"မင်းရဲ့ ဆေးညွှန်း ဟုတ်လား။ ရယ်စရာပဲ။ မင်းသာ ဆေးညွှန်း ရေးတတ်ရင် ဒီကို ဆေးကုဖို့ လာစရာ လိုမလား"
ဝမ်ကော်အန်းက မောက်မာစွာ အော်ဟစ်လိုက်သည်။ "မြန်မြန် ထွက်သွားစမ်း။ ငါတို့ နတ်အပ်ဘုရင် ဝမ်ဆေးခန်းမှာ ပြဿနာလာရှာရင် မင်းကို အခုချက်ချင်း အပြင်ကို ကန်ထုတ်ပစ်မယ်"
"မင်း..."
လူလတ်ပိုင်း အမျိုးသားမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေသော်လည်း ဗလကောင်းကောင်း ကိုယ်ရံတော်များကို ကြည့်ပြီးနောက် အောင့်အည်းသည်းခံကာ လှည့်ထွက်သွားရတော့သည်။
"ဒါကတော့ အတော်လေးကို လွန်လွန်းတာပဲ။ ဒါ လူနိုင်ကျင့်တာ မဟုတ်ဘူးလား။ အခမဲ့ ဆေးကုပေးမယ်လို့ ဗြောင်ပြောထားပြီးတော့ အခုကျမှ ဆေးအတင်းဝယ်ခိုင်းနေတယ်..."
"သူတို့ကတော့ ဖာသည်မ ဖြစ်ချင်ရုံတင်မကဘူး။ အာဇာနည် မုခ်ဦးပါ စိုက်ချင်နေတာပဲ။ ငွေရှာချင်ရင်လည်း အခမဲ့ ဆေးကုပေးပါတယ်လို့ မကြေညာသင့်ဘူး။ လူတွေကို တစ်ညလုံး အချည်းနှီး တန်းစီခိုင်းထားတာပဲ..."
"ဒေါသထွက်ဖို့ ကောင်းလိုက်တာ အခုခေတ် သမားတော်တွေက တကယ့်ကို စိတ်ဓာတ်တွေ အောက်တန်းကျနေပြီ။ ငွေရှာဖို့ပဲ တွေးနေကြတာ။ လူနာတွေကို ကုသပေးဖို့ကျတော့ စိတ်မဝင်စားကြတော့ဘူး..."
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးက ဆူညံစွာ ပြောဆိုနေကြသော်လည်း ဝမ်ကော်အန်းကမူ ဂရုမစိုက်ပေ။ သူက ကုလားထိုင်ပေါ် တက်ရပ်ကာ ရှိနေသူ အားလုံးကို လှမ်း၍ အော်ဟစ်လိုက်သည်။
"ငါ့အဖိုးက နိုင်ငံတော်အဆင့် တိုင်းရင်းဆေး ပညာရှင်ကြီး တစ်ဦးပဲ။ သူက မင်းတို့ကို အခမဲ့ ကြည့်ပေးတယ် ဆိုတာက မင်းတို့အတွက် အကြီးအကဲ ကျေးဇူးတစ်ခုပဲ။ ဆေးဖိုးမတတ်နိုင်တဲ့ လူရှိရင် အလှည့်ကျ နံပါတ်တွေကို အခုကတည်းက ပြန်အပ်ခဲ့ကြ။ ငါ့အဖိုးရဲ့ အချိန်တွေကို လာမဖြုန်းကြနဲ့"
ဘေးမှ လူများမှာ ဒေါသထွက်နေကြသော်လည်း ဘာမှ မတတ်နိုင်ကြပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သမားတော်ဖြစ်ပြီး အသာစီးရထားသူများ မဟုတ်ပါလား။
ဝမ်ကော်အန်းက သူ့နောက်က လူကို လှမ်းပြောလိုက်သည်။ "နောက်တစ်ယောက် လာခဲ့"
သူ စကားပြောပြီးသည်နှင့် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးက ဘီးတပ်ကုလားထိုင် တစ်လုံးကို တွန်း၍ ရောက်လာသည်။ ထိုကုလားထိုင်ပေါ်တွင် အသက် ၅၀ ဝန်းကျင်ခန့်ရှိ လူလတ်ပိုင်း အမျိုးသား တစ်ဦး ထိုင်နေ၏။
စမ်းသပ်မှု စားပွဲသို့ ရောက်သောအခါ လူငယ်က ပြောလိုက်သည်။ "ဆရာ... ကျွန်တော့်အဖေက မနှစ်က ယာဉ်မတော်တဆမှု ဖြစ်ပြီးတော့ ခါးရိုး ဒဏ်ရာရသွားတာပါ။ သမားတော်တွေက ဗဟိုအာရုံကြောစနစ် ထိခိုက်သွားလို့ အောက်ပိုင်း သေသွားတာလို့ ပြောပါတယ်။ ဒါကို ကုလို့ရနိုင်မလားဗျာ"
"ဟုတ်ပါတယ် ဆရာကြီးဝမ်... ဆရာကြီးက နတ်အပ်ဘုရင် ဆိုတော့ ဘယ်ရောဂါမဆို ကုလို့ရတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ကျွန်တော့်ရဲ့ ခါးကို ကုပေးနိုင်မလားဟင်..."
