လူလတ်ပိုင်း အမျိုးသားက ခေါင်းကို ခပ်ဖွဖွ ယမ်းကာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလာသည်။ "ဒီမှာ စီးပွားရေး ကောင်းတာကတော့ အမှန်ပဲ။ ဝမ်ရွှမ်တယ်ရဲ့ ဆေးပညာကလည်း တကယ်ကို ထူးချွန်ပါတယ်”
“ဒါပေမဲ့ ကံဆိုးတာက ဒီမှာ ဆေးကုရတာ အရမ်း ဈေးကြီးလွန်းတာပဲ။ တစ်ခါပြရင်တင် လအနည်းငယ်စာ လစာနဲ့ ညီမျှနေတာ။ ဆေးမြစ်တွေ ဆိုရင်လည်း တခြား ဆေးဆိုင်တွေထက် ဆယ်ဆ၊ ဒါမှမဟုတ် ဆယ်ဆမက ပိုပြီး ဈေးကြီးတယ်။ ဒါကြောင့် သာမန်လူတွေကတော့ ဒီကို လာဖို့ လုံးဝ မစဉ်းစားရဲကြဘူး။ ပုံမှန်ဆိုရင် သူဌေးတွေလောက်ပဲ ဒီမှာ လာပြနိုင်ကြတာ"
ထိုစကားကို ကြားသောအခါ ယဲ့ပုဖန်၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားသည်။
သမားတော် ဆိုသည်မှာလည်း အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်ပေရာ တိုင်းရင်းဆေး သမားတော်များ အနေဖြင့် ငွေရှာရန်နှင့် ရပ်တည်ရန် လိုအပ်သည်မှာ လူ့သဘာဝပင် ဖြစ်၏။ သို့သော် ထူးချွန်သော တိုင်းရင်းဆေး သမားတော် တစ်ဦးဖြစ်ပါက အဓိကနှင့် သာမညကို ခွဲခြားသိမြင်ရမည် ဖြစ်ပြီး လူနာကို ကုသကယ်တင်ခြင်းကို အဓိကထားကာ ငွေရှာခြင်းကို သာမညအဖြစ်သာ သတ်မှတ်ရပေမည်။
သို့သော် နတ်အပ်ဘုရင် ဆေးခန်းကမူ ထိုအစဉ်အလာကို ပြောင်းပြန်လှန်ကာ ငွေရှာခြင်းကိုသာ ရှေ့တန်းတင်ထားသဖြင့် သာမန်လူများအတွက် ဆေးကုသမှု ခံယူရန် လုံးဝ မဖြစ်နိုင်အောင် ဖြစ်နေချေပြီ။
သူက ဆက်မေးလိုက်သည်။ "ဒါဆို ဒီနေ့ကျမှ ဘာလို့ ဒီလောက်တောင် လူစည်ကားနေရတာလဲ"
"ဘာလို့လဲဆိုတော့ ဒီနေ့က အခမဲ့ ဆေးကုသပေးတဲ့ နေ့မို့လို့လေ။ နတ်အပ်ဘုရင် ဝမ်ဆေးခန်း ရဲ့ အရှင်သခင် ဝမ်ရွှမ်တယ် ကိုယ်တိုင် ရောဂါကြည့်ပေးမှာ။ သူက အခမဲ့ ဆေးကုသခွင့် နေရာ ၃၀ ပေးထားတာကိုး။ သူက ဆေးပညာမှာ အလွန် ထူးချွန်သလို လက်ရှိခေတ်ရဲ့ နန်းတွင်း သမားတော်ကြီး တစ်ဦးလည်း ဖြစ်နေတော့ အားလုံးက သတင်းကြားပြီး ရောက်လာကြတာပေါ့။ နန်းတွင်း သမားတော်ကြီးရဲ့ သွေးခုန်နှုန်း စမ်းသပ်တာကို ခံယူချင်ကြတာလေ။ ဒါကြောင့် လူတွေက မနေ့ညကတည်းက ဒီမှာ လာပြီး တန်းစီနေကြတာ။ ဒါပေမဲ့ နေရာက သိပ်နည်းတော့ စောင့်နေတဲ့ လူတွေနဲ့တင် ချက်ချင်း ပြည့်သွားတာပေါ့။ ကျန်တဲ့လူတွေကတော့ အပျော်လာကြည့်ကြတာပါပဲ"
"ဪ..."
