"ဒါပေါ့... ငါလည်း ဒီဒေါသကို မျိုမချနိုင်ဘူး။ အထူးရေးရာဗျူရိုကို စတင်တည်ထောင်ကတည်းက ဒီလောက်အထိ ကြီးမားတဲ့ အရှက်ကွဲမှုမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ"
ကျောက်မင်းကျန်း၏ မျက်နှာမှာ မှောင်မှောက်နေလေသည်။ "ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ သိုင်းဆရာကြီးကို မရှာတွေ့ခင်အထိတော့ ငါတို့ ပေါ့ပေါ့ဆဆ လှုပ်ရှားလို့ မဖြစ်ဘူး။ မဟုတ်ရင် ပေးဆပ်ရမယ့် တန်ဖိုးက အရမ်းကြီးသွားလိမ့်မယ်"
ဆွန်းချင်းယွမ်မှာ မူလက ဒေါသများ ပြည့်နှက်နေသော်လည်း ထိုလူ၏ အကြောင်းကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ စိမ့်ခနဲ အေးသွားတော့သည်။
မှန်ပေသည်။ လျှို့ဝှက် သိုင်းဆရာကြီးမှာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
သူ၏ ကျင့်ကြံမှုမှာ နက်နဲရုံသာမက လေကဲ့သို့ပင် အတက်အကျ ခန့်မှန်းရခက်ကာ ခြေရာ ဖျောက်တတ်လှ၏။ အတင်းကြပ်ဆုံးသော ကာကွယ်ရေးများပင် သူ့ကို တားဆီးနိုင်စွမ်း မရှိချေ။ ၎င်းမှာ အန္တရာယ်အရှိဆုံး အချက်ပင် ဖြစ်သည်။
မည်သည့်အချိန်တွင်မဆို မိမိအနား၌ ပေါ်လာပြီး သေစေနိုင်သော တိုက်ကွက်တစ်ခုကို ဖော်ဆောင်နိုင်သည့် ထိပ်သီး သိုင်းဆရာကြီးတစ်ဦး အကြောင်းကို တွေးကြည့်ရုံနှင့်ပင် မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။ ကံကောင်းထောက်မစွာဖြင့် ထိုလူသည် သိသိသာသာ မည်သူ့ကိုမျှ သတ်ဖြတ်ခြင်း မပြုခဲ့ပေ။
"ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒီလူကို အရင်ရှာပြီးမှ သူ့ကို ဖယ်ရှားဖို့ နည်းလမ်း ရှာရမယ်"
ကျောက်မင်းကျန်းက "ငါ့အမိန့်ကို အားလုံးကို အသိပေးလိုက်... အဲဒီလူကို မရှာတွေ့ခင်အထိ ယဲ့ပုဖန်ကို ဘယ်သူမှ ထပ်ပြီး မနှောင့်ယှက်ရဘူး။ အာခံတဲ့လူရှိရင် အထူးရေးရာဗျူရိုကနေ အခုချက်ချင်း ထွက်သွားကြ" ဟု ပြောလိုက်သည်။
သူ အမှန်တကယ်ပင် ကြောက်လန့်နေပြီ ဖြစ်သည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဖြိုချခံလိုက်ရသော အဆောက်အအုံ နှစ်လုံးမှာပင် သူ့အတွက် အချိန်အတော်ကြာ ခေါင်းကိုက်ရမည့် ကိစ္စ ဖြစ်ပေသည်။
ယဲ့ပုဖန်နှင့် ရွှမ်ယွမ်စံအိမ်မှ လူများသည် အထူးရေးရာဗျူရိုမှ ထွက်ခွာလာကြရာ စီတုချန်ခုန်းက ယဲ့ပုဖန်၏ ပခုံးကို ခပ်ပြင်းပြင်း တစ်ချက် ပုတ်လိုက်သည်။
"ကောင်လေး... မင်းကတော့ တကယ်ကို လူစွမ်းကောင်းပဲ။ ထိခိုက်ဒဏ်ရာ မရရုံတင်မကဘူး။ အဘိုးကြီး ကျောက်မင်းကျန်းရဲ့ အဆောက်အအုံ နှစ်လုံးကိုပါ ဖြိုချခဲ့တာပဲ။ တွေးကြည့်ရုံနဲ့တင် ရင်ထဲမှာ ပျော်နေပြီကွာ"