ခုနက ဖြစ်ပျက်သွားသည်များကို မြင်ထားသဖြင့် လူလတ်ပိုင်း အမျိုးသားမှာ တစ်ဖက်လူ ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် စကားကို ထစ်ထစ် အငေါ့ငေါ့ ပြောနေရှာသည်။
ဝမ်ရွှမ်တယ်က စကားတစ်ခွန်းမျှ မဆိုပေ။ သူက အရင်ဆုံး လူလတ်ပိုင်း အမျိုးသား၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီးမှ ပြောလိုက်သည်။ "ဒီရောဂါကို ငါ ကုပေးနိုင်ပါတယ်။ ငါတို့ ဝမ်မိသားစုရဲ့ မျိုးရိုးစဉ်ဆက် ဖီးနစ်ငါးသွယ် နေမင်းဆီသို့ အပ်စိုက်နည်းက ပျက်စီးသွားတဲ့ အာရုံကြောတွေကို ပြန်ပြင်ပေးနိုင်တယ်။ တစ်လအတွင်းမှာ မင်း ပြန်လမ်းလျှောက်နိုင်စေရမယ်"
"တကယ်လား ဆရာကြီးဝမ်... ကျေးဇူးတင်ပါတယ်ဗျာ..."
လူလတ်ပိုင်း အမျိုးသားနှင့် လူငယ်တို့မှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ ကျေးဇူးတင် စကားများ ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ကော်အန်း၏ စကားသံ ထွက်ပေါ်လာသည်။ "ငါ့အဖိုးက အပ်စိုက်ကုသမှု တစ်ကြိမ်ကို ယွမ် ၁၀,၀၀၀ ယူတယ်။ တစ်လ ရက် ၃၀ ဆိုတော့ စုစုပေါင်း ယွမ် ၃၀၀,၀၀၀ ပေါ့။ ပိုက်ဆံ အရင်ပေး။ ပြီးမှ ကုသမှု စမယ်..."
"ဘာ ယွမ် ၃၀၀,၀၀၀ ဒါက အရမ်း ဈေးကြီးလွန်းတာ မဟုတ်ဘူးလား" ထိုဈေးနှုန်းကို ကြားလိုက်ရချိန်တွင် ရှိနေသူ အားလုံးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
"ဘုရားရေ... ယွမ် ၃၀၀,၀၀၀ တဲ့လား။ ဒါက သမားတော်လား၊ ဓားပြလား..."
"ဈေးကြီးလိုက်တာ အပ်စိုက်ကုသမှု ဆိုတာ ဘာမှ အရင်းအနှီး မရှိတာကို ဒီလောက်အထိ တောင်းရသလား..."