ယဲ့ပုဖန် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ဘာမှ မပြောတော့ဘဲ နတ်အပ်ဘုရင်၏ ဆက်ခံသူမှာ ဆေးပညာ မည်မျှအထိ ရှိသနည်း ဆိုသည်ကို သိရှိရန် လူအုပ်ကြီးထဲသို့ ဝင်ရောက် စောင့်ကြည့်နေလိုက်သည်။
ထိုစဉ် လူအုပ်ကြီးအတွင်းမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ "သခင်ကြီးဝမ် လာပြီ... နတ်အပ်ဘုရင် လာပြီ..." ဟူသော အသံများ ထွက်ပေါ်လာသည်။
နတ်အပ်ဘုရင် ဝမ်ဆေးခန်း၏ ဂိတ်တံခါးကြီး ပွင့်လာကာ ရှေ့ဆုံးမှ အနက်ရောင် ဝတ်စုံပြည့်နှင့် အရပ်ရှည်ရှည် ဗလကောင်းကောင်း ကိုယ်ရံတော် ၁၀ ယောက် ထွက်ပေါ်လာပြီး ဘေးမှ လူအုပ်ကြီးကို အကြမ်းပတမ်း တွန်းဖယ်လိုက်ကြသည်။
ထို့နောက် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ထွက်လာသည်။ သူ၏ ဆံပင်များမှာ ဖြူဖွေးနေသော်လည်း နုပျိုလန်းဆန်းသော အသွင်ရှိပြီး တရုတ်နိုင်ငံ၏ တိုင်းရင်းဆေး ပညာရှင်ကြီး တစ်ဦး၏ အငွေ့အသက်များ လွှမ်းခြုံနေလေသည်။ သူကား နတ်အပ်ဘုရင် ဝမ်ဆေးခန်း၏ လက်ရှိ ဆက်ခံသူနှင့် တရုတ်နိုင်ငံ၏ ဂုဏ်ဆောင် တိုင်းရင်းဆေး ပညာရှင်ကြီး ဝမ်ရွှမ်တယ်ပင် ဖြစ်ပေသည်။
သူ၏ နောက်တွင် သူ၏ မြေးဖြစ်သူ ဝမ်ကော်အန်း လိုက်ပါလာသည်။ သူသည် အသက် နှစ်ဆယ်ကျော် အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး မျက်နှာပေါ်တွင် မောက်မာသော အမူအရာများ ဖုံးလွှမ်းနေ၏။
ယဲ့ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမျှလောက်အထိ အခမ်းအနားများဖြင့် ခန့်ညားအောင် လုပ်နေခြင်းမှာ တိုင်းရင်းဆေး သမားတော်တစ်ဦး လုပ်ဆောင်သင့်သည့် အလုပ် မဟုတ်ပေ။
ခြံရံထားသော လူအုပ်ကြီးကြားမှ ဝမ်ရွှမ်တယ်သည် အသင့်ပြင်ထားသော စမ်းသပ်မှု စားပွဲတွင် ထိုင်လိုက်ကာ အခမဲ့ ဆေးကုသခွင့် ရရှိထားသော လူ ၃၀ အား စတင် ကုသပေးတော့သည်။