အန်းသောက်ချွမ်းကလည်း ရယ်မောကာ ဆို၏။ "ကျောက်မင်းကျန်းက စေးနှဲတဲ့ နေရာမှာ နာမည်ကြီးတာ။ သူ့ဆီကနေ ယွမ် ၁၀ သန်းတောင် ရအောင် ယူနိုင်တယ်ဆိုတာ တကယ့်ကို ရှားပါးတဲ့ ကိစ္စပဲ"
"စီနီယာတို့ကလည်း ကျွန်တော့်ကို မြှောက်ပင့်နေကြပြန်ပြီ"
ယဲ့ပုဖန်က ပြောလိုက်သည်။ "စီနီယာစီတု... ဒီစီနီယာကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ။ စီနီယာစီတု ကျွန်တော့်ကို မိတ်မဆက်ပေးရသေးဘူးလေ"
"ငါက ဝမ်းသာလွန်းလို့ မေ့သွားတာ"
စီတုချန်ခုန်းက "ဒါက ငါတို့ ရွှမ်ယွမ်စံအိမ်ရဲ့ ဒုတိယအကြီးအကဲ အန်းသောက်ချွမ်းပဲ" ဟု မိတ်ဆက်ပေးလိုက်သည်။
"နှုတ်ခွန်းဆက်သပါတယ် စီနီယာအန်း" ယဲ့ပုဖန်က ဦးညွှတ် အလေးပြုလိုက်သည်။
အန်းသောက်ချွမ်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ကောင်လေး... မင်း တော်တယ်။ နောင်ကျရင် မင်း ဘာလုပ်ချင်လဲ... ရဲရဲသာလုပ်။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါတို့ အဘိုးကြီးတွေက မင်းအတွက် ထိန်းထားပေးမယ်" ဟု ဆိုလေသည်။
စကားပြောပြီးနောက် သူသည် စီတုချန်ခုန်းကို ဆွဲခေါ်ကာ ကျန်ရှိသော လူများနှင့်အတူ ထွက်ခွာသွားကြသည်။ အတန်ကြာ လျှောက်လာပြီးနောက် စီတုချန်ခုန်းက မေးလိုက်၏။
"မင်းက ဘာလို့ ငါ့ကို ဒီလောက် အတင်းဆွဲခေါ်လာရတာလဲ။ ဒီကောင်လေး ဘယ်လိုလုပ်လိုက်တာလဲ ဆိုတာ ငါ မမေးရသေးဘူး။ ကျောက်မင်းကျန်းရဲ့ အဆောက်အအုံတွေကို သူ ဘယ်လို ဖြိုချလိုက်တာလဲ"
"အဲဒါကို ဘာလို့ မေးနေမှာလဲ။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။ အသေးစိတ် အရာအားလုံးကို သိနေဖို့ မလိုပါဘူး။ ရှောင်ယဲ့ရဲ့ စိတ်ဓာတ်က ဖြောင့်မတ်တဲ့ လမ်းစဉ်ပေါ်မှာ ရှိနေပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်နေသရွေ့ ကျန်တာတွေက အရေးမကြီးပါဘူး"
စီတုချန်ခုန်းက ခဏမျှ စဉ်းစားပြီးမှ "မင်းပြောတာလည်း ဟုတ်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ ရွှမ်ယွမ်စံအိမ်က ရွေးချယ်ထားတဲ့ ဆက်ခံသူပဲဆိုတော့ မှားစရာ အကြောင်းမရှိပါဘူး" ဟု ဆိုလိုက်သည်။
လူတိုင်း ထွက်ခွာသွားသည်ကို မြင်မှ ယဲ့ပုဖန် တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်တော့သည်။ အဘိုးကြီး စီတုချန်ခုန်းက အသေးစိတ် လိုက်မေးနေမည်ကို သူ တကယ်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
ယဲ့ထျန်း၏ အကြောင်းကို ရှင်းပြရန် လွယ်ကူသော်လည်း သိုလှောင်လက်စွပ်အကြောင်းကိုမူ ရှင်းပြရန် မလွယ်ကူပေ။ မမေးမြန်းခြင်းကသာ သူ့အတွက် ဒုက္ခများစွာကို သက်သာစေခဲ့သည်။
