုံးပွဲစဉ်မှာတင် ဟက်ထရစ်ဖြင့် ဂုဏ်ပြုလိုက်လေပြီ။
မန်ချက်စတာမြို့ပြင်ရှိ ခြံဝင်းကြီးအတွင်းတွင်လည်း ပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေ၏။ အဘယ်ကြောင့်ဆိုသော် ဘလွန်းဒီအောဆုရှင်၏ မင်္ဂလာပွဲ ကျင်းပတော့မည် ဖြစ်သောကြောင့်ပင်။
The Sun သတင်းစာ၏ အဆိုအရ ဧည့်သည်ပေါင်း (၅၀၀) ကျော် တက်ရောက်မည် ဖြစ်ပြီး အများစုမှာ ဘောလုံး ကစားသမားများ ဖြစ်ကြသည်။ ၎င်းမှာ မင်္ဂလာဆောင်နှင့် မတူဘဲ စီးပွားရေး အခမ်းအနား တစ်ခုနှင့်ပင် တူနေတော့သည်။
ချူဖုန်းလည်း ဘာမှမတတ်နိုင်ဘဲ မာရီယာကိုသာ အားနာနာဖြင့် ချော့ထားရသည်။ မကြာမီမှာပင် ပရီးမီးယားလိဂ် ပွဲစဉ်သစ်သို့ ပြန်လည် ရောက်ရှိလာတော့မည်။
ဝင်ဘလေ အားကစားကွင်း။
စပါး နှင့် မန်ယူ... ပြင်းထန်လှသော တိုက်ပွဲကြီးမှာ စတင်တော့မည် ဖြစ်သည်။
………………
ပွဲကြို သတင်းစာရှင်းလင်းပွဲ…
"မစ္စတာ ပိုချက်တီနို... သတင်းတွေအရ စပါးအသင်း စီမံခန့်ခွဲရေးအဖွဲ့က ခင်ဗျားကို ထုတ်ပယ်ဖို့ စဉ်းစားနေတယ်လို့ ကြားပါတယ်... ခင်ဗျား အသင်းကနေ ထွက်ခွာမှာလား..." The Sun သတင်းစာမှ သတင်းထောက်က မိုက်ခရိုဖုန်းကို မြှောက်ကာ မေးလိုက်သည်။
၎င်းမှာ သတင်းထောက်က လုပ်ကြံပြောနေခြင်း မဟုတ်။ စပါးအသင်း၏ လက်ရှိခြေစွမ်းကို ကြည့်လျှင်ပင် သိသာလှသည်။
ပရီးမီးယားလိဂ် (၁၂) ပတ်အပြီးတွင် သူတို့ ရရှိထားသည်မှာ (၁၄) မှတ်သာ ရှိသေးသည်။ ပြီးခဲ့သည့် လကတည်းက (၅) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး လီဗာပူးကို ရှုံးနိမ့်ခဲ့သလို အသင်းငယ်လေးများကိုပင် မနိုင်ခဲ့ချေ။
ဤအခြေအနေမှာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လက်လွှတ်ရမည့် အခြေအနေ ဖြစ်နေသည်။
ဒါတင်မကသေး... ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၂ - ၇ ဆိုသည့် ရလဒ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးသည်။ အုပ်စုက တက်သွားသည်ဆိုဦးတော့… မျက်နှာကတော့ အဖတ်ဆယ်မရအောင် ပျက်ခဲ့ပြီ။
ထို့ပြင် လိဂ်ဖလားတွင်လည်း စတုတ္ထတန်းအဆင့်က ကိုချက်စတာ အသင်းကို ရှုံးပြီး ထွက်ခဲ့ရသေးသည်။ ဤမှတ်တမ်းဆိုးများကို ဘယ်လိုမှ ဆေးကြော၍ မရနိုင်တော့ချေ။
"ကျွန်တော် သိထားသလောက်ဆိုရင် ဘင်နီတက်ဇ်၊ တန်ဟက်ဂ်နဲ့ ဆောက်ဂိတ်တို့က စပါးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြတယ်..."
သတင်းထောက်က ထပ်မံ ဖိအားပေးရန် ကြိုးစားသော်လည်း ပိုချက်တီနိုက စကားဖြတ်လိုက်သည်။
"ကျွန်တော်က စပါးအသင်းရဲ့ နည်းပြချုပ်အဖြစ် ရှိနေဆဲပဲ... ဒါကြောင့် ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို ဒီမှာ ရပ်လိုက်ပါ..."
ပိုချက်တီနို ဒေါသထွက်နေပြီ။ သောက်ကျိုးနည်း... ဒီသတင်းထောက် ပြောတဲ့လူတွေထဲမှာ ဘယ်သူက ငါ့ကို ယှဉ်နိုင်လို့လဲ... အကုန်လုံးက အတုအယောင်တွေပဲ...