သူ ဝင်လာပုံက ကြီးကျယ်လှသော်လည်း ဝမ်ရွှမ်တယ်သည် ဆေးပညာ၌ အမှန်တကယ်ပင် အောင်မြင်မှု အချို့ ရှိထားပေသည်။ စမ်းသပ်ခြင်း၊ သွေးခုန်နှုန်း ကြည့်ခြင်းနှင့် ဆေးညွှန်းရေးခြင်းတို့မှာ တစ်ဆက်တည်းပင် ဖြစ်နေတော့သည်။ ရောဂါရှာဖွေမှု အရှိန်မှာ အလွန် မြန်ဆန်လှရာ လူနာတစ်ဦးကို မိနစ်အနည်းငယ် အတွင်း၌ပင် ကုသပေးနိုင်လေသည်။
နာရီအနည်းငယ် အကြာတွင် လူနာ ၃၀ မှာ ကုန်လုနီးပါး ဖြစ်သွားကာ အနည်းငယ်သာ ကျန်တော့သည်။
ယခုတစ်ခေါက် အလှည့်ကျသူမှာ အသက် ၅၀ ဝန်းကျင်ခန့်ရှိ လူလတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် ကျန်းမာရေး မကောင်းသည့်ပုံ ပေါ်နေကာ ပိန်လှီလှပြီး ခဏခဏ သမ်းဝေနေတတ်ရာ အချိန်အတော်ကြာ အိပ်ရေးမဝသကဲ့သို့ ဖြစ်နေပေသည်။
"သခင်ကြီးဝမ်... ကျွန်တော် မနေ့ညကတည်းက တန်းစီနေခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြည့်ပေးပါဦး"
လူလတ်ပိုင်း အမျိုးသားက ရိုသေလေးစားစွာ ပြောလိုက်သည်။ "ကျွန်တော် မကြာသေးခင်ကစပြီး စိတ်မကြည်မလင် ဖြစ်နေသလို တစ်ကိုယ်လုံးလည်း အားအင်ကုန်ခမ်းနေလို့ပါ..."
သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ဝမ်ရွှမ်တယ်က ပြောလိုက်သည်။ "ဒါက သရက်ရွက် အားနည်းပြီး ချီစွမ်းအင် ချို့တဲ့နေတာပဲ။ ငါ မင်းကို ဆေးညွှန်း တစ်ခု ပေးလိုက်မယ်။ အဲဒါကို တစ်လခွဲလောက် သောက်လိုက်ရင် နေကောင်းသွားလိမ့်မယ်"
ပြောပြီးသည်နှင့် သူက ဘောပင်နှင့် စာရွက်ကို ယူကာ ဆေးညွှန်းတစ်ခု ရေးသားပြီး ထိုလူလတ်ပိုင်း အမျိုးသားအား ကမ်းပေးလိုက်သည်။
ယဲ့ပုဖန်၏ အာရုံခြောက်ပါးမှာ သာမန်လူများထက် သာလွန်သဖြင့် ထိုဆေးညွှန်းပေါ်ရှိ ဆေးမြစ် အချို့ကို အဝေးမှပင် ရှင်းလင်းစွာ မြင်လိုက်ရသည်။ ခြုံငုံကြည့်ရလျှင် ထိုဆေးညွှန်းမှာ အတော်လေး ယုတ္တိရှိကာ ပညာရှင်ကြီး တစ်ဦး၏ အဆင့်အတန်းနှင့် ကိုက်ညီပေသည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီးဝမ်..."