အချိန်မှာ ညနက်နေပြီ ဖြစ်ရာ သူသည် မြို့ထဲသို့ ပြန်လာခဲ့ပြီး တည်းခိုရန် ဟိုတယ်တစ်ခု ရှာဖွေလိုက်သည်။ ရေချိုးပြီး ကုတင်ပေါ်တွင် လှဲလိုက်ရုံရှိသေး စီမာဝေထံမှ ဖုန်းဝင်လာသည်။
"ရှောင်ဖန်... နင် ဒီနေ့ အထူးရေးရာဗျူရိုရဲ့ အဆောက်အအုံကိုတောင် ဖြိုချခဲ့တယ်ဆို"
"ဟုတ်တယ်... ဒါပေမဲ့ သူတို့ဘာသာသူတို့ ပြဿနာ ရှာခဲ့တာပဲလေ”
ယဲ့ပုဖန်က လေယာဉ်ပေါ် စတက်ကတည်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အစမှ အဆုံးထိ ပြန်လည် ပြောပြလိုက်ပြီးနောက် "ကံဆိုးတာက သဲလွန်စတွေကတော့ လုံးဝ ပြတ်တောက်သွားပြီ။ ငါ့ကို ဘယ်သူ တိုက်ခိုက်ခဲ့လဲဆိုတာ အခုထိ မသိရသေးဘူး" ဟု ဆိုလိုက်သည်။
စီမာဝေက "ရှန်ကွမ်မိသားစုကို ခိုင်းစေနိုင်တယ်။ တုန်းမိသားစုကိုလည်း အမိန့်ပေးနိုင်တယ်။ ပြီးတော့ အထူးရေးရာဗျူရိုကိုပါ လက်ဝါးပေါ် တင်ကစားနိုင်တယ်ဆိုတော့ အဲဒီလူက သာမန်လူတော့ မဟုတ်တာ သေချာတယ်။ နောင်ကျရင် နင် ပိုပြီးတော့ သတိထားရမယ်နော်" ဟု သတိပေးရှာသည်။
ဆက်လက်၍ သူမက "အခု နင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ" ဟု မေးလိုက်၏။
"သေချာပေါက် အဲဒီနောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ရမှာပေါ့။ မဟုတ်ရင် ငါ အိပ်ပျော် စားဝင်မှာ မဟုတ်ဘူး"
စီမာဝေက "ဒါပေမဲ့ သဲလွန်စတွေက ပြတ်နေပြီလေ။ အဲဒီလူကို ရှာဖို့ မလွယ်ဘူး မဟုတ်လား" ဟု ထောက်ပြသည်။
"သဲလွန်စတွေက ပြတ်နေပေမဲ့ ငါကတော့ ဒီမှာ ရှိနေတုန်းပဲလေ"
ယဲ့ပုဖန်က "တစ်ဖက်လူရဲ့ လုပ်ဆောင်ပုံတွေကို ကြည့်ရရင် ငါ့ကို မသတ်ရမချင်း သူတို့ လက်လျှော့မှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီလူက ငါ့ကို ဆက်ကစားချင်သေးတယ်ဆိုတဲ့ စာတစ်စောင်လည်း ချန်ထားခဲ့သေးတယ်လေ။ ဒါကြောင့် ငါ မြို့တော်မှာပဲ ဆက်နေပြီး သူ ကိုယ်တိုင် ထွက်လာအောင် စောင့်နေဖို့ ဆုံးဖြတ်လိုက်ပြီ"
၎င်းမှာ သူ သေချာစွာ စဉ်းစားထားသည့် ရလဒ်ပင် ဖြစ်သည်။ အကယ်၍ သူသာ ကျန်းနန် သို့မဟုတ် ကျန်းပေ့သို့ ပြန်သွားပါက သူ့ပတ်ဝန်းကျင်က လူများကိုပါ ဒုက္ခပေးသလို ဖြစ်သွားနိုင်သဖြင့် မြို့တော်မှာပင် ဆက်နေခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
"ဪ... ဒါဆို မြို့တော်မှာ ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ အဲဒီလူ လာရှာမှာကိုပဲ နေ့တိုင်း ထိုင်စောင့်နေလို့မှ မရတာ"