အစောပိုင်းက နတ်အပ်ဘုရင်၏ ဆေးဝါးများ ဈေးကြီးသည်ဟု ပြောခဲ့သော်လည်း မည်သူမျှ သေချာ ပုံဖော်မကြည့်နိုင်ခဲ့ကြပေ။ ယခုမူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရချေပြီ။ ယွမ် ၃၀၀,၀၀၀ ဆိုသည်မှာ တရုတ်နိုင်ငံရှိ သာမန်လူတန်းစားများအတွက် မနည်းလှသော ပမာဏပင် ဖြစ်သည်။
လူအတော်များများမှာ တစ်နှစ်လျှင် ယွမ် နှစ်သောင်း သုံးသောင်းခန့်သာ ဝင်ငွေရှိကြရာ အစားအသောက် မစားဘဲ စုဆောင်းလျှင်ပင် ၁၀ နှစ်ခန့် စုဆောင်းရမည့် ပမာဏ ဖြစ်ပေသည်။
အခြားလူများက ပွဲကြည့်ပရိသတ်အဖြစ် ကြည့်နေကြသော်လည်း ဖခင်နှင့် သားမှာမူ တိုက်ရိုက် ထိခိုက်သွားကြချေပြီ။
လူငယ်က စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ပြောလိုက်သည်။ "ဆရာကြီးဝမ်... ယွမ် ၃၀၀,၀၀၀ ဆိုတာက နည်းနည်း များလွန်းမနေဘူးလား။ လျှော့ပေးလို့ မရဘူးလားဟင်"
"လျှော့ပေးရမယ် ဟုတ်လား"
ဝမ်ကော်အန်းက လှောင်ပြောင်လိုက်သည်။ "ငါ့အဖိုးက ဘယ်သူလဲဆိုတာ မင်း မမြင်ဘူးလား။ သူက နတ်အပ်ဘုရင်၊ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့် ပညာရှင်ကြီးနဲ့ နန်းတွင်း သမားတော်ကြီး တစ်ဦးပဲ။ သူက မင်းကို ကုပေးနေတာတင် ကျေးဇူးတင်သင့်နေပြီ။ မင်းက ဈေးဆစ်ချင်နေသေးတယ်ပေါ့။ ယွမ် ၃၀၀,၀၀၀ ထက် တစ်ပြားမှ မလျှော့နိုင်ဘူး။ ကုချင်ရင် ကု၊ မကုချင်ရင် ထွက်သွား"
ထိုစကားကို ကြားသောအခါ လူငယ်မှာ ဒေါသများ တရိပ်ရိပ် ထွက်လာသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ နေရာအနှံ့ သွားပြခဲ့ပြီးသော်လည်း မည်သူမျှ ထိုလူလတ်ပိုင်း အမျိုးသား၏ ရောဂါကို မကုပေးနိုင်ခဲ့ကြသည် မဟုတ်ပါလား။
ဝမ်ကော်အန်းက ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။ "ငါ ပြောပြမယ်... ငါတို့ နတ်အပ်ဘုရင်ရဲ့ ဆေးကုသမှုက ဈေးကြီးရတဲ့ အကြောင်းရင်း ရှိတယ်။ ငါတို့ရဲ့ ဆေးပညာက တကယ်ကို ထူးချွန်ပြီး စစ်မှန်လို့ပဲ။ ငါ့အဖိုးကလွဲရင် ဒီရောဂါကို ဘယ်သူမှ ကုနိုင်မှာ မဟုတ်ဘူး"
သူ စကားပြောပြီးနောက် ဘေးပတ်ဝန်းကျင်မှ လူများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။ မည်သူမျှ ထပ်မံ မပြောဆိုရဲကြတော့ပေ။ ဘာပဲဖြစ်ဖြစ် လူနာမှာ အားနည်းသူဖြစ်ပြီး အခြားသူကို အားကိုးနေရသည် မဟုတ်ပါလား။
"ခင်ဗျားတို့ရဲ့ ဆေးပညာက ဘယ်လောက်ပဲ ကောင်းကောင်း၊ ပိုက်ဆံကိုပဲ ရှေ့တန်းမတင်သင့်ဘူး။ ခင်ဗျားတို့က သမားတော်တွေပဲ။ အမြတ်ကြီးစား ကုန်သည်တွေ မဟုတ်ဘူး။ ခင်ဗျားတို့မှာ သမားတော် ကျင့်ဝတ်တစ်ခုတော့ ရှိသင့်တာပေါ့"
သူ စကားပြောပြီးသည်နှင့် ယဲ့ပုဖန်သည် လူအုပ်ကြီးထဲမှ ထွက်လာခဲ့သည်။
ဝမ်ကော်အန်းက စိုက်ကြည့်ကာ "လူငယ်... မင်းက ဘယ်သူလဲ။ ဒီမှာ စကားပြောဖို့ မင်းမှာ အခွင့်အရေး မရှိဘူး။ ဆေးပြချင်ရင် နောက်မှာ သွားတန်းစီ" ဟု အော်ဟစ်လိုက်သည်။