ထိုလူလတ်ပိုင်း အမျိုးသားမှာ သရက်ရွက် အားနည်းနေသည့်အပြင် ညဝက်ခန့် တန်းစီခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကာ ထပ်မံ သမ်းဝေလိုက်မိပြန်သည်။ သူက ဆေးညွှန်းကို အိတ်ကပ်ထဲ ထည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"နေဦး... မင်း ဘယ်သွားမလို့လဲ" အနားတွင် ရပ်နေသော ဝမ်ကော်အန်းက ရိုင်းစိုင်းသော လေသံဖြင့် လှမ်းအော်လိုက်သည်။
"ရောဂါပြပြီးပြီ ဆိုတော့ ဆေးသွားဝယ်မလို့ပေါ့"
လူလတ်ပိုင်း အမျိုးသားက ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ပြန်ဖြေသည်။ "အော်... ခင်ဗျားတို့ ဒီနေ့ အခမဲ့ ဆေးကုသပေးတယ် ဆိုတော့ ဆေးပါ အခမဲ့ ပေးတယ်လို့ ပြောချင်တာလား"
ဝမ်ကော်အန်းက ခပ်တင်းတင်းပင် ပြန်ပြောလိုက်ပြန်သည်။ "မင်း အိပ်မက်မက်နေတုန်းလား။ ငါ့အဖိုးက မင်းကို အခမဲ့ ဆေးစမ်းသပ်ပေးတာတောင် အကြီးအကျယ် ကျေးဇူးတင်သင့်နေပြီ။ မင်းက ကျေးဇူးကန်းလိုက်တာ... ဆေးပါ အလကား လိုချင်နေသေးတာလား။ ငါတို့မိသားစုရဲ့ ဆေးတွေက ဝယ်စရာ မလိုဘဲ အလကား ရနေတယ်လို့ မင်း ထင်နေလား"
"ကျွန်တော်... ကျွန်တော် အဲဒီလို မဆိုလိုပါဘူး..."
လူလတ်ပိုင်း အမျိုးသားက အနေခက်စွာဖြင့် ပြောလိုက်သည်။ "ကျွန်တော် ဆေးအလကား ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။ ဒါကြောင့်လည်း သွားဝယ်မလို့ ပြင်တာပေါ့"
"မင်းက ဆေးဝယ်မယ် ဆိုရင် ငါတို့ မိသားစု ဆေးဆိုင်မှာ မဝယ်ဘဲ ဘယ်မှာ သွားဝယ်မလို့လဲ"
လူလတ်ပိုင်း အမျိုးသားက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် "ဒီက ဆေးမြစ်တွေက တကယ်ကို ဈေးကြီးလွန်းပါတယ်။ အပြင်ထက် ဆယ်ဆမက ဈေးပိုကြီးနေတော့ ကျွန်တော် မဝယ်နိုင်ပါဘူး" ဟု ဆိုလေသည်။
"ငါ့အဖိုးက မင်းကို အခမဲ့ စမ်းသပ်ပေးပြီးပြီပဲ။ မင်းက ဆေးဖိုးတောင် မပေးချင်ဘူးလား။ မင်းမှာ အရှက်ရော ရှိရဲ့လား"
လူလတ်ပိုင်း အမျိုးသားတွင် ငွေမရှိကြောင်း ကြားရသောအခါ ဝမ်ကော်အန်း၏ မျက်နှာတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်သွားသည်။ "မင်း ငါတို့ဆီမှာ ဆေးမဝယ်ဘူး ဆိုရင် ဆေးညွှန်းကို ပြန်ပေးခဲ့။ ပြီးရင် မင်း ကြိုက်တဲ့နေရာမှာ သွားကုတော့"
တစ်ဖက်လူ၏ စကားများမှာ ပို၍ ရိုင်းစိုင်းလာသည်ကို မြင်လျှင် လူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာလည်း ပျက်သွားတော့သည်။ "ခင်ဗျားတို့ ဒီနေ့ အခမဲ့ ဆေးကုသပေးတယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ လူတွေကို အတင်းအကျပ် ဆေးဝယ်ခိုင်းနေရတာလဲ"