ယဲ့ပုဖန်က "ဒါကိုလည်း ငါ စဉ်းစားထားပြီးသားပါ။ ငါက သမားတော် တစ်ယောက် ဖြစ်တဲ့အတွက် လူနာတွေကို ကုသပေးတာက အမှန်ကန်ဆုံး လမ်းစဉ်ပဲလေ။ ဒါကြောင့် သင့်တော်တဲ့ နေရာတစ်ခုရှာပြီး ဆေးခန်းတစ်ခု ဖွင့်ဖို့ စိတ်ကူးထားတယ်။ အဲဒီလူက ထပ်ပြီး ပြဿနာလာရှာမယ်ဆိုရင်တော့ သူ့ကို ငါ သေချာပေါက် မိအောင် ဖမ်းမယ်။ သူ လာမရှာဘူးဆိုရင်လည်း ငါက သမားတော် အလုပ်ပဲ လုပ်နေမှာပေါ့"
သူတို့နှစ်ဦး အတန်ကြာ စကားပြောပြီးနောက် ဖုန်းချလိုက်ကြသည်။ နောက်တစ်နေ့တွင် ယဲ့ပုဖန် မနက်စာ စားပြီးနောက် အိမ်ပြင်ထွက်ကာ လမ်းမပေါ်တွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေမိသည်။
ဆေးခန်းဖွင့်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် အရင်ဆုံး သင့်တော်သော နေရာတစ်ခု ရှာဖွေရပေမည်။ လက်ရှိ ဖွင့်ထားဆဲ ဆေးခန်းတစ်ခုခုကို လွှဲပြောင်းယူနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဒုက္ခများစွာ သက်သာသွားမည်ဖြစ်ပြီး မဟုတ်ပါက ပြန်လည် ပြင်ဆင်ခြင်းနှင့် အခြားကိစ္စများမှာ တကယ့်ကို ခေါင်းကိုက်စရာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြား သူသည် အလောမကြီးသဖြင့် မြို့တော်ရှိ လမ်းမကြီးများ၊ လမ်းကြားများတစ်လျှောက် လျှောက်သွားရင်း ရောင်းချမည့် ဆေးခန်းများ ရှိ၊ မရှိ လိုက်လံ ကြည့်ရှုနေမိသည်။ နှစ်နာရီ၊ သုံးနာရီခန့် လျှောက်သွားပြီးသည့်တိုင်အောင် သင့်တော်သော ပစ်မှတ်ကို ရှာမတွေ့သေးပေ။
ရုတ်တရက်...
ရှေးဟောင်းစတိုင် ဆေးခန်းတစ်ခုကို ရှေ့နားတွင် တွေ့လိုက်ရသည်။ ၎င်းမှာ အတော်လေး ကြီးမားပုံရပြီး အလယ်ရှိ အနီရောင် ဆိုင်းဘုတ်ကြီးပေါ်တွင် "နတ်အပ်ဘုရင်" ဟု အဓိပ္ပာယ်ရသည့် စာလုံးကြီး သုံးလုံးကို ရေးသားထားလေသည်။
ထိုစာလုံးများမှာ ဖီးနစ်ကခုန်သကဲ့သို့ အားပါသော လက်ရေးဟန်ဖြင့် ရေးသားထားပြီး အလွန်ပင် ခန့်ညား ထည်ဝါလှပေသည်။
ဤနေရာမှာ မြို့တော်၏ အချက်အချာကျသော စည်ကားရာ ဒေသဖြစ်ပြီး ဤမျှ ကြီးမားသော ဆေးခန်း တစ်ခု ဤနေရာတွင် ရှိနေသည်ဆိုကတည်းက နတ်အပ်ဘုရင်၏ အစွမ်းအစမှာ ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။ ဆေးခန်း၏ ရှေ့တွင် လူအုပ်ကြီးမှာ ပင်လယ်ပြင်အလား များပြားနေပြီး လူတစ်ထောင်ထက် မနည်း တိုးဝှေ့နေကြသည်။
ယနေ့ခေတ် တိုင်းရင်းဆေးပညာ ကျဆင်းနေချိန်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့မြင်ရခြင်းမှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။ သိချင်စိတ်ဖြင့် ယဲ့ပုဖန်က ဘေးရှိ လူလတ်ပိုင်း အမျိုးသားတစ်ဦးအား မေးလိုက်သည်။
"အစ်ကို... ဘာတွေ ဖြစ်နေတာလဲ။ ဒီဆေးခန်းက ဘာလို့ ဒီလောက်တောင် လူစည်ကားနေရတာလဲ"