"ကျွန်တော်က ဆေးပြဖို့ လာတာ မဟုတ်ဘူး။ ကျွန်တော်လည်း သမားတော် တစ်ယောက်ပဲ"
ယဲ့ပုဖန်က ရှေ့မှ အဖိုးနှင့် မြေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်သည်။
"ဝမ်ရွှမ်တယ်... ဆေးပညာမှာ လျှို့ဝှက်ချက်ရှိပြီး သမားတော်မှာ လမ်းစဉ်ရှိတယ် ဆိုတဲ့ ကဗျာထဲက စာလုံးနှစ်လုံးကို ယူပြီး ခင်ဗျားရဲ့ အမည်ကို ပေးထားတာ မဟုတ်လား။ ပြီးတော့ မင်း ဝမ်ကော်အန်း... သမားတော်က ကမ္ဘာကြီးကို ငြိမ်သက်စေပြီး အသက်ကို ကုသကယ်တင်ခြင်းက နိုင်ငံတော်ကို အေးချမ်းစေတယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေက ခင်ဗျားတို့ရဲ့ ရင်ထဲမှာ သမားတော် ကျင့်ဝတ်တွေ ရှိနေဖို့ မျှော်လင့်ခဲ့ကြတာပဲ။ ဒါပေမဲ့ ကံဆိုးတာက ခင်ဗျားတို့က အဲဒီအချက်ကို မေ့သွားကြပြီ။ ခင်ဗျားတို့ရဲ့ မျက်လုံးထဲမှာ ပိုက်ဆံကလွဲရင် ဘာမှ မရှိတော့ဘူး။ ဒီလိုလူတွေက နတ်အပ်ဘုရင် ဆိုတဲ့ စာလုံး သုံးလုံးနဲ့ တကယ်ပဲ ထိုက်တန်ရဲ့လား"
"ဪ... ဒီလိုကိုး။ သူ့နာမည်မှာ ဒီလောက်အထိ နက်နဲတဲ့ အဓိပ္ပာယ် ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ကံဆိုးတာက ဝမ်မိသားစုက ပိုက်ဆံကိုပဲ ဂရုစိုက်နေတာ။ သူတို့မှာ ဘယ်မှာ သမားတော် ကျင့်ဝတ် ရှိလို့လဲ..."
"အသက်ကို ကုသ ကယ်တင်တယ် ဟုတ်လား။ အလကားပဲ။ နတ်အပ်ဘုရင်က ပိုက်ဆံကိုပဲ စိတ်ဝင်စားတာ"
"အသက်ကို ကုသ ကယ်တင်တယ် ဆိုတာ ရယ်စရာကြီးပဲ။ သူတို့က လူတွေကို ဓားပြတိုက်နေတာနဲ့ ပိုတူတယ်..."
ယဲ့ပုဖန်၏ စကားအပြီးတွင် ဘေးပတ်ဝန်းကျင်မှ လူများမှာ ချက်ချင်းပင် ထပ်မံ ဆူညံလာကြပြီး ဝမ်မိသားစုမှ အဖိုးနှင့် မြေးတို့၏ မျက်နှာများမှာ အလွန်အမင်း ရုပ်ဆိုးသွားတော့သည်။
ယဲ့ပုဖန် ပြောသည်မှာ မှန်ပေသည်။ ဝမ်မိသားစုကဲ့သို့သော မိသားစုကြီး တစ်ခုတွင် မျိုးဆက် တစ်ခုစီတိုင်း၌ သူတို့၏ အမည်များကို ကြိုတင် ရွေးချယ်ထားပြီး မျိုးရိုးစဉ်ဆက် စာရင်းကို ပြုစုထားပြီး ဖြစ်သည်။
ဝမ်ရွှမ်တယ်နှင့် ဝမ်ကော်အန်း တို့၏ အမည်များမှာ သူတို့၏ ဘိုးဘေးများက ချန်ထားရစ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ အဓိပ္ပာယ်များမှာ ယဲ့ပုဖန် ပြောသကဲ့သို့ပင် အစောပိုင်းက ကဗျာနှစ်ပုဒ်မှ ယူထားခြင်း ဖြစ်သည်။
ကံဆိုးသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဝမ်မိသားစုရှိ သမားတော် လမ်းစဉ်မှာ စည်းစိမ်ဥစ္စာ စုဆောင်းရာ ကိရိယာတစ်ခု အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီး လောကကြီးကို ကုသကယ်တင်ခြင်း ဆိုသည်များကို သူတို့ မမှတ်မိကြတော့ချေ။
သို့သော် ကိုယ့်ဘာသာ လုပ်ဆောင်နေခြင်းက တစ်မျိုးဖြစ်ပြီး အခြားသူ၏ ဖော်ထုတ်ခြင်းကို ခံရခြင်းက တစ်မျိုး ဖြစ်ပေသည်။ ဝမ်ရွှမ်တယ်၏ မျက်နှာအိုကြီးမှာ ချက်ချင်းပင် အသည်းရောင်ကဲ့သို့ နီမြန်းသွားတော့သည်။