"အခမဲ့ ဆေးစမ်းသပ်ပေးတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်း ငါ့အဖိုးရဲ့ အဆင့်အတန်းကိုလည်း ထည့်တွက်ဦးလေ။ သူက တစ်မြို့တော်လုံးမှာ နာမည်ကြီးတဲ့ တိုင်းရင်းဆေး ပညာရှင်ကြီး တစ်ဦးပဲ။ ပညာရှင်ကြီး တစ်ဦးရဲ့ အခမဲ့ စမ်းသပ်မှုကို ခံယူရတာက မင်းအတွက် ဘဝရှစ်ဆက်စာ ကောင်းချီး တစ်ခုပဲ။ ဒါတောင် မင်းက တစ်ပြားတစ်ချပ်မှ မကုန်ချင်သေးဘူးလား။ ဒီကမ္ဘာမှာ ဘယ်နေရာမှာ အလကား ထမင်းစားရတယ် ဆိုတာ ရှိလို့လဲ"
လူလတ်ပိုင်း အမျိုးသားက မကျေမနပ်ဖြင့် ပြန်ပြောသည်။ "အခမဲ့ ဆေးကုသပေးတယ် ဆိုတာက ခင်ဗျားတို့ ဘာသာ ကြေညာထားတာပဲလေ။ ကျွန်တော်ကလည်း ညဝက်တောင် တန်းစီခဲ့လို့ အခမဲ့ နေရာတစ်ခု ရခဲ့တာ။ အခုကျမှ ဆေးဖိုးပေးရမယ် ဆိုတော့ ဒါက ဘယ်လို ယုတ္တိရှိလို့လဲ"
သူတို့နှစ်ဦး အခြေအတင် ဖြစ်နေသည်ကို မြားသောအခါ ဘေးမှ လူများကလည်း ဝိုင်းဝန်း ပြောဆိုလာကြတော့သည်။
"ဟုတ်ပဗျာ... သူတို့က အခမဲ့ ဆေးကုပေးမယ်လို့ ဗြောင်ပြောထားပြီးတော့ အခုကျမှ အတင်း ဆေးဝယ်ခိုင်းနေတယ်။ ဒါက ပိုက်ဆံတောင်းတဲ့ နည်းလမ်း တစ်မျိုးပဲ မဟုတ်လား"
"အဓိက က ဒီက ဆေးတွေက အရမ်း ဈေးကြီးလွန်းနေတာပဲ။ အပြင်ထက် ဆယ်ဆကျော်လောက် ဈေးကြီးနေတာ။ ဆေးရုံကြီးမှာ ပြရသလိုမျိုး ဖြစ်နေပြီ။ ကျွန်တော်တို့လို အခြေခံ လူတန်းစားတွေ ဘယ်လိုလုပ် တတ်နိုင်မှာလဲ"
"နတ်အပ်ဘုရင်က တကယ်ပဲ စေတနာ ထားပြီး အားလုံးကို အခမဲ့ ကုပေးမယ်လို့ ထင်ထားတာ။ တကယ်တော့ အားလုံးက အတုအယောင်တွေပဲ။ နောက်ဆုံးတော့ ပိုက်ဆံဆီပဲ ပြန်ရောက်တာပဲ..."
"ဘာတွေ ဆူညံနေကြတာလဲ"
ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကို ကြားသောအခါ ဝမ်ကော်အန်းမှာ အလွန်အမင်း မကျေမနပ် ဖြစ်သွားကာ လူအုပ်ကြီးအား အော်ဟစ်လိုက်သည်။ "ငါ့အဖိုးက နန်းတွင်း သမားတော်ကြီး တစ်ဦးပဲ။ နန်းတွင်း သမားတော်ကြီး ဆိုတာ ဘာလဲဆိုတာ မင်းတို့ နားလည်လား။ သူက မင်းတို့ကို ကြည့်ပေးနေတာတင် ကောင်းလှပြီ။ ဒါတောင် မင်းတို့က ကပ်စေးနှဲချင်နေသေးတယ်ပေါ့။ မင်းတို့ လူတွေက တကယ်ကို ရောင့်တက်နေတာပဲ"