မြို့တော်က လူများမှာ စကားပြောရသည်ကို ဝါသနာပါသူများအဖြစ် လူသိများကြရာ လူလတ်ပိုင်း အမျိုးသားသည်လည်း ချွင်းချက် မဟုတ်ပေ။ သူက ယဲ့ပုဖန်အား တစ်ချက် ကြည့်လိုက်ပြီး "ညီလေးက နယ်က လာတာ မဟုတ်လား" ဟု မေးသည်။
"ဟုတ်ပါတယ်... ကျွန်တော် မြို့တော်ကို မနေ့ကမှ ရောက်တာပါ"
"ဒါကြောင့်ကိုး။ ညီလေးသာ မြို့တော်သားဆိုရင် နတ်အပ်ဘုရင် အကြောင်းကို မသိဘဲ နေမှာ မဟုတ်ဘူး"
ထို့နောက် ယဲ့ပုဖန် မေးစရာပင် မလိုတော့ဘဲ ထိုလူက အားရပါးရ ရှင်းပြတော့သည်။ "မြို့တော်မှာ နာမည်ကြီး ဆေးခန်းကြီး သုံးခု ရှိတယ်။ ဟွေချွမ်းထန်၊ ကျိရှဲထန်နဲ့ နောက်တစ်ခုကတော့ ဒီနတ်အပ်ဘုရင်ပေါ့။ အခုခေတ်မှာ တိုင်းရင်းဆေးက သိပ်ပြီး မဖွံ့ဖြိုးတော့ဘူး ဆိုပေမဲ့ မြို့တော်က ဒီဆေးခန်းကြီး သုံးခုကတော့ ချွင်းချက်ပဲ။ ဒီမှာ ဆေးကုဖို့ဆိုတာ တန်းစီစောင့်ရတာ တကယ့်ကို မလွယ်တဲ့ ကိစ္စပဲ"
ယဲ့ပုဖန်က "နတ်အပ်ဘုရင် ဆိုတဲ့ နာမည်က ဘယ်ကနေ ရလာတာလဲ။ ကြည့်ရတာ တော်တော်လေးကို ခန့်ညားတာပဲ" ဟု ဆိုလိုက်သည်။
လူလတ်ပိုင်း အမျိုးသားက "အဲဒါက ပြောရရင် အရှည်ကြီးပဲကွ။ ဒဏ္ဍာရီအရ ဝမ်မိသားစုရဲ့ ဘိုးဘေးဟာ ဧကရာဇ် ချန်လုံ ရဲ့ ကိုယ်ရံတော် နန်းတွင်း သမားတော်တော် ဖြစ်ခဲ့သတဲ့။ သူက ဆေးပညာမှာ အံ့မခန်း ထူးချွန်တာပေါ့။ တစ်ခါက ဧကရာဇ် ချန်လုံ ရောဂါဖြစ်တော့ သူက အပ်အနည်းငယ် စိုက်လိုက်ရုံနဲ့ ကုသပေးနိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ့ကို နတ်အပ်ဘုရင် ဆိုတဲ့ ဘွဲ့ထူး ချီးမြှင့်ခံခဲ့ရတာ။ နောက်ပိုင်းမှာ ဝမ်မိသားစုက ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခဲ့ပြီး နတ်အပ်ဘုရင် ဆိုတဲ့ စာလုံး သုံးလုံးကိုပဲ အမည်ပေးခဲ့တာ အခုဆို နှစ်ပေါင်း ရာနဲ့ချီ နေပြီပေါ့။ ဂိတ်ဝက ဆိုင်းဘုတ်ပေါ်က စာလုံးကြီး သုံးလုံးကို ဧကရာဇ် ချန်လုံ ကိုယ်တိုင် ရေးထိုးပေးခဲ့တာလို့ ဆိုကြတယ်။ အခြားအရာတွေကို ဘေးဖယ်ထားရင်တောင် ဒီဆိုင်းဘုတ် တစ်ခုတည်းတင် ယွမ် ၁၀ သန်းကျော် တန်ဖိုးရှိတယ်ကွ"
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်ပြီး "ဒါကြောင့်ကိုး... ဒီလောက်အထိ ရာဇဝင် ရှိနေမှတော့ စီးပွားရေး ကောင်းတာ မဆန်းပါဘူး" ဟု မှတ်ချက်ပြုသည်။
လူလတ်ပိုင်း အမျိုးသားက "ညီလေး... မင်း အဲဒီလို ထင်ရင် မှားလိမ့်မယ်။ နတ်အပ်ဘုရင်က နာမည်ကြီးတယ် ဆိုပေမဲ့ ပုံမှန်ဆိုရင် ဒီလောက်အထိ လူအများကြီး လာတာ မဟုတ်ဘူး" ဟု ဆိုလေသည်။
ယဲ့ပုဖန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒါက ဘာကို ဆိုလိုတာလဲ။ နတ်အပ်ဘုရင် ဆိုတဲ့ နာမည်နဲ့ဆိုရင် ရောဂါရှာဖွေဖို့ လာတဲ့လူတွေ အများကြီး ရှိသင့်တာ မဟုတ်ဘူးလား"
***