"လူငယ်... မင်းက တကယ်တော့ ဘယ်သူလဲ။ ငါ့ကို ဆေးကုနည်း သင်ပေးဖို့ မင်းမှာ တာဝန်မရှိဘူး"
"ခင်ဗျားက လမ်းစဉ်မရှိဘဲ ဆေးကုနေမှတော့ ခင်ဗျားရဲ့ နတ်အပ်ဘုရင် ဝမ်ဆေးခန်း ဆက်ဖွင့်နေဖို့ မလိုတော့ဘူး"
ယဲ့ပုဖန်သည် ဝမ်မိသားစုမှ အဖိုးနှင့် မြေးတို့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ရှေးဟောင်း ဆေးပညာဂိုဏ်း၏ ဆက်ခံသူ တစ်ဦးအနေဖြင့် သူတို့အား သင်ခန်းစာ ပေးရန် သူ ဆုံးဖြတ်လိုက်သည်။
ဝမ်ကော်အန်းက အော်ဟစ်လိုက်၏။ "ရယ်စရာပဲ။ ငါ့အဖိုးက နိုင်ငံတော်အဆင့် ပညာရှင်ကြီးနဲ့ နန်းတွင်း သမားတော်ကြီး တစ်ဦးပဲ။ ဒီဆေးခန်း ဖွင့် ၊ မဖွင့် ဆိုတာကို မင်းက ဘယ်တုန်းက ဆုံးဖြတ်ပိုင်ခွင့် ရသွားလို့လဲ။ အခုချက်ချင်း ထွက်သွားစမ်း? မဟုတ်ရင် မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးခိုင်းလိုက်မယ်"
"နိုင်ငံတော်အဆင့် ပညာရှင်ကြီးနဲ့ နန်းတွင်း သမားတော်ကြီး ဟုတ်လား။ အဲဒါက အပေါ်ယံ နာမည်တွေ သက်သက်ပါပဲ"
ယဲ့ပုဖန်က ဝမ်ရွှမ်တယ်အား ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော်နဲ့ ဆေးပညာ ပြိုင်ရဲလား။ တကယ်လို့ ခင်ဗျား ရှုံးရင် ဒီကနေ ထွက်သွား၊ ဒီနတ်အပ်ဘုရင် ဝမ်ဆေးခန်းက အခုကစပြီး ကျွန်တော့်အပိုင် ဖြစ်ရမယ်"
"လူငယ်... မင်း ဒီထက်ပိုပြီး အရှက်မရှိလို့ မရတော့ဘူးလား။ ငါ့အဖိုးက ဘယ်သူလဲ။ သူက မင်း ဒီအတိုင်း လာပြီး စိန်ခေါ်လို့ရတဲ့ လူမျိုး မဟုတ်ဘူး"
ယဲ့ပုဖန်က အော်ဟစ်နေသော ဝမ်ကော်အန်းကို လျစ်လျူရှုကာ အိတ်ကလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို ဖွင့်ပြီးနောက် ဝမ်ရွှမ်တယ်ထံသို့ ကမ်းပေးလိုက်၏။
“တကယ်လို့ ကျွန်တော် ရှုံးရင် ဒီအရာက ခင်ဗျားအပိုင် ဖြစ်ရမယ်"
ဝမ်ရွှမ်တယ်သည် မူလက ဤလူငယ်ကို အလေးမထားသလို သူ၏ စိန်ခေါ်မှုကို လက်ခံရန်လည်း တစ်ခါမှ မစဉ်းစားခဲ့ပေ။ သို့သော် အိတ်အတွင်းမှ အရာကို မြင်လိုက်ရချိန်တွင်မူ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားကာ အာမေဍိတ် ထွက်ပေါ်လာတော့သည်။
"ဒါက... ဒါက ကြိုးကြာပျံ ရွှေအပ်လား"
နတ်အပ်ဘုရင်၏ ဆက်ခံသူ တစ်ဦးအနေဖြင့် သူသည် သမားတော် ကျင့်ဝတ်များကို ဘေးဖယ်ထားခဲ့ပြီ ဖြစ်သော်လည်း ဆေးပညာ လမ်းစဉ်၏ အခြေခံ ဗဟုသုတများနှင့် ဒဏ္ဍာရီများကိုမူ သိရှိထားပေသေးသည်။
ကြေးသွန်း အပ်စိုက်ရုပ်တု နှင့် ကြိုးကြာပျံ ရွှေအပ် တို့မှာ တရုတ်ဆေးပညာလောက၏ အမြင့်မြတ်ဆုံးသော အရာများ ဖြစ်ပြီး တန်ဖိုးဖြတ်၍ မရနိုင်သော ရတနာများ ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ သို့သော် ဤအရာ နှစ်မျိုးစလုံးမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ရာ ယခုအခါ ကြိုးကြာပျံ ရွှေအပ်မှာ သူ၏ ရှေ့မှောက်၌ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
***