တကယ်တော့ စပါးအဖွဲ့ချုပ်က သူ့ကို နောက်ဆုံးအခွင့်အရေး တစ်ခု ပေးထားသည်။ ၎င်းမှာ အိမ်ကွင်းတွင် မန်ယူအသင်းကို အနိုင်ယူရန်ပင်။ ဤသည်မှာ သူ့ဘဝအတွက် နောက်ဆုံးသော အခွင့်အရေး ဖြစ်လာနိုင်သည်ဟု သူ တွေးတောနေမိသည်။
တစ်ချိန်တည်းမှာပင် ဘေးခန်းရှိ သတင်းစာရှင်းလင်းပွဲတွင်မူ...
"မစ္စတာ မော်ရင်ညို... ဒီနေ့ပွဲက ချူဖုန်း ဘလွန်းဒီအောဆု ရပြီးနောက်ပိုင်း ပထမဆုံး ကစားရမယ့် အသင်းကြီးနဲ့ ပွဲစဉ်ပါ... စပါးကို အနိုင်ယူဖို့ ယုံကြည်မှု ရှိရဲ့လား..."
"ပထမဆုံးအနေနဲ့ ခင်ဗျားရဲ့ အမှားကို ပြင်ပေးပါရစေ... စပါးအသင်းက ဘယ်တုန်းကမှ အသင်းကြီး မဟုတ်ခဲ့ပါဘူး..."
"ဒုတိယအချက်ကတော့... စပါးကို နိုင်ဖို့ဆိုတာ ယုံကြည်မှု ရှိစရာတောင် မလိုဘူး... ဒါက သေချာပေါက် ဖြစ်လာမယ့် ကိစ္စပဲ..."
လူထူးဆန်းကြီး မော်ရင်ညိုက ကင်မရာကို လက်ညှိုးထိုးရင်း ခပ်ရင့်ရင့်ပင် တုံ့ပြန်လိုက်သည်။
သူ့စကားများက ဓားသွားကဲ့သို့ ထက်ရှနေသည်။ သူသည် ပိုချက်တီနို၏ လှောင်ပြောင်မှုကို ခံခဲ့ရဖူးသလို စပါး၏ ကစားဟန်ကိုလည်း အမြင်မကြည်ပေ။ ဘိုင်ယန်မြူးနစ်က စပါးကို "7-Up" တိုက်နိုင်ရင် မန်ယူကလည်း ဂိုးပြတ်နိုင်ပွဲနဲ့ ဧည့်ခံနိုင်ရမှာပေါ့။
"စပါးအသင်းက ဟယ်ရီကိန်းကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ဖို့ ပြင်နေတယ်လို့ သိရပါတယ်... မန်ယူက ဒီကစားသမားအပေါ် ဘယ်လို ထင်မြင်ပါသလဲ..."
"ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ရှိနေပြီပဲ... ဒါကြောင့် တခြား တိုက်စစ်မှူးကို ဝယ်ဖို့ လောလောဆယ် စိတ်မကူးသေးဘူး..."
မော်ရင်ညိုက ပြုံးစိစိဖြင့် ဖြေသည်။
အမှန်တော့ သူသည် ဟယ်ရီကိန်းနှင့် ပတ်သက်၍ ချူဖုန်းနှင့် တီးတိုး ဆွေးနွေးဖူးသည်။
"ဟယ်ရီကိန်းရဲ့ ကံကြမ္မာက ဘယ်တော့မှ ချန်ပီယံ မဖြစ်နိုင်တဲ့ ကံမျိုးပဲ... ကျွန်တော်နဲ့ အသင်းဖော် ဖြစ်ရင်တောင် သူ့ရဲ့ အဲဒီ ထူးဆန်းတဲ့ ကံကြမ္မာကို ကျော်လွှားဖို့ ခက်လိမ့်မယ်..."
ချူဖုန်းက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။ မော်ရင်ညိုက ပထမတော့ မယုံသော်လည်း ဟယ်ရီကိန်း၏ မှတ်တမ်းကို ပြန်ကြည့်သောအခါ... အမ်... ဒါက တကယ်ပဲ ကြောက်စရာကြီးပါလား... မမြင်ရတဲ့ စွမ်းအားတွေကို ယုံမှ ဖြစ်တော့မယ်...
ဝင်ဘလေ အားကစားကွင်း၏ ကစားသမားဝင်ပေါက်အတွင်း...။
ချူဖုန်းနှင့် ဟယ်ရီကိန်းတို့ ခဏမျှ စကားပြောဖြစ်ကြသည်။ တကယ်တော့ သူတို့နှစ်ဦးမှာ ပရီးမီးယားလိဂ် အတွင်း အတော်အတန် ရင်းနှီးကြသူများ ဖြစ်သည်။
"မင်း... မင်္ဂလာပွဲအတွက် ပြင်ဆင်တာတွေ အဆင်ပြေရဲ့လား..."
"အေး... အဆင်ပြေပါတယ်... အချိန်ရရင် လာခဲ့ဦးပေါ့..."