လူလတ်ပိုင်း အမျိုးသားက မကျေမနပ်ဖြင့် ပြန်ပြောသည်။ "ခင်ဗျား ဘယ်လို စကားပြောတာလဲ။ ခင်ဗျားတို့ရဲ့ ဆေးတွေက အရမ်း ဈေးကြီးလွန်းလို့ ကျွန်တော်တို့ မဝယ်နိုင်တာလေ။ အဲဒါက ဘယ်လိုလုပ် ရောင့်တက်တာ ဖြစ်သွားရတာလဲ"
ဝမ်ကော်အန်းက အော်ဟစ်လိုက်ပြန်သည်။ "ပိုက်ဆံမရှိတာကပဲ မင်းက မှန်နေသလိုမျိုးလား။ ပိုက်ဆံမရှိရင် မင်း ဘာလို့ ဖျားနာနေရတာလဲ"
သူ၏ အကြိမ်ကြိမ် လှောင်ပြောင်မှုကို ခံရသောအခါ လူလတ်ပိုင်း အမျိုးသားမှာလည်း ဒေါသထွက်လာတော့သည်။ "ခင်ဗျား လူလို စကားပြောတတ်ရဲ့လား။ ဆင်းရဲတဲ့ လူတွေက သေပဲ သေရမှာလား။ ဆင်းရဲရင် မဖျားရဘူးလား။ ကျွန်တော်တို့က ဖျားချင်လို့ ဖျားနေကြတာလား"
ထိုသို့ ပြောရင်း သူက အနားရှိ ဝမ်ရွှမ်တယ်အား လှမ်းကြည့်လိုက်သည်။ ဂုဏ်သရေရှိ တိုင်းရင်းဆေး ပညာရှင်ကြီး တစ်ဦး အနေဖြင့် သူ၏ မြေးကို တားဆီးလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် မထင်မှတ်ဘဲ တစ်ဖက်လူက သူ့ကို လုံးဝ လျစ်လျူရှုထားကာ သူတို့ဘက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။ သိသာသည်မှာ သူ၏ မြေး လုပ်ဆောင်နေသည်မှာ အမှား မဟုတ်ဘဲ လုံးဝ မှန်ကန်သည်ဟု သူ ယုံကြည်နေခြင်းပင် ဖြစ်သည်။
"ဪ... ဆိုတော့ မင်းက ဆေးလည်း မဝယ်နိုင်ဘူး... မင်းကပဲ မှန်နေသေးတယ်ပေါ့"
ဝမ်ကော်အန်းက ရှေ့သို့ လှမ်းလာပြီး လူလတ်ပိုင်း အမျိုးသား၏ လက်ထဲမှ ဆေးညွှန်းကို ဆွဲလုယူလိုက်ကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် အစိတ်စိတ် အမွှာမွှာ ဆွဲဖြဲပစ်လိုက်လေသည်။
"မင်း ဆေးမဝယ်နိုင်မှတော့ ငါ့အဖိုး ရေးပေးတဲ့ ဆေးညွှန်းကို သုံးပိုင်ခွင့် မရှိဘူး"
လူလတ်ပိုင်း အမျိုးသားမှာ ချက်ချင်းပင် ဒေါသ အကြီးအကျယ် ထွက်သွားတော့သည်။ "ခင်ဗျား ဘာလုပ်တာလဲ။ ဘာလို့ ကျွန်တော့်ရဲ့ ဆေးညွှန်းကို ဆွဲဖြဲပစ်ရတာလဲ"
သူ တကယ်ကို ဒေါသထွက်နေမိသည်။ ပုံမှန်ဆိုလျှင် ဤနေရာသို့ သူ လာပြရဲမည် မဟုတ်ပေ။ အကြောင်းမှာ ဈေးနှုန်းများမှာ ထိတ်လန့်စရာ ကောင်းလောက်အောင် ကြီးမားသောကြောင့် ဖြစ်၏။
ယခုတစ်ကြိမ်တွင် တစ်ဖက်လူက အခမဲ့ ဆေးကုပေးမည်ဟု ကြေညာထားသဖြင့် သူ အစောကြီး လာရောက်ကာ ကုလားထိုင်ငယ်လေး တစ်လုံးဖြင့် ညတစ်ဝက်ခန့် အိပ်ရေးပျက်ခံ၍ တန်းစီခဲ့ရခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ၏ ဆေးညွှန်းမှာ သူတို့၏ ဆွဲဖြဲမှုကို ခံလိုက်ရချေပြီ။ မည်သူမဆို ဤသို့သော အခြေအနေမျိုးတွင် စိတ်ထိခိုက် ဒေါသထွက်ရမည်မှာ သေချာလှပေသည်။
***