ချူဖုန်းသည် ဟယ်ရီကိန်းကို မင်္ဂလာဆောင် ဖိတ်ချင်သော်လည်း အခြေအနေအရ ပြန်စဉ်းစားနေရသည်။ အကယ်၍ မန်ယူက စပါးကို ဂိုးပြတ်သွင်းလိုက်လျှင် ဟယ်ရီကိန်းတစ်ယောက် မင်္ဂလာဆောင်ကို လာချင်ပါဦးမလား။
၎င်းမှာ သူက ယုံကြည်မှု လွန်ကဲနေခြင်း မဟုတ်ဘဲ စပါးအသင်းမှာ အတွင်းရေး ပြဿနာများ၊ နည်းပြနှင့် ကစားသမားကြား အဆင်မပြေမှုများ ရှိနေသည်ကို သူ သိနေသောကြောင့် ဖြစ်သည်။
ဆွန်ဟောင်မင်သည် တန်းစီနေသည့် လူအုပ်နောက်ဆုံးတွင် ရပ်ရင်း ထိုနှစ်ယောက် ရယ်မောနေသည်ကို ကြည့်ကာ မနာလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။ ချူဖုန်း၏ အောင်မြင်မှုကို သူသည် အနီးကပ် မြင်တွေ့ခဲ့ရသူ ဖြစ်သည်။ အစပိုင်းတွင် သူ့ကို ယှဉ်နိုင်ခဲ့သော်လည်း ယခုမူ ချူဖုန်း၏ ကားနောက်မီးကိုပင် သူ လှမ်းမမြင်ရတော့ပေ။
ဟူး...
ဆွန်ဟောင်မင် သက်ပြင်းချလိုက်သော်လည်း ချက်ချင်းပင် စိတ်ဓာတ်ကို ပြန်လည် တည်ဆောက်လိုက်သည်။ အားတင်းထားစမ်း... ငါလည်း ကြိုးစားရမယ်...
ခေတ္တအကြာတွင် နှစ်သင်းလုံး ကွင်းအတွင်းသို့ ဝင်ရောက်လာကြသည်။ ဝင်ဘလေကွင်းကြီး တစ်ခုလုံး အဖြူရောင်များဖြင့် ဖုံးလွှမ်းနေပြီး ဆူညံလှသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေ၏။
"အားလုံးပဲ မင်္ဂလာညချမ်းပါ..."
"သင်တို့ ကြည့်ရှုနေရတာကတော့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) ပဲ ဖြစ်ပါတယ်..."
"စပါး နဲ့ မန်ယူ... အင်္ဂလန်ရဲ့ ထိပ်သီး နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်မို့ တကယ့်ကို ရင်ခုန်စရာ ကောင်းမှာပါ..."
"ပွဲထွက်လူစာရင်းကို ကြည့်ရအောင်... စပါးနည်းပြ ပိုချက်တီနိုက ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာပါတယ်... ဂိုးသမားကတော့..."
"စပါးအသင်းက ဒီရာသီမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိတတ်ပေမဲ့ ခံစစ်မတည်ငြိမ်မှုကြောင့် ရလဒ်တွေ ဆိုးရွားနေတာပါ..."
"မန်ယူအသင်းဘက်မှာတော့ မော်ရင်ညိုက ၄-၃-၁-၂ ဆိုတဲ့ ခံစစ်ကွင်းလယ် သုံးယောက်၊ တိုက်စစ်မှူး နှစ်ယောက် ပုံစံကိုပဲ သုံးထားပါတယ်..."
"ဘလွန်းဒီအောဆု ရပြီးနောက်မှာ ချူဖုန်းက အက်စတွန်ဗီလာနဲ့ ပွဲမှာ ဟက်ထရစ် သွင်းခဲ့တာကြောင့် သူ့ရဲ့ ဂိုးသွင်းလိုစိတ်က အမြင့်ဆုံးကို ရောက်နေတယ်ဆိုတာ သိသာပါတယ်..."
ချက်တင်ဘောက်စ်တွင်လည်း မှတ်ချက်များ ပလူပျံနေသည်။
[အာရှသား အချင်းချင်း တိုက်ပွဲပဲ...]
[ဝင်ဘလေကွင်းမှာ သွေးချောင်းစီးတော့မယ်... မန်ယူနဲ့ ချူဖုန်းတို့... အပြတ်နှိပ်ကွပ်လိုက်စမ်း...]
[သူ လီဝန်ဒေါစကီးရဲ့ စံချိန်ကို ချိုးနိုင်မလား...]
[စပါးက ဘယ်လောက်ပဲ ညံ့ညံ့ ဝုဖ်ဘတ်ထက်တော့ သာပါသေးတယ်...]
[ချူဖုန်း: ထရစ်ပီယာ... မင်း ငါ့ကို တံတောင်နဲ့ တွက်ခဲ့တာ မှတ်မိသေးလား...]
[ထရစ်ပီယာက နွေရာသီမှာ အက်သလက်တီကိုကို ပြောင်းသွားပြီလေ...